မင်းတို့တွေ အကုန် စိတ်မဝင်စားကြဘူးလား။
Vol. 21 Ch. 308
ဖုန်းယွီသည် ဖူကွမ်းကျန်းကို ရှင်းပြသော်ငြား ဖူကွမ်းကျန်းသည် မဖြစ်နိုင်ဟု ခံစားမိ၏။ သူတို့ အတွက် တစ်နှစ်အတွင်း ဆိုနီ၏ ရောင်းအားကို ကျော်ရန်ကား ဖြစ်နိုင်သေးသော်လည်း ၆လအတွင်း ကျော်အောင် ရောင်းဖို့ကား ခက်ခဲ့သည်ဟု သူတွေးမိသည်။
ဆိုနီသည် မည်သို့သော ကုမ္ပဏီမျိုးနည်း။ ယင်းက ကုမ္ပဏီကော်ပရေးရှင်းကြီး တစ်ခု ဖြစ်ကာ လျှပ်စစ် ထုတ်ကုန်များ၏ ဈေးကွက်ခေါင်းဆောင်လည်း ဖြစ်သည်။ အိုက်ဝတောင် လွန်ခဲ့သည့် နှစ်က ဆိုနီ ပိုင်ဆိုင်ခဲ့ဘူးသည်။ အကယ်၍ အိုက်ဝသာ ဆိုနီကို ကျော်နိုင်မည် ဆိုပါက အဘယ်ကြောင့် ဆိုနီသည် သူတို့၏ အိုက်ဝ ရှယ်ယာများကို ဖုန်းယွီဆီ ရောင်းမည်နည်း။
ဖုန်းယွီ အမြင်အရမ်းရှိသည်ဟု ဖူကွမ်းကျန်း ခံစားမိသည်။ ဆိုနီသည် တရုတ်နိုင်ငံ၏ ဈေးကွက်ကို အာရုံမစိုက်လျှင်တောင် သူတို့၏ အနောက်ပိုင်း နိုင်ငံများတွင် ကျော်ကြားမှုကြောင့် ဆိုနီသည် သိပ်မကြာခင် တရုတ်နိုင်ငံတွင် ဈေးကွက်ခေါင်းဆောင် ဖြစ်လာမည် ဖြစ်သည်။
ဖုန်းယွီသည် ဖူကွမ်းကျန်းကို သူပြောသည့်အတိုင်း အရောင်းကိုယ်စားလှယ်များကို ပြောရန် ပြောခဲ့၏။ အကယ်၍ အရောင်းကိုယ်စားလှယ်များ လက်ခံပါက ယင်းက အဆင်ပြေသည်။ မပြေပါက ဖူကွမ်းကျန်းသည် သူ့ကိုယ်ပိုင် နည်းလမ်းကို အသုံးပြုနိုင်ပေ၏။
ဖူကွမ်းကျန်းသည် တခဏကြာ စဉ်းစားပြီးနောက် သူသည် ဟောင်ကောင်ကို မပြန်တော့ပေ။ ထိုအစား သူသည် အရောင်းကိုယ်စားလှယ်များကို ဆွေးနွေးရန်အတွက် ဘင်းမြို့တော်သို့ လာရန် ပြောခဲ့သည်။ ထိုနည်းလမ်းက ဖုန်းယွီနှင့်လည်း ဆွေးနွေးနိုင်ပေ၏။
ထိုအရောင်းကိုယ်စားလှယ်များက နားကြပ်ကက်ဆပ်အသစ်အတွက် အရောင်းကိုယ်စားလှယ်များ ရှာနေသည်ဟု ကြားသောအခါ သူတို့ စိတ်ဝင်စားကြသည်။ သို့သော် သူတို့က အတူတက အလုပ်လုပ်ရန် ဆုံးဖြတ်ကာ သူတို့ အမြတ်အများဆုံးရရန် ကြိုးပမ်းမည်ဖြစ်သည်။
ထို့ပြင် သူတို့ အားလုံးကား အရောင်းချန်နယ်များကို ပိုင်ဆိုင်သည့်သူများ ဖြစ်သည်။ အကယ်၍ သူတို့သာ တိုင်တိုင်ပင်ပင် လုပ်ပါက သူတို့ ရမည့် အမြတ်များကို တိုးနိုင်ပေ၏။
သူတို့တွေ့ဆုံမှုက ဘင်းမြို့တော်တွင် ဖြစ်ကြောင်း သိသည့်အခါ သူတို့ စိတ်ထဲတွင် တစ်ယောက်တည်းသူ ပေါ်လာခဲ့သည်။ ထိုသူက စိတ်ထားတင်းမာပြိး သူ့အနေဖြင့် စိတ်မကျေနပ်ပါက လူများကို အခန်းထဲမှ မောင်းထုတ်သည့်သူ ဖြစ်သည်။ သို့သော် သူ့ထုတ်ကုန်များက အလွန်ရောင်းအားကောင်းသည်။ ပြီးနောက် ထိုအရောင်းကိုယ်စားလှယ်များသည် ထိုလူနှင့် အလုပ် လုပ်ကိုင်သည့်အတွက် အကျိုးအမြတ်များစွာ ရကြပေ၏။ သူတို့ ယခုလက်ရှိ အောင်မြင်ရခြင်းကား ထိုသူကြောင့်ဟု ပြောနိုင်ပေသည်။
သူတို့ အရောင်းကိုယ်စားလှယ် စလုပ်သည့် အချိန်က တရုတ်နိုင်ငံတွင် အရောင်းကိုယ်စားလှယ် အနည်းဆုံး ၈၀၀မှ ၁၀၀၀ကြားသာ ရှိသည်။ သူတို့ထဲမှ အချို့သာ ကျန်သည့် သူများ၏ နေရာကိုယူနိုင်ကြသည်။ ထိုအကြောင်းများ အားလုံးသည် ထိုကုမ္ပဏီ၏ ထုတ်ကုန်များကြောင့် ဖြစ်သည်။ ထိုအရောင်းကိုယ်စားလှယ်များအားလုံးသည် သူတို့ဒေသတွင် နာမည် ကြီးသူများ ဖြစ်ကြပေသည်.
ထိုအရောင်းကိုယ်စားလှယ်များ၏ နာမည်များကို ပြောသည့်အခါ ထိုလူများ၏ စိတ်ထဲတွင် ပထမဆံး ပေါ်လာသည့် အတွေးသည် ထိုအရောင်းကိုယ်စားလှယ်သည် အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်ကာ ထိုသူသည် ချမ်းသာပေ၏။
.......
“မစ္စတာဟွမ် ဒီဟောင်ကောင် ထိုက်ဟွကုမ္ပဏီအကြောင်းသိလား။”
“ကျွန်တော်က ကွမ်းတုံးမှာ နေပေမဲ့ ဒီကုမ္ပဏီကိုတော့ တခါမှ မကြားဖူးဘူး။ အိုက်ဝ အမှတ်တံဆိပ်လား။ ဒီနာမည် အရင်က တခါမှ မကြားဖူးဘူး။ လျှပ်စစ်ကုမ္ပဏီ အသစ်ပဲ ဖြစ်ရမယ်။”
“ဒါပေမဲ့ ဒီကုမ္ပဏီက ဟောင်ကောင် အိုက်ဝ ကုမ္ပဏီလို့ နာမည် တပ်ထားတယ်။ ဟောင်ကောင်မှာ မှတ်ပုံ တင်ထားတာ ဖြစ်ရမယ်။ ဘာကြောင့် သူတို့က အစည်းအဝေးကို မြောက်ပိုင်းမှာ လုပ်တာလဲ။ မင်း...... မတွေးမိဘူးလား။”
“ခင်ဗျား ပြောချင်တာက ဒီကုမ္ပဏီက ထိုက်ဟွ ကုန်သွယ်ရေးနဲ့ တခုခု ဆက်စပ်နေမယ်လို့ ပြောချင်တာလား။”
“ဒါက မဖြစ်နိုင်ဘူး။ ကုမ္ပဏီနှစ်ခုလုံး စာလုံး တစ်လုံးပဲ တူတာ။”
(အိုက်ဟွာ ထိုက်ဟွ)
“ဒါပေမဲ့ ငါတို့ကို ဆက်သွယ်တဲ့သူက ထိုက်ဟွကုန်သွယ်ရေးက တစ်ယောက်မှ မဟုတ်တာ။”
“အဲတာဆိုရင်က သူက ဘယ်လိုလို့ ငါတို့ကို ဆက်သွယ်ဖို့ အချက်အလက်တွေ ရတာလဲ။”
ထိုအရောင်းကိုယ်စားလှယ်များသည် အချင်းချင်း ရင်းနှီးကြပေ၏။ ပြီးနောက် သူတို့သည် ဟောင်ကောင်အိုက်ဝ ကုမ္ပဏီ၏ သူဌေးက မည်သူဖြစ်ကြောင်း ရှာဖွေရန် ကြိုးစားနေကြသည်။ သူတို့ အားလုံးသည် ထိုကုမ္ပဏီကို အရင်က တခါမျှ မကြားဖူးပေ။
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ဟောင်ကောင် အိုက်ဝ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ ဖူကွမ်းကျန်းပါ။ ခင်ဗျားတို့ အားလုံးကို ဒီကို ခေါ်လိုက်တဲ့ အကြောင်းအရင်းက အိုက်ဝ အမှတ်တံဆိပ် နားကြပ်ကက်ဆပ်နဲ့ ဖြန့်ဖြူရေးပိုင်းအတွက် ပြောချင်လို့ပါ။ ခင်ဗျားတို့တွေ အားလုံးက ခင်ဗျားတို့ ပြည်နယ်မှာ အောင်မြင် ကျော်ကြားတဲ့ အရောင်းကိုယ်စားလှယ်တွေပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရမဲ့ ဆောင်ရွက်မှုလို့ ယုံကြည်ပါတယ်။......"
ဖူကွမ်းကျန်းသည် ထိုအစည်းအဝေးအတွက် အစည်းအဝေးခန်းမ တစ်ခုကို ငှားခဲ့သည်။ သူသည် ထိုက်ဟွ ကုန်သွယ်ရေး၏ အစည်းအဝေးခန်းမကို အသုံးမပြုပေ။ သူပုံမှန် ဗျူဟာများကို အသုံးပြုကာ အရောင်းကိုယ်စားလှယ်များထံမှ လက်ခုပ်ဩဘာသံများ ရအောင် ပထမဆုံး လုပ်မည် ဖြစ်သည်။ ပြီးမှ သူ့ထုတ်ကုန်များကို စတင်မိတ်ဆက်သည်။ ထိုအရောင်းကိုယ်စားလှယ်များ၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်လိမ့်မည်ဟု ယုံကြည်နေကာ ပြီးနောက် ထိုကိုယ်စားလှယ်များက သူနှင့် အတူ အလုပ် တွဲလုပ်မည် ဖြစ်သည်။
သို့သော် တစ်ခဏကြာ ပြောပြီးနောက် ထိုအရောင်းကိုယ်စားလှယ်များအကြား စိတ်ဝင်စားမှု လျော့ကျလာခဲ့သည်။ အချို့သူများက သမ်းတောင် သမ်းကြ၏။
ဖူကွမ်းကျန်းသည် စိတ်ပူလာတော့၏။ ဘာတွေ ဖြစ်နတာလဲ။ ဒီနာကြပ်ကပ်ဆက်ရဲ့ ပွဲထုတ်တဲ့ အချက်အလက်တွေက သူတို့အပေါ် သက်ရောက်မှု မရှိတာလား။ ဒီ အရောင်းကိုယ်စားလှယ်တွေ စိတ်ဝင်စားမှု မရှိရင် နောက်ပိုင်း အကျိုးအမြတ် ကိစ္စပိုင်းကို ဘယ်လို ဆွေးနွေးနိုင်မှာလဲ။”
“မန်နေဂျာဖူ လက်ကားဈေးနှုန်း ဘယ်လောက်လဲဆိုတာ ကျွန်တော်တို့ကိုပြော ပြီးမှ ကျွန်တော်တို့ လက်ခံနိုင်မနိုင် ကြည့်ရမှာ။”
အရောင်းကိုယ်စားလှှယ် တစ်ယောက်က ပျင်းပျင်းဖြင့် ပြောလိုက်သည်။
“လက်ကားဈေးက တစ်ခုကို ယွမ် ၁၅၀ပါ။”
“ယွမ် ၁၅၀ထဲမှာ ဘာပါမှာလဲ။ နားကြပ်ကပ်ဆက် တစ်မျိုးပဲလား။”
“နားကြပ်နဲ့ နမူနာ ကတ်ဆက်ခွေလည်း ပါမှာပါ။”
ဖူကွမ်းကျန်းက ရှင်းပြ၏။
“ဒီဟာတွေက ပါနေကျ ပစ္စည်းတွေပဲလေ။ ဒီအဓိပ္ပာယ်က လက်ကားဈေးက ယွမ် ၁၀၀ဆိုတာပဲ။ ပြီးတော့ ဘယ်သူက သယ်ယူပို့ဆောင်ရေး စရိတ်ကို တာဝန်ယူမှာလဲ။”
အရောင်းကိုယ်စားလှယ် တစ်ယောက်က မေးလိုက်သည်။
“မင်းတို့တွေ အားလုံးက သယ်ယူပို့ဆောင်ရေး စရိတ်ခံဖို့ တာဝန် ရှိပါတယ်။ ငါ့ အနေနဲ့ နားကြပ်ကပ်ဆက်တွေကို ရှန်ကျန်း ဆိပ်ကမ်းကိုပဲ ပို့ပေးနိုင်မှာ။ ဒီ နားကြပ်ကပ်ဆက်တွေက နိုင်ငံခြားက တင်သွင်းတဲ့ဟာတွေပဲ။ ဒီတော့ နည်းနည်း ဈေးကြီးတာပေါ့။”
“ဈေးကွက်ထဲမှာ နားကြပ်ကပ်ဆက် တစ်ခုကို ယွမ် ၁၅၀နဲ့ ၂၃၀ကြားမှာ ရောင်းနေတာ။ မင်း သတ်မှတ်ထားတဲ့ လက်ကားဈေးနှုန်းက များတာပေါ့ ပြီးတော့ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်မှု၊ ကြော်ငြာတာတွေ စတဲ့ အတွက်လည်း ကုန်ဦးမှာ။ ငါတို့ကုန်ကျတာက ယွမ် ၁၇၀ထက် များလိမ့်မယ်။ အဲတာဆို ငါတို့ ခေါ်ထားတဲ့ အရောင်းကိုယ်စားလှယ်တွေကို ငါတို့က ဘယ်လောက်နဲ့ ငှားရမှာလဲ။ လက်လီဈေးကကော ဘယ်လောက်လဲ။ မင်း အမှတ်တံဆိပ်က အခုမှ အသစ်ပဲ ပြီးတော့ မင်းက ဆိုနီရဲ့ နားကြပ်ကပ်ဆက် အသစ်ထက်ကို လက်လီဈေး အများနဲ့ ရောင်းစေချင်တာလား။ လူတွေက မင်းနားကြပ်ကပ်ဆက်ကို ဝယ်မယ်လို့ တွေးနေတာလား။”
တစ်ယောက်ယောက်က အော်လိုက်သည်။
“ဒါ့အပြင် ငါ့အထင် မင်းက မာကတ်တင်း စရိတ်နဲ့ ပရိုမိုးရှင်း ကုန်ကျတာတွေကို ပေးသင့်တယ်လို့ တွေးမိတယ်။ လက်ကားဈေးကို ၁၂၀ယွမ်အောက် ထားသင့်တယ်။ မင်း အမြတ် အများကြီး ရဦးမယ်ဆိုတာ ငါယုံတယ်။ ဒါက လျှပ်စစ်ဘုတ်ပြားကို သံလိုက်နဲ့ပဲလေ။ မင်းကုန်ကျ စရိတ်က ဘယ်လောက်များနိုင်မှာလဲ။”
“ဒါအမှန်ပဲ။ မင်းတို့ ကုမ္ပဏီက သယ်ယူပို့ဆောင်ရေး စရိတ်ကို ပေးသင့်တယ်။ ဒါမှမဟုတ်ရင် ငါတို့ရဲ့ နေရာကို အရောက်ပို့ပေးသင့်တယ်။ ငါတို့တွေက သယ်ယူပို့ဆောင်ရေး စရိတ်တော့ ပေးမှာ မဟုတ်ဘူး။”
......
ထို အရောင်းကိုယ်စားလှယ် အုပ်စုက သူတို့၏ လိုချင်သည့် အခြေအနေများကို အော်နေကြသည်။ သူတို့အားလုံးက တရုတ်နိုင်ငံ၏ အိမ်သုံးလျှပ်စစ် ပစ္စည်းအရောင်းပိုင်းတွင် ထိပ်တန်း အရောင်းကိုယ်စားလှယ်များ ဖြစ်ကြသည်။ နိုင်ငံပိုင် လုပ်ငန်းများ၏ ထုတ်ကုန်များကိုတောင် သူတို့က ရောင်းချသည်။ သူတို့ အတူတူ ပူးပေါင်းလုပ်ကိုင်သည့်အခါ စက်ရုံများ အားလုံးက သူတို့ကို အရှုံးပေးရပြီး သူတို့၏ အခြေအနေများကို လက်ခံပေးရသည်။
ဖူကွမ်းကျန်းသည် စိတ်တိုလွန်းသည့်အတွက် ချွေးစေးများတောင် ထွက်လာတော့သည်။ သူက အရောင်းကိုယ်စားလှယ်များ တစ်ခါတည်း တွေ့ဆုံခြင်းနှင့် ဖုန်းယွီ ပြောသည့်အတိုင်း မလုပ်ခဲ့ရသည်ကို နောင်တ ရနေတော့သည်။ သူ့အနေဖြင့် တစ်ယောက်ချင်း တွေ့ဆုံခဲ့သင့်သည်ပင်။ ယင်းက သူတို့သည် တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဆိုသည့် အချက်ကို ပြသနေခြင်း ဖြစ်သည်။
သူ့အနေဖြင့် နောက်ဆုံးပြင်ဆင်ချက်ကို ထုတ်သုံးရတော့မည်ပုံ ပေါ်၏။
“လူတိုင်း ကျေးဇူးပြုပြီး ငြိမ်သတ်ပေးကြပါ။ မင်းတို့ကို ဆက်သွယ်ဖို့ ငါဘယ်လို ရလဲဆိုတာ မင်းတို့ သိချင်နေကြတယ်မလား။ ပြီးတော့ တွေ့ဆုံတာကို ဘင်းမြို့တော်မှာ လုပ်လည်းဆိုတာ သိချင်နေကြတယ်မလား။ ဒါက ထိုက်ဟွ ကုန်သွယ်ရေးကြောင့်ပဲ။”
ထိုအရောင်းကိုယ်စားလှယ်များသည် အချင်းချင်း ကြည့်လိုက်ကြသည်။ ထိုက်ဟွ ကုန်သွယ်ရေးလား။ ဒါက တကယ်ကြီးလား။ ချီးပဲ။
ရုတ်တရက် အရောင်းကိုယ်စားလှယ် တစ်ယောက်က ထအော်လိုက်သည်.
“မင်းလည်း ထိုက်ဟွ ကုန်သွယ်ရေးက မဟုတ်ပါဘူး။ ဒီလို ပြောရုံနဲ့ ငါတို့ရဲ့ တောင်းဆိုချင်တွေကို လျော့ချနိုင်လိမ့်မယ်လို့ မတွေးလိုက်နဲ့။”
“ဟုတ်တယ်။ ဒါတွေက ငါတို့ အားလုံးရဲ့ တောင်းဆိုချက်တွေပဲ။ တကယ်လို့ မင်းလက်မခံဘူးဆိုရင် တခြားသူ့ကိုသာ သွားရှာလိုက်တော့။”
“ဒါအမှန်ပဲ။ ငါတို့က လွဲပြီး မင်းရဲ့ ထုတ်ကုန်တွေကို ဘယ်သူမှ ရောင်းမဲ့သူ ရှိမှာ မဟုတ်ဘူး။”
“ဟမ့် အများဆုံးကတော့ ငါတို့တွေက မင်နဲ့ စီးပွားရေး မလုပ်တာပဲ။”
“ဒါအမှန်ပဲ။ မင်းသာ ငါတို့ တောင်းဆိုချက်ကို မလိုက်လျောဘူးဆိုရင် မင်းရဲ့ ပစ္စည်းတွေကို ငါတို့က ရောင်းမှာ မဟုတ်ဘူး။”
တံခါးက ရုတ်တရက် ပွင့်သွားသည်။ ပြီးနောက် လူငယ်လေး တစ်ယောက် ပြုံးလျက်သား ဝင်လာသည်။
“ဘာ။ မင်းတို့တွေ အကုန် စိတ်ဝင်မစားဘူးလား။ ကောင်းပြီလေ။ အဲတာဆို ငါ တခြားသူကိုပဲ သွားရှာတော့မယ်။”
အစည်းအဝေးခန်းမက ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ အပ်ကျသည့်အသံကိုပင် တစ်ယောက်မှ မကြားတော့ပေ။ အော်ဟစ်နေသည့် အရောင်းကိုယ်စားလှယ်များ အားလုံး၏ မျက်နှာများသည် အခုအခါ ထူးဆန်းသည့်ပုံ ဖြစ်သွားကြတော့သည်။
ဘာလို့ သူက ဒီမှာ ရှိနေရတာလဲ။
___