← Chapters

မဟာတိုက်ပွဲ စတင်ခြင်း

Vol. 3 Ch. 34

မဟာတိုက်ပွဲ စတင်ခြင်း

Vol. 3 Ch. 34

အရုဏ်တက်နေရောင်သည် အရှေ့ဘက်မှ ထွက်ပေါ် လာပြီး ဓားအိမ်တော်အပေါ်သို့ ဖြာကျနေစဥ် တပည့်များ၏အော်သံက စိုးရိမ်တကြီး ထွက်ပေါ်လာ၏။

"အဘိုးချင် အစ်မကျောက် ညီလေးယွမ် ပျောက်နေတယ်"

"ဘာ"

အဘိုးချင်နှင့် အကြီးအကဲသုံးယောက်က အထိတ်တလန့်ဖြစ်သွားစဥ် မဟာခန်းမအတွင်းမှ ကျောက်ရန်ရန်က တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

"သူက မဟာတိုက်ပွဲကို သွားပြီ"

"ဘာကြောင့် မတားလိုက်တာလဲ"

သူတို့က ဓားအိမ်တော်၏ မျှော်လင့်ချက် ပျောက်ကွယ်ပြီဟု ခံစားလိုက်ရပြီး အသံများ တုန်ယင်နေကာ ဓားအိမ်တော်၌ ယွမ်ရှောင်ကို ကူညီနိုင်မည့်သူ မရှိချေ။

"ငါလည်း မတားနိုင်ဘူး။ အခု မဟာတိုက်ပွဲကို သွားကြစို့"

"ဘာလုပ်မလို့လဲ"

"သူ့ကို ကာကွယ်ဖို့"

ကျောက်ရန်ရန်က ဆော်သြောလိုက်ပြီး သူတို့ကို ကျော်ဖြတ်သွားကာ လေးနက်စွာ ညွှန်ကြားလိုက်သည်။

မဟာတိုက်ပွဲကျင်းပရာ တောင်ခြေတွင် လူစည်ကားနေပြီး တောင်ရှစ်လုံးအတွက် အရင်းအမြစ်ခွဲတမ်းများ ရရှိနိုင်မည့် အဆင့်သတ်မှတ်ချက်ကြောင့် ဖြစ်၏။ ရတနာစံအိမ်တွင် လောင်းကြေးထပ်ထားသူ အားလုံးလည်း ရောက်ရှိနေကာ ရလဒ်ကို စောင့်ကြည့်နေကြသည်။ ထို့အပြင် မဟာတိုက်ပွဲအပြီးတွင် ထောင်ချီသော ကျင့်ကြံသူများ၏ အကြည့်အောက်၌ အမှတ်တစ်ဓားတောင်၏ ပါမီရှင်ဖြစ်သော ကျန်းရယ်က ဓားဝိညာဥ်အဆင့်ကို စမ်းသပ်ပေလိမ့်မည်ဖြစ်ရာ လူတိုင်း စောင့်ကြည့်ချင်နေသည်။

"အမှတ်တစ်ဓားတောင်က မနေ့ညမှာ အရှက်ရခဲ့ပေမယ့် ဓားအိမ်တော် ဝင်မပြိုင်ဘူးဆိုတော့ ဘယ်သူမှ တားမြစ်နိုင်မှာ မဟုတ်ဘူး"

"ရိုးရိုးသားသားပြောရရင် ဓားဘုရင်ရဲသာ ရှိနေရင် တောင်ရှစ်လုံးကို ဖိနှိပ်နိုင်မှာဖြစ်လို့ ယွမ်ရှောင်လည်း ဘာမှမတတ်နိုင်လောက်ဘူး"

"သူက ဓားပင်လယ်လိုနေရာမျိုးနဲ့ ထိုက်တန်ပြီး တပည့်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင် သူ့အဆင့်အတန်းနဲ့ မကိုက်ညီဘူး"

"ကျန်းရယ်က ဒီလောက်သတ္တိရှိမယ်လို့ မထင်ထားဘူး။ မနေ့က ရှုံးနိမ့်ထားတာတောင် မဟာတိုက်ပွဲမှာ ဝင်ပြိုင်ဖို့ ရောက်လာတယ်"

တပည့်တစ်ယောက်က ချီးကျူးလိုက်ခြင်းဖြစ်ပြီး အမှတ်တစ်ဓားတောင်အုပ်စုတွင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော ကျန်းရယ် ရှိနေခဲ့သည်။ သူမက ဒဏ်ရာများကြောင့် မျက်နှာကို ပဝါဖြင့်ဖုံးကွယ်ထားသော်လည်း မျက်လုံးများ စူးရှတောက်ပနေ၏။

"သူမက အင်မော်တယ်ပါရမီရှင်တစ်ယောက်မို့ အရှုံးသမားတစ်ယောက် မဟုတ်ဘူး။ ဘယ်လိုလုပ် ဒီလိုအရှုံးလေးနဲ့ စိတ်ဓာတ်ကျနေမှာလဲ"

"သူမက ဆက်တိုက်မြင့်တက်လာရင် ယွမ်ရှောင်က နောက်မှာ ကျန်ရစ်နေခဲ့လိမ့်မယ်"

တပည့်အများစုအတွက် ကျန်းရယ်၏ အစွမ်းနှင့်ပါရမီက ဆွေးနွေးစရာခေါင်းစဥ် ဖြစ်နေသည်။

"သူမအတွက် အရှုံးက ဘာမှမဟုတ်ဘူး။ ဘဝမှာ နိမ့်လိုက်မြင့်လိုက် ဖြစ်တတ်တဲ့ သဘာဝပဲ။ ဖီးနစ်တစ်ကောင်က နောက်ဆုံးမှာ ကောင်းကင်ကို ပျံတက်သွားလိမ့်မယ်"

အကြီးအကဲတစ်ယောက်က မှတ်ချက်ပေးလိုက်ပြီး တောင်ထိပ်တွင် အဖွဲ့ခုနစ်ခုက စုရုံးရောက်ရှိနေကြသည်။ အမှတ်တစ်ဓားတောင်၏ တပည့်တစ်ရာကျော်ကို ရဲတန်းယွမ်နှင့် ကျန်းရယ်က ဦးဆောင်လာပြီး သေမျိုးလောကသို့ ဆင်းသက်လာသော နတ်စစ်သည်တော်များပမာ အရှိန်အဝါပြင်းထန်နေ၏။ ယွမ်တန်းရီနှင့် သေဆုံးသွားသူများ၏ နေရာကို တပည့်အသစ်များ အစားထိုးထားသောကြောင့် မသိသာလှသော်လည်း အမှတ်သုံးဓားတောင်ဘက်တွင် ဝူကျန်းရှုံး မရှိသောကြောင့် အင်အားနည်းပါးနေသည်။ ရင်ပြင်ထက်တွင် လူတိုင်းက အဆင့်လေး ဓားအမွေခံကျောက်အကြောင်း ဆွေးနွေးနေကြသည့်အပြင် ဝူမျိုးနွယ်တစ်ခုလုံး ပျောက်ကွယ်သွားခြင်းနှင့် နှုတ်မစောင့်စည်းသော ရဲတန်းကျောက်ကို ကျောက်ရန်ရန်က ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ခြင်းအကြောင်းလည်း ပြောဆိုနေကြသည်။

"မနေ့ညက အမှတ်သုံးဓားသခင်ကိစ္စသာ မရှိရင် ရဲတန်းစီက ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး"

"မဟာတိုက်ပွဲပြီးရင် သေချာပေါက် ပြဿနာတက်လိမ့်မယ်။ ဓားအိမ်တော်နဲ့ အမှတ်တစ်ဓားတောင်ရဲ့ ရန်ကြွေးက သေခြင်းရှင်ခြင်းတိုက်ပွဲတွေ ဖြစ်ပေါ်လာအောင် အန္တရာယ်များနေပြီ"

"အနာဂတ်မှာ ဓားအိမ်တော် ဆက်ရှိနိုင်ပါ့မလား။ ငါသိချင်တာ ရဲတန်းစီက ပေါ်တင်လူသတ်တော့မှာလား"

"ဓားအိမ်တော်ခေါင်းဆောင်က နတ်ဆိုးတွေကို တိုက်ခိုက်ခဲ့ပေမယ့် ကံဆိုးလွန်းပါတယ်"

ဆွေးနွေးနေသူများက သက်ပြင်းချနေစဥ် တစ်စုံတစ်ယောက်၏ အော်သံက သူတို့၏အာရုံကို ဆွဲဆောင်သွားကာ တုန်လှုပ်နေကြသည်။

"ဓားအိမ်တော်ကလူတွေ ရောက်လာပြီ"

"သူတို့အတွက် ပြန်လမ်းရှိပါ့မလား"

ကျောက်ရန်ရန်၊ အဘိုးချင်နှင့် အခြားသူများက မဟာတိုက်ပွဲကျင်းပရာ တောင်ထိပ်တွင် ဆင်းသက်လိုက်ကြသောအခါ အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့သည်။

"ဝှစ်"

ထိုအချိန်၌ ရွှေရောင်ဓားမြှောင်တစ်လက်သည် ပွဲကြည့်စင်ပေါ်မှ ပြင်းထန်စွာ ထွက်ပေါ်လာသောကြောင့် လူတိုင်း အသက်ရှူကြပ်ကုန်သည်။ အဘိုးချင်က သတိထားရန် အော်ဟစ်လိုက်သောအခါ ပစ်မှတ်ဖြစ်သော ကျောက်ရန်ရန်သည် အနက်ရောင်ဓားရှည်အား ဆင့်ခေါ်ပြီး အစွမ်းကုန် ပိုင်းချလိုက်၏။ ဓားချင်းထိခတ်သံက ထန်ခနဲ ထွက်ပေါ်လာကာ ဓားမြှောင်သည် နောက်ပြန်လွင့်ထွက်သွားသော်လည်း သူမက ခြေလှမ်းအနည်းငယ် နောက်​ဆုတ်ပေးလိုက်ရပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

"အစွမ်းထက်လိုက်တာ"

ဓားအိမ်တော်ကို ခရီးရောက်မဆိုက် တိုက်ခိုက်ရဲသူထံ လူတိုင်း၏အကြည့် ရောက်သွားသောအခါ ရွှေရောင်ဓားဝိညာဥ်အား ပြန်လည်ဆင့်ခေါ်လိုက်သည့် ရဲတန်းစီ ဖြစ်နေခဲ့သည်။ သူက ကျောက်ရန်ရန်ကို အထက်စီးမှကြည့်နေပြီး ဓားအော်ရာနှစ်ဆယ်ကျော်ရှိသည့် ဓားဝိညာဥ်ကို သိမ်းဆည်းလိုက်သည်။

"မင်းက နတ်ပင်လယ် အခြေတည်အဆင့်ကို တကယ်ရောက်နေတာပဲ။ မဆိုးဘူး"

ရဲတန်းစီက လှောင်ပြုံးတစ်ချက်နှင့် မှတ်ချက်ပေးလိုက်သည်။ ကျောက်ရန်ရန်သာ ဤအဆင့်သို့ အမှန်တကယ် ရောက်နေခြင်းမရှိလျှင် ရင်ဆိုင်နိုင်မည် မဟုတ်သည့်အပြင် ဓားနှလုံးသားလည်း ရှိမနေသောကြောင့် သေဆုံးရပေလိမ့်မည်။

"နင်က ဘာလုပ်ချင်နေတာလဲ"

လက်ရှိတွင် ဓားအိမ်တော်ခေါင်းဆောင်ဖြစ်သည့် သူမ၏အဆင့်အတန်းက ဓားသခင်တစ်ယောက်အောက် မနိမ့်ကျပေ။

"ငါက ဂိုဏ်းချုပ်ရဲ့ရင်သွေး မဟုတ်တော့ စိတ်ထင်တိုင်း လူသတ်ခွင့် မရှိပါဘူး။ ဟား ဟား"

ရဲတန်းစီက ကျောက်ရန်ရန်ကို အကြီးအကဲဖန်မှ အထင်လွဲမှားစေရန် ယောကျ်ားတန်မဲ့ ကုန်းချောလိုက်၏။

"စောက်စကား အပိုမပြောနဲ့။ ရန်ရန်သာ တားမြစ်နိုင်တဲ့ အစွမ်းမရှိရင် သေနေလောက်ပြီ"

"မင်းကရော ဓားအိမ်တော်ရဲ့ လူတွေကို မသတ်ခဲ့ဖူးဘူးလား"

အကြီးအကဲနှစ်ယောက်က ကြမ်းတမ်းစွာ တုံ့ပြန်လိုက်သောကြောင့် ဧည့်သည်များ ပြန်သွားလျှင် ဓားအိမ်တော်နှင့် အမှတ်တစ်ဓားတောင်က အသေအကြေ တိုက်ခိုက်နိုင်ချေရှိသည်။

အဘိုးကျောက်က အဆင်ပြေမပြေ မေးလိုက်သောအခါ ကျောက်ရန်ရန်သည် နှုတ်ခမ်းမှ သွေးများကို လက်ခုံဖြင့်သုတ်၍ ခေါင်းညိတ်ပြလိုက်၏။ သို့သော် သူမ၏လက်ဖဝါးတွင် ဒဏ်ရာများရှိနေသောကြောင့် အံကြိတ်လိုက်မိပြီး ရဲတန်းစီနှင့် ယှဥ်နိုင်စွမ်းမရှိသေးပေ။

"မောင်လေးယွမ်ကို ရှာကြ"

"သူ့ကို မတွေ့ဘူး"

ချိုက်မြောင်က ပျော်ရွှင်စွာပြောလိုက်ပြီး ရဲတန်းစီ၏အန္တရာယ်မှ ရှောင်ရှားရန် မဟာခန်းမရှိ ကျောက်ကျန်ရှင်းထံ ပြန်ချင်နေခဲ့သည်။

"သူ ရောက်နေပြီ။ ဒါပေမယ့် မဟာတိုက်ပွဲမစခင် ထွက်လာရင် အသတ်ခံရနိုင်တော့ ပုန်းနေလောက်တယ်။ ရဲတန်းစီက ငါ့ကိုတောင် တိုက်ခိုက်ရဲမှတော့ သူ့ကို အလွတ်ပေးပါ့မလား"

ကျောက်ရန်ရန်က မှတ်ချက်ပေးလိုက်သောအခါ လူတိုင်း သက်ပြင်းချလိုက်မိ၏။ ငယ်ရွယ်သော်လည်း ဓားအိမ်တော်အရေးကြောင့် သေဆုံးနိုင်ချေရှိသည့် ပါရမီရှင်အတွက် အဘိုးချင်နှင့် အကြီးအကဲများ ဝမ်းနည်းနေကြသည်။

"ကံကောင်းတာ ငါတို့ဘက်မှာ ရဲကုရင်နဲ့ ကျန်းရယ် ရှိနေလို့သာပဲ။ မဟုတ်ရင် ကျောက်ရန်ရန်က သိပ်မကြာခင် ငါတို့အင်အားကို ကျော်တက်သွားလိမ့်မယ်"

ရောင်မန်ရှယ်က ပြောလိုက်ခြင်း ဖြစ်သည်။

"နင် ဘယ်လိုထင်လဲ။ သူမက ဝူဝူကို သတ်လိုက်တာလား"

"မဖြစ်နိုင်ဘူး။ သူမက နတ်ပင်လယ်အခြေတည်အဆင့်ဆိုပေမယ့် ဝူမျိုးနွယ်တစ်ခုလုံးကို သတ်ဖို့ မလုံလောက်ဘူး"

"ငါတိုက်ခိုက်လိုက်တုန်းက ဓားနှလုံးသား ထွက်မလာခဲ့ဘူး။ ကြည့်ရတာ သုံးပြီးပြီထင်တယ်"

ရဲတန်းစီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဒီလိုဆိုရင် မဟာတိုက်ပွဲပြီးရင် အကုန်သတ်ပစ်လိုက်ကြမလား"

ရောင်မန်ရှယ်က လူသတ်လိုစိတ်ဖြင့် တိုက်တွန်းလိုက်၏။

"ကျန်းရယ်က အကြီးအကဲဖန်ရဲ့ အထောက်အပံ့ကို ရပြီဆိုရင် ကျောက်ကျန်ရှင်းကို သွားသတ်မယ်။ ဒီကောင်သေရင် ကျန်တဲ့ဓားသခင်တွေ ငါတို့လက်အောက်ကို ရောက်လာလိမ့်မယ်။ မဟာတိုက်ပွဲစတင်ဖို့ အချက်ပြလိုက်"

ရဲတန်းစီက အကြီးအကဲဖန်ထံ မျှော်လင့်ချက်ဖြင့် တစ်ချက်ကြည့်ကာ အမိန့်ပေးလိုက်သည်။

"အချိန်မကျသေးဘူး ထင်တယ်"

"ဘယ်အချိန်စစ မထူးပါဘူး။ ငါတို့က အသူရာဆေးအိုးကို အမြန်ဆုံးယူပြီး ဂိုဏ်းတစ်ခုလုံး လေးစားအောင် လုပ်ရမယ်။ ဒီကိစ္စအောင်မြင်ရင် ဂိုဏ်းကို ငါက ဂိုဏ်းချုပ်အဖြစ်နဲ့ အုပ်ချုပ်ပြီး ဓားသခင်ရာထူးတွေကို ဖျက်သိမ်းပစ်မယ်။ နင်က ဒုဂိုဏ်းချုပ်ဖြစ်လာပြီး အသူရာဓားဂိုဏ်းရဲ့ အာဏာက ငါတို့လက်ထဲ ရောက်လာစေရမယ်"

ရဲတန်းစီသည် သူ၏ရည်မှန်းချက်ကို တပည့်များထံ ပုံအပ်လိုက်ပြီး အောင်ပွဲတစ်ခုရယူရန်သာမက ဂိုဏ်း၏ဖွဲ့စည်းပုံကိုပင် ပြောင်းလဲပစ်ချင်နေသည်။

"ကောင်းပြီ"

ဂိုဏ်းဖွဲ့စည်းပုံအသစ်တွင် ဒုဂိုဏ်းချုပ် ဖြစ်လာမည်ဟူသော မက်လုံးကြောင့် အာဏာကို တပ်မက်သည့် ရောင်မန်ရှယ်က တုံ့ဆိုင်းမနေတော့ပေ။

"မဟာတိုက်ပွဲ စတင်ပြီ"

သူမက ရှေ့သို့ လှမ်းတက်လိုက်ပြီး စုစည်းနေသော လူအုပ်ကြီးကို ဝေ့ကြည့်ကာ ကျယ်လောင်စွာ ကြေညာလိုက်လေသည်။

All Chapters