ရဲတန်းစီ၏ သံသယ
Vol. 3 Ch. 31
အမှတ်သုံးဓားတောင်ထိပ်တွင် ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များနှင့် မီးခိုးလုံးကြီးများကို အဝေးမှ ကျင့်ကြံသူများပင် မြင်နိုင်သည်။ ဓားရှစ်လက်ပွဲတော်အတွင်း ချော်ရည်နီအိမ်တော် မီးလောင်ခြင်းသည် ဆွေးနွေးစရာ ခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့ပြီး ရဲတန်းစီနှင့် ရောင်မန်ရှယ် ရောက်လာသောအခါ အမှတ်သုံးဓားတောင်မှ တပည့်များ မီးငြှိမ်းသတ်နေကြ၏။
"ဝူဝူ ဘယ်မှာလဲ"
"မသိပါဘူး။ ချော်ရည်နီအိမ်တော် မီးစလောင်တဲ့အချိန်မှာ သူ့ကို မတွေ့လိုက်ရဘူး။ မီးမလောင်ခင်မှာ ဝူမျိုးနွယ်တစ်ခုလုံး အိမ်တော်ထဲမှာ စားသောက်ပွဲ ကျင်းပနေကြပါတယ်"
အကြီးအကဲများ၏ အဖြေစကားကြောင့် ရဲတန်းစီနှင့် ရောင်မန်ရှယ်က မျက်မှောင်ကြုတ်လိုက်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရဲတန်းစီက လိုက်ရှာရန် အမိန့်ပေးလိုက်ပြီး နောက်လိုက်များက အိမ်တော်အတွင်း ပြေးဝင်သွားကြသော်လည်း မည်သူမှရှိမနေသည့်အပြင် အလောင်းများလည်း မရှိချေ။ အလောင်းများကို မီးလောင်သွားသည့်တိုင်အောင် အရိုးများ ကြွင်းကျန်ရစ်ရမည် ဖြစ်သောကြောင့် သူ၏သံသယများ တိုးလာခဲ့သည်။ ထို့ကြောင့် ဂိုဏ်းတစ်ခုလုံး ရှာဖွေရန် အမိန့်ပေးလိုက်သောအခါ ထောင်ချီသော တပည့်များသည် ဓားပျံကိုယ်စီနှင့် ညကောင်းကင်တွင် ထွက်ခွာသွားကြ၏။
တစ်ခုခု လွဲချော်နေကြောင်း ရဲတန်းစီက သတိထားမိလိုက်ပြီး အိမ်တော်အတွင်း ရှိရှိသမျှသော အဖိုးတန်အရာများ ပျောက်ကွယ်နေသည်။ ၎င်းတို့က မီးဒဏ်ခံနိုင်သော်လည်း ပြောင်သလင်းခါနေသည်။ ရောင်မန်ရှယ်၏အမြင်တွင် လူသတ်ဓားပြတိုက်ခြင်း ဖြစ်နိုင်သောကြောင့် နာရီဝက်အတွင်း ဝူမျိုးနွယ်ဝင်များအား ရှာမတွေ့လျှင် ဆိုးရွားသော အဆုံးသတ် ကြုံတွေ့လိုက်ရပြီဟု ကောက်ချက်ချနိုင်သည်။
"အဖေ ဘယ်သူလုပ်တာလဲ"
ရဲတန်းယွမ်က ထိတ်လန့်အံ့သြစွာ မေးလိုက်သည်။ ရဲတန်းစီက တိတ်ဆိတ်နေစဥ် ရောင်ချင်းချန်နှင့် ဝမ်ဖုန်း ပျောက်ကွယ်နေကြောင်း ရောင်မန်ရှယ်က အသိပေးလာသဖြင့် ဆန့်ကျင်ဘက် အင်အားစုတစ်ရပ် ရှိနေနိုင်သည်။
"တရားခံက တစ်ယောက်တည်း ဖြစ်နိုင်လား"
"မဖြစ်နိုင်ဘူး။ ဝူမျိုးနွယ်တစ်ခုလုံး ပေါင်းလိုက်ရင် ငါ့ထက်တောင် သန်မာသေးတယ်။ အသူရာမီးတောက်ကို ထွန်းပြီး ဂိုဏ်းတစ်ခုလုံး တပ်လှန့်ထားလိုက်"
အသူရာမီးတောက်သည် ဂိုဏ်းတစ်ခုလုံးကို တောက်ပသွားစေပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားရမည့် အချက်ပြမှုတစ်ခု ဖြစ်သည်။
လက်ရှိတွင် ရန်သူက ဓားအိမ်တော် ဖြစ်သောကြောင့် ရဲတန်းစီသည် ၎င်း၏တည်နေရာထံ ကြည့်လိုက်မိသည်။ ဓားအိမ်တော်၌ အစွမ်းထက်စစ်ကူများ ရှိနေလျှင် သုံးနှစ်လုံးလုံး သည်းခံနေစရာ အကြောင်းမရှိသောကြောင့် စဥ်းစားရခက်နေ၏။ ကျောက်ကျန်ရှင်း၏ ခေါင်းမာသော စရိုက်ကြောင့် မိတ်ဆွေနည်းပါးသည်ဖြစ်ရာ ချော်ရည်နီအိမ်တော် အဖြစ်ဆိုးအတွက် တရားခံ မဖြစ်နိုင်ချေ။ နာရီဝက်အကြာတွင် ဝူမျိုးနွယ်ဝင်များကို ရှာမတွေ့ကြောင်း သတင်းရလိုက်သဖြင့် အကုန်အသတ်ခံလိုက်ရကြောင်း သူတို့က ယူဆလိုက်သည်။
"မန်ရှယ် အကြီးအကဲဖန်က ဒီကိစ္စကို သိထားနိုင်လောက်တယ်။ တစ်ခုခု သွားစုံစမ်းလာခဲ့။ သူ့ကို မစော်ကားမိဖို့ သတိထားပါ"
"နားလည်ပါပြီ"
စကားပြောဆိုရာတွင် ကျင်လည်သော ရောင်မန်ရှယ်ကို ရဲတန်းစီက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ဝူဝူက ယွမ်ရှောင်ကို သတ်ရန်အတွက် လုပ်ကြံသူငှားရမ်းခဲ့သော်လည်း သေဆုံးသွားသဖြင့် သူက ဓားအိမ်တော်ကို သွားရောက်စုံစမ်းချင်နေသည်။ ဝမ်ဖုန်းနှင့် ရောင်ချင်းချန်သည် ကောင်းကင်လမ်းကြောင်း စမ်းသပ်ချက်တွင် ပစ်မှတ်နှင့် ကတောက်ကဆဖြစ်ခဲ့ကြောင်းလည်း သိခဲ့ရသည်။ ရဲကုရင်ကြောင့် အကြီးအကဲဖန်က မျက်နှာသာပေးမည် ဖြစ်သောကြောင့် နက်နက်ရှိုင်းရှိုင်း မစုံစမ်းရန် သူက ရောင်မန်ရှယ်အား သတိပေးလိုက်ပြန်၏။ ဓားပင်လယ်က ရဲကုရင်ကို စိတ်ဝင်စားနေပြီး ဤသတင်းကောင်းကြောင့် ပျော်ရွှင်နေစဥ် ဝူဝူ၏သတင်းဆိုးက သူ၏စိတ်အခြေအနေကို ပျက်ပြားသွားစေသည်။
အမှတ်သုံးဓားတောင်မှ ထွက်ခွာလာသော ရဲတန်းစီသည် ဓားအိမ်တော်သို့ ခဏအတွင်း ရောက်လာခဲ့ပြီး အနီးကပ်သွားသောအခါ တပည့်များ၏ ရယ်မောပျော်ရွှင်သံများကို ကြားလိုက်ရသည်။ သူ၏မျက်လုံးများက စွန်ရဲပမာ ထက်ရှပြီး ပျော်ရွှင်စွာ အောင်ပွဲခံနေကြသော ဓားအိမ်တော်တပည့်များအကြားတွင် သေရည်မူးယစ်နေသည့် ယွမ်ရှောင်အား မြင်ခဲ့ရသည်။ မဟာခန်းမ၏ရှေ့မှောက်တွင် ဓားအိမ်တော်အကြီးအကဲများက ကာကွယ်စောင့်ကြပ်ပေးနေကြပြီး ဤမြင်ကွင်းကြောင့် သူ၏စိတ်များ ရှုပ်ထွေးလာသည်။ အရာရာက ပုံမှန်ဖြစ်နေပြီး ဝူဝူ၏ကိစ္စနှင့် မသက်ဆိုင်ကြောင်း သိသာနေသဖြင့် ခံစားချက်မဲ့သော ရဲတန်းစီသည် တစ်နာရီတိုင်တိုင် စောင့်ကြည့်၍ သတ်ဖြတ်လိုစိတ်အား ထိန်းချုပ်ထားရသည်။
နောက်ဆုံးတွင် သူက အေးစက်တင်းမာသော မျက်နှာထားဖြင့် လှည့်ထွက်သွားကြောင်း ကြယ်ပြာက သတင်းပို့လာသဖြင့် ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်၏။ သူ့ကို သံသယဝင်လာနိုင်ကြောင်း သိထားသော်လည်း ကောင်းကင်သင်္ချိုင်းဓားနှင့် ရှေးခေါင်းတလားများက တစ်ဖက်လူ သိနိုင်သော အတိုင်းအတာထက် ကျော်လွန်နေ၍ စိုးရိမ်စရာမရှိချေ။ သူ၏ဓားက ဓားနှလုံးသားကြောင့် ဝူမျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်နိုင်လောက်အောင် အစွမ်းထက်လာမည်ဟု ရန်သူများ တွေးမိမည် မဟုတ်ပေ။ ညအမှောင်အောက်တွင် ကျောက်ရန်ရန်သည် သေရည် လုံးဝသောက်မထားဘဲ ဂိုဏ်းတူမောင်နှမများကို တောင်စောင်းပေါ်မှ စောင့်ကြည့်ပေးနေခဲ့သည်။ ဤညတွင် အန္တရာယ်များ အချိန်မရွေး ကျရောက်လာနိုင်ပြီး အမှတ်သုံးဓားတောင် အုတ်အော်သောင်းတင်းဖြစ်နေကာ အသူရာမီးတောက်ပင် ထွန်းညှိထားသည် မဟုတ်ပါလော။
"မောင်လေးယွမ် ဘာကြောင့် ရောက်လာတာလဲ"
သူမ၏ ရှေ့မှောက်သို့ ရောက်လာသော ပုံရိပ်ကြောင့် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
"သေရည်ကုန်သွားပြီ အစ်မကျောက်"
လရောက်အောက်၌ နှင်းပမာ ဖြူဖွေးနေသည့် ကျောက်ရန်ရန်၏ အသားအရေနှင့် ပနံရလှသည့် အနက်ရောင် ဆံပင်ရှည်များ ဖြာကျနေသဖြင့် ယွမ်ရှောင်ကို ရင်ခုန်မြန်သွားစေ၏။
"ဒါဆိုရင် သွားဝယ်လိုက်လေ"
"ကောင်းပါပြီ"
"နင်က ဒီလောက်အများကြီး သောက်ထားတာ ဓားပျံ စီးနိုင်လို့လား"
"အကြီးအကဲဝမ်က တစ်ခါပြောဖူးတယ်။ သေရည်သောက်ပြီး ဓားပျံစီးရင် ပျော်စရာကောင်းပေမယ့် အုတ်ဂူတစ်ခု အရင်ဆောက်ထားတဲ့"
ယွမ်ရှောင်၏ ပြက်လုံးကြောင့် သူမက တစ်ချက်ပြုံးကာ ဓားဝိညာဥ်ကို ဓားပျံအသွင်ပြောင်းပြီး တက်လိုက်သောအခါ ကြမ်းကြုတ်သော်လည်း လှပသည့် မဟူရာပန်းတစ်ပွင့် ဖြစ်တည်လာသည်။
"လာခဲ့"
"ဟုတ်ကဲ့"
ယွမ်ရှောင်က ဓားပျံအပေါ် ခုန်တက်လိုက်ပြီး သူမနှင့် ခြေလှမ်းဝက်အကွာ၌ နေရာယူလိုက်သည်။
"နင်က ယိုင်ထိုးနေတာပဲ။ တစ်ခုခုကို မကိုင်ထားရင် ပြုတ်ကျပြီး သေနေလိမ့်မယ်။ ငါ့ခါးကို ဖက်ထား"
သူမ၏စကားကြောင့် သူက မယုံနိုင်ခြင်းတစ်ဝက်ဖြင့် လှပအိစက်သော သေးသွယ်သည့် ခါးလေးကို အသာဖက်လိုက်ရာ ခံစားချက်များ ဗြောင်းဆန်ကုန်သည်။
"ငါ နင့်ကို မသေစေချင်တာက ဓားနှလုံးကြောင့်ပဲ"
"ရှင်းပြစရာမလိုပါဘူး။ နားလည်ပါတယ်"
"နင်က ဘာနားလည်တာလဲ"
ဤသိုဖြင့် သူတို့က ကောင်းကင်သို့ ဓားပျံနှင့် ပျံတက်လိုက်ကြပြီး အဝေးရှိ တောတောင်ရေမြေများမှာ လရောင်အောက်တွင် တရိပ်ရိပ် ရွေ့လျားနေပုံရသည်။ ကြီးမားသော စံအိမ်များနှင့် မြစ်များ စီးဆင်းနေကာ လေတဖြူးဖြူး တိုက်ခတ်နေသောကြောင့် အရိုးထိအောင် အေးစက်နေသော်လည်း ကျောက်ရန်ရန်၏ခါးကို ဖက်ထားသော ယွမ်ရှောင်က နွေးထွေးနေသည်။ လေတိုက်သဖြင့် သူမ၏ဆံပင်များက မျက်နှာကို လာရောက်ကျီစယ်နေသောကြောင့် လရောင်အောက်တွင် ပန်းချီကားတစ်ချပ်ပမာ လှပနေသည်။
"ဒါက အင်မော်တယ်တွေရဲ့ ဘဝလား"
"အင်မော်တယ်တွေရဲ့ဘဝက ဖန်ဆင်းရှင် ရေးဆွဲပေးထားတဲ့ မျိုးပွားခြင်းကြောင့် သာယာနေတာမလား။ မင်းက ကျောက်ရန်ရန်ရဲ့ တင်ပါးကို ခုန်အုပ်မိတော့မယ် ကိုယ့်ကိုကိုယ် ထိန်းစမ်းပါဦး"
ယွမ်ရှောင်က စိတ်ကူးယဥ်နေစဥ် ကြယ်ပြာက စိတ်ချင်းဆက်သွယ်၍ သတိပေးလာသောကြောင့် စိတ်ကူးအိပ်မက်လေး ပျက်စီးသွားခဲ့သည်။ မကြာခင်မှာပင် သူတို့၏ပန်းတိုင်က မြင်ကွင်းအတွင်း ရောက်ရှိလာခဲ့ပြီး မြေပေါ်မှ တောင်ကြား၌ မီးရောင်များ တောက်ပနေသည်။
"ဒါက ဓားတိမ်လမ်းလို့ခေါ်ပြီး အရင်းအမြစ်တွေ ဝယ်နိုင်တဲ့ အသူရာဓားဂိုဏ်းရဲ့ စျေး ဖြစ်တယ်။ ရတနာစံအိမ်ကလည်း ဒီနေရာမှာ ဆိုင်ဖွင့်ထားတယ်"
ကျောက်ရန်ရန်၏စကားသံက တိတ်ဆိတ်မှုကို ဖြိုခွဲ၍ ထွက်ပေါ်လာသည်။ ခရီးလမ်း၏ သာယာမှုနှင့် လူများ ရှုပ်ထွေးနေသော စျေးကြောင့် ယွမ်ရှောင်၏ မူးယစ်မှုများ ပျောက်ကွယ်သွားခဲ့၏။
"ဒီနေရာမှာ လူတွေအများကြီး ရောက်နေပါလား"
"မနက်ဖြန်ကျင်းပမယ့် မဟာတိုက်ပွဲအတွက် ရတနာစံအိမ်က လောင်းကြေးဖွင့်ထားတော့ ပုံမှန်ပါပဲ။ မောင်လေးယွမ် အပြန်ကျရင် ငါ့ဓားနောက်ကနေ လိုက်ချင်လား"
ကျောက်ရန်ရန်၏အသံက မူလတွင် သာယာပျော့ပြောင်းနေရာမှ စတင်အေးစက်လာသည်။
"ဟုတ်ကဲ့"
"ဒါဆိုရင် နင့်လက်ကို ငြိမ်ငြိမ်ထားစမ်း"
ယွမ်ရှောင်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်သော်လည်း ရှက်သွေးဖြာနေသည့် ကျောက်ရန်ရန်သည် ခပ်ဆတ်ဆတ်ကလေး ငေါက်ငမ်းလိုက်သောကြောင့် ရှက်ရွံ့စွာ ပြုံးပြလိုက်လေသည်။