အနာဂါတ် ရန်သူ။
Vol. 163 Ch. 2282
မီးနဂါး နှလုံးသွေးကို ဦးခေါင်းခွံထဲသို့ သွန်းလောင်း လိုက်သောအခါတွင် သွေးများက အရိုးစု တစ်ခုလုံး ပျံ့နှံ့သွားသည်။
သို့သော်အရိုးစုသည် လှုပ်ရှားမှု မရှိသောကြောင့် အမျိုးသမီး နှစ်ယောက်က စိတ်ပျက်သွား၏။
ယင်းအစား ဘုံကျောင်း၏ စုပ်ဝဲအတွင်း လွင့်မျောတော့မည် ကဲ့သို့ တုန်ယင်လာသည်။
“ အစ်ကိုလင်း ... ငါတို့ အမြန် မထွက်ရင် တကယ်သေလိမ့်မယ် ... နတ်ဖီးနစ် ကြေးမုံနဲ့ လမ်းကြောင်းရှာရအောင်။ ”
ကျိကျစ်ရှိက အော်ဟစ်လိုက်၏။ ထိုအချိန်တွင် အရိုးစုပေါ်ရှိ ဖုန်မှုန့်များ ပျံ့လွင့် လာပြီး နဂါးအငွေ့အသက်နှင့်အတူ မီးလျှံများ တောက်လောင်ကုန်သည်။
သည့်နောက် အရိုးများ တဂျွတ်ဂျွတ် မြည်လျက် ခွေးသွားစိတ်များကဲ့သို့ ရွေ့လျား ချိတ်ဆက် နေတော့သည်။
လင်းယွန်က မိုးပြာ နဂါး နတ်ခန္ဓာကို အသက်သွင်းလျက် သူ့နဂါးသွေးများ ဆက်၍ သွန်းလောင်း ပေးနေမိ၏။
ဘုံကျောင်းက မမြင်ရသော အတားအဆီးဖြင့် ထိကာ ရုတ်တရက် လေထဲ၌ ရပ်တန့်သွားလေသည်။
“ ဟမ့် ... ။ ”
ဝမ်မူယန်က အံသြသွား၏။ တံဆိပ် (၉)ခုအနက် (၃) ခုကို ဖြည်ချရန် တန်ဖိုးတစ်ခု ပေးချေရသည်။
“ ပွင့် ... ။ ”
သို့သော် စဉ်းစားရန် အချိန်မရှိတော့ဘဲ နောက်ထပ် တံဆိပ်တစ်ခုကို ထပ်ဖွင့်လိုက်ရ လေသည်။
ဟောက်သံနှင့်အတူ နတ်ဘုရား သင်္ချိုင်းတောင်တန်း တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။
ဘုံကျောင်းမှ ပို၍ အားကောင်းသော ရောင်ဝါများကောင်းကင်ပေါ် ထိုးတက်သွား လေသည်။
“ ခရစ် ... ။ ”
တိမ်ပင်လယ်အတွင်း အပေါက်များ ဖြစ်ပေါ်လာ၏။ နဂါး အကာအကွယ်အလွှာ ကွဲအက်သွားပြီး ဆင်းခွင့်ရသွားသည်။
“ မကောင်းတော့ဘူး ။ ”
ကျိကျစ်ရှီ မျက်နှာ ပြောင်းလဲသွားသည်။ ဘုံကျောင်းမှာ နီးကပ်နေပြီ ဖြစ်သဖြင့် မြေပြင်၌ ကြီးမားသော အရိပ်တစ်ခု ထင်နေ၏။
တစ်ဖက်တွင် လင်းယွန်မှာ သွေးလောင်းခြင်းကို မရပ်သေးသဖြင့် အံကြိတ် လိုက်ပြီး ဖီးနစ် သူတော်စင် သွေးကို နတ်ဖီးနစ် ကြေးမုံထဲသို့ လောင်းထည့်လိုက်မိသည်။
“ အရင်ဘဝက ငါနင့်ကို အကြွေး တင်ထားပုံရတယ် ... နင် မထွက်သွားချင်ရင် ငါလည်း ထွက်သွားမှာ မဟုတ်ဘူး။ ”
လီဖေးပိုင်သည်လည်း ညည်းညူလျက် အုပ်စိုးရှင် နက္ခတ်ကို ဖွင့်လိုက်ရ၏။ ကြာပန်းက ကြေးမုံနှင့်အတူ ဘုံကျောင်းကို တားဆီးရန် ပျံသန်းသွားသည်။
ဝမ်မူယန်က ဂရုမစိုက်ချေ။ ပြင်ပ နယ်မြေတွင် ဆိုက သူမ ကြောက်ကောင်း ကြောက်နိုင်၏။ ယခုမူ ကောင်းကင် နိဗ္ဗာန် နယ်မြေ ဖြစ်သည်။
လက်လှိုင်းများဖြင့် ပြိုကျနေသော အာကာပြင်ကို ပြတ်ရွေ့များအဖြစ် အထပ်ထပ် ဖန်တီးလိုက်သည်။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
“ ဝေါ့ ... ။ ”
ထို့ကြောင့် လီဖေးပိုင်တို့၏ စွမ်အားမှာ ဘုံကျောင်းထံ မရောက်နိုင်ဘဲ ခရီးဝေးကြီးထွက် နေရသကဲ့သို့ အချိန်များ တရွေ့ရွေ့ ကုန်လွန် သွားခဲ့သည်။ အဆုံးတွင် သွေးအန်လျက် နှစ်ယောက်သား လဲကျသွား၏။
“ လင်းယွန် ... နင်အရှုံးပေးရင် အသက် ချမ်းသာပေးမယ်။ ”
“ အိမ်မက် မက်နေတာလား။ ”
လင်းယွန်က သူ့လက်ကို မီးနဂါး ဦးခေါင်းခွံထံမှ ဖယ်ခွာလိုက်ပြီး ပြန်ပြောသည်။ သွေးများ ဆုံးရှုံးသွားသဖြင့် ခြေထောက် ညွှတ်ကျသွား၏။ မလှုပ်နိုင်တော့ချေ။
“ ဝူး ... ။ ”
ထိုအချိန်တွင် မီးနဂါး အရိုးစုသည် တောင်တန်းကြီး တစ်ခုကဲ့သို့ ရုန်းကြွ ရွေ့လျား လာခဲ့သည်။
မျက်ကွင်းအပေါက် နေရာ၌ ရွှေရောင်မီးလျှံများ တောက်လောင်လျက် တရှဲရှဲမြည်နေ၏။
“ ရွှီး ... ရွှီး ... ။ ”
၎င်းက ဦးခေါင်းမော့လျက် ထိုမျက်ကွင်းအပေါက်မှ အလင်းတန်းနှစ်ခုဖြင့် ပစ်လွှတ်လိုက်ရာ ဘုံကျောင်းပေါ် ထိမှန်သွားသည်။
အာကာပြင် ချုပ်နှောင်မှု ပျက်ပြယ် သွားသည်ကို လူတိုင်းခံစားရ၏။ ထို့ကြောင့် သတိဝင်လာပြီး ကောင်းကင်ပေါ် ပျံတက်ကာ မီးနဂါးထံ ဆင်းသက်လိုက် ကြသည်။
“ အရိုးစုပေါ် တက်ကြ ... ။ ”
လင်းယွန်က အမျိုးသမီး နှစ်ယောက်၏ ဖေးမမှုဖြင့် ထရပ်ကာ အော်ဟစ် လိုက်တော့၏။ သူတော်စင် သုံးရာခန့် မီးနဂါးအရိုးပေါ် ဆင်းသက်လာသည်။
လင်းယွန်က အသက် ပြင်းပြင်းရှူပြီး မိုးပြာ နဂါး သူတော်စင် သွေးဆေးလုံးကို ထုတ်ယူကာ သောက်ချလိုက်၏။
၎င်းသည် သွေးအကျဉ်းထောင် တောင်တန်း၌ လေ့ကျင့်စဉ် ခန္ဓာကိုယ် အတွင်း သန့်စင်ထားသော သူ့သွေးသား စွမ်းအင် ဖြစ်သည်။
အရေးကြီးသော အခိုက်တွင် အသုံးပြုရန် အစ်ကို ယဲ့ကူဟန်မှ ပြောကြားခဲ့သည်။ သွေးလုံး အရည်ပျော် ပြီးနောက် ခန္ဓာကိုယ် ပူလောင် လာ၏။
သွေးသားများ လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုးလာတော့သည်။ ထိုမြင်ကွင်းကြောင့် အမျိုးသမီး နှစ်ယောက်က ပြုံးရွှင်လာ၏။
“ ကျေးဇူးတင်ပါတယ် ပန်းသင်္ချိုင်း ... ။ ”
“ ကျေးဇူးတင်ပါတယ် ပန်းသင်္ချိုင်း။ ”
မီးနဂါးအရိုးစုပေါ် ဆင်းသက်လာသော သူတော်စင်များက ကျေးဇူးတင်စကား ဆိုလိုက် ကြသည်။
“ သွားကြရအောင် ... ငါတို့ကို သူ တားနိုင်မှာ မဟုတ်ဘူး။ ”
“ မဟုတ်ဘူး ... နတ်မီးတောက် ပြန်ယူရမယ်။ ”
လင်းယွန်က လီဖေးပိုင် စကားကို ငြင်းဆန်ကာ ဝမ်မူယန်ထံ မော့ကြည့်သည်။ ဝမ်မူယန်က ဘုံကျောင်းကို ဆက်၍ ကျဆင်း စေလိုက်သည်။
“ ဟား ဟား ဟား ... ကောင်းတယ်။ ”
ထို့ကြောင့် နတ်ခန္ဓာကို အသက်သွင်းပြီး မီးနဂါး ဦးခေါင်းခွံပေါ်တွင်ရပ်ကာ လင်းယွန်က ရယ်မော လိုက်တော့၏။
သူ့သွေးများ ပွက်ပွက်ဆူလာကာ မီးနဂါး အရိုးစုအတွင်းရှိ မီးတောက်များ သည်လည်း အလျှံငြီး မြည်ဟည်းလာ၏။
ဤမီးနဂါးသည် ရှေးဦးခေတ်၌ နတ်ဘုရားများကို တိုက်ခိုက်နိုင်သော သွေး သန့်စင်သည့် နဂါး ဖြစ်သည်။
အရိုးသာ ကျန်နေလျှင်ပင် သူ့မာနကို မည်သူမျှ နင်းချေ၍ရမည် မဟုတ်ချေ။ ၎င်း၏ ပြင်းထန်သော တိုက်ပွဲဝင် ဆန္ဒကို ခြေဖျားမှ တဆင့် လင်းယွန် ခံစားနေရ၏။
“ ဒါဆို တိုက်ကြရအောင် ... ။ ”
လင်းယွန်က ကြွေးကြော်မိစဉ် မီးနဂါး အရိုးစုနှင့် တစ်သားတည်း ဖြစ်သွား သကဲ့သို့ ခံစားလိုက်ရသည်။
“ ဖရူး ... ။ ”
မီးနဂါး အရိုးစုကြီးက ကောင်းကင်သို့ ပျံတက်ကာ ရွှေရောင် မီးတောက် တစ်ခုဖြင့် မှုတ်ထုတ်လိုက်၏။
နဂါး ထွက်သက် လမ်းကြောင်းရှိ အချိန်နှင့်အာကာသ တံဆိပ်များ အားလုံး လောင်ကျွမ်း ပျက်စီးသွားသည်။
အချိန်နှင့် အာကာသသည် အားကောင်း နိုင်သော်လည်း အကြွင်းမဲ့ ခွန်အားများ ရှေ့တွင် အသုံးမဝင်တော့ချေ။ ဖျက်ဆီးခံရ နိုင်၏။
“ ဝေါ့ ... ။ ”
ဤတစ်ကြိမ်တွင် ဘုံကျောင်းမှာ မိုင်တစ်ရာအကွာသို့ လွင်စဉ်သွားပြီး ဝမ်မူယန် တစ်ယောက် သွေးများ ပွက်ခနဲ အန်ကျလာ တော့သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”
ကျောက်တျန်းယွီက ဤမြင်ကွင်းကို မြင်သောအခါ အံသြသွားသည်။ တံဆိပ် လေးခု ရုတ်သိမ်း လိုက်ခြင်းဖြင့် နိုင်ပွဲဖြစ်သင့်၏။
“ တွေ့ပြီ ... ။ ”
လင်းယွန်က ဝမ်မူယန်၏ ရင်ဘတ်ကို စူးစိုက်ကြည့်ကာ ပျံသန်း လိုက်တော့သည်။
“ ထွက်သွား ... ။ ”
ဝမ်းမူယန်က မျက်နှာ ဖြူဖျော့လျက် ဘုံကျောင်းထံ ပြန်ဆုတ်ရန် ကျောပေးလိုက်၏။ သို့သော် လင်းယွန်က သူ့လမ်းကို ပိတ်ကာ၊
“ နတ်မီးတောက် ပေးခဲ့ ... ။ ”
-ဟု တောင်းဆိုသည်။
“ မပေးဘူး။ ”
စကားဆုံးသည်နှင့် ထွက်ပြေးရန် ပြင်လိုက်တော့သည်။ လင်းယွန်က သူမထက် ပိုမြန်၏။
“ မင်း မလွတ်နိုင်ပါဘူး။ ”
“ စမ်းကြည့်လေ ... ။ ”
နှစ်ဦးသား အကြိမ် အနည်းငယ် တိုက်ခိုက် ပြီးနောက် ဒဏ်ရာ ပြင်းထန်သော ဝမ်မူယန်မှာ အခြေအနေ မကောင်းတော့ချေ။
လင်းယွန် မျက်လုံးက သူမ ရင်သားကို စိုက်ကြည့်နေဆဲ ဖြစ်သဖြင့် တစ်ပါတ်လှည့်ပြီး ကျောပေးလျက် အာကာပြင် ခွဲဝင်ရန် ပြင်လိုက်သည်။
“ ခရစ် ... ။ ”
သို့သော် လင်းယွန်လက်က သူမ ရင်ဘတ်ပေါ်ရှိ အာကာသ အလွှာကို စုပ်ဖြဲလျက် ဆုပ်ကိုင်လာ၏။
အဝေးမှ ကြည့်နေသော အမျိုးသမီး နှစ်ယောက်မှာ မျက်လုံးပြူး သွားလေသည်။ ဤလူသည် အမှန်ပင် အရှက်မဲ့ချေ၏။
“ လူယုတ်မာ ... ။ ”
အမျိုးသမီး တစ်ယောက်၏ ခန္ဓာကိုယ် အပေါ်ရှိ တားမြစ်နယ်မြေကို ကျူးကျော်ရန် ကြိုးစားနေချေပြီ။
“ မဟုတ်ဘူး ... ။ ”
ဝမ်းမူယန်က အော်ဟစ်သည်။ လင်းယွန်လက်သည် သူမ ရင်သားအစား မီးလျှံ တစ်စကို ဆွဲထုတ်သွား၏။
ထို့နောက် နဂါး ထွက်သက်ကို ထုတ်ဖော်လျက် နတ်မီးတောက် ထုပ်ပိုးကာ ‘ရပြီ ... ၊’ -ဟု ရေရွတ်လိုက်သည်။
ဝမ်မူယန် ရင်ဘတ်၌ ဆိုးရွားသော ဒဏ်ရာကြီး ပေါ်လာပြီး သွေးများ စီးကျလာ၏။ အံကြိတ်လျက် ဒဏ်ရာကို လက်ဖြင့်ဖိကာ၊
“ ယဲ့ချင်းရှန် ... ဒီနေ့ကစပြီး ငါတို့ သူငယ်ချင်း မဟုတ်တော့ဘူး ... နောင်တစ်ချိန် ပြန်ဆုံခဲ့ရင် ... နင်နဲ့ငါက ရန်သူပဲ။ ”
-ဟု လေထဲပဲ့တင်သံ ချန်ရစ်ကာ ပျံသန်းသွားတော့သည်။ ဒဏ်ရာမှာ ပြင်းထန် သော်လည်း နှလုံးသားက ပို၍ နာကျင်၏။
အနာဂါတ်တွင် ဤလူအပေါ် ကြင်နာမှု ပြသနေစရာ အကြောင်း မရှိတော့ချေ။ သည်နေ့ မှစကာ ပတ်သတ်မှုများ အားလုံးကို ဖြတ်ချ လိုက်ပြီ ဖြစ်သည်။
***