← Chapters

မင်း ကြောက်လို့လား။

Vol. 163 Ch. 2271

မင်း ကြောက်လို့လား။

Vol. 163 Ch. 2271

များမကြာခင် လီဖေးပိုင် ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်လာသည်။ ထိုဒဏ်ရာများတွင် မီးတောက်များ ဖုံးလွှမ်း နေသဖြင့် ပို၍ နာကျင်ရ၏။

အုပ်စိုးရှင် နက္ခတ်မှာ ချုပ်နှောင် ခံထားရသည်။ ကံကောင်းစေသည်မှာ မိုးပြာ ကြာပန်းသည် သူမ ခြေဖျားအောက်၌ ပွင့်နေဆဲဖြစ်၏။

“ ဒီအတွက် တောင်းပန်ပါတယ် မိန်းကလေးလီ။ ”

ပတ်ဝန်းကျင်၌ နဂါးငွေ့တန်းများ ပေါ်လာပြီး လျူယွင်လန်က တောင်းပန်စကား ဆိုလိုက်သည်။

“ ရွှပ် ... ။ ”

နောက်ဆုံးတွင် သူ၏ ကြယ်ဓားမော့ ရည်ရွယ်ချက်သည် လီဖေးပိုင်ကို အဝေးသို့ ပျံသန်းသွားစေခဲ့သည်။

မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်၌ လီဖေးပိုင် ဝန်းကျင်ရှိ အကာအကွယ် အလွှာ ဆုတ်ပြဲသွားသည်ကို မြင်လိုက်ရသည်။

နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာ၏။ လက်ခုံဖြင့် သုတ်ဖယ်ကာ၊

“ ဒီလိုဖြစ်မယ် ဆိုတာ သိရင် ... သူ့ကို ငါကတိ ပေးမှာ မဟုတ်ဘူး။ ”

-ဟု နောင်တကြီးစွာ ရေရွတ်လိုက်သည်။

“ ဟိတ် ... ။ ”

သို့သော် ချက်ချင်း ကောင်းကင်ပေါ် ခုန်တက်ကာ ရွှေရောင်အဆင်းရှိသော ကြာပန်း တစ်ပွင့်ကို ဆင့်ခေါ်၏။

နဂါး ဟောက်သံများ ပဲ့တင်ထပ်လာပြီး ရာနှင့်ချီသော နဂါးများပုံရိပ်များ သူမ နောက်မှ ထွက်လျက် လျူယွင်လန်ထံ ပြေးဝင်သွား၏။

“ ရွှပ် ... ။ ”

လျူယွင်လန်က ဓားလွှဲကာ နဂါးငွေ့တန်းများကို ဖဲကြိုးများ သဖွယ် လွင့်ပျံ စေခဲ့သည်။

ထိုဖဲကြိုးများက မီးနဂါးများအားလုံးကို သတ်ပစ်ခဲ့၏။ သို့တိုင် ခြေလှမ်း(၁၀)လှမ်းခန့် နောက်ပြန် ဆုတ်လိုက် ရသေးသည်။

“ ဒီကောင် ဘာလုပ် နေတာလဲ။ ”

လီဖေးပိုင်၏ အုပ်စိုးရှင် နက္ခတ်ကို ကောင်းကင်ဘုံ ဂီတ သူတော်စင်သခင်နှင့် ပူးပေါင်းကာ နှိမ်နင်း နေရသော ဟွာကျင်းယွီက ဒေါသထွက်လာသည်။

လျူယွင်လန်သည် အကုန် မပေးသေးချေ။ ထိုအချိန်တွင် ကျိကျစ်ရှီ၌ ဖီးနစ်ရောင်ဝါ အချို့ တဖြည်းဖြည်း ပြန်လည်တောက်ပလာ၏။

လင်းယွန်၏ ကုသရေး လုပ်ငန်းစဉ်သည် အရေးကြီးသော အခိုက်အတန့် ရောက်ရှိသွားပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။

“ လျူယွင်လန် ... အုပ်စိုးရှင် နက္ခတ်ကို မင်းလာထိန်းထား ... သူ့ကို ငါဖြေရှင်းမယ်။ ”

ဟွာကျင်းယွီက သည်းမခံနိုင်တော့ဘဲ လျူယွင်လန်ကို ပြောကြားလိုက်သည်။ သူသည် စတုတ္ထအဆင့် သူတော်စင်သခင် ဖြစ်၏။

သူ့ရောင်ဝါမှာ အားကောင်းလျက် လီဖေးပိုင်နှင့် လင်းယွန်တို့ နှစ်ယောက်ကို ခွဲထုတ်ပစ် လိုက်သည်။

“ မိန်းကလေးလီ ... မင်းကဧကရာဇ် မျိုးရိုးကနေ ဆင်းသက်လာတာပါ ... ငါ မင်းနဲ့ ရန်သူ မဖြစ်ချင်ဘူး၊ ဒါပေမယ့် ငါ့ကိစ္စတွေကို အကြိမ်ကြိမ် ဝင်စွက်ဖက်တဲ့ အတွက် ... တောင်းပန်ပါတယ်။ ”

မြင့်မြတ်သော လမင်း လက်စွပ်ကို အသက်သွင်းနေစဉ် ဟွာကျင်းယွီက ဟစ်အော် လိုက်သည်။

ထို့နောက် သူ့ဝန်းကျင်၌ ငွေရောင် လကမ္ဘာတစ်ခု ပေါ်လာ၏။ အငွေ့အသက်မှာ ကြောက်စရာ ကောင်းလာပြီး လီဖေးပိုင်ကို ကန့်သတ်လိုက်တော့သည်။

“ မိန်းကလေးလီ ငါ့သည်းခံနိုင်စွမ်း ကုန်သွားပြီ။ ”

-ဟု ဆိုလျက် လက်သီးဖြင့် ထိုးချ လိုက်သည်။ ထိုမြင်ကွင်းကြောင့် လီဖေးပိုင်က ခြေလှမ်း အနည်းငယ် ပြန်ဆုတ်ကာ လက်ဝှေ့ယမ်းလိုက်၏။

“ ဝှီး ... ဝှီး ... ။ ”

မီးနဂါးများက သူမ ဝန်းကျင်၌ ရစ်ခွေပျံသန်းကာ လေထုကို ကမောက်ကမ ဖြစ်စေလျက် လက်သီး၏အဟုန်အပေါ် ချေဖြတ်နေခဲ့သည်။

“ မင်းက တကယ်ကို စိတ်ရှုပ် စရာပဲ။ ”

ယင်းကြောင့် ဟွာကျင်းယွီက လက်သီးဆုပ်ကို ဖြည်ကာ မီးနဂါး လည်ပင်းထံ ပြောင်းလဲ ဖမ်းကိုင်တော့၏။

“ ဝူး ... ။ ”

လ-ဒိုမိန်း အတွင်းတွင် သူသည် ဘုရင် ဖြစ်သည်။ မီးနဂါးများကို တစ်ချက်တည်းဖြင့် အသေ သတ်ပစ်လိုက်၏။

“ လုံလောက်ပြီ ... ။ ”

ဒိုမိန်းအတွင်း နေနှင့်လ တပြိုင်နက်တည်း လင်းကာ သူ့မျက်ဝန်း၌ ရက်စက် ကြမ်းကြုတ်မှု များနှင့် ပြည့်နှက်လာ၏။

လွှတ်ထားသော သူတော်စင် ရောင်ဝါများသည် ပိုကြောက်စရာ ကောင်းလာ တော့သည်။

“ ဟိတ် ... ။ ”

လျူယွင်လန်နှင့် နှိုင်းယှဉ်ရသော် သူ့လက်သီးမှာ ပို၍ ရက်စက်ချေပြီ။ လီဖေးပိုင် အပေါ် တောင်တစ်လုံးလို ပျံသန်းသွား၏။

“ မင်းဟာ နတ်သွေး သစ်သီးမှာ ... ဝင်စွက်ဖက်ပြီး ... နတ်မီးတောက် မှာလည်း အနှောင့်အယှက် ပေးတယ်၊ ဘာလို့ ဒီလူကို မင်းကူညီချင် နေရတာလဲ။ ”

သွေးမီးတောက်ဆေး၏ အာနိသင်ကို အပြည့်အဝ အသက်သွင်း လိုက်သောကြောင့် ဟွာကျင်းယွီ၏ ဆံပင်များ တဖျပ်ဖျပ် လွင့်လာစဉ် မေးမြန်းလိုက်သည်။

အဝေးမှကြည့်သော် သူသည် နတ်ဆိုး တစ်ပါးနှင့် တူနေ၏။ လီဖေးပိုင်က လက်သီးထံ ကြည့်ပြီး၊

“ နင့်က မိန်းမတစ်ယောက်လိုပဲ ... နင့်လိုလူတွေကို ငါအရမ်းမုန်းတယ်၊ ငါ သူ့ကို ကူညီတာ နင်နဲ့ ဘာဆိုင်လဲ၊ သတ္တိရှိရင် ငါ့ကို သတ်လိုက်။ ”

-ဟု ပြန်လည် အော်ဟစ် လိုက်သည်။

သည့်နောက် လင်းယွန်ကို ဗဟိုပြုလျက် မီတာတစ်ရာအတွင်း ပိတ်ဆို့ထားကာ မြေပြင်၌ မြဲမြံစွာ ရပ်နေခဲ့၏။

“ ဘုန်း ... ။ ”

“ ဝေါ့ ... ။ ”

လက်သီးက သူမ၏ အကာအကွယ် အလွှာအပေါ်၊ ပြုတ်ကျလာသည်။ ခြေဖဝါးရှိ ကြာပန်းက အနည်းငယ် မှေးမှိန်သွားပြီး သွေးတစ်လုတ် အန်လိုက်၏။

သို့တိုင် ခြေတစ်လှမ်းမှ မဆုတ်ချေ။ ဟွာကျင်းယွီ မျက်နှာ မည်းမှောင်လျက် နေလ သူတော်စင်ကျမ်းကို ဖြန့်ကျက်လိုက်သည်။

ခဏချင်းမှာပင် နေဝင်သွားပြီး လထွက်လာ၏။ ပြီးနောက် နေပြန်ထွက်သည်။ ဤနည်းဖြင့် နေ-လ သံသရာ လည်နေသော ဖြစ်စဉ်များ ပေါ်လာကာ နေနှင့်လသည် သူ့ ခြေဖဝါးအောက် ရောက်လာ၏။

“ ဟိတ် ... ။ ”

နေ-လ သူတော်စင် ကျမ်း၏ အနန္တ လက်သီးဖြစ်သည်။ လက်သီးချက်တိုင်းသည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းနေသော ကမ္ဘာတစ်ခု ဖြစ်၏။

မင်ဂိုဏ်းချုပ်၏ မျိုးရိုးသာလျှင် လေ့ကျင့်နိုင်သော လျှို့ဝှက် ပညာရပ် ပေပင်။

“ ဘုန်း ... ။ ”

“ ဘုန်း ... ။ ”

“ ခရစ် ... ။ ”

လက်သီးပေါင်း သုံးဆယ်ကျော်ထိမှန် ပြီးနောက် အကာအကွယ် ကွဲသွားတော့သည်။

“ ဒီတစ်ခါတော့ သူမ တကယ် ဒဏ်ရာ ကြီးကြီးမားမား ရသွားပါပြီ … ။ ”

ကြာပန်း ပျောက်ကွယ် သွားသဖြင့် သူတို့ထိန်းချုပ်ထားသော အုပ်စိုးရှင် ကြယ်စု၏ စွမ်းအား ကျဆင်းလာကြောင်း ရိပ်မိလိုက်ကြသည်။

“ ဟွာကျင်းယွီ ဒါပဲလား ... သတ္တိရှိရင် ငါ့ကိုလာသတ်လေ။ ”

လီဖေးပိုင်က အော်ဟစ်လိုက်၏။ ပတ်ဝန်းကျင်မှ လှိုင်းများကြောင့် အာရုံပျံ့လွင့် သွားကာ လင်းယွန်စည်းချက် ပျက်သွားသည်။

“ ဟား ... ဟား ... ဟား ... ။ ”

ဟွာကျင်းယွီက ရယ်သည်။

“ ငါ့ကို ဒေါသထွက်အောင် လုပ်စရာ မလိုပါဘူး၊ မိန်းကလေးလီက ဧကရာဇ် မျိုးနွယ် တပည့် တစ်ယောက် ဖြစ်တာမို့ မသတ်ဘူး ... ဒါပေမယ့် ဧကရာဇ် မျိုးနွယ်စု ရှစ်ပါးရဲ့ ...

... တပည့်တွေတောင် လိုက်နာရမဲ့ စည်းကမ်းအချို့ ရှိတယ်ဆိုတာကို သင်ပေးမယ်၊ ကောင်းကင်ဘုံ ဂီတ သူတော်စင်သခင် ... ။ ”

ဟွာကျင်းယွီက အကာအကွယ်ကို ချိုးဖြတ်ပြီးနောက် ဆက်၍ မတိုက်တော့ဘဲ ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင် လှည့်ကြည့်လိုက်သည်။

“ ချွင် ... ချွင် ... ။ ”

လျူယွင်လန်နှင့် ယှဉ်သော် ဤအဖော်သည် ပိုသွေးအေးကာ ရက်စက်၏။ ၎င်းက ရွှေမိုးကြိုး အလံငယ်မှ သံကြိုးနှစ်ချောင်း ပစ်လွှတ်ပြီး လီဖေးပိုင်၏ ကျောပြင်ထဲ ထိုးဖောက် ကုပ်ဆွဲပစ်လိုက်သည်။

“ အား ... ။ ”

“ မိန်းကလေးလီ ... ဒါက သင်ခန်းစာပဲ၊ မင်းအပြင်ထွက်တဲ့ အခါ ရန်မစသင့်တဲ့ လူတချို့ ရှိတယ်ဆိုတာ သတိရပါ။ ”

ဟွာကျင်းယွီက ပြုံးလျက် ပြော၏။

“ ဟား ဟား ဟား ... အမျိုးသမီးလေး နင်ကဘယ်လို သရုပ်ဆောင်ပြရမလဲ တကယ် သိတာပဲ ... အထင်ကြီးမိပါတယ်။ ”

လီဖေးပိုင်က နာကျင်စွာ ရယ်မောလျက် ဟွာကျင်းယွီကို အမျိုးသမီးအဖြစ် ဆက်ဆက် သုံးနှုန်း လှောင်ပြောင်လိုက်သည်။

“ မင်း ... ဘယ်လို ခေါ်လိုက်တယ်။ ”

“ အမျိုးသမီးလေး။ ”

“ မင်း ... ။ ”

ထိုအဖြေကြောင့် ဟွာကျင်းယွီက ဒေါသထွက်လာပြီး လီဖေးပိုင် ဆံပင်ကိုဆွဲကာ ပါးရိုက်ရန် လက်လှမ်းလေသည်။

သို့သော် ထိုအချိန်တွင် ရွှေမီးတောက် တစ်ခုက ကောင်းကင်ပေါ် ပျံတက်လာသည်ကို မျက်ဝန်းထောင့်မှ မြင်လိုက်ရသဖြင့် ရပ်တန့်ကာ ငဲ့ကြည့်မိ၏။

ကျိကျစ်ရှီ ခန္ဓာကိုယ်တွင် ရွှေရောင် မီးတောက်များ ဖုံးလွှမ်းနေပြီး ရှေးကျသော ရောင်ဝါများ ပေးဆောင်နေသည်ကို မြင်လိုက်ရသည်။

“ လင်းယွန် ဘယ်ရောက်သွားလဲ ။ ”

ရုတ်တရက် ထိုလူ ပျောက်သွားမှန်း သတိရလာကာ တုန်လှုပ်လာသည်။ ချက်ချင်း မြေပြင်ပေါ် ဆင်းလျက် ခြေဖျားဖြင့် ပုတ်ကာ အမြန် နောက်ဆုတ်လိုက်၏။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် အေးစက်သော ခံစားချက်ရလာရာ ခေါင်းငဲ့ ရှောင်တိမ်းလိုက် မိလေသည်။

“ ဘောင်း ... ။ ”

သို့တိုင် ပါးပြင်၌ ပြတ်ရှဒဏ်ရာနှင့် ပြင်းထန်သော အဟုန်ကြောင့် ပါးရိုက်ခံလိုက်ရ သကဲ့သို့ လွင့်စဉ်သွားတော့၏။

မြေပြင်ပေါ် ရောက်ချိန်၌ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းညှိနိုင်ရန် ဒူးတစ်ဖက် ထောက်ကျသွားသည်။

“ ဟား ဟား ဟား ... နောက်ဆုံးတော့ မင်းလှုပ်ရှားပြီ။ ”

ဟွာကျင်းယွီက ခေါင်းမော့ ကြည့်ကာ ရယ်မော လိုက်သည်။ လင်းယွန်က သူ့အပေါ် ဂရုမစိုက်ချေ။

လီဖေးပိုင် ခန္ဓာကိုယ်ထဲရှိ လျှပ်စီး သံကြိုးများကို စစ်ဆေးကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။

သံကြိုးအဆုံး လေထုအလယ်တွင် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်က ရွှေမိုးကြိုး အလံငယ်ကို ကိုင်လျက် လှောင်ပြုံးဖြင့် ကြည့်နေ၏။

သို့သော် လင်းယွန်က သူ၏ အလင်း သံကြိုးများကို လက်ဖြင့်ကိုင်ကာ ဆွဲဖြတ်လိုက် လေသည်။ ဤမြင်ကွင်းက သူ့အပြုံးများကို အေးခဲသွားစေ၏။

သူသည် ဒုတိယအဆင့် သူတော်စင် သခင် ဖြစ်ပြီး၊ အမည်ခံ နတ်အလင်းဓား ရည်ရွယ်ချက် ပင်လျှင် လျှပ်စီးသံကြိုးများကို မဖြိုခွဲနိုင်ချေ။

“ ဝှီး ... ။ ”

ဤသည်ကို လင်းယွန်က ဓား မဆွဲဘဲ ဖြတ်တောက်ပစ်ခဲ့သည်။ မှင်တက်နေဆဲမှာပင် သံကြိုးများကို ရမ်းကာ သူ့လည်ပင်းပေါ် ရစ်ပတ်ခြင်း ခံလိုက်ရ၏။

သတိဝင်ပြီး ရှောင်တိမ်းရန် ပြင်မိသည်။ သို့သော် နောက်ကျသွား၏။ သံကြိုးများက သူ့လည်ပင်းကို တင်းကြပ်စွာ ပတ်မိ သွား တော့သည်။

စကားပင် မပြောနိုင်တော့ချေ။ သူ အသုံးပြုစဉ်ထက် လျှပ်စီး သံကြိုးများက ပို၍ ကြောက်စရာ ကောင်းနေသည်။

“ သတိထား ... သူက ဘုန်းဝိညာဉ် လက်ရာကို ကိုင်ထားတဲ့ ... ဒုတိယ အဆင့် သူတော်စင် သခင်ပဲ။ ”

လီဖေးပိုင်က သတိပေး၏။

“ ဒုတိယအဆင့် ... သူတော်စင် သခင်လား၊ ဒါက ငါ့ရှေ့မှာ အသုံး မဝင်ပါဘူး။ ”

လင်းယွန်က အေးစက်စွာဖြင့် လက်ထဲရှိ လျှပ်စီးသံကြိုးနှစ်ချောင်းကို ထပ်မံ ဝှေ့ယမ်းကာ ရစ်ပတ်ပစ် လိုက်သည်။

“ ချွင် ချွင် ... ။ ”

“ ရပ် ... ။ ”

ဟွာကျင်းယွီ မျက်နှာ ပြောင်းသွားပြီး အော်ဟစ် ဟန့်တားလျက် ပြေးဝင်လာတော့၏။ ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်သည် အနန္တ လျှပ်စီးဂိုဏ်းတွင် မြင့်မားသော ရာထူးရှိသည်။ ထို့ကြောင့် စိုးရိမ်မိ၏။

“ နောက်ကျသွားပြီ ... ။ ”

“ ဘောင်း ... ။ ”

လင်းယွန်က လျစ်လျူရှုလျက် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်၏ ဦးခေါင်းခွံကို ချေမွပစ်လိုက်သည်။

ဟွာကျင်းယွီ တစ်ယောက် မယုံကြည် နိုင်စွာဖြင့် ချက်ချင်း အသက်မဲ့ သွားလေသည်။ လျူယွင်လန် သည်ပင် ပါးစပ် အဟောင်းသား ဖြစ်သွား၏။

“ လင်းယွန် ... နင် မြင့်မြတ်မြေရဲ့ ပါရမီရင်ကို သတ်လိုက်ပြီ ... အဟွတ် အဟွတ်။ ”

လီဖေးပိုင်က သူမနှလုံးသား ခုန်ထွက် လုနီးပါး စိတ်လှုပ်ရှားလာသဖြင့် သွေးခေျာင်း ဆိုးလိုက်မိသည်။ လင်းယွန်က သူမထံ ပြန်လှည့်ကြည့်ကာ၊

“ ဘာလို့လဲ ... မင်းကြောက်လို့လား ... ။ ”

-ဟု မေးမြန်း လာတော့သည်။

***

All Chapters