ဓားတစ်ချက် အသက်တစ်သက်
Vol. 3 Ch. 32-က
"ယွမ်ရှောင် နင်ကြိုက်တာ ရွေးလိုက်"
ဓားတိမ်လမ်း၏ ထောင့်နေရာတွင် ရှိသည့် သေရည်နံ့များ မွှေးကြိုင်နေသော ဆိုင်တစ်ခုအရောက်တွင် ခင်းကျင်းထားသော သေရည်အိုးများကို ကျောက်ရန်ရန်က ညွန်ပြလိုက်သည်။ ယွမ်ရှောင်က သတို့သမီးသေရည်အနီရောင် လိုချင်ကြောင်း ဆိုင်ရှင်ထံ မေးလိုက်သောအခါ အဖြေမသိရခင်မှာပင် ခေါင်းခေါက်ခံလိုက်ရသည်။ ဤသေရည်မျိုးကို ဆိုင်များတွင် မရောင်းကြောင်း သူမက အရှက်သည်းနေသော မျက်နှာဖြင့် သတိပေးလာခဲ့၏။
"ဒီကလေးပြောတာတွေကို စိတ်ထဲ မထားပါနဲ့။ မျောက်သေရည် အိုးသုံးဆယ် ပေးပါ"
"ကောင်းပြီ"
ဆိုင်ရှင်သည် ကျောက်ရန်ရန်ကို ဖောက်သည်တစ်ယောက်ပမာ ရင်းနှီးစွာ ဆက်ဆံနေခဲ့သည်။ သူမ၏သိုလှောင်အိတ်က ပန်းထိုးထားကာ သေးငယ်၍ လှပသော်လည်း သေရည်အိုးသုံးဆယ်ကို အလွယ်တကူ သိမ်းဆည်းနိုင်ခဲ့၏။
"ရန်အာ ခနလောက်"
"ဟုတ်ကဲ့"
ကျောက်ရန်ရန်က လှည့်ထွက်ကာနီးတွင် ဆိုင်ရှင်ကြီးက တားမြစ်လိုက်သောကြောင့် သိချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်၏။
"ရဲတန်းစီရဲ့ လုပ်ရပ်တွေကြောင့် ဓားအိမ်တော် ထိခိုက်နေရတာ စိတ်မကောင်းပါ။ မင်းရဲ့ဒေါ်လေးယုက သူတို့ကို မတားမြစ်နိုင်ခဲ့ဘူး"
"ကိစ္စမရှိပါဘူး"
"ဂရုစိုက်ကြပါ။ ကံကောင်းတာက ဓားအိမ်တော်မှာ ဒီလူငယ်လေးလို သူရဲကောင်းတစ်ယောက် ထွက်ပေါ်လာတာပဲ။ သူ့ကို ကောင်းကောင်းကာကွယ်ပေးထားရင် နောက်ထပ်ခြောက်နှစ်လောက်အထိ ဓားအိမ်တော် မပျက်စီးနိုင်ဘူး။ မင်းက ထူးခြားတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး ဒီနေ့ကောင်းကောင်း အစွမ်းပြခဲ့တဲ့အတွက် အမှတ်နှစ်ဓားတောင်ရဲ့ တပည့်တွေတောင် လေးစားနေကြတယ်"
ဆိုင်ရှင်က ယွမ်ရှောင်ကို လက်မထောင်ပြ၍ ချီးကျူးလိုက်သောအခါ သူက ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
"နဂါးနွေဦးဆေးလုံးနှစ်ဆယ်နဲ့ နှစ်တစ်ထောင် နတ်ဆိုးအရိုးက မင်းအတွက် အသုံးဝင်မှာပါ"
ဆိုင်ရှင်၏ အပြောအဆိုအရ အသူရာဓားဂိုဏ်းတစ်ခုလုံးသည် ရဲတန်းစီ၏ လက်အောက်တွင် မဟုတ်ကြောင်း သေချာနေသည်။
"ရတနာစံအိမ်က လောင်းကြေးဖွင့်လိုက်ပြီ။ လောင်းကြေး ထပ်နိုင်ပါပြီ"
ထိုအချိန်၌ လူစည်ကားနေသော လမ်းပေါ်မှ အော်သံတစ်ခုကြောင့် သူတို့၏စကားဝိုင်း အဆက်ပြတ်သွားကာ အသံပိုင်ရှင်သည် ခပ်ဝဝ လူချမ်းသာတစ်ယောက်ဖြစ်၏။ ထိုသူက ချန်ခွန်းဖြစ်ပြီး မုတ်ဆိတ်ရှည်များကို လက်ဖြင့်သပ်၍ ချိုသာအောင် အတတ်နိုင်ဆုံး ပြုံးနေခဲ့သည်။
"ဘာတွေလောင်းကြတာလဲ"
သေမျိုးလောကတွင် လောင်းကစားခြင်းသည် မထူးဆန်းသော်လည်း ကျင့်ကြံခြင်းလောကတွင် ရှိနေမည်ဟု ထင်မထားသောကြောင့် ယွမ်ရှောင်က စပ်စုလိုက်၏။
"ရတနာစံအိမ်က လောင်းကစားမျိုးစုံကို ဒိုင်ကိုင်တယ်။ အကျော်ကြားဆုံးကတော့ ပြိုင်ပွဲရလဒ်ကို လောင်းကြေးထပ်တာပဲ။ ဥပမာပြောရရင် အမှတ်တစ်ဓားတောင်နဲ့ ဓားအိမ်တော်ရဲ့ မဟာတိုက်ပွဲပေါ့။ လူတိုင်းက နိုင်မယ်ထင်တဲ့ဘက်ကို လောင်းနိုင်ပြီး လောင်းကြေးက တန်ဖိုးရှိတာ ဘာမဆို လက်ခံတယ်။ ရလဒ်ထွက်လာရင် အနိုင်ရတဲ့ဘက်က ရှုံးတဲ့ဘက်ရဲ့ လောင်းကြေးမှန်သမျှကို အချိုးကျခွဲယူရတယ်"
ကျောက်ရန်ရန်က ရှင်းပြနေစဥ် တပည့်များစွာသည် အမှတ်ဓားတောင်ဘက်တွင် ပုံအောလောင်းကြေးထပ်နေကြပြီး ဓားအိမ်တော်ဘက်တွင် မည်သူမှ မရှိသောကြောင့် ဤနှစ်များအတွင်း မည်မျှအခြေအနေဆိုးနေကြောင်း သိသာ၏။
"ကျုပ် နားမလည်ဘူး။ တကယ်လို့ ဓားအိမ်တော်ဘက်မှာ ဘယ်သူမှ လောင်းကြေးမထပ်ဘူးဆိုရင် အမှတ်တစ်ဓားတောင် အနိုင်ရရင်တောင် ဘာရမှာမို့လို့လဲ"
"ဒီဖက်တီးက ဓားအိမ်တော်ဘက်မှာ ရတနာတွေ ချထားပြီး မျှားခေါ်နေတယ်လေ"
"ဒါပေမယ့် အစ်မကျောက် ကျုပ်တို့ မဟာတိုက်ပွဲကို ဝင်မပြိုင်ဘူးဆိုရင် ရတနာစံအိမ်က အရှုံးပေါ်သွားမှာပေါ့"
"မဟုတ်ဘူး။ ရတနာစံအိမ်က လျော်ကြေးပေးရင် လောင်းကြေးရဲ့ ရာခိုင်နှုန်းတစ်ခုကို ယူတဲ့အပြင် သေချာပေါက် အရှုံးမပေါ်အောင် စီမံထားကြတယ်"
ကျောက်ရန်ရန်၏ ရှင်းပြချက်ကြောင့် အမှတ်တစ်ဓားတောင်နှင့် ဓားအိမ်တော်၏ ပြိုင်ဆိုင်မှုကြားတွင် ရတနာစံအိမ်က မည်သို့အမြတ်ထုတ်နေကြောင်း ယွမ်ရှောင် နားလည်သွားခဲ့၏။ ရိုးရှင်းစွာပြောရလျှင် ဓားအိမ်တော်ဘက်တွင် ထည့်ထားသော ငါးစာကြောင့် အမှတ်တစ်ဓားတောင်ဘက်၌ လောင်းကြေးက တရိပ်ရိပ် မြင့်တက်လာ၏။ ယွမ်ရှောင်က လောင်းကြေးထပ်ချင်သော်လည်း ဝူမျိုးနွယ်၏ ရတနာတိုင်းကို လနီက စားသောက်ခဲ့သောကြောင့် အိတ်ကပ် ဗလာဖြစ်နေခဲ့သည်။
"အိမ်ပြန်ရအောင်"
ကျောက်ရန်ရန်သည် ဤလောင်းကစားက ဓားအိမ်တော်အတွက် အရှက်ရစရာ ဖြစ်သောကြောင့် အေးစက်စက် ပြောလိုက်သော်လည်း ကံတရားစီမံသော ရန်သူများမှာ အသားတုံးအနား ယင်ကောင်ပမာ ဝဲလာကြ၏။
"ကျောက်ရန်ရန်"
သူတို့က လှည့်ကြည့်လိုက်သောအခါ နှာယောင်ကောက်ကောက်နှင့် ရဲတန်းစီ၏ ပုံသဏ္ဍာန်နှင့် တူညီသော လူငယ်တစ်ယောက် ဦးဆောင်သည့် အုပ်စုတစ်ခု တွေ့လိုက်ရသည်။ သူက ရဲတန်းယွမ်ဖြစ်ပြီး ရဲတန်းစီ၏တပည့် ရှဟိုင်၊ တောက်လန်၊ ရှုချန်နှင့် ချီယုရှန်တို့ ပါဝင်ပြီး အနည်းဆုံး ကြယ်အဆင့်ဓားဝိညာဥ်များ ပိုင်ဆိုင်သောကြောင့် ကျော်ကြားကြ၏။ မဟာတိုက်ပွဲ၌ သူတို့က အမှတ်တစ်ဓားတောင်ကို ဦးဆောင်မည်ဖြစ်ကာ ယွမ်တန်းရီနှင့် လန်ရှောင်းတို့သာ သေဆုံးမသွားလျှင် ပို၍အင်အားတောင့်ပေလိမ့်မည်။ ရန်သူများ တွေ့ဆုံသောအခါ ပတ်ဝန်းကျင်လေထုက တင်းမာလာပြီး ယွမ်ရှောင်ကို မြင်လိုက်ရသောအခါ သူတို့၏ လူသတ်လိုစိတ်များ မြင့်တက်လာ၏။ ကျောက်ရန်ရန်သာ ရှိမနေခဲ့လျှင် ဂိုဏ်းချုပ်၏တပည့်ဆိုသော အဆင့်အတန်းကပင် တိုက်ခိုက်ခြင်းအား ကာကွယ်နိုင်မည် မဟုတ်ချေ။
"ကျောက်ရန်ရန် မနှစ်က ဓားချိတ်ပိတ်အစီအရင်ကို မှတ်မိသေးလား"
ရဲတန်းယွမ်က အသံခပ်အက်အက်ဖြင့် လှောင်ပြောင်လိုက်ပြီး ကျန်တပည့်များသည်လည်း လှောင်ပြုံးပြုံးနေကြ၏။ သို့သော် သူ၏စကားအဆုံးတွင် အနက်ရောင် ဓားမြှောင်တစ်ချောင်းက မျက်နှာတည့်တည့်သို့ ရောက်လာသောကြောင့် ကြောက်စိတ်များ ကျောစိမ့်သွားသည်။ တစ်ဖက်လူ၏ဓားက ရှေ့သို့ တစ်လက်မခန့် တိုးလာလျှင်ပင် အသတ်ခံရနိုင်သောကြောင့် သူက နေရာ၌ ကြက်သေသေသွားသည်။
"ကျောက်ရန်ရန် အမှတ်တစ်ဓားတောင်ရဲ့ တပည့်တွေကို လူကြားထဲမှာ တိုက်ခိုက်ချင်တာလား။ သူတို့က မဟာတိုက်ပွဲမှာ ဝင်ပြိုင်မယ့်သူတွေဆိုတာကို မမေ့နဲ့။ ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်ရင် ဓားသခင်ခုနစ်ယောက်လုံး တိုက်ခိုက်တာ ခံရလိမ့်မယ်"
အုပ်စုအတွင်းမှ သက်လတ်ပိုင်းလူတစ်ယောက် ထွက်ပေါ်လာပြီး ရဲတန်းယွမ်ကို အနောက်သို့ဆွဲခေါ်၍ ကာကွယ်ပေးလိုက်သည်။ ထို့နောက် သူက ကျောက်ရန်ရန်ကို ဒေါသတကြီးဖြင့် အော်ဟစ်ငေါက်ငမ်းနေခဲ့သည်။ ဤအကြံမှာ သူ၏အကြံဖြစ်ပြီး ကျောက်ရန်ရန်ကို စကားနာထိုး၍ မဟာတိုက်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်စေရန် ဖြစ်၏။
"ရဲတန်းကျောက်"
ဤအမည်ကြောင့် ထိုသက်လတ်ပိုင်းလူမှာ ရဲတန်းစီ၏ ဆွေမျိုးတစ်ယောက်ဖြစ်ကြောင်း သိသာနေသည်။
"စကားလေးနည်းနည်းလောက်နဲ့ နင်က လူသတ်ချင်နေတာလား။ အသူရာဓားဂိုဏ်းကို ဘာမှတ်နေတာလဲ"
ရဲတန်းကျောက်၏ အော်သံကြောင့် ပတ်ဝန်းကျင်မှ တပည့်များ အာရုံစိုက်လာခဲ့သည်။ သူက ပတ်ဝန်းကျင်အာရုံကို ဆွဲဆောင်ပြီး ဓားအိမ်တော်ကို အရှက်ခွဲရန်အတွက် ကျောက်ရန်ရန်၏အတိတ်ကို ရန်စနေသည်။ သူ၏အကြံ အောင်မြင်သွားကာ လောင်းကြေးထပ်ရန် စုဝေးနေကြသည့် တပည့်များ ဝိုင်းကြည့်လာကြ၏။
"အမှတ်တစ်ဓားတောင်က မျက်နှာပြောင်နေပြန်ပြီ"
"ဒီကောင်တွေက ကျောက်ရန်ရန် တစ်ယောက်တည်းကို အယောက်တစ်ရာလောက် ဝိုင်းတိုက်မှ နိုင်တာကို သွေးနားထင်ရောက်နေတာလား"
"တော်တော်အရှက်မဲ့တာပဲ"
အမှတ်တစ်ဓားတောင်ကို အခြားတပည့်များက ကဲ့ရဲ့မည်ဟု ရဲတန်းကျောက်သည် မျှော်လင့်မထားသော်လည်း ကျောက်ရန်ရန်ကို ဖိအားပေးနိုင်ခဲ့သည်။ သူက ကျောက်ရန်ရန်ကို ဖိအားပေး၍ ယွမ်ရှောင်ကို ဆက်တိုက်ရန်စကာ မဟာတိုက်ပွဲတွင် ပါဝင်ရန် ကြိုးစားနေသည်။
"ရဲတန်းကျောက် သူတို့က မဟာတိုက်ပွဲမှာ ဝင်ပြိုင်မှာဆိုတော့ ငါ သတ်လို့မရဘူးပေါ့။ ဟုတ်လား"
"ဟုတ်တယ်။ အသူရာဓားဂိုဏ်းရဲ့ စည်းကမ်းတွေအရ...."
ကျောက်ရန်ရန်က စကားဖြတ်ပြောလိုက်ပြီး ရဲတန်းကျောက်က ဆက်လက်ရန်စနေစဥ် ဓားမြှောင်တစ်ချောင်းသည် ပါးစပ်မှ ခေါင်းအနောက်သို့ ဖောက်ထွက်သွားကာ ဦးနှောက် အဖြူရောင်များနှင့် အနီရောင်သွေးများ ပြန့်ကြဲကုန်သည်။ သူက တစ်ချက်ပင် မလှုပ်နိုင်ဘဲ သေဆုံးသွားသောကြောင့် ရက်စက်လှသော မြင်ကွင်းသည် ကြည့်နေသူအားလုံးကို တုန်လှုပ်စေသည်။
"ဒါဆိုရင် နင် သေလိုက်လေ"
ကျောက်ရန်ရန်က သူမ၏ဓားဝိညာဥ်ကို အသာအယာ ပြန်လည်ဆင့်ခေါ်၍ သွေးစက်များစီးကျနေကာ အလောင်း၏ ဒဏ်ရာများမှာ နက်ရှိုင်းလှလေသည်။