← Chapters

သူက မင်းအတွက် ဘာလဲ။

Vol. 163 Ch. 2273

သူက မင်းအတွက် ဘာလဲ။

Vol. 163 Ch. 2273

ရွှေပုဆိန်ဖြင့် ပစ်မှတ်ထား ခံရသော လင်းယွန်တစ်ယောက် အန္တရာယ် အငွေ့အသက် များကို ခံစားလာရသည်။

ဓားရည်ရွယ်ချက်ကို ထုတ်ကာ ရှောင်တိမ်းလိုသော်လည်း ဓားရည်ရွယ်ချက် ကန့်သတ်ခံထားရ၏။

ဤသည်မှာ ပစ်မှတ်ဆုတ်ခွာရာ လမ်းကို ပိတ်ဆို့ထားနိုင်သည့် အုပ်စိုးရှင် လက်ရာတစ်ပါး ပေပင်။ လင်းယွန်က လှည့်ကြည့်၏။

သူ့အကြည့်တွင် ရွှေရောင်အဆင်း သဏ္ဍာန်များ ပြည့်နှက်နေသည့် အတွက် လူအချို့က မျက်မှောင်ကြုတ်မိ၏။

“ သေလိုက်တော့ ... ။ ”

ကျီးနက် သူတော်စင် သခင်က ရက်စက် ကြမ်းကြုတ်သော အမူအရာဖြင့် ဒေါသတကြီး ကျိန်ဆဲသည်။

သူတော်စင် ရောင်ဝါနှင့် ဓားကို ကန့်သတ်ထားသဖြင့် လင်းယွန် တစ်ယောက် ချက်ချင်း တောင့်တင်သွားသည်ကို မည်သူမဆို မြင်နိုင်၏။

“ ကျီး ... ။ ”

ထို့ကြောင့် လင်းယွန်က ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံကို ထုတ်ယူရန် ကြံရွယ်နေစဉ် ဖီးနစ်အော်သံ ထွက်ပေါ်လာသည်။

ကောင်းကင်နှင့် မြေကြီး ကြားတွင် တဟုန်းဟုန်း လောင်ကျွမ်းနေသော မီးလျှံများ နေရာအနှံ့ ပျံနှံလာ၏။

ကောင်းကင်သည် ကြည်လင် လာသောကြောင့် ယခင်ထက် ပို၍ မြင့်မားနေ သည်ဟု ထင်မြင်စေသည်။

မီးလျှံများ အတွင်းမှ ရှေးခေတ် ဖီးနစ် ရောင်ဝါများထွက်ကာ ရွှေပုဆိန် ဖြစ်စဉ်အပေါ် ဖျက်ဆီးပစ်တော့၏။

“ ခရစ် ... ။ ”

မြေပြင်သည် အက်ကွဲကြောင်းများ ပြန့်ကျဲလျက် တုန်ယင်လာသည်။ ယင်းကြောင့် ပုဆိန်မှာ လေထုအလယ် ရပ်တန့်သွား၏။

ကျောက်တုံးကြီး ထဲသို့ နစ်ဝင်သွား သကဲ့သို့ ခံစားလိုက်ရစေသည်။

“ ကျိကျစ်ရှီ ... ။ ”

လူတိုင်း လှည့်ကြည့်စဉ် မီးတောက်များ သိုင်းခြုံလျက် လေထုအလယ် ပျံဝဲလာခဲ့သော ကျိကျစ်ရှီကို မြင်လိုက်ရ၏။

နိဗ္ဗာန်သို့ ဆိုက်ရောက်ကာ ပဋိသန္ဓေ ခံယူခြင်း မည်သည်။ သူမ မျက်လုံးများ ဖွင့်လာ ချိန်၌ လူသစ်တစ်ဦး မွေးဖွားလာ သကဲ့သို့ ခံစားလိုက်ရသည်။

တစ်ဆက်တည်းမှာပင် ဦးကင်းအထက်၌ နတ်ဖီးနစ် ကြေးမုံပေါ်လာ၏။ ၎င်းကရွှေအလင်း များဖြင့် လင်းယွန်အပါအဝင် နတ်ဖီးနစ် တောင်မှ တပည့်များကို ရံပေးထားသည်။

ရွှေပုစိန်မှာ ထိုအလင်းတိုင်အတွင်း နစ်ဝင်နေ၏။ ကျစ်ကျိရှီက လက်ဝှေ့ယမ်းလျက် ရွှေပုဆိန်ကို ပြန်သွားစေလိုက်သည်။

“ လာ ... ။ ”

ဖိအားများ ပျောက်ကွယ်သွားချိန်၌ လင်းယွန်က လီဖေးပိုင်နှင့်အတူ ကျိကျစ်ရှီ နောက်ပါးသို့ ဆုတ်ခွာသွားခဲ့၏။

“ ဟဲဟဲ ... နင်သူ့ကို ဘာအတွက် ကယ်တင်ခဲ့တာလဲ ... ငါ့အသက်ကိုတောင် သူက ကယ်တင်ပေးတယ်။ ”

လီဖေးပိုင်က နောက်ပြောင် လိုက်၏။

“ တိတ်တိတ်နေ ... ။ ”

လင်းယွန်က လီဖေးပိုင် ပခုံးပေါ် လက်တင်ပြီး နဂါးပြာရောင်ဝါများ ပေးပို့သည်။ ဒဏ်ရာများ အရှိန်အဟုန်ဖြင့် ပြန်၍ ကောင်းမွန် လာ၏။ သွေးရောင် လွှမ်းလာပြီး အမာရွတ်ပင် မကျန်တော့ချေ။

“ နင်က ... တော်တော် အသုံးဝင်တာပဲ၊ အနည်းဆုံးတော့ ... ငါ အသက်ရှူနိုင် သရွေ့ ဒဏ်ရာအတွက် စိတ်ပူနေစရာ မလိုဘူး။ ”

သူမ၏ အုပ်စိုးရှင် နက္ခတ် ပြိုကျသွား သောကြောင့် ဒဏ်ရာမှာ ပြင်းထန်၏။ လျှပ်စီး သံကြိုးများက သွေးကြောများကို အပိုင်းပိုင်း ဖြတ်တောက်ထားသည်။ ပြန်ကောင်းလာရန် အနည်းဆုံး (၁၅)ရက်ခန့် အချိန်ယူရပေမည်။

သို့သော် နဂါးပြာရောင်ဝါသည် အချိန်တိုအတွင်း ဤဒဏ်ရာများကို ပြန်လည် သက်သာလာစေသည်။

“ အင်း ... မင်းလည်း မဆိုးပါဘူး ... အနည်းဆုံးတော့ မင်းရဲ့ ကတိကို ထိန်းထား နိုင်ခဲ့တယ်။ ”

“ ဟား ဟား ဟား ... ငါက ဘယ်သူလဲ ဆိုတာ နင်သိပါတယ်။ ”

နှစ်ယောက်သား ပေါ့ပေါ့ပါးပါး စကားများပြောနေစဉ် ကျိကျစ်ရှီက ကြယ်မြစ် သူတော်စင်နှင့် ကျန်သူတော်စင်များ ခြံရံကာ ကောင်းကင်မှ ဆင်းသက်လာခဲ့၏။

“ ဝှစ် ... ။ ”

ကျီးနက် သူတော်စင် သခင်က ပြန်၍လွင့်စဉ်လာသော ပုဆိန်ကို ဖမ်းကိုင်ကာ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။

“ အနန္တ လျှပ်စီးဂိုဏ်းရဲ့ သူတော်စင် သခင်တွေ ဘယ်မှာလဲ။ ”

“ ရှိပါတယ် ... ။ ”

အနန္တလျှပ်စီးဂိုဏ်းဝင်များက စုရုံးလာတော့၏။ ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က ခြေလှမ်းကျဲကျဲဖြင့် ဟွာကျင်းယွီထံ လှမ်းသွားသည်။

သူတော်စင်များ အတွက် လက်ပြတ်ခြင်းသည် ပြင်းထန်သော ဒဏ်ရာ မဟုတ်ချေ။

သို့သော် ဓားရည်ရွယ်ချက်မှာ ကြောက်စရာ ကောင်းလွန်း၏။ မဖယ်ရှားနိုင်ပါက ပြန်ပေါက် ဦးမည် မဟုတ်ချေ။

“ အရမ်း နာတယ် ... ။ ”

ဟွာကျင်းယွီက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က ခေါင်းညိမ့်ပြ၏။

သူတော်စင် စွမ်းအင်များကို နာကျင်မှုမှ သက်သာလာစေရန် သွန်းလောင်းပေးမိသည်။ ဟွာကျင်းယွီက အံကြိတ်လျက်၊

“ ဒါကို ဂိုဏ်းပြန်ရောက်မှ ဆွေးနွေး ကြည့်ရအောင် ... မြင့်မြတ်သော လရောင် လက်စွပ် သူ ယူထားတယ်။ ”

-ဟု ပြောကြားလိုက်၏။

“ မင်ဂိုဏ်းရဲ့ တပည့်တွေ ... ။ ”

“ ရှိပါတယ် ... ။ ”

“ သခင်ငယ်ကို ကာကွယ်ထား ... ။ ”

“ နားလည် ပါပြီ။ ”

ညွှန်ကြားပြီးနောက် ကောင်းကင်သို့ ခုန်တက်ကာ ကျီးနက် သူတော်စင်သခင် အနား ဆင်းသက်လိုက်၏။

လက်ဝှေ့ယမ်းလျက် သူ၏ အုပ်စိုးရှင် သူတော်စင် ရတနာဖြစ်သော နေလ ဆေးအိုးကို ထုတ်ယူသည်။

“ ဝှစ် ... ။ ”

အေးစက်သော ရောင်ဝါတစ်ခုနှင့် အတူ ကောင်းကင် မီးလျှံဂိုဏ်း၏ ရဲဝံခြင်း သူတော်စင် သခင်ကလည်း ဓားမော့တစ်လက်ဖြင့် အနား ရောက်လာ၏။

အုပ်စိုးရှင် လက်ရာ သုံးပါး ပူးပေါင်းလိုက်ခြင်းဖြင့် မီးနဂါးတောင်ကြားကို ပျက်စီးစေသည့် စွမ်းအားမျိုး ထုတ်နိုင်၏။

အကယ်၍သာ မဟာ သူတော်စင်များ လက်တွင် ရှိနေသော် ကောင်းကင် နိဗ္ဗာန်မြေ တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်မည်။

နတ်ဖီးနစ်တောင်သည် ကျိကျစ်ရှီ နောက်တွင် စုရုံးလျက် နတ်ဖီးနစ် ကျမ်းဖြင့် မီးတောက်များ ဆင့်ခေါ်ပြီး ကြေးမုံကို ထောက်ပံ့ပေးထားသည်။

ထိုအုပ်စိုးရှင် ရတနာ (၃)ပါးအပေါ် ကြောက်ရွံ့ပုံ မပြချေ။ မီးနဂါးတောင်ကြား အပြင်တွင် ရပ်ကြည့်နေသော လူနှစ်ယောက်က ပြုံးသည်။

“ မင်း တော်တယ်။ ”

ယင်းမြစ် ဘုရင်က ပြော၏။

“ မျှော်လင့်ထားတဲ့ အတိုင်း အုပ်စိုးရှင် လက်ရာ လေးပါး ... ဒါပေမယ့် သူတို့အစွမ်းကုန် တိုက်မှာတော့ မဟုတ်ဘူး ... ဒီရတနာတွေရဲ့ အဖျက်စွမ်းအားက ကြောက်စရာ ကောင်းတယ်။ ”

ကျောက်တျန်းယွီက မှတ်ချက်ပေး၏။ စစ်မှန်သော တိုက်ပွဲမျိုးဖြစ်သော် မြင့်မြတ်မြေ (၄)ပါး၏ သူတော်စင် သခင် ထက်ဝက်နီးပါး သေဆုံးနိုင်မည်။

“ အခု ငါတို့ အလှည့်ပဲ ... ဒါနဲ့ မင်းရဲ့ နတ်သမီးက ဘယ်မှာလဲ။ ”

“ သူ ရောက်နေတာ ကြာပါပြီ၊ မင်း သတိ မထားမိလို့ပါ ... ။ ”

ကျောက်တျန်းယွီက ပြုံးပြီး ပြန်ဖြေ၏။

“ ငါ သတိ မထားမိဘူးလား ... ။ ”

ယင်းမြစ်ဘုရင်က ပတ်ဝန်းကျင်ထံ ဝေ့ဝဲကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရချေ။

“ ရှာမနေနဲ့ ... ကောင်းကင် စက်ဝန်း ဘုံကျောင်းက အုပ်စိုးရှင် လက်ရာတွေထက် အဆပေါင်းများစွာ တန်ခိုးကြီးတဲ့ အချိန်-အာကာသ ရတနာပဲ၊ သူ့လက်မှာ လူတိုင်း ကစားစရာတွေ ဖြစ်လာလိမ့်မယ်။ ”

ထိုစကားကြောင့် ယင်းမြစ်ဘုရင်၏ မျက်လုံးများက ကျိကျစ်ရှီထံ လောဘကြီးစွာ ကျရောက်သွား၏။

“ အဲဒီ ဖီးနစ်လေးကို ငါ လိုချင်တယ် ... သူ့မှာ ကောင်းမွန်တဲ့ အလားအလာ ရှိပါတယ်။ ”

“ ..... ။ ”

ကျောက်တျန်းယွီက ပြုံးလိုက်သည်။ စကားပြန်မပြောချေ။

“ ပန်းသင်္ချိုင်းနဲ့ လီဖေးပိုင် ... ။ ”

ယင်းမြစ်ဘုရင်၏ အကြည့်က လင်းယွန်ထံ ကျဆင်းသွား၏။ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး အံကြိတ်လိုက်တော့သည်။

“ ဒါက ... မင်းရဲ့ အရည်အချင်းပေါ် မူတည်လိမ့်မယ်။ ”

ဤတစ်ကြိမ်၌ ကျောက်တျန်းယွီက တုန့်ပြန်လာသည်။

“ ဝိညာဉ် နတ်မိစ္ဆာ မိသားစုရဲ့ အခြေခံအုတ်မြစ်ဟာ မင်း စိတ်ကူးယဉ်ထား တာထက် ကျော်လွန်နေပြီ ... စိတ်မပူနဲ့။ ”

“ ဒါဆို ကြည့်ရအောင် ... ။ ”

ကျောက်တျန်းယွီ ခေါင်းညိမ့်ပြ၏။ ထိုအချိန်တွင် မီးနဂါးတောင်ကြား အတွင်း၌ ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က၊

“ ကြယ်မြစ် သူတော်စင် ... မင်းက နတ်မီးတောက်ကို တစ်ယောက်တည်း လက်ဝါးကြီး အုပ်ချင်နေတာလား။ ”

“ နတ်မီးတောက်က တစ်ခုပဲ ရှိတယ်၊ ဒါကြောင့် ငါတို့ အစွမ်းအစကို အားကိုးရမယ် ဆိုတာ လူတိုင်း သိပြီးသားပဲ။ ”

“ ဒါဆို မင်းရဲ့ နတ်ဖီးနစ်တောင်က ... ငါတို့မြင့်မြတ်မြေ သုံးပါးကို ရင်ဆိုင်မယ်ပေါ့။ ”

ရဲဝံ့ခြင်း သူတော်စင်သခင်က ဝင်မေးသည်။

“ ငါတို့ အားလုံးက ... အရှေ့ဘက် ပျက်စီးမြေရဲ့ ကျင့်ကြံသူတွေပဲ ... အချင်းချင်း တိုက်ခိုက်ရင် သွေးလဂိုဏ်းနဲ့ နတ်မိစ္ဆာ မျိုးနွယ်စုကို အကျိုးပြုသွားလိမ့်မယ်။ ”

ကျိကျစ်ရှိက စဉ်းစားရန် ထောက်ပြ၏။ မြင့်မြတ်မြေသုံးပါး၏ မျက်နှာများ ပြောင်းသွား တော့သည်။

အဘယ်ကြောင့်ဆိုသော် တိုက်ပွဲများ ဖြစ်ပွားပါက အုပ်စိုးရှင်လက်ရာများကို အသုံးပြု ရပေမည်။

၎င်းတို့သည် နတ်ဖီးနစ် ကြေးမုံကို ဖြိုခွင်းနိုင်သော်မှ အသေအပျောက်လည်း များနိုင်မည် ဖြစ်၏။

ထိုအချိန်၌ သွေးလဂိုဏ်းနှင့် ဝိညာဉ် နတ်မိစ္ဆာမိသားစုသာ ရောက်ရှိလာခဲ့သော် လွတ်မြောက်မည် မဟုတ်ချေ။

“ ငါတို့ အားလုံးမှာ ... မဟာ သူတော်စင် ပါရှိတယ် ... အပြင်ထွက်ပြီး ဘယ်သူ ပိုင်သင့်လဲ ဆိုတာ မင်းက ပြန်ဆုံးဖြတ်ချင်တာလား။ ”

“ ဟုတ်တယ် ... ။ ”

ကြယ်မြစ် သူတော်စင်က ပြုံးကာ ခေါင်းညိမ့်ပြ၏။

“ ဒါပေမယ့် … မင်းတို့ ပန်းသင်္ချိုင်းကို လွှဲပေးရမယ် ... ဒီမှာ ကောင်းကင်တာအိုဂိုဏ်း မရှိတဲ့အတွက် သူ့ကို ကာကွယ်စရာ မလိုဘူး။ ”

ကျီးနက် သူတော်စင်က လင်းယွန်ကို သတ်ရန် ရည်ရွယ်ချက်ဖြင့် လှည့်ကြည့်လိုက် လေသည်။

လင်းယွန်က လီဖေးပိုင်ကို ကုသနေရာမှ ထိုအကြည့်ကြောင့် ပြုံးလိုက်သည်။

“ အိပ်မက် မက်မနေနဲ့ ... လင်းယွန်က နတ်ဖီးနစ်တောင်ရဲ့ ဧည့်သည်ပဲ ... နတ်ဘုရား သင်္ချိုင်း တောင်တန်း အပြင်ရော ... အတွင်း မှာရော သူ့ကို ထိဖို့တောင် မစဉ်းစားနဲ့။ ”

“ မင်း ... ။ ”

ကျိကျစ်ရှီ၏ ခိုင်မာသော ရပ်တည်ချက်ကြောင့် ကျီးနက် သူတော်စင်မှ ဒေါသထွက်လာသည်။

နတ်ဖီးနစ် တောင်တန်း၏ သူတော်စင် သခင်များ သည်ပင် ကျိကျစ်ရှီကို အံ့အားသင့်စွာ ပြန်ကြည့်လိုက်ကြ၏။

“ အနည်းဆုံးတော့ ... ငါ့ မင်ဂိုဏ်းရဲ့ မြင့်မြတ်သော လရောင် လက်စွပ်ကို လွှဲပေးပါ။ ”

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က တစ်ထစ်လျော့ကာ တောင်းဆိုသည်။ လင်းယွန်မှ တုန့်ပြန်ရန် ပြင်မိစဉ်၊

“ ဒါက သူ့ပိုင်နေပြီ ... နင်က ပြန်လိုချင်လို့လား၊ မင်ဂိုဏ်းက သွေးမီးတောက် ကျီးဘုရင်ရဲ့ ရတနာတွေကို ... ခွဲဝေပေးဖို့ ဆန္ဒနေပုံပဲ။ ”

-ဟု ကျိကျစ်ရှီမှ တုန့်ပြန် ပြောကြားလိုက်၏။

ကောင်းကင်ဘုံ ပညာရှင်၏ မျက်နှာ ပြောင်းသွားသကဲ့သို့ ကျီးနက် သူတော်စင်သခင် သည်လည်း မည်းမှောင်သွားသည်။

၎င်းတို့က အံကြိတ်လျက်၊

“ မင်းက သူ့ကို ဘာလို့ ကာကွယ် ပေးနေရတာလဲ ... သူက မင်းအတွက် ဘယ်လို အဓိပ္ပါယ်ဆောင်လဲ။ ”

-ဟု မေးမြန်း လိုက်တော့၏။

***

All Chapters