အယောက်တစ်ရာကျော်နှင့် တစ်ယောက်
Vol. 3 Ch. 35
"ပထမဆုံးတိုက်ပွဲက မနှစ်က အောင်နိုင်သူဖြစ်တဲ့ အမှတ်တစ်ဓားတောင်နဲ့ အဆင့်ရှစ်ရတဲ့ ဓားအိမ်တော် တိုက်ခိုက်ရမယ်။ တိုက်ခိုက်မည့်သူတွေ ကွင်းထဲ ဝင်ကြစမ်း"
ရောင်မန်ရှယ်က အမှတ်တစ်ဓားတောင်၏ တပည့်များဘက်လှည့်ကာ ကြေညာလိုက်သောအခါ တပည့်တိုင်း၏ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာကြ၏။ လွန်ခဲ့သောသုံးနှစ်က ထိပ်ဆုံးတွင် ရပ်တည်နေခဲ့သည့် ဓားအိမ်တော်၏ကျဆင်းမှုသည် အင်မတန် ပြင်းထန်လှသည်။ ရဲတန်းယွမ်နှင့် ကျန်းရယ်သည် တိုက်ပွဲဆာလောင်စိတ်အပြည့်နှင့် နောက်လိုက်များကို ဦးဆောင်ကာ အမှတ်တစ်ဓားတောင်ကိုယ်စားပြု၍ တိုက်ပွဲကွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ လူငယ်ဓားသမားများက ရင်ဘောင်တန်းရပ်နေကြပြီး အဖိုးတန်ဝတ်စုံများ ဝတ်ဆင်ထား၍ ဓားတစ်လက်ပမာ ထက်ရှသော အရှိန်အဝါကိုယ်စီ ထုတ်ဖော်ထားကြသည်။ သူတို့၏ဝတ်ရုံတွင် အမှတ်တစ်ဓားတောင်ဟူသော စာလုံးများကို ထင်ရှားစွာ ရေးထိုးထားသည်။
" တပည့်၁၂၀က အမှတ်တစ်ဓားတောင်ကို ကိုယ်စားပြုပါမယ်"
ရဲတန်းယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူတို့၏ရည်မှန်းချက်က တောင်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ သူတို့က နေရောင်အောက်တွင် မောက်မာစွာ နေရာယူထားကြပြီး အမှတ်တစ်ဓားတောင်အစွမ်းကို ထုတ်ဖော်ထား၏။
"ဓားအိမ်တော်ရဲ့ တပည့်တွေ အသက်ရှိုက်နှစ်ဆယ်အတွင်း ရောက်မလာရင် အရှုံးပေးရမယ်"
ထို့နောက် ရောင်မန်ရှယ်သည် နားဝင်ဆိုးလှသော အသံဖြင့် ကျောက်ရန်ရန်ဘက်လှည့်ကာ သတိပေးလိုက်၏။ သူမက အသက်သတ်မှတ်ချက် ကျော်လွန်သွားသောကြောင့် ဝင်ရောက်ယှဥ်ပြိုင်ရန် အစွမ်းထက်သူ မရှိချေ။ ဓားတောင်ခုနစ်ခုလုံးတွင် ဓားအိမ်တော်၏တပည့်များ ရောက်ရှိနေပြီး အခြားဓားတောင်များကိုယ်စား တိုက်ပွဲဝင်ကြမည် ဖြစ်သော်လည်း ရက်စက်လှသော အဖြစ်ကို ကြုံတွေ့နေရသည်။ ထိုအချိန်တွင် အမှတ်တစ်ဓားတောင်မှ တပည့်များက လှောင်ပြုံးပြုံးနေကြစဥ် အပြာရောင် အလင်းတစ်ချက်သည် တိုက်ပွဲကွင်းပြင်ထံ ဆင်းသက်လာခဲ့သည်။
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်က ကျက်သရေရှိစွာ ဆင်းသက်၍ အမှတ်တစ်ဓားတောင်အုပ်စုရှေ့တွင် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ သူ၏နတ်ပင်လယ်အဆင့် ခွန်အားကြောင့် မြေပြင်၌ ကျောက်တုံးများ ခုန်တက်လာကာ မြင်ရသူတိုင်းကို အံ့သြစေခဲ့သည်။ ဆံပင်များ လေထဲလွင့်နေပြီး ကြယ်ပမာ တောက်ပလင်းလက်နေသည့် မျက်လုံးများနှင့် နတ်ဘုရားပမာ ခန့်ညားသော အသွင်က ဤလောကတွင် နှစ်ယောက် မရှိနိုင်ချေ။
"ဓားအိမ်တော်ကို ကျုပ်တစ်ယောက်တည်း ကိုယ်စားပြုတယ်"
ယွမ်ရှောင်၏အသံက နဂါးဟိန်းသံပမာ ထွက်ပေါ်လာပြီး ရောက်ရှိနေသူတိုင်း၏ ဝိညာဥ်အထိ ထိုးဖောက်သွားသည်။
"ချောလိုက်တာ အာ ငါက အစ်ကိုရဲကို ပြောတာပါ"
အမှတ်တစ်ဓားတောင်ဘက်မှ မိန်းကလေးတပည့်တစ်ယောက်က အမှတ်မထင် ရေရွတ်လိုက်သောအခါ ဒေါသမျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရသည်။ ထို့ကြောင့် သူမက အလန့်တကြား ရှင်းပြနေစဥ် ဆွေးနွေးပွဲတောင်ထိပ်၌ အုတ်အော်သောင်းတင်း ဖြစ်နေခဲ့သည်။ ယွမ်ရှောင်၏ ရုပ်ရည်နှင့် ခန့်ညားမှုကြောင့် ယောကျ်ားတိုင်း မနာလိုအားကျနေကြပြီး ရုပ်ရည်အရာတွင် သူက အမှတ်တစ်ဓားတောင်တစ်ခုလုံးထက် သာလွန်နေသည်။ ကျင့်ကြံခြင်းလောကတွင် ရုပ်ရည်က အရေးမပါလှသော်လည်း သူ၏ချောမောခန့်ညားမှုက အကန့်အသတ်ကို ကျော်လွန်နေသည်။ ထို့အပြင် သူက ရန်သူတစ်ရာကျော်ကို တစ်ကိုယ်တော် ရင်ဆိုင်မည်ဟု မကြောက်မရွံ့ပြောလိုက်သောအခါ အားလုံးကို တုန်လှုပ်စေသည်။ လွန်ခဲ့သော နှစ်တွင် ကျောက်ရန်ရန်သည်လည်း ဤစိန်ခေါ်မှုမျိုး ပြုလုပ်ခဲ့ပြီး ဓားအိမ်တော်ကို ယခုနှစ်တွင် ဤသို့စွန့်စားရဲမည်ဟု ထင်မထားကြပေ။
"နှစ်တစ်ထောင် နတ်ဆိုးအရိုးက ယွမ်အာလက်ထဲကို ရောက်လာတော့မှာပဲ"
ရောင်မန်ရှယ်က မင်သက်သွားသော်လည်း သတိပြန်ဝင်လာသောအခါ ရယ်မောလိုက်သည်။
"ရတနာက ငါတို့တံခါးဝကို ရောက်လာပြီဆိုတော့ အလွတ်ပေးလို့ မရဘူး"
ရဲတန်းစီသည် အေးစက်စွာ မှတ်ချက်ပေးလိုက်ပြီး ဂိုဏ်းတစ်ခုလုံး ယွမ်ရှောင်၏သတ္တိကို အသိအမှတ်ပြုခဲ့ရသည်။ ဤလုပ်ရပ်၏အဆုံးသတ်က ဆိုးရွားနိုင်သော်လည်း ဓားအိမ်တော်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် စွန့်လွှတ်ရဲသော သူ့ကို ဓားသမားများစွာ လေးစားနေကြ၏။ ရဲတန်းစီသည် ဤအဖြစ်ကို မနာလိုဝန်တိုနေပြီး ကျောက်ကျန်ရှင်းနှင့် သခင်လေးခုနစ်ယောက်ဖြစ်စေ၊ ကျောက်ရန်ရန်နှင့် ယွမ်ရှောင်ဖြစ်စေ သတ္တိခဲများ ဖြစ်သောကြောင့် ဒေါသထွက်နေခဲ့သည်။
"စတင်မယ်"
သူက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ကျောက်တုံးတိုင်တစ်လုံးကို နှိပ်ချလိုက်သောအခါ တောင်ထိပ်တစ်ခုလုံး တုန်ခါလာပြီး ရုန်းများသည် စက်ဝိုင်းခြမ်းသဏ္ဍာန် အစီအရင်တစ်ခုအဖြစ် ထွက်ပေါ်လာသည်။ ၎င်းက ဓားချိတ်ပိတ်အစီအရင်ဖြစ်ပြီး ယွမ်ရှောင်နှင့် အမှတ်တစ်ဓားတောင်၏ တပည့်တစ်ရာကျော် ပိတ်မိသွားကြ၏။ ၎င်းကို အသက်သွင်းလိုက်သည်နှင့်တပြိုင်နက် မည်သူမှ တိုက်ပွဲကို ဝင်ရောက်မစွက်ဖက်နိုင်သောကြောင့် ပရိသိတ်များသည် အရှက်မဲ့လှသော ရဲတန်းစီကို ကြည့်လိုက်မိသည်။ ၎င်းကို အသက်သွင်းရန်အတွက် ပြိုင်ဘက်နှစ်ဖက်လုံးမှ သဘောတူရန် လိုအပ်ပြီး ဓားအိမ်တော်က မည်သို့မှမပြောခဲ့သောကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ စကားသံများ ကျွတ်ကျွတ်စီဆူညံလာပြီး ဓားအိမ်တော်၏ အဖွဲ့ဝင်များသည်လည်း မင်သက်သွားကြ၏။
"ရဲတန်းစီ မင်း ဘာလုပ်တာလဲ"
အဘိုးချင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဓားချိတ်ပိတ်အစီအရင်ကိုဖွင့်ဖို့ ဓားအိမ်တော်က တောင်းဆိုတာပဲလေ။ နားကြားမှားသွားတာလား။ အကြီးအကဲတို့ ဓားအိမ်တော်က ဒီလိုမတောင်းဆိုခဲ့ဘူးလား"
ရဲတန်းစီက အောက်တန်းကျစွာ လိမ်လည်နေသည်။
"မင်းပြောတာ မှန်တယ်။ ဓားအိမ်တော်က တောင်းဆိုတာကို ငါ ကြားလိုက်တယ်"
ရောင်မန်ရှယ်က အရှက်မဲ့စွာပြုံး၍ ထောက်ခံလိုက်သကဲ့သို့ အမှတ်တစ်၊ ခြောက်နှင့် သုံးမှ အကြီးအကဲများလည်း ပါဝင်နေ၏။
"ငါလည်း ကြားလိုက်တယ်"
"ဒီငကန်းကြီးက လိမ်နေတာပဲ။ သူပြောလိုက်တာ ငါ သေချာပေါက် ကြားလိုက်တယ်"
"ဓားအိမ်တော် ပြဿနာရှာနေတာ ရပ်လိုက်စမ်း။ ငါလည်း ကြားလိုက်တယ်"
ကျန်းကျန့်က ရဲတန်းစီကို မျက်နှာလုပ်ရန်အတွက် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ အဘိုးချင်က ဒေါသထွက်လွန်းသဖြင့် ချီစွမ်းအင်များ ကမောက်ကမဖြစ်သွားကာ သွေးတစ်လုတ် အန်ထွက်လာ၏။
"အစ်မကျောက် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ ယွမ်ရှောင်က အထဲကို ရောက်နေပြီ"
ချင်တုန်နှင့် အခြားတပည့်များသည် အဘိုးချင်ကို ကူညီပေးနေစဥ် ချိုက်မြောင်က ကျောက်ရန်ရန်ထံ အကြံတောင်းလိုက်သည်။ ရဲတန်းစီက ပို၍အရှက်မဲ့လာသောကြောင့် ယွမ်ရှောင်အတွက် အလွန်တရာ စိုးရိမ်နေ၏။
"ပြဿနာ မရှိပါဘူး"
ကျောက်ရန်ရန်သည် အစီအရင်အတွင်း၌ သူ့ကို ပြုံးပြနေသော ယွမ်ရှောင်၏အကြည့်ကြောင့် မင်သက်သွားသော်လည်း ယုံကြည်ပေးလိုက်၏။ အမှတ်တစ်ဓားတောင်၏ တပည့်များက ယုံကြည်မှုရှိစွာ ရယ်မောနေကြပြီး မည်သို့မည်ပုံ ရက်စက်ရန် စဥ်းစားနေကြသည်။
"ယွမ်ရှောင် မင်းရဲ့အစ်မကျောက်က ဒီနေရာမှာပဲ ငါတို့ကို ရှုံးခဲ့တယ်။ ငါတို့တစ်ယောက်ချင်းက သူမကို ရိုက်နှက်ခဲ့လို့ ဝတ်ရုံတစ်ခုလုံး သွေးတွေကို ရွှဲနေတာပဲ"
ရဲတန်းယွမ်က လှောင်ပြောင်လိုက်၏။
"ငါလည်း သတိရသွားပြီ။ ဒီကောင်မကို နှစ်ခါလောက် ရိုက်ခဲ့ဖူးတယ်"
"သူမက မောက်မာလွန်းတယ်။ ဆရာကသာ ခွင့်လွှတ်ပေးဖို့ မပြောခဲ့ရင် ငါတို့လက်ချက်နဲ့ အလောင်းဆွေးနေလောက်ပြီ"
"ယွမ်ရှောင် မင်းကတော့ ဂိုဏ်းချုပ်ရဲ့သား မဟုတ်ဘူးဆိုတော့ သေရမယ် ဟား ဟား"
အမှတ်တစ်ဓားတောင်၏ တပည့်များက တောခွေးများပမာ ဝိုင်းကိုက်နေကြပြီး ကျန်းရယ်သည် ယွမ်ရှောင်ကို ဆူးတစ်ချောင်းပမာ ဆွဲနုတ်ချင်နေသည်။ သူမက ရေခဲလဓားဝိညာဥ်ကို ဆင့်ခေါ်၍ ပစ်မှတ်ထံ ချိန်ရွယ်ကာ သတ်ဖြတ်လိုစိတ်အား ထုတ်ဖော်လိုက်သည်။ သူမအတွက် တစ်ဖက်လူသည် ဂုဏ်သိက္ခာကို စွန်းထင်းစေသောကြောင့် ရှင်းပစ်ချင်နေသည့်အပြင် ဓားအမွေခံကျောက်ထံ သွားရာလမ်းတွင် အလောင်းကို တက်နင်းသွားချင်နေသည်။ ဤနည်းဖြင့် သူမက အတိတ်မှ မှတ်ဉာဏ်ဆိုးများကို ရှင်းလင်းနိုင်မည် ဖြစ်သောကြောင့် အိပ်မက်ဆိုးမှ လွတ်မြောက်ပေလိမ့်မည်။
"ဒီခွေးကောင်ကို သတ်နိုင်တဲ့ ဘယ်သူမဆို ငါးနှစ်အတွင်း နတ်ပင်လယ်ဆေးလုံးတစ်ရာ ရမယ်လို့ ငါ ကျန်းရယ်က တိပေးတယ်"
သူမ၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အမုန်းတရားကြောင့် သေမင်းခေါင်းလောင်း ထိုးလိုက်သည့်ပမာ ထင်မှတ်ရသည်။ သူမ၏ ကတိစကားသံကြောင့် လှောင်ပြောင်ရယ်မောနေကြသူများ၏ အာရုံစိုက်ခြင်း ခံလိုက်ရ၏။ ကျန်းရယ်သည် ယွမ်ရှောင်ကြောင့် နှစ်ကြိမ်တိုင်တိုင် အရှက်ကွဲခဲ့ပြီး အရိပ်မည်းကြီးပမာ အုပ်မိုးနေသောကြောင့် လက်စားချေရန် ညစ်ပတ်စွာ ကြံစည်ခဲ့လေသည်။