သွေးစွန်းနေသည့် ဝတ်ရုံဖြူ
Vol. 3 Ch. 36
နတ်ပင်လယ် ဆေးလုံးတစ်ရာဆိုသော ပမာဏ မဆိုထားနှင့်၊ အသူရာဓားဂိုဏ်းတစ်ခုလုံးတွင် ထိုဆေးက တစ်လုံးတည်းသာ ရှိသည်။ သို့သော်လည်း သူမ၏မက်လုံးကို ယုံကြည်ကြသောကြောင့် ဓားချိတ်ပိတ် အစီအရင်အပြင်ဘက်မှ ကျင့်ကြံသူများမှာ မနာလိုဖြစ်နေကြ၏။ အစီအရင်အတွင်းရှိ အမှတ်တစ်ဓားတောင်၏ တပည့်အားလုံးက စကားသံ ထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်သောအခါ ကျန်းရယ်ဖြစ်ကြောင်း သိသွားကြသည်။ သူမ၏စကားက သတ်ဖြတ်လိုစိတ်ကို စတင်ပေးလိုက်သောအခါ တစ်အုပ်စုလုံး စိတ်ဓာတ်များ ခက်ထန်လာသည်။
တပည့်တစ်ရာကျော်လုံးက ယွမ်ရှောင်ထံ လောဘမီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်၍ ရူးသွပ်လာကြသည်။ အချိန်ခဏအတွင်း ရောင်စုံဓားဝိညာဥ်များက ကောင်းကင်၌ ထွက်ပေါ်လာကာ သူ့ကို ဝိုင်းဝန်းချိန်ရွယ်ထားသည်။ ကျန်းရယ်ကမူ အနောက်သို့ ဆုတ်ခွာသွား၍ ကိုယ့်ကိုကိုယ် အထင်ကြီးစွာ ရယ်မောနေခဲ့သည်။ ကျင့်ကြံခြင်းလောကတွင် ပါရမီရှင်ဖြစ်ရခြင်းသည် အမှန်တကယ် ကြီးစိုးမှု ရှိပေသည်။
"နှုတ်ဆက်ပါတယ် ယွမ်ရှောင်။ နင်က ယုံကြည်မှုလွန်ကဲနေတဲ့ အမှိုက်တစ်စပဲ"
သို့သော် ဓားတစ်လက်ပမာ ထက်ရှသော အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ သူမ၏ရယ်သံ တိတ်ဆိတ်သွားသည်။ သူမကို နှစ်ကြိမ် အနိုင်ယူခဲ့စဥ်ကလည်း ဤသို့အကြည့်ခံရဖူးသောကြောင့် ကြောက်စိတ်များ ဖြစ်ပေါ်လာကာ အလောတကြီး အော်ဟစ်လိုက်သည်။
"သတ်ကြ သတ်ကြလေ ဘာလုပ်နေတာလဲ"
တပည့်ပေါင်းတစ်ရာကျော်က ချီတက်လာကြပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်နေကြသော်လည်း ယွမ်ရှောင်က တည်ငြိမ်စွာရပ်နေပြီး မုန်တိုင်းထန်သော ပင်လယ်အတွင်းရှိ ကျောက်ဆောင်ကြီးပမာ ဖြစ်သည်။ လွန်ခဲ့သော သုံးလတွင် သူက ဤပြိုင်ဘက်များရှေ့မှောက်တွင် သေရမည်ဖြစ်သော်လည်း သေရွာပြန်လာပြီးနောက် လမ်းပိတ်လာသူတိုင်းကို နတ်ဆိုးရော အင်မော်တယ်ပါမချန် သတ်ဖြတ်ပေလိမ့်မည်။ သူ၏ပုံရိပ်သည် ဓားအိမ်တော်အတွက် အစွမ်းထက်ဓားတစ်လက်ပမာ ထက်ရှနေပြီး ကောင်းကင်ကို လှုပ်ခတ်နိုင်သော တည်ရှိမှုမျိုး ဖြစ်ပေသည်။ သူ၏လက်ဝါးအတွင်း အပြာရောင် ဓားမြှောင်တစ်လက် ထွက်ပေါ်လာကာ တဝီဝီလည်ပတ်ရင်း ဓားအော်ရာ၁၅ခုကို ထုတ်ဖော်နေသည်။
"သေစမ်း"
ရန်သူများက ကြုံးဝါး၍ ဒီရေလှိုင်းပမာ ချီတက်လာကာ ဓားဝိညာဥ်များစွာ တိုးဝင်လာ၍ ယွမ်ရှောင်၏အသက်ကို ယူရန် ဖြစ်သည်။ သို့သော် ယွမ်ရှောင်က တည်ငြိမ်စွာဖြင့် တစ်ချက်ပြုံး၍ ပျံလွှားလျှပ်စီးဓားသိုင်းဖြင့် ဓားမြှောင်ကို အစွမ်းကုန် ပစ်ခတ်လိုက်သည်။
"သေရမှာက မင်းတို့ပဲ"
ဤဓားသိုင်းသည် မြန်ဆန်ခြင်း၊ ထက်ရှခြင်းနှင့် ကြမ်းတမ်းခြင်းအပေါ် အခြေခံထားကာ အလွန်လျင်မြန်သောကြောင့် လေထုနှင့် တစ်သားတည်း ဖြစ်သွားပုံရသည်။
"ဖောက် ဖောက် ဖောက်"
ဓားချိတ်ပိတ်အစီအရင်အတွင်း အပြာရောင် အလင်းတစ်ချက်သည် ရန်သူ၁၈ယောက်၏ အသက်ကို နုတ်ယူသွားသောကြောင့် သွေးနံ့များ လှိုင်နေကာ နှလုံးနေရာချည်း ထိမှန်ခဲ့သည်။ အလောင်း၁၈ခုက တအိအိ လဲပြိုသွားကာ ဓားမြှောင်သည် ကျန်းရယ်၏ မျက်နှာရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။ ရုတ်တရက်ဆန်လွန်းသော အဖြစ်ကြောင့် ကျန်းရယ်၏သတ္တိမှာ အပိုင်းပိုင်းပျက်စီးသွားကာ မျက်လုံးအပြူးသားနှင့် အော်ဟစ်လိုက်မိသည်။
"အား"
ယွမ်ရှောင်၏ ဓားဝိညာဥ်က တပည့်၁၈ယောက်ကို သတ်ဖြတ်ပြီး သူမ၏မျက်နှာရှေ့အထိ ရောက်လာသောကြောင့် တစ်ဖက်လူသာ သတ်လိုလျှင် သေဆုံးပြီးဖြစ်ပေလိမ့်မည်။ တစ်ကိုယ်လုံးသို့ ကြောက်စိတ်များ စိမ့်တက်လာပြီး တစ်ဖက်လူ၏ အကြည့်အောက်တွင် ဓားဝိညာဥ်ကို ကြောက်လန့်နေသည်။ ထို့နောက် သူမက မြေပြင်ပေါ်သို့ လဲကျသွားကာ ကမန်းကတန်းနောက်ဆုတ်ရင်း ဓားတစ်ချက်တည်းနှင့် သတ်ပြလိုက်သော အရေအတွက်က သူမကို မင်သက်သွားစေသည်။ အခြားသူများသည်လည်း နေရာ၌ ကြက်သေသေနေပြီး ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် တစ်ကိုယ်လုံး ရေအေးဖြင့် လောင်းချလိုက်သည့်ပမာ သတိအနေအထား ဖြစ်ကုန်သည်။
"ဓားအော်ရာ၁၅ခု"
အမှတ်တစ်ဓားတောင်၏ တပည့်ခေါင်းဆောင်ဖြစ်သော ရဲတန်းယွမ်ပင် ဓားအော်ရာ၁၁ခုသာ ပိုင်ဆိုင်ထားသောကြောင့် မယုံနိုင်ဖြစ်နေသည်။ ပွဲကြည့်စင်ထက်တွင် အကြီးအကဲများအားလုံးနီးပါးသည် ကြောက်လန့်တကြား မတ်တပ်ရပ်လိုက်ပြီး ထိတ်လန့်နေကြသည်။ ဓားတိမ်လမ်းတွင် ယွမ်ရှောင်က ဓားဝိညာဥ်ကို အသုံးပြုခဲ့သော်လည်း ဓားပျံအသွင်နှင့် ဖြစ်သောကြောင့် ဓားအော်ရာများ ထင်ရှားစွာ မမြင်နိုင်ပေ။
"ဓားအိမ်တော်က ဒီကောင့်ကို ပျိုးထောင်ဖို့ နတ်ဆိုးအရိုးတွေ ဘယ်ကရနေတာလဲ"
ရောင်မန်ရှယ်က မျက်မှောင်ကြုတ်လိုက်သည်။
"ကျောက်ကျန်ရှင်းက အမှိုက်တစ်စဖြစ်နေတာတောင် အရင်းအမြစ်တွေ ဘယ်ကရနေတာလဲ"
ရဲတန်းစီက တည်ငြိမ်အောင် ကြိုးစားနေသော်လည်း မျက်လုံးများ ဂနာမငြိမ်ပေ။
"ဘာကြောင့် ကျောက်ရန်ရန်ကို မပေးဘဲ ယွမ်ရှောင်ကို အသုံးပြုခိုင်းရတာလဲ"
"ဒါက အဓိပ္ပါယ်မရှိတဲ့အပြင် တစ်ညတည်းနဲ့ နဂါးနွေဦးအဆင့်ကနေ နတ်ပင်လယ်အဆင့်ကို ဘယ်လိုရောက်သွားတာလဲ"
"မစိုးရိမ်ပါနဲ့။ ယွမ်အာတို့က ပေါ့ဆသွားလို့ ဖြစ်မှာပါ။ ဒီကောင့်ကို ဝိုင်းဝန်းပိတ်ဆို့လိုက်ရင် သတ်နိုင်ပါလိမ့်မယ်"
ရောင်မန်ရှယ်က အံကြိတ်၍ ရေရွတ်လိုက်သည်။
"ဒီကောင်က နည်းနည်းထူးဆန်းတယ်။ ဓားအိမ်တော်က အရင်းအမြစ်တွေ ပုံအောအသုံးပြုစရာ အကြောင်းမရှိဘူး"
ရဲတန်းစီသည် ဓားအိမ်တော်အပေါ် သံသယဝင်နေသော်လည်း ဓားအိမ်တော်ဘက်၌ စိတ်ရှုပ်ထွေးနေကြသည်။
"ယွမ်ရှောင်ရဲ့ ဓားအော်ရာက ကိုးခုတည်းရှိတာ မဟုတ်ဘူးလား"
"သံသယ ဝင်မနေကြနဲ့။ သူ့ကို ယုံကြည်ပေးရမယ်"
ဓားချိတ်ပိတ်အစီအရင်အတွင်း အာရုံစိုက်နေသော ကျောက်ရန်ရန်သည် တားမြစ်လိုက်ပြီး အင်္ကျီလက်အတွင်း၌ စိုးရိမ်စိတ်ကြောင့် လက်သီးဆုပ်ထားမိ၏။ သူမအတွက် အရှက်ရမှုကို လက်စားချေပေးရန် တစ်ဖက်လူက အမှတ်တစ်ဓားတောင်၏ တပည့်တစ်ရာကျော်နှင့် တိုက်ခိုက်နေသည် မဟုတ်ပါလော။
"လူခွဲပြီး ဝိုင်းထားလိုက်ကြ"
"ဒီကောင့်ကို သတ်ဖို့အတွက် ငါတို့ညီအစ်ကိုတွေ ထိခိုက်နိုင်တယ်"
"လူတိုင်း အစွမ်းကုန်ထုတ်သုံးကြ။ မဟုတ်ရင် သူ့လက်ချက်နဲ့ သေရလိမ့်မယ်"
"လူခွဲပြီး ဓားမြှောင်တွေနဲ့ အဝေးက တိုက်ခိုက်ကြစမ်း"
အရေအတွက် တစ်ရာကျော်သော ဓားဝိညာဥ်များ ရှိနေသဖြင့် အနီးကပ်တိုက်ခိုက်ရန် မလိုအပ်ပေ။ မျက်တောင်တစ်ခတ်အတွင်း သူတို့က ယွမ်ရှောင်၏ အရပ်လေးမျက်နှာ၌ နေရာယူလိုက်ကြသည်။
"ရယ်အာ ငါ့နောက်ကို လာခဲ့"
"ဟုတ်ကဲ့ ဆရာတူအစ်ကို"
ရဲတန်းယွမ်က ညွှန်ကြားလိုက်သောအခါ ကျန်းရယ်သည် ဟန်ပင်မဆောင်နိုင်ဘဲ အနောက်တွင် ဝင်ပုန်းလိုက်သောကြောင့် အလွန်တရာ ကြောက်လန့်နေကြောင်း သိသာသည်။
"အစီအရင်ခင်းကျင်းပြီး အတူတူ တိုက်ခိုက်ကြစမ်း"
ရဲတန်းယွမ်၏ အမိန့်အောက်တွင် တပည့်များက ဓားမြှောင်တစ်ရာကျော်ဖြင့် အစီအရင်ခင်းကျင်း၍ ယွမ်ရှောင်အား ဘက်ပေါင်းစုံမှ တိုက်ခိုက်ချင်ခဲ့သည်။ လွန်ခဲ့သောနှစ်တွင် ကျောက်ရန်ရန် အရှုံးပေးခဲ့ရသည်မှာလည်း ဤတိုက်ကွက်ကြောင့်ဖြစ်ပြီး အနီးကပ် မတိုက်ခိုက်ခဲ့ရပေ။ ဤမြင်ကွင်းက နောက်တစ်ကြိမ် ဖြစ်ပေါ်လာသောကြောင့် ကြည့်ရှုနေသူအားလုံးကို သက်ပြင်းချစေခဲ့သည်။ ကျန်းရယ်က ကိုယ့်ကိုကိုယ် အားပေးနေသော်လည်း ယွမ်ရှောင်၏အကြည့်နှင့် နောက်တစ်ကြိမ် ရင်ဆိုင်လိုက်ရသောအခါ ရင်ထဲတွင် တင်းကြပ်သွားပြန်သည်။
"ရွှစ်"
ထိုအချိန်၌ ယွမ်ရှောင်သည် ဓားဝိညာဥ်ကို ဓားပျံအသွင်ပြောင်းလဲကာ လေပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် လျင်မြန်စွာ ပျံသန်းလိုက်ပြီး ဓားမြှောင်တစ်ရာကျော်နှင့် ပစ်ခတ်ခံလိုက်ရသော်လည်း လွယ်ကူစွာ ရှောင်တိမ်းပြနေခဲ့၏။ ၎င်းတို့ကြောင့် သူ၏ဝတ်ရုံတွင် အပေါက်များဖြစ်သွားသော်လည်း ခန္ဓာကိုယ်၌ ထိခိုက်ဒဏ်ရာ မရှိချေ။ သူက ပင်လယ်အတွင်း ရောက်သွားသော ငါးတစ်ကောင်ပမာ ကျင်လည်စွာလှုပ်ရှား၍ ပျော်ရွှင်နေပုံရသည်။
"ဒါက ဘာကြီးလဲ လခွမ်း"
"ဓားမြှောင်တစ်ရာကျော်ကို ဓားပျံစီးပြီး ရှောင်ပြနေတယ်။ ဒါက ကြယ်အလယ်အဆင့်ကျင့်စဥ် ရွှင်ပျော်ပျော်ခရီးသည် မဟုတ်လား"
"ဓားသမားတစ်ယောက်က ဓားသိုင်းတစ်ခုကို ဒီလောက်ပြည့်စုံအောင် ကျင့်ကြံနိုင်တာလား"
"အဘိုးကြီးဝမ်"
အဘိုးချင်က အကြီးအကဲဝမ်ကို မေးခွန်းထုတ်လိုဟန်ဖြင့် လှည့်ကြည့်လိုက်၏။
"ကျုပ် မသိဘူး။ ဒီကလေးကို နေ့တစ်ဝက်ပဲ သင်ပေးထားရသေးတယ်"
"ဘာ ငါရောပဲ။ ဒီကောင့်ကို ခဏလေး သင်ခဲ့ရပေမယ့် ကျွမ်းကျင်လွန်းနေတယ်"
"ငါရော အတူတူ ဖြစ်ခဲ့တယ်"
အကြီးအကဲသုံးယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီး ယွမ်ရှောင်၏ သူမတူသော ပါရမီကြောင့် ဆရာများထက်ပင် ကျော်လွန်နေသောအခါ ရှက်ရွံ့နေကြလေသည်။