ငါရှိတယ် ... ။
Vol. 163 Ch. 2269
ကျိကျစ်ရှီ ပါးစပ်မှ သွေးများ ထွက်လျက် မျက်နှာ ဖြူဖျော့နေ၏။ မူးဝေသွားသောကြောင့် လင်းယွန်လက်ကို ဆုပ်ကိုင်ထားသည်။
“ ဒဏ်ရာ ပြင်းတယ်။ ”
လီဖေးပိုင်က လေးနက်သော အမူအရာဖြင့် မှတ်ချက်ပေးလာသည်။
“ လင်းယွန် ... ငါ့အတွက် စိတ်မပူပါနဲ့၊ သွားပြီး ... နတ်မီးတောက် အပိုင်းအစတွေကို ယူပါ ... ။ ”
ကျိကျစ်ရှီမှ စကားဆိုသည်။
“ နတ်မီးတောက် အပိုင်းအစတွေ အတွက် မင်းစိတ်ပူစရာ မလိုပါဘူး ... နည်းနည်း စောနေ သေးတယ်။ ”
ကျိကျစ်ရှီ လက်ကောက်ဝတ် အတွင်း သူတော်စင် ရောင်ဝါများ သွန်းလောင်းလျက်မှ လင်းယွန်က ပြန်ပြောလိုက်၏။
သူမ၏ အတွင်းအင်္ဂါများနှင့် နဂါး သွေးလွှတ်ကြောများ ပျက်စီးသွားပြီး ဒဏ်ရာ ပြင်းထန်ချေပြီ။
ကံကောင်းသည်မှာ နှလုံးသားကို ရှေးဟောင်း စွမ်းအင်တစ်ခုက ကာကွယ်ပေး ထားခြင်းဖြစ်၏။
ဤစွမ်းအင်ကြောင့်သာ မဟုတ်သော် ကျိကျစ်ရှီ သေဆုံးရပေမည်။ ယခုပင် အတွင်း အင်္ဂါများ အက်ကွဲလျက် အသက်ဓါတ်များ လျင်မြန်စွာ ယို့ယွင်းနေ၏။
ယင်စွမ်းအင်က အပ်စိုက်မှတ်များကို ဖျက်ဆီးထားသည်။ သူတော်စင် ရောင်ဝါဖြင့် မောင်းထုတ်လိုသော အခါတွင် လင်းယွန်ထံ ဆက်၍ ဝင်ရောက်ရန် ကြိုးစားလာ၏။
အစောပိုင်းက ကျိကျစ်ရှီကို စောင့်ရှောက်ခဲ့သော သူတော်စင် (၈)ပါးမှာ သေဆုံးသွားပြီ ဖြစ်သည်။
ဤအရာသည် ဖျက်ဆီးခြင်း နတ်ဘုရား၏ တန်ခိုးဖြစ်ချေ၏။ ပေးဆပ်ရသော စျေးနှုန်းမှာ အနည်းငယ် ပြင်းထန်သည်။
“ ငါ့ဒဏ်ရာက ဘယ်လိုလဲ ... ။ ”
ကျိကျစ်ရှီက မျှော်လင့်ချက် ကြီးစွာ မော့ကြည့်သည်။ ထိုအချိန်တွင် ပျံသန်းနေသော မီးတောက်ကို ကြယ်မြစ် သူတော်စင် သခင်မှ ဖမ်းမိသွားသည်။
“ နတ်မီးတောက် ... ။ ”
လူတိုင်း ရူးသွပ်ကုန်၏။ မီးနဂါး တောင်ကြားအတွင်း လူရိပ်များဖြင့် ပြည့်နှက် ကုန်တော့သည်။
၎င်းတို့ထံမှ လှိုင်းများကို လင်းယွန်က ဓားထုတ်ပြီး ကာကွယ်လိုက်သည်။ သူ့ဝန်းကျင် မီတာတစ်ရာ ပတ်လည်အတွင်း ချက်ချင်း ငြိမ်သက် သွားတော့၏။
“ ဒါက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ဘူး ... မင်း မကြာခင် ပြန်ကောင်းလာ လိမ့်မယ်။ ”
နတ်မီးတောက် တိုက်ပွဲထံ တစ်ချက်ကြည့်ကာ လင်းယွန်မှ ပြုံးပြီး ပြောကြား လိုက်သည်။
“ နင် … လိမ်တယ်။ ”
ကျိကျစ်ရှီက မျက်ရည်များ ဝဲလာ၏။ သူမ အခြေအနေကို သဘာဝကျကျ မှန်းဆနိုင်သည်။ သို့တိုင် ကောင်းသွားမည်ဟု နှစ်သိမ့်လာသော လင်းယွန်ကို ကြည့်ပြီး ကျေနပ်မိ၏။
“ ဘာလို့ ငိုနေတာလဲ ... ။ ”
ဤလူငယ်ကို နောက်တစ်ကြိမ် မတွေ့ရတော့ဟု တွေးမိလာသဖြင့် ကျိကျစ်ရှီက မျက်ရည်များ ထိန်းမရတော့ချေ။ လင်းယွန်က မျက်ရည်ကို သုတ်ပေးပြီး၊
“ မင်းက ဖီးနစ် တစ်ကောင်မို့ ... လွယ်လွယ်နဲ့ သေမှာ မဟုတ်ပါဘူး ... စိတ်မပူနဲ့ ငါ့ကိုယုံပါ။ ”
-ဟု နှစ်သိမ့်ပြီး လီဖေးပိုင်ထံ လှည့်ကြည့်လိုက်သည်။
လီဖေးပိုင်က လိမ္မာပါးနပ်စွာ ခေါင်းညိတ် ပြလျက် ပြန်ဆုတ်သွားတော့၏။ လင်းယွန်ကို မည်သူမျှ မနှောင့်ယှက်စေရန် ကာကွယ် ရပေမည်။
“ ငါမင်းကို ကူညီပါရစေ။ ”
သို့မှသာ လင်းယွန်က ကျိကျစ်ရှီကို ထိုင်ချစေပြီး သူ့လက်ဖြင့် သူမ ကျောပြင်ပေါ် ဖိကပ်လိုက်သည်။
နဂါးပြာအရိုးကို အသက်သွင်းလျက် စွမ်းအင်များ သွန်းလောင်းလိုက်၏။ ဤအရာက သက်ရှိ အားလုံးကို အာဟာရ ဖြစ်စေသည်။ အဆိပ်မျိုးစုံ အပေါ်လည်း နှိမ်နှင်းနိုင်၏။
အချိန်အတော်ကြာ ပြီးနောက် အပ်စိုက်မှတ်များ၊ သွေးလွှတ်ကြောနှင့် အတွင်း အင်္ဂါများ တဖြည်းဖြည်း သက်သာလာသည်။
ထို့ကြောင့် နဂါးပြာစွမ်းအင် ပေးပို့မှုကို ရပ်လိုက်သောအခါ တဖန်ပြန်၍ ကွဲအက်ကုန် တော့၏။
“ ဒါက နည်းနည်းတော့ ဒုက္ခရောက်တယ်။ ”
လင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။
“ အဲဒီလောက် တောင်လား။ ”
လီဖေးပိုင်က အဝေးမှ မေးသည်။
“ ဟုတ်တယ် ... အသက်တော့ မသေနိုင်တော့ဘူး၊ ဒါပေမယ့် ရှင်သန်ဖို့လည်း ခက်တယ်။ ”
လင်းယွန်မှ ပြန်ဖြေ၏။ သူမ နှလုံးသား၌ ဖီးနစ်သွေးရှိသည်။ ထိုသွေးကို တံဆိပ်တစ်ခုဖြင့် ပိတ်ထား၏။ ထို့ကြောင့် နှလုံး အလုပ်လုပ်ကာ သေမည် မဟုတ်ချေ။
သို့သော် ကျန်ခန္ဓကိုယ် အစိတ်အပိုင်းတိုင်း သေဆုံးနေပြီ ဖြစ်သည်။ ဤအရာသည် အသက် ရှင်လျက် သေဆုံးခြင်း မည်၏။
“ ဘာလို့ ဒီလောက်တောင် ... ဒုက္ခ ဖြစ်ရတာလဲ ... အဲဒီကန့်သတ်ချက်ကို ရုတ်သိမ်း ကြည့်ပါလား။ ”
လင်းယွန်၏ အထက်ပါ ရှင်းပြချက်ကို နားထောင်ပြီးနောက် လီဖေးပိုင်က အကြံပြု လိုက်လေသည်။
“ တကယ်တော့ .... ဖျက်ဆီးခြင်း နတ်ဘုရားက အတင်းအကြပ် ချိုးဖျက်သူတိုင်း အပေါ် သတ်ဖို့ စွမ်းအားအချို့ ချန်ထားခဲ့တာ ဖြစ်မယ် ... ။ ”
“ ဒါဆို ... ။ ”
“ ဟုတ်တယ် ... သူ့ကို ပြန်လည် မွေးဖွားနိုင်ဖို့ အချိန်တစ်ခုလိုတယ်။ ”
လင်းယွန်က ခေါင်းညိမ့်လိုက်သည်။ နဂါးပြာစွမ်းအင်မှ သူမကို ပြန်လည်ကောင်းမွန် စေရန် မကူညီနိုင်ချေ။ သူမ နှလုံးသားရှိ တံဆိပ် အပေါ် စမ်းကြည့်သင့်၏။
“ လီဖေးပိုင် ... ငါ့ကို ကာကွယ်ပေးဦး ... စမ်းကြည့်လိုက်မယ် လုပ်ငန်းစဉ်က အန္တရာယ် များပြီး အနှောင့်အယှက်ဖြစ်လို့ မရဘူး။ ”
လင်းယွန်က လီဖေးပိုင်ကို လှည့်ကြည့်ပြီး ပြောသည်။
“ ကောင်းပြီ ... ။ ”
ထိုအချိန်တွင် မီးနဂါး တောင်ကြား တစ်ခုလုံး ပရမ်းပတာ ဖြစ်ပျက် နေခဲ့သည်။ မင်ဂိုဏ်း၊ ကောင်းကင် မီးလျှံဂိုဏ်းနှင့် အနန္တ လျှပ်စီး ဂိုဏ်းတို့က နတ်တာအိုခန်းမနှင့် နတ်ဖီးနစ်တောင်ကို တိုက်ခိုက်၏။
သို့သော် သူတို့တွင် အုပ်စိုးမှု မရချေ။ နတ်ဖီးနစ်တောင်က အားသာချက်ကို ရယူထား နိုင်သည်။ ကြယ်မြစ် သူတော်စင် သခင်က ကြောက်မက်ဖွယ် ခွန်အား ထုတ်လွှတ်ပြီး နတ်မီးတောက်ကို ထိန်းထားနိုင်၏။
သူ့ကို မည်သူမှ မထိန်းချုပ်နိုင်ချေ။ သို့သော်ငြားလည်း လူများ လွန်းသောကြောင့် ဘေးကင်းစွာ ဆုတ်ခွာရန် ခက်ခဲနေ၏။
ကျီးနက် သူတော်စင် သခင်၊ ရဲဝံ့ခြင်း သူတော်စင် သခင်နှင့် ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင်တို့သည် စတုတ္ထအဆင့် အထွတ်အထိပ် သူတော်စင်သခင်များ ဖြစ်သည်။
ကြယ်မြစ် သူတော်စင် သခင်က နတ်မီးတောက် အပိုင်းအစကိုကိုင်လျက် ကျန် လက်တစ်ဖက်တည်းဖြင့် ပြိုင်ဘက်များထံ ဖြေရှင်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် နတ်ဖီးနစ်တောင်၏ သူတော်စင်သခင် အများအပြားမှလည်း တိုက်ပွဲ ဆင်နွှဲနေကြ၏။
ဟွာကျင်းယွီက နတ်ဖီးနစ်တောင်၏ ထိုသူတော်စင် သခင်များနှင့် တိုက်ခိုက်နေရာမှ သံသယဖြင့် တိုက်ပွဲထံ ကြည့်သည်။
လျူယွင်လန်က၊
“ တစ်ခုခုတော့ မှားနေပြီ ... ကြယ်မြစ် သူတော်စင်သခင် ခွန်အားက စတုတ္ထအဆင့်နဲ့ မတူဘူး။ ”
-ဟု မှတ်ချက်ပေးလာ၏။
လက်တစ်ဖက်တည်းဖြင့် စတုတ္ထအဆင့် သူတော်စင် သခင်များကို တားဆီးထားသည်မှာ ယုတ္တိမတန်ချေ။
“ သူတော်စင် သခင် မဖြစ်နိုင်ဘူး၊ အသူတော်စင် ဘုရင် ဖြစ်မယ် ... ဒါမှမဟုတ် မဟာ သူတော်စင်ပဲ။ ”
ဟွာကျင်းယွီက ပြန်ဖြေ၏။ နတ်ဘုရား သင်္ချိုင်းတောင်သို့ ဝင်ရောက်ရန် ၎င်းခွန်အားကို တံဆိပ်ခတ် ထားရပေမည်။
ကောင်းကင်ဂီတ သူတော်စင်သခင်နှင့် လျူယွင်လန်က မျက်နှာများ ပြောင်းသွားသည်။ ဤသို့ဆိုသော် ကြယ်မြစ် သူတော်စင်သည် ရဲရင့် လွန်းလှ၏။
ဤနည်းလမ်းကို မြင့်မြတ်မြေတိုင်း ထည့်သွင်း စဉ်းစားမိသော်လည်း မအောင်မြင် ပါက၊ သူတော်စင်ဘုရင် သို့မဟုတ် မဟာ သူတော်စင် တစ်ပါးကို ဆုံးရှုံးနိုင်မည်။
ဖြစ်နိုင်ခြေမှာ ဆုံးရှုံးရန် (၉၉.၉၉၉၉... ) ရာခိုင်နှုန်း ရှိလေသည်။ ထိုစဉ်က သူတို့၏ မဟာ သူတော်စင်တစ်ပါး ဒဏ်ရာရကာ သူတော်စင် ဘုရင်နှစ်ပါး သေဆုံးခဲ့သည်မှာ သက်သေပင်။
“ နတ်ဖီးနစ်တောင်က နတ်မီးတောက် အပိုင်းအစကို ရယူဖို့ ... စိတ်ပိုင်းဖြတ်ထားပုံ ရတယ်။ ”
မဟာသူတော်စင် တစ်ပါးကိုပင် စွန့်စားခဲ့စေသော ဤနတ်မီးတောက်သည် ၎င်းတို့အတွက် များစွာ အရေးပါကြောင်း မြင်သာနေ၏။
ဆိုလိုသည်မှာ သူတို့ အောင်မြင်သော် အကျိုးအမြတ်သည် အန္တရာယ်ထက် အများကြီး သာလွန်သော ကိစ္စကြီး တစ်ရပ် ရှိရပေမည်။
“ သူတို့ဘာတွေ ကြံစည်နေတာလဲ ... အုပ်စိုးရှင် သူတော်စင် လက်ရာကို သုံးချင်လား။ ”
လျူယွင်လန်မှ မေးသည်။
“ အလျင်လို နေစရာ မလိုဘူး ... ဟိုမှာကြည့်။ ”
ဟွာကျင်းယွီက ဒဏ်ရာရနေသော ကျိကျစ်ရှီထံ ညွှန်ပြလိုက်သည်။ ယင်းကို အချိန် အတော်ကြာကြာ သတိပြုမိပြီး ဖြစ်၏။
“ ဘယ်ဟာက ပိုအရေးကြီးမယ်လို့ မင်းထင်လဲ ... နတ်မီးတောက် အပိုင်းအစလား ဒါမှမဟုတ် ကျိကျစ်ရှီလား။ ”
ဤသည်မှာ အရှက်မဲ့လွန်းသော်လည်း နတ်မီးတောက်အပိုင်းအစကို လွယ်လင့်တကူ ရယူနိုင်ပေမည်။
ထို့ပြင် ဝှက်ဖဲများကိုလည်း ထုတ်ဖော်စရာ မလိုသဖြင့် သွေးလဂိုဏ်း ပြန်လာလျှင်ပင် အနိုင် ယူနိုင်မည်ဟု ယုံကြည်၏။
“ မျက်နှာဖုံး စွပ်ထားတဲ့ လူက ... လီဖေးပိုင်လို့ ထင်တယ်။ ”
လျူယွင်လန်မှ လှမ်းကြည့်ကာ ပြော၏။ ထိုလူသာဖြစ်သော် အုပ်စိုးရှင် နက္ခတ်ရှိသဖြင့် အလေးအနက် ထားရပေမည်။
“ သွေးမီးတောက် ဘုရင်ဆီက ရခဲ့တဲ့ ရတနာတွေ သုံးဖို့ အချိန်ကျပြီ ... လင်းယွန်ကို ရအောင် သတ်ပါ။ ”
ဟွာကျင်းယွီက ပြတ်သားစွာ ပြောကြား လိုက်၏။ ဤသည်မှာ နှလုံးသား၏ ဆူးတစ်ပင် ဖြစ်သည်။
ထိုအချိန်တွင် လင်းယွန်က သူ့တံခါးဝ ရောက်လာသည့် အန္တရာယ်ကို မသိသေးချေ။ ကျိကျစ်ရှီ နှလုံးသားရှိ ကန့်သတ်ချက်ကို ချိုးဖျက်ရန် ကြိုးစားနေမိသည်။
“ ဝှစ် ... ။ ”
သတိ မထားသော် ကျရှုံးနိုင်၏။ ထိုစဉ် ဟွာကျင်းယွီက လင်းယွန်နှင့် မီတာသုံးထောင် အကွာသို့ ဆင်းသက်လာပြီး၊
“ လင်းယွန် ... မင်းသမီးလေးကို ကုစားဖို့ အရည်အချင်း မရှိတော့မှာ ... ကြောက်မိတယ် ငါ စမ်းကြည့်ပါရစေ။ ”
-ဟု ပြောကြားလာသည်။
ဤလူသည် အနှောက်အယှက် ဖြစ်လွန်းသဖြင့် လင်းယွန်က လူသတ်လိုသော ဆန္ဒများ ဖြစ်ပေါ်လာ၏။
“ အာရုံစိုက် ... ငါရှိတယ်။ ”
ရုတ်တရက် သူ့ဘေးရှိ လီဖေးပိုင်၏ သတိပေးသံ ခပ်တိုးတိုးကို ကြားလိုက်ရတော့ သည်။
***