← Chapters

မင်းရဲ့ အစွယ်တွေ ဘယ်မှာလဲ။

Vol. 163 Ch. 2277

မင်းရဲ့ အစွယ်တွေ ဘယ်မှာလဲ။

Vol. 163 Ch. 2277

ဝမ်မူယန်က အံ့အားသင့်စွာ ပြုံးလျက်

“ ပန်းသင်္ချိုင်း သတိထားပါ ... ။ ”

-ဟု ပြောကြားလိုက်သည်။

သူမက လင်းယွန်ကို တိုက်ခိုက်စဉ်၊ နတ်ဖီးနစ်တောင်တန်း အဖွဲ့ကို ကောင်းကင် စက်ဝန်း ဘုံကျောင်းဖြင့် ဆက်၍ နှိမ်နင်း နေခဲ့သည်။

သူတို့နှစ်ဦး စလုံးသည် နဂါး နေလ တံဆိပ်ကို အသုံးပြုခဲ့သော်လည်း အဓိပ္ပါယ်မှာ ကွဲပြားချေ၏။

လင်းယွန်က ဓားနှစ်လက်ကို နေနှင့်လ အဖြစ် အသုံးပြုကာ မိုးပြာနဂါး ခန္ဓာကိုယ်ကို အသက်သွင်းထားသည်။

နေနှင့်လ၊ ကောင်းကင်နဂါး၊ နတ်ဖီးနစ်၊ မိုးပြာ ကောင်းကင်ဓား၊ အလင်းအမှောင် ဓားနှင့် အရိယာဓားတို့၏ မတူညီသော ဖြစ်စဉ်များ ထင်ရှားလာ၏။

တစ်ခုစီသည် ကြက်သွေးရောင် ကောင်းကင်ယံကို ချက်ချင်း အပေါက်များဖြင့် ပြည့်နှက်သွားစေသည်။

ဝမ်မူယန် မျက်လုံးများတွင် ကြက်သွေးရောင် လမင်း နှစ်စင်း ပွင့်လာ၏။ သူမ ခန္ဓာကိုယ် အတွင်းမှ နှလုံးသားက ပြင်းစွာခုန်နေသည်။

လက်နှစ်ဖက် ပူးကပ်လိုက်သော အခါ နတ်နဂါး နှစ်ကောင် ကဲ့သို့ စွမ်းအင်များက သူမ လက်မောင်း၌ ရစ်ခွေလာ၏။

နှလုံးသားသည် နေ၊ မျက်လုံးများသည် လနှင့် လက်များသည် နဂါးဖြစ်သည်။ အကန့် အသတ်မဲ့ အလင်းများ ထွန်းလင်းလာပြီး၊ နတ်ဘုရားအလား ထင်မှားစေ၏။

တစ်ဆက်တည်းမှာပင် အချိန်နှင့် အာကာသတံဆိပ်များသည် သူမ၏ ရုပ်သွင်ကို မှုန်ဝါးသွားစေ ခဲ့သည်။

လင်းယွန်၏ အကြည့်များက ဝမ်မူယန်လက်မောင်းပေါ်သို့ ကျရောက် သွား၏။

နတ်မီးတောက်ကို သူမ မည်သို့ နှိမ်နင်းနိုင်ခဲ့သည်ကို သိချင်သည်။ အဆုံးတွင် ကြယ်မြစ် သူတော်စင်ပင် နတ်မီးတောက်ကို နှိမ်နင်းရန် အခက်တွေ့ခဲ့ရ၏။

“ နဂါးနေလ တံဆိပ် ... ။ ”

“ နဂါးနေလ တံဆိပ် ... ။ ”

နှစ်ဦးစလုံးက တံဆိပ်များကို ဖွဲ့စည်းပြီးနောက် လက်များ ပြိုင်တူ တွန်းထုတ် လိုက်ကြသည်။

တံဆိပ် နှစ်ခုထံမှ ပြင်းထန်သော စွမ်းအင်အတက်အကျများ ထွက်ပေါ်လျက် တိုက်မိသွား၏။

“ ဝုန်း ... ။ ”

ရလာဒ် အနေဖြင့် လင်းယွန်က ခြေသုံးလှမ်းဆုတ်ကာ အံ့အားသင့်စွာမော့ကြည့် နေခဲ့သည်။ တစ်ဖက်တွင် ဝမ်မူယန်က လေထဲ၌ ပျံဝဲနေရုံသာ ဖြစ်၏။

“ နောက်ဆုတ် သွားပြီလား ... ။ ”

ဝမ်မူယန်က ပြုံးလျက် သူမ လက်ဖြင့် နဂါးနေလ တံဆိပ်ကို တစ်ကြိမ်ထပ်ပြီး ပုံဖော် တော့သည်။

“ နေ-လ သံသယာ ... ။ ”

ကောင်းကင်ကြီး အလင်းနှင့် အမှောင် တစ်လှည့်စီ ပြောင်းလဲ နေခဲ့၏။ ယုံကြည်မှု အပြည့်ရှိပြီး အရာအားလုံးကို သူမလက်ထဲ ဆုပ်ကိုင်ထား သည်ဟု ခံစားရစေသည်။

“ သွေးတွေ ပြည့်နေတဲ့ ကောင်းကင်။ ”

“ ဒီလှုပ်ရှားမှုက ရှိသေးတာလား။ ”

ဘုံကျောင်း နယ်မြေအတွင်း လပေါင်း အတော်ကြာ အပြန်အလှန် ဖလှယ်ပြီးနောက် နဂါးနေ-လတံဆိပ် အကြောင်း အချင်းချင်း ဝေမျှခဲ့ဖူးသည်။

ထို့ကြောင့် သူမသည် ဤလှုပ်ရှားမှုနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းကိုဖြေရှင်းရန် အချိန်များ ပေးဆပ်ခဲ့ရ၏။

“ နေနှင့်လ ပေါင်းစည်းခြင်း ... ။ ”

နေရောင်နှင့် လရောင်တို့ ပေါင်းစပ်လာ သည်နှင့်အမျှ အမှောင်ထုကို ဖယ်ရှားနိုင်သည့် အလင်းများ ဝမ်မူယန်ထံမှ ဖြာထွက်လာ၏။

သို့သော် သူမ အပြုံးများ အေးခဲကုန်သည်။ လင်းယွန်က သူမ၏ နက်နဲမှုကို ဖြေရှင်းနိုင်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

( ဘယ်ရောက်သွားတာလဲ ... ။ )

ပြန်ပေါ်လာချိန်၌ လင်းယွန်က သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရန် လက်လှမ်း နေခဲ့သည်။

“ လွတ် စမ်း ... ။ ”

ထိတ်လန့်စွာဖြင့် လင်းယွန်ကို ဘယ်လက်ဖြင့် ရိုက်ချလိုက်သည်။ လင်းယွန်က လက်ကောက်ဝတ်ထံ ရည်ရွယ်ခြင်း မဟုတ် သောကြောင့် ပြုံးမိ၏။

“ ဗြိ ... ။ ”

အစစ်အမှန်မှာ ဝမ်မူယန်၏ အင်္ကျီလက်မောင်းကို ဖြဲချလိုက်ခြင်း ဖြစ်သည်။

“ ဒီမှာ မရှိဘူးလား။ ”

သူ မျှော်လင့်ထားသော ရတနာ တစ်ခုမျှ မရှိသောကြောင့် အံ့သြသွား၏။ ထိုအချိန်တွင် ဝမ်မူယန် လက်ဖဝါးက သူ့ရင်ဘတ်ပေါ် ထိမှန်လာသည်။

“ ဖပ် ... ။ ”

လင်းယွန် တစ်ယောက် နှုတ်ခမ်းမှ သွေးများစီးကျလာပြီး မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်ကျသွား၏။

မျက်နှာ ဖြူဖျော့လျက် ခေါင်းမော့ကြည့် လိုက်သောအခါတွင် ဝမ်မူယန်၏ ကျင့်ကြံမှုကို မြင်လိုက်ရလေသည်။

ဒုတိယအဆင့် သူတော်စင် သခင် ဖြစ်၏။ ယင်းမြစ်ဘုရင်နှင့် တိုက်ပွဲ၌ပင် ဤမျှလောက် ဒဏ်ရာ ပြင်းထန်စွာ မရရှိခဲ့ချေ။

“ ပန်းသင်္ချိုင်း ... နင်က တကယ် ရဲရင့်ပါပေတယ် ... ငါ့ကို ကြည့်ချင်လို့လား ဒါဆို ကျေနပ်တဲ့အထိ ကြည့်ခွင့်ပေးမယ်။ ”

ဝမ်မူယန်က ခါးပတ်ကြိုး ဖြည်ချပြီး အပေါ်ရုံအင်္ကျီကို လွှင့်ပစ်လိုက်သည်။ ရင်သပ် ရှုမောဖွယ် ကောက်ကြောင်း ပေါ်လာ၏။

ပါးလွှာသော ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသည်။ ဤအရာက လင်းယွန်ကို စိတ်မသက်မသာ ဖြစ်စေ၏။ ဝမ်မူယန်သည် သူ့ရည်ရွယ်ချက်ကို မှန်းဆနိုင်ချေပြီ။

“ နင် ... ငါ့နဲ့အတူ သွေးလဂိုဏ်းကို လိုက်လာရင် ... ဂိုဏ်းချုပ်က ကောင်းကောင်း ဆက်ဆံလိမ့်မယ်။ ”

ဝမ်မူယန်က ပြုံးပြီး နောက်တစ်ကြိမ် လှမ်းထွက်လာ၏။ ခရမ်းငယ်သည်သာ ရှိနေက မည်သည့် နေရာတွင် နတ်မီးတောက် ရှိမည်ကို မြင်နိုင်ပေမည်။

နတ်မီးတောက်သည် အာကာသ ရတနာ တစ်ခုတွင် သိမ်းဆည်းထားရန် မဖြစ်နိုင်ချေ။ မဟုတ်သော် ကြယ်မြစ် သူတော်စင်မှ ရှေးမစွ တည်းက သိမ်းပြီး ဖြစ်ပေမည်။

ထို့ကြောင့် နတ်မီးတောက်ကို နှိမ်နင်း သိမ်းဆည်းရန် အတွက် လျှို့ဝှက်ပညာရပ်ကို အသုံးပြုထား နိုင်သည်။

“ ငါတို့ တိုက်ပွဲမှာ ... အာရုံ ပျံ့လွင့်ဝံ့သလား။ ”

အတွေးများစွာကြောင့် ချို့ယွင်းချက် ပေါ်လာသဖြင့် ဝမ်မူယန်က လက်ဖဝါးဖြင့် ရိုက်ချလာ၏။ လင်းယွန်က အကြည့်က ဝမ်မူယန် ရင်ဘတ်ထံ ရောက်သွားသည်။

“ နင် ... လူယုတ်မာပဲ။ ”

လင်းယွန် မျက်လုံးများသည် ဝမ်မူယန် ခန္ဓာကိုယ်အနှံ့ ပြေးလွှားနေသဖြင့် လီဖေးပိုင်က နှာခေါင်းရှုံ့ လိုက်သည်။ သည်းမခံနိုင်တော့ချေ။

အဆုံးတွင် ရင်ဘတ်ပေါ် အထိပင် စိုက်ရောက်နေသည်။ လင်းယွန်က အကြည့်ကို ပြန်ရုပ်ပြီး ပြုံးလိုက်၏။

“ ဖပ် ... ။ ”

“ ဝှစ် ... ။ ”

ဤတစ်ကြိမ်၌ ဝမ်မူယန်နှင့် လက်ဖဝါးချင်း ဆိုင်ပေးလိုက်ကာ တွန်းကန်အားဖြင့် လေထုထဲ ကျွမ်းပစ်ပြီး ပြန်၍ ဆင်းသက်တော့သည်။

မြေပြင်ပေါ် လက်တစ်ဖက် ထောက်မိပြီး ပျံကျဲနေသော မီးနဂါးသွေးများက လက်ဖဝါးထံ စုရုံးလာသည်။

ခဏချင်းမှာပင် သွေးအနှစ်သာရများက လက်သီးဆုပ်အရွယ် အလုံးကြီးအဖြစ် ဖွဲတည် လာ၏။ လင်းယွန်က အံ့ဩကြီးစွာ ငုံ့ကြည့် လိုက်မိသည်။

“ ဒါက တကယ်ပဲ ရှိနေတုန်းလား။ ”

ထိုအချိန်တွင် ဝမ်မူယန် လက်ဖဝါးက ရောက်ရှိ လာသဖြင့် ရှောင်တိမ်းရန် မီးနဂါး ဦးခေါင်းပေါ်သို့ ဆုတ်ခွာလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ဖြစ်ပျက်သွားခြင်း ဖြစ်၏။ ဝမ်မူယန်ကြောင့် ဒဏ်ရာ ရရှိသွားသည့် ကောင်းကင်ပညာရှင် သူတော်စင်သခင်တို့ သုံးပါး၏ မျက်နှာများ မည်းမှောင်နေခဲ့သည်။

သူတို့က လက်တွဲပြီး ဝမ်မူယန်ထံမှ နတ်မီးတောက်နှင့် ကောင်းကင် စက်ဝန်း ဘုံကျောင်းကို လုယူလို၏။

သို့သော် အုပ်စိုးရှင် လက်ရာ သုံးခုကို ထုတ်ပြီးနောက်၌ပင် အချိန်-အာကာသဒိုမိန်း အစွမ်းကြောင့် ဒဏ်ရာများ ရရှိခဲ့သည်။

“ သွားကြရအောင် ... ငါတို့ ဒီမှာ ဆက်နေလည်း မထူးနိုင်တော့ဘူး။ ”

ဝမ်မူယန်သည် လင်းယွန်ကို ရိုက်နှက် နေချိန်၌ပင် နတ်ဖီးနစ်ကြေးမုံထံ ဘုံကျောင်းနှင့် ချုပ်နှောင်ထားနိုင်၏။ အားနည်းမည့်ပုံ လုံးဝ မပြချေ။ သည့်အပြင် ကျောက်တျန်းယွီနှင့် အလောင်းကောင်များလည်း ရှိနေသေး၏။

သူ့စကားကြောင့် ကျန်နှစ်ယောက်က တွေဝေသွား၏။ ဝမ်မူယန်သည် လင်းယွန်ကို တိုက်ခိုက်နေ သော်လည်း သူတို့အပေါ် လျစ်လျူရှုထားသည်။

“ သူမရဲ့ ခွန်အားက နက်နဲပြီး ... နားမလည်နိုင်အောင်ပါပဲ ... လျှော့တွက်လို့ မရဘူး၊ ထွက်သွားရအောင်။ ”

ကျီးနက် သူတော်စင်မှ ဆုံးဖြတ်ချက် ချလိုက်သည်။ ရဲဝံ့ခြင်း သူတော်စင် သခင်က မီးနဂါးတောင်ကြား အခြေအနေကို တစ်ချက် ကြည့်လိုက်၏။

နေရာအနှံ့ ပရမ်းပတာ ဖြစ်နေသည်။ လူတိုင်းက အလောင်းကောင်များနှင့် တိုက်ခိုက် နေရ၏။

ယင်းမြစ်ဘုရင်နှင့် ကျောက်တျန်းယွီက ကောင်းကင်မှ နေ၍ ထွက်ပြေးလိုသော လူတိုင်း အပေါ်၊ ပြန်လည် မောင်းသွင်းရန် စောင့်ကြည့် နေသည်။

အရေးကြီးသည်မှာ ဝမ်မူယန်က နတ်ဖီးနစ်ကြေးမုံကို ထိန်းလျက်မှ တိုက်ပွဲဝင် နေနိုင်ခြင်း ဖြစ်သည်။

နတ်ဖီးနစ်တောင်၌ ကြယ်မြစ် သူတော်စင်တစ်ယောက် ဒဏ်ရာရသွားပြီး အခြေအနေကို မည်သူမျှ မသိနိုင်ချေ။

သူတို့သာ ထွက်သွားသော် ဤလူများ မည်သို့မည်ပုံ ဖြစ်သွားမည်ကို တွေးကြည့်လျက် ငေးငိုင်နေမိ၏။

“ ဝိညာဉ် နတ်မိစ္ဆာ မိသားစုက ... ဒီကလူတွေ အကုန်လုံးကို သက်ရှိအလောင်း အဖြစ် သန့်စင်ချင်နေတာပဲ။ ”

သူ့အမြင်ကို ရဲဝံ့ခြင်း သူတော်စင်သခင်မှ ပြောကြားလိုက်သည်။ သက်ရှိအလောင်းများ ဟူသည် လူသေအလောင်းများထက် များစွာ သန်မာချေ၏။

အမှောင်ခေတ်တွင် ဤနည်းဖြင့် ခွန်လွန်ရှိကျင့်ကြံသူတိုင်း ၎င်းတို့က ကျွန်ပြု ခဲ့ကြခြင်း ဖြစ်သည်။

“ ဘာဖြစ်လဲ ...ငါတို့ မထွက်သွားရင် မင်းလည်း သက်ရှိအလောင်း ဖြစ်သွားနိုင်တယ် အုပ်စိုးရှင် လက်ရာ ရှိတာတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ”

ကောင်းကင် ပညာရှင် သူတော်စင် သခင် စကားကြောင့် ရဲဝံခြင်း သူတော်စင် သခင်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ် လိုက်ရသည်။

“ ကောင်းပြီ သွားကြရအောင်။ ”

“ လမ်းခွဲသွားပါ ... ။ ”

ကျီးနက် သူတော်စင် သခင်က သတိပေး ပြောကြားလာသည်။

“ ကောင်းပြီ ... ။ ”

သုံးယောက်သား ဆုံးဖြတ်ချက် ချပြီးသည်နှင့် ချက်ချင်း အကောင်အထည် ဖော်လိုက်ကြသည်။

“ ဝှစ် ... ။ ”

သူတို့၏ အထက်တန်းစား တပည့်များကို ခေါ်ဆောင်လျက် အရပ်မျက်နှာ အသီးသီးသို့ ပြေးလွှားကုန်တော့သည်။

“ ဟိုမှာ သူတို့ ပြေးပြီ ... ၊ ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင် ... ငါတို့ကို မထားခဲ့ ပါနဲ့။ ”

“ မြင့်မြတ်မြေ သုံးပါးက ... ငါတို့ရဲ့ ကိုးကွယ်မှုကို ခံယူပြီး ... အခုတော့ သေတွင်းထဲ ထားခဲ့တာလား။ ”

“ အုပ်စိုးရှင် လက်ရာ မရှိရင် ... ဒီအလောင်းတွေကြောင့် ငါတို့ သေရလိမ့်မယ်။ ”

ထွက်ပြေးနေသော မြင့်မြတ်မြေ သုံးပါးထံကြည့်ကာ သူတို့၏ လက်အောက်ခံ အင်အားစုများက ထိတ်လန့်ကုန်သည်။

ကျောက်တျန်းယွီက ဟန့်တားလို သော်လည်း ယင်းမြစ်ဘုရင်မှ ခေါင်းယမ်းပြ လိုက်သည်။

“ အဲဒီ လူတွေကို အတင်းအကြပ် တားဆီးမိရင် ငါတို့အတွက် ဒုက္ခ ဖြစ်လိမ့်မယ်၊ အရေးကြီးတာက နတ်ဖီးနစ် ကြေးမုံပဲ။ ”

အုပ်စိုးရှင် လက်ရာများအတွင်း ဤရတနာကိုသာ မက်မော၏။ ထိုအချိန်တွင် နတ်တာအိုခန်းမက အကာအကွယ် အစီရင်ကို အသက်သွင်းရန် ဗျပ်စောင်းများ တီးခတ် လာတော့သည်။

“ ဒင် ... ။ ”

သို့သော် ထိုဂီတဖြင့် အားဖြည့်ထားသော အစီရင်သည် ပြိုကွဲရန် အချိန်တစ်ခုသာ လိုပေ လိမ့်မည်။

“ သခင်ငယ် ငါတို့ အကြာကြီး မထိန်းထားနိုင်ဘူး ... အခု သွားပါ ... သခင်ငယ် အတွက် ငါတို့ ထိန်းထားပေးမယ်။ ”

နတ်တာအို ခန်းမ၏ အကြီးအကဲ အများအပြားက စိတ်ပျက်လက်ပျက်ဖြင့် ပြောကြားလိုက်တော့၏။

သူတို့ အားလုံး ဤအရပ်၌ သေရပေတော့မည်။ ထို့ကြောင့် ဝူရှောင်အတွက် လွတ်မြောက်ရာ လမ်းကို ဖွင့်ပေးလို၏။

ဝူရှောင်က ဗျပ်စောင်း တီးခတ်နေရာမှ လင်းယွန်ထံ လှမ်းကြည့်လေသည်။ ထိုလူသည် တစ်ချိန်က သူ့ကို လွန်စွာ အရှက်ရစေခဲ့၏။

သို့သော် ဤသို့ အရေးကြီးသော အခိုက်အတန့်တွင် တိုက်ပွဲဝင်ရန်သတ္တိကိုလည်း မွေးဖွားပေးနိုင်သည်။

( လင်းယွန် ... မင်းရဲ့ အစွယ်တွေ ဘယ်မှာလဲ။ )

အထက်ပါ အမေးဝါကျကို စိတ်ထဲမှ အော်ဟစ်လျက် ၊

“ ငါ သူ့ကို ယုံတယ်။ ”

-ဟု ကြွေးကြော်ကာ လက်အောက် ငယ်သားများ၏ ထွက်ပြေးရန် အကြံဉာဏ်ကို ငြင်းဆန် လိုက်တော့သည်။

***

All Chapters