ကျောင်းဆင်းပွဲ
Vol. 21 Ch. 304
အချိန်များကုန်ဆုံးသွားပြီ။ မကြာသေးခင်ကပင် အထက်တန်း နောက်ဆုံးစာမေးပွဲ ပြီးသွားပြီ ဖြစ်သည်။
နောက်ဆုံးစာမေးပွဲ ပြီးနောက် ဖုန်းယွီသည် စာမေးပွဲ ခန်းမထဲမှ ပြုံးလျက်သား လမ်းလျှောက်ထွက်လာသည့် လီနကို ကြည့်လိုက်သည်။ ဖုန်းယွီသည် သူမ စာမေးပွဲ ကောင်းကောင်း ဖြေနိုင်မှန်း သိပေသည်။
“ဘယ်လိုလဲ။ နင် အမှတ် ကောင်းကောင်း ရဖို့အတွက် ပြဿနာ မရှိဘူးလို့ ငါမပြောခဲ့ဘူးလား။”
ဖုန်းယွီသည် ကျန်းလီဘောင်ကို သူမကို ပေးလိုက်သည်။
“ငါ အရင်က ဒီလို မေးခွန်းတူတွေကို ခဏခဏ လေ့ကျင့်ပြီးသားလေ။”
လီနက ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း စိတ်လှုပ်ရှားနေသည်။ ပြီးနောက် သူမ၏ မျက်နှာသည် ရှက်သွေးဖြာနေ၏။
ကျောင်းသားများကို စောင့်နေသည့် မိဘများစွာ ရှိသည်။ အထက်တန်း စာမေးပွဲသည် သူတို့အတွက် အရေးကြီးသည့် ကိစ္စ ဖြစ်သည်။ အနာဂတ်ရှိ အထက်တန်း စာမေးပွဲများထက်တောင် ပိုတောင် အရေးကြီးသေး၏။ ယခုလက်ရှိတွင် သူတို့၏ ကလေးများသာ တက္ကသိုလ်ကို ဝင်ခွင့်ရလျှင် သူတို့သည် အလုပ် ရမည် ဖြစ်သည်။ အနာဂတ်တွင် သူတို့သည် ခေါင်းဆောင်များ ဖြစ်လာကြမည်ပင်။
ထိုခေတ်က စာလေ့လာခြင်းက လူတစ်ယောက်၏ ကံကို ပြောင်းလဲပစ်နိုင်သည်။ အချို့သော ဆင်းရဲနွမ်းပါးသည့် ရွာများတွင် တက္ကသိုလ် ဝင်ခွင့် တစ်ယောက်ရရှိခြင်းကတောင် သူတို့အတွက် အားကိုးစရာပင် ဖြစ်သည်။
“မင်းညီမက က စာမေးပွဲမှာ ကောင်းကောင်း ဖြေခဲ့ပြီ။ သေချာပေါက် တက္ကသိုလ် တက်ရတော့မှာ။ ငါ့ညီကတော့ စာမေးပွဲမှာ ဘယ်လိုနေမလဲ မသိဘူး။ ညီအစ်ကို ဆေးလိပ်သောက်ချင်လား။”
ဘေးနားတွင် ရှိနေသည့် အသက်နှစ်ဆယ်ဝန်းကျင်အရွယ် လူငယ်က ဖုန်းယွီကို စီးကရက် ပေးလိုက်သည်။ သူက လီနသည် ဖုန်းယွီ၏ ညီမဟု ထင်နေခြင်း ဖြစ်သည်။ သူသည် သူတို့ နှစ်ယောက် ချိန်းတွေ့နေသည်ကို တွေးမည့်ပုံ မပေါ်ပေ။
သူတို့ အသက်အရွယ်တွင် လူများစွာက စတင် တွဲနေကြပြီ ဖြစ်ကာ အချို့က လက်ထပ်ပြီးနေပြီ ဖြစ်သည်။ အရွယ်မတိုင်ခင် လက်ထပ်ရာတွင် ဧည့်ခံပွဲကို အရင်လုပ်ပြီး သူတို့ အသက်ပြည့်မှသာ လက်ထပ် မှတ်ပုံ တင်ကြသည်။ သို့သော် တက္ကသိုလ်ကျောင်းသားများ အထူးသဖြင့် မြို့တော်များတွင်တော့ ထူးဆန်းသည့် ကိစ္စတစ်ရပ် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်။ ကျွန်တော် မသောက်တော့ပါဘူး။ ကျွန်တော်မှာ လုပ်စရာ ရှိသေးလို့ ကျွန်တော်တို့ အရင်သွားနှင့်တော့မယ်။ မင်းရဲ့ ညီလည်း ကံကောင်းပါစေ။”
ပြည်ပမှ တင်သွင်းသည့် ကားထဲကို ဖုန်းယွီနှင့် လီန ဝင်သွားသည်ကို မြင်သည့်အခါ ဖုန်းယွီနှင့် စကားပြောခဲ့သည့် လူငယ်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဒီကောင်ရဲ့ မိသားစုက တော်တော် ချမ်းသာသာပဲ။ သူသည် ထိုကဲ့သို့သော ကားမျိုးကို မတက်နိုင်ပေ။ သူအနေဖြင့် သူ့ညီကို တက္ကသိုလ်ထားပေးရဦးမည်။ ပြီးနောက် သူ့ညီ ခေါင်းဆောင် ဖြစ်မှ သူ့အနေဖြင့် ကားပိုင်ဆိုင်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။
“ငါ့ကို ဘယ်ခေါ်သွားတာလဲ။”
“ပျော်စရာ ကောင်းတဲ့ နေရာ တစ်ခု။ အပျော်စီးရဟတ်က ဖွင့်ထားတာ မကြာသေးဘူး။ အပျော်စီးရဟတ် မစီးချင်ဘူးလား။ ငါတို့ အဲ့ကိုသွားဖို့ နောက်ဆုံးတော့ အခွင့်အရေး ရခဲ့ပြီ။ ကျောင်းကလည်း မရှုပ်တော့ဘူး။ ကျောင်းက အခုဆို ရှုပ်ပွနေမှာ။ ဒီညကျရင် သိလာလိမ့်မယ်။”
နောက်ဆုံး စာမေးပွဲ ပြီးသွားသည်နှင့် စာအုပ်များကို ဆုတ်ဖြဲသည့် ဓလေ့မှာ စတင်ပြီလား မသေချာသေးပေ။ ယင်းစာအုပ်များကို ဆုတ်ဖြဲခြင်းက သူတို့ စာမေးပွဲတွင် စိတ်ခံစားချက်များကို ဖြေဖျောက်ရာ ရောက်ပြီး ကျောင်းကို နှုတ်ဆက်ခြင်းလည်း ဖြစ်သည်။ အော်သည့် သူများလည်း ရှိပြီး ကျောင်းသား တစ်ယောက် စာမေးပွဲပြီးနောက် သူ့ကွန်ပါဘူး ပစ်လိုက်သည်ကိုပင် မြင်ဘူးသည်။
သေချာသည်မှာ ဖုန်းယွီသည်လည်း သူ့အရင်ဘဝတွင် ထိုကဲ့သို့သော အရာမျိုးကို လုပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုဘဝတွင် ဘာဖိအားမျှ မရှိပေ။ ကျောင်းက သူ့အတွက် ကစားကွင်းတစ်ခု ပမာ ဖြစ်ခဲ့သည်။ သူ့အနေဖြင့် စာမေးပွဲတောင် မဖြေရသည့်အတွက် အဘယ်ကြောင့် သူတွင် စိတ်ဖိအားများ ရှိမည်နည်း။
လီန၏ ပုံအရ သူမအနေဖြင့်လည်း ရူးကြောင်ကြောင် လှုပ်ရှားမှုများတွင် ပါဝင်မည် မဟုတ်ပေ။ ယင်းအတွက်ကြောင့် ဖုန်းယွီအတွက် သူမကို အလည်ခေါ်သွားခြင်းက အကောင်းဆုံးအရာပင် ဖြစ်ပေမည်။
သူတို့သည် ကစားကွင်းတွင် တစ်နာရီခန့် ကစားပြီးနောက် ကောင်းကင်သည်လည်း စတင် နက်မှောင်လာသည်။ ညစာစားပြီးနောက် ဖုန်းယွီသည် လီနကို ကျောင်းအဆောင်သို့ ပြန်ပို့သည်။ မနက်ဖြန်သည် ကျောင်းသားများ တက္ကသိုလ်ကို လျှောက်ရမည့် နေ့ဖြစ်ပေမည်။ လီန၏ ပထမဆုံး ရွေးချယ်မှုက ဘေကျင်းပညာရေးတက္ကသိုလ် ဖြစ်သည်။ ထိုညနေခင်းတွင် ကျောင်းက ယဉ်ကျေးမှုနန်းတော် အနီးတွင် ပါတီပွဲ တစ်ခု စီစဉ်ထားသည်။ ယင်းက တတိယနှစ် ကျောင်းဆင်းများအား ဂုဏ်ပြုခြင်း ဖြစ်သည်။
“အ... ဒီနေ့ ငါဝတ်ထားတာ ကြည့်ကောင်းလား။ ငါ အရမ်းချော မနေဘူးလာ။”
ဝမ်တုန့်ကျွင်းက မှန်ရှေ့တွင် ရပ်ကာ မေးလိုက်သည်။ အကြောင်းမှာ သူသည် ဘေကျင်းနည်းပညာ တက္ကသိုလ်တွင် ဝင်ခွင့်နေရာ ရရှိပြီး အတွက် ဖြစ်သည်။ သူသည် ဂုဏ်ထူးဆောင် ကျောင်းသား တစ်ယောက် ဖြစ်သည်။ သူသည် ယနေ့တွင် ကျောင်းမှ ဆုတစ်ဆု ရမည်ပင်။
ဖုန်းယွီက သူ့ကို စိုက်ကြည့်လိုက်ကာ
“ဟုတ်တယ်။ မင်းက အရမ်းချောတယ်။ ငါကြားတာတော့ မင်းဒီနေ့ ဖျော်ဖြေပွဲမှာ ပါမှာဆို။ မလေ့ကျင့်တော့ဘူးလား။ မင်းကိုယ်မင်းတော့ အရှက်ရအောင် မလုပ်နဲ့နော်။”
ဖုန်းယွီက ထိုသို့ ပြောလိုက်သည့်အခါ ဝမ်တုန့်ကျွင်း၏ မျက်နှာက ပြောင်းသွားကာ
“ဟူး... ဆရာကလည်း ဒီလို ဖျော်ဖြေမှုမျိုးကို လုပ်ရလဲ မသိဘူး။ ငါက နောက်ဆုံး စာကြောင်းပဲ ပြောစရာ လိုတာ။”
“နောက်ဆုံးစာကြောင်းက အရေးကြီးဆုံး အပိုင်းပဲ။ ဆရာက မင်းကို ဂရုစိုက်တာလို့ ခေါ်တယ်။ ကောင်းကောင်း သရုပ်ဆောင်။ ငါမင်းအတွက် လက်ခုပ်တီးပေးမဘ်။”
ဖုန်းယွီက ထိုသို့ ပြောစဉ် မရယ်အောင် ထိန်းထားရသည်။ ပုံမှန်အားဖြင့် နောက်ဆုံး စာကြောင်းသည် အဆိုးဆုံး ဖျော်ဖြေသည့် သူများ ပြောရခြင်း ဖြစ်သည်။ ဆရာအနေဖြင့် ဝမ်တုန့်ကျွင်း၏ လုပ်နိုင်စွမ်းကို ပြောနိုင်ပုံပေါ်၏။
......
ပါတီပွဲသည် စတင်ပြီ ဖြစ်သည်။ သီချင်းဆိုခြင်း၊ ကခုန်ခြင်းနှင့် အခြားသော ဖျော်ဖြေမှု များစွာ ရှိသည်။ အချို့သော သူများက လိုက်ကကြသည်။ အချို့သော ကျောင်းသားများက ဖျော်ဖြေမှုများတွင် ပါဝင်ကြသည်။ ပြီးနောက် အနီးအနားမှ ဂျူနီယာ အလယ်တန်းကျောင်းများမှလည်း လာကြည့်ကြသည်။ ထိုကျောင်းသားများသည် သူတို့ နောက်ဆုံးစာမေးပွဲ ပြီးလျှင် ဖျော်ဖြေရန်အတွက် လာရောက် လေ့ကျင့်ကြခြင်း ဖြစ်သည်။
ဝမ်တုန့်ကျွင်းအလှည့်ရောက်သည့်အခါ ဖုန်းယွီမှာ သေလုမတက် ရယ်မောတော့၏။
ဝမ်တုန့်ကျွင်းသည် အရပ် ၁.၈၅မီတာ (၆ပေ ၁လက်မ) ရှိသည်။ ပြီးနောက် ဆရာက ၁.၄မီတာခန့် မြင့်သည့် ကျောင်းသား ၃ယောက်နှင့် အဖွဲ့ ဖွဲ့ပေးထားသည်။ ထိုကဲ့သို့ ကွဲထွက်နေသည့် ပုံစံမျိုးသည် ကြည့်ရှုသူ အပေါ်တွင် သိသိသာသာ သက်ရောက်မှု ရှိစေ၏။ ကြည့်ရှုသူများက ဝမ်တုန့်ကျွင်း၏ ချဉ်စုတ်စုတ်မျက်နှာကို မြင်သည့်အခါ ဟားတိုက်ရယ်ကြတော့သည်။ ဝမ်တုန့်ကျွင်းသည် သူ့အရပ်ကြောင့် ကျောင်းတွင် နာမည် ကြီးသည်။ ပြီးနောက် သူသည် ဘက်စ်ကတ်ဘောနှင့် ဘောလုံးတွင် ကျွမ်းကျင်သည်။ သူသည် ဘေကျင်းနည်းပညာတက္ကသိုလ်ကို ဝင်ခွင့် စာမေးပွဲ မပါဘဲဝင်ခွင့်ရသည်။ အခြားသော ကျောင်းသားများ အားလုံးကို သူ့ကို အားကျကြသည်။
သို့သော် ယနေ့ပါတီပွဲတွင် သူက ဟာသ တစ်ခု ဖြစ်နေသည်။ ကံကောင်းချင်တော့ ဝမ်တုန့်ကျွင်းသည် အရှက်မရှိသည့် လူမျိုး ဖြစ်သည်။ ပြီးနောက် သူသည် သူဖျော်ဖြေမှုကို ဆက်လက် လုပ်ဆောင်သည်။
“အမှတ် ၃ အထက်တန်းကျောင်းက တော်တဲ့ ကျောင်းသားတွေ အများကြီး ရှိတာပဲ။ သူတို့တွေ အကုန် နောက်ကျ ခေါင်းဆောင်တွေ ဖြစ်မှာ။ သူတို့တွေ ကြိုးစားလို့ ဘေကျင်းကိုတောင် သွားရမယ်။ ငါလည်းပဲ ဝင်ခွင့်စာမေးပွဲကို ကင်းလွတ်ခွင့် ရတဲ့သူပဲ။”
သို့သော် ဝမ်တုန့်ကျွင်း သတိမပြုမိသည်ကား သူစကားပြောသည့် အခါတိုင်း သူ့ဒူးကို အနည်းငယ် ကွေးလိုက်ရသည်။ ယင်းက တကယ်ပင် ထူးထူးဆန်းဆန်းပုံ ဖြစ်သည်။
သူ့ဖျော်ဖြေမှု ပြီးသွားပြီးနောက် ဝမ်တုန့်ကျွင်းသည် ဂုဏ်ယူသည်ဟု ခံစားနေရသည်။ ကြည့်လိုက် ငါ့ဖျော်ဖြေမှုက အရမ်းကောင်းတယ်။ ဟားတိုက် ရယ်ကြသလို လက်ခုတ်ဩဘာတောင် ချီးမြင့်လိုက်သေး။ သို့သော် သူမသိသည်ကား ထိုသို့ ရယ်ကြသည်မှာ အခြားအကြောင်းပြချက်ကြောင့် ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်၏။
အခြားသော အမှတ်သုံး အထက်တန်းကျောင်း ကျောင်းသားများသည်လည်း သူတို့ ကျောင်း၏ ယူနီဖောင်းကို ဝတ်ထားကြသည်။ ဝမ်တုန့်ကျွင်း တစ်ယောက်သာ အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထင်ရှားမှုက ထင်းကနဲ ဖြစ်နေ၏။ သူ့ပြောသည့် စကားများသည် ချဲ့ကားပြောသည် ဖြစ်ရာ သူ့ဇာတ်ဆောင်နှင့် တစ်ထပ်တည်း ကျနေလေသည်။ ဆရာက သူ့ကို အမှန်ပင် ကောင်းကောင်း နားလည်ပေ၏။
ပါတီပွဲပြီးနောက် အချို့သော ကျောင်းသားများက မကျေနပ်သေးပေ။ အချို့သော သူများက မနက်ဖြန်တွင် မြစ်၏ မြောက်ဖက်ကမ်းရှိ ကျွန်းလေးပေါ်တွင် အကင်စားရန် တစ်ယောက်ယောက်က အကြံပေးလိုက်သည်။ ပြီးနောက် ကျောင်းသားများကလည်း သဘောတူကြ၏။
ဖုန်းယွီသည် တခဏကြာ တွေးပြီးလိုက်သည်။ ထိုကျောင်းသားများနှင့် တူဆုံရသည်မှာ နောက်ဆုံး အကြိမ် ဖြစ်ပေလိမ့်မည်။ သူသည်လည်း ဖိတ်ကြားမှုကို လက်ခံလိုက်သည်။
......
“ဆရာတို့ ဒီနေ့ ကျွန်တော်တို့ နှစ်ယောက်က ဒီစားသောက်ဆိုင်ကို ဖိတ်ကြားတာက လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျွန်တော်တို့ကို စောင့်ရှောက်ခဲ့တဲ့ အတွက် ကျေးဇူးတင်ချင်လို့ပါ.....”
ဖုန်းယွီနှင့် လီနသည် စားသောက်ဆိုင် တစ်ခုတွင် ဆရာများကို ဧည့်ခံ ကျွေးမွေးရန်အတွက် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“မင်းတို့ နှစ်ယောက်လုံးက တော်တဲ့ ကျောင်းသားတွေပဲ။ မင်းတို့ နှစ်ယောက်ကို သင်ကြားရတဲ့အတွက် ငါဂုဏ်ယူမိတယ်။”
အတန်းပိုင် ဆရာက ပြောလိုက်၏။
သူသည် ထိုသို့ ပြောရန်အတွက် အသင့်တော်ဆုံးသူ ဖြစ်သည်။ သူသည် ဖုန်းယွီနှင့် လီနတို့၏ ပထမနှစ်မှ တတိယနှစ်အထိ အတန်းပိုင် ဆရာ ဖြစ်ခဲ့သည်။ သူသည်လည်း ဖုန်းယွီကြောင့် ဝိဇ္ဇာတွဲကို ယူရန် အခွင့်အရေး ရခဲ့သည်။
ပထမက အတန်းပိုင် ဆရာသည် မပျော်ရွှင်ခဲ့ပေ။ သိပ္ပံတွဲတွင် အမှတ်ကောင်း ပိုရလွယ်သည်။ သို့သော် ယခုတွင် သူသည် ဝိဇ္ဇာတွဲသည်လည်း အမှတ်ကောင်းများ ဖန်တီးနိုင်ကြောင်း ခံစားမိလိုက်သည်။ အခြားသော ကျောင်းသားများသည် သူတို့၏ စာမေးပွဲတွင် အခြေအနေ ဘယ်လိုရှိသည်ဆိုသည်ကား အရေးမကြီးပေ။ ဖုန်းယွီသည် ဘေကျင်းတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။ ယင်းက သူ့အတွက် နောက်ရောက်လာမည့် ကျောင်းသားသစ်များကို ဩဝါဒပေးရန် လုံလောက်ပြီ ဖြစ်သည်။
အတန်းပိုင်ဆရာသည်လည်း ထိုအတန်းကြောင့် ကောင်းမွန်သည့် အမှတ်များ ရရှိခဲ့သည်။
သူနှမြောမိသည်ကား ဖုန်းယွီ ကျောင်းဆင်းပြီးနောက် သူ့အနေဖြင့် ပွဲတော်ရက်များတွင် ဈေးကြီးသည့် ပစ္စည်းများ မရရှိနိုင်တော့ခြင်းပင် ဖြစ်သည်။ ပွဲတော်တိုင်းတွင် ဖုန်းယွီသည် သူ့လူများအား သူ့ဆရာဆီသို့ ပစ္စည်းများ ပို့စေသည်။ လွန်ခဲ့သည့် နှစ်သစ်ကူးက အတန်းပိုင်ဆရာသည် သူ့တစ်နှစ်စာ တန်ဖိုးရှိသည့် လက်ဆောင်များကို လက်ခံ ရရှိခဲ့သည်.
သူသည် ဖုန်းယွီနှင့် လီနကို ကောင်းကောင်း ဂရုစိုက်သည်မှာ အသေအချာပင် ဖြစ်၏။ ကျောင်းသား နှစ်ယောက်လုံးက ဘေကျင်းရှိ တက္ကသိုလ်များတွင် ဝင်ခွင့် ရကြသည်။ မမြင်ချင်ယောင် ဆောင်ပြီး သူတို့ နှစ်ယောက် နှစ်သက်ရာ လုပ်ခွင့်ပေးသည့်အတွက် သူနောင်တရသလို ခံစားရတော့မည် မဟုတ်ပေ။
အတန်းပိုင် ဆရာသည် ဖြည်းဖြည်းချင်း ထလိုက်ပြီးနောက် သူ့ခွက်ကို မြှောက်လိုက်ကာ
“လာ ငါတို့ ခွက်ချင်းတိုက်ပြီး မင်းတို့ နှစ်ယောက်စလုံး ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရအောင်။”
ဘာသာပြန်မှတ်စု။ နောက်ဆုံးတော့ ဖုန်းယွီ အပိုင်း ၃၀၀ကျော်မှာ အထက်တန်းကျောင်း ပြီးသွားခဲ့ပါပြီ။ နောက်လာမဲ့ အပိုင်းတွေမှာ လီန အဖေနဲ့ တွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။ တက္ကသိုလ် ကျောင်းသားဘဝ ဘယ်လို ဖြတ်သန်းမလဲဆိုတာ ကျွန်တော်တို့ ရင်ခုန်ခုန်နဲ့ ဖတ်ရှုကြရတော့မှာပါ။ ယခုလက်ရှိ ဖုန်းယွီက တရုတ်နိုင်ငံရဲ့ အချမ်းသားဆုံးထဲက တစ်ယောက် ဖြစ်နေပါပြီ။