အခန်း (၉၁)
Vol. 7 Ch. 91
ရွှမ်ယီ၏ ဂုဏ်းသတင်းကျော်ကြားမှုကြောင့် နက်နဲဓားဂိုဏ်းအနေဖြင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီးဖြစ်သည်။
သူတို့အနေဖြင့် ရေသောက်မြစ်ကို ဘယ်တော့မှမမေ့သင့်ပေ။ အကျိုးအမြတ်နှင့် အန္တရာယ်များမှာ အမြဲတစေဒွန်တွဲနေသည့် အရာမျိုးဖြစ်၏။
ထိုဘုရင်အဆင့်နှစ်ယောက်က မိတ်ဆွေဖြစ်လျှင် နက်နဲဓားဂိုဏ်းက ၎င်းတို့ကို နွေးထွေးစွာကြိုဆိုလိမ့်မည်။
အကယ်၍ ၎င်းတို့သာ ရန်သူများဖြစ်နေလျှင် နက်နဲဓားဂိုဏ်းအနေဖြင့် ရှောင်မပြေးဘဲ ၎င်းတို့၏ ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။
နောက်ပိုင်း ပြသနာများဖြစ်ပွားလာခဲ့လျှင် ထိုဘုရင်အဆင့်နှစ်ယောက်က အကြင်နာတရားလက်ကိုင်ထား၍ တပည့်ငယ်လေးများအား လွှတ်ပေးရန် မျှော်လင့်မိသည်။ ထို တပည့်များပါ သူတို့နှင့်အတူ မြုပ်နှံခံရမည့် ကိစ္စကို ကျန်းနန်ထျန်းလုံး၀ လက်သင့်မခံနိုင်ပေ။
“ မေးခွင့်ပြုပါ.. စီနီယာတို့နှစ်ယောက်က အကြီးအကဲရွှမ်ယီအတွက် လာတာများလား ခင်ဗျ….”
ကျန်းနန်ထျန်းက အံကြိတ်လျက် ရှေ့တိုးကာမေးလိုက်သည်။
ရွှေဘုရင်တစ်ယောက် အတော်လေးအံ့ဩနေခဲ့၏။
သူတို့ရောက်ရှိလာသောဂိုဏ်းမှာ အလွန်အမင်းအားနည်းလွန်းနေသောကြောင့် နေရာမှားနေသလောဟုပင်ထင်ခဲ့မိသည်။
ဒီလောက်အားနည်းတဲ့ဂိုဏ်းက နက်နဲဓားဂိုဏ်းရဲ့ ပင်မဂိုဏ်းကြီးလား…?
သူတို့ နေရာမှား၍ ရောက်လာကြခြင်းပေလော….?
သို့သော် ကျန်းနန်းထျန်း၏ မေးခွန်းအားကြားလျှင် ဘုရင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာကြည့်လိုက်ကြ၏။
သူတို့မမှားပေ.. လက်ရှိရောက်နေသောနေရာက နက်နဲဓားဂိုဏ်းအစစ်ဖြစ်သည်။
“ ဟုတ်တယ်.. ကျုပ်တို့က အကြီးအကဲရွှမ်ယီကြောင့် ရောက်လာခဲ့တာပဲ…”
ဝှစ်ရှ်…
ထိုစကားများအား ကြားလိုက်လျှင် နက်နဲဓားဂိုဏ်းမှ လူတိုင်းရုတ်ရုတ်သဲသဲဖြစ်သွားခဲ့၏။ တစ်ချို့မှာ ထိတ်လန့်ကုန်ကြပြီး တစ်ချို့မှာ စိတ်မသက်မသာဖြစ်သွားကြသည်။
သူတိုအားလုံး၏ အမြင်တွင် ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးသာဖြစ်၏။ ရွှမ်ယီအနေဖြင့် ဘုရင်အဆင့်မှလူတစ်ယောက်နှင့် မိတ်ဆွေမဖြစ်နိုင်ဟု ထင်မှတ်ခဲ့ကြသည်။
ထိုဘုရင်နှစ်ယောက် ရောက်လာခြင်းက ကောင်းသောလာခြင်းမျိုးမဟုတ်သည်က သေချာသလောက်ရှိနေ၏။
အစပိုင်းတွင် နက်နဲဓားဂိုဏ်းမှလူတိုင်း စိတ်ရှုပ်ထွေးနေခဲ့ကြသည်။ ထိုဘုရင်အဆင့်နှစ်ယောက်က ပြသနာရှာရန်လာကြသည်ဟုသာ ထင်နေကြ၏။
သို့ပေမယ့် ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့က အကြောင်းစုံရှင်းပြလိုက်ချိန်တွင် လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။
အားလုံး အံ့ဩမှင်သက်မှု ၊ မယုံကြည်နိုင်မှုအပြည့်နှင့်ဖြစ်သွားခဲ့ရသည်။
အကြီးအကဲများအားလုံးလည်း စကားပင်မပြောနိုင်အောင်မှင်သက်နေခဲ့၏။ ဘုရင်နှစ်ယောက်ပြောနေသော ဇာတ်လမ်းအားနားထောင်ပြီး စိတ်ကူးအိမ်မက်အတွင်းသို့ ရောက်နေသည့်အလား ခံစားနေရသည်။
မေ့ပျောက်နတ်ဆိုးနန်းတော်က ရွှမ်ယီကို စော်ကားမိလို့ ပျက်စီးသွားတယ်တဲ့လား….
ပင်မနက်နဲဓားဂိုဏ်းကြီးမှ လူများက အလွန်အားနည်းလွန်းသော်လည်း ရွှမ်ယီ၏ သတိပေးစကားကြောင့် ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့ ရိုင်းစိုင်းသောအပြုအမူများ မလုပ်ဝံ့ကြချေ။
အစည်းအဝေးခန်းမရှိရာဆီသို့ သွားရာလမ်းတစ်လျှောက်တွင် သူတို့နှစ်ယောက်လုံး ကျန်းနန်ထျန်၏ ရှေ့မှ မလျှောက်ဘဲ နောက်မှလျှောက်ကာသွားကြသည်။
သူတို့အနေဖြင့် ထိုဂိုဏ်းချုပ်အားလေးလေးစားစားဆက်ဆံရမည်မဟုတ်လော။
ဆက်ဆံရေးပိုကောင်းလာစေရန်အတွက် သူတို့နှစ်ယောက်က ပုံပြောသူများကဲ့သို့ ရွှန်းရွှန်းဝေအောင်ပြောနေခဲ့ကြ၏။
ချမ်းသာခြင်းနန်းတော်၏ ပျက်စီးခြင်းလည်း ပါ၀င်သေးသည်။
ဇာတ်လမ်းဇာတ်ကွက်တစ်ခုခြင်းစီ၌ ရွှမ်ယီနှင့် နက်နဲဓားဂိုဏ်းအား အလွန်အမင်းမြှောက်ပင့်ကာ ပြောဆိုခဲ့ကြ၏။
“ မေ့ပျောက်နတ်ဆိုး နန်းတော်နဲ့ ချမ်းသာခြင်းနန်းတော်ဆိုတာ စာရိတ္တပျက်ပြားနေတဲ့ မကောင်းတဲ့လူတွေရှိတဲ့နေရာပဲ… သူတို့က ဘယ်လိုသတ္တိနဲ့များ သခင်လေးရွှမ်ယီကို စော်ကားရဲတာလဲ.. ဟမ့် နောက်ဆုံးတော့ အဲ့ဒီအင်အားစုနှစ်ခုလုံး သခင်လေးဆီမှာ ဖျက်ဆီးခံလိုက်ရတယ်လေ…”
“ ကြက်သွေးနတ်ဆိုးနယ်မြေမှာ.. နက်နဲဓားဂိုဏ်းတည်ထောင်လိုက်တာနဲ့ ကျုပ်တို့က ဂိုဏ်းရဲ့ အကြီးအကဲတွေဖြစ်လာခဲ့ကြတာပဲ… အခု သခင်လေးရွှမ်ယီရဲ့ စီစဉ်မှုနဲ့ ပင်မဂိုဏ်းရှိတဲ့နေရာကို ရောက်လာတာ ကျုပ်တို့အတွက် အရမ်းဂုဏ်ယူရတဲ့ကိစ္စတစ်ခုပါဘဲ….”
စကားဆုံးသည်နှင့် ဘုရင်နှစ်ယောက်က ကျန်းနန်ထျန်းအား ဦးညွှတ်လိုက်ကြ၏။
ကျန်းနန်ထျန်းလည်း ထိုအချင်းအရာအားမြင်လျှင် ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး ပြန်လည်ဦးညွှတ်လိုက်သည်။
ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လျက်ပြုံးလိုက်ကြ၏။
ဤကဲ့သို့နေရာသေးသေးလေးမှ ရွှမ်ယီကဲ့သို့ ပါရမီရှင်တစ်ဦးအား ပျိုးထောင်ပေးနိုင်သည်မှာ မည်သို့မှမဖြစ်နိုင်ပေ။ ရွှမ်ယီအား နောက်ကွယ်မှပံ့ပိုးပေးနေသည့်သူ တစ်ယောက်ယောက်ရှိကိုရှိရပေမည်။
သူတို့ ကောင်းကောင်းမွန်မွန်ပြုမူနေထိုင်ပါက ထိုကျွမ်းကျင်ပညာရှင်ထံတွင် မျက်နှာသာအပေးခံရပြီး အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
ထို့အပြင်လက်ရှိ နက်နဲဓားဂိုဏ်းမှာ သေးငယ်တိမ်ကောနေသော်လည်း အနာဂါတ်တွင် ဤအတိုင်းဆက်ဖြစ်နေမည်ဟု မဆိုလိုပေ။
ရွှမ်ယီ အသက်ရှင်နေသ၍ နက်နဲဓားဂိုဏ်းက တစ်နေ့ထက် တစ်နေ့ ပို၍ အားကောင်းလာပေလိမ့်မည်။ အနာဂါတ်တွင် ကမ္ဘာကြီးအား ကိုင်လှုပ်ကောင်း ကိုင်လှုပ်နိုင်ချေရှိသည်။
ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့က နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေထိုင်လာခဲ့ကြသည့် မြေခွေးအိုကြီးများဖြစ်၏။ အဘယ်ကြောင့် ထိုကိစ္စများအား မစဉ်းစားမိပဲ နေလိမ့်မည်နည်း။
ထို့အပြင် ရွှမ်ယီက သူတို့၏ စိတ်ဝိညာဉ်အား ထိန်းချုပ်ထားသည်ဖြစ်ရာ သူတို့က ရွှမ်ယီနှင့် တစ်လှေတည်းစီးနေကြသူများဖြစ်နေချေပြီ။
အဆိုပါအချက်များအားခြုံငုံစဉ်းစားပြီးနောက် သူတို့နှစ်ဦးလုံး နက်နဲဓားဂိုဏ်းအား ကိုယ်ရောစိတ်ပါအလုပ်အကျွေးပြုရန် ဆုံးဖြတ်ခဲ့ကြ၏။
ထိုမြေခွေးအိုကြီးနှစ်ကောင်၏ စိတ်ထဲ၌ အကျိုးအမြတ်တွက်ချက်မှုများဖြင့် ပေသီးသံ တစ်ဖျတ်ဖျတ်မည်နေသော်လည်း နက်နဲဓားဂိုဏ်းမှ အကြီးအကဲများကမူ သူတို့ပြောပြခဲ့သည့် ဇာတ်လမ်းကြောင့် အလွန်အမင်းတုန်လှုပ်နေကြလေသည်။
သူတို့အားလုံး နက်နဲဓားဂိုဏ်း၏ အခြေအနေကိုကောင်းစွာနားလည်ကြ၏။ တစ်ချိန်က နက်နဲဓားဂိုဏ်းဆိုသည်မှာ ကောင်းကင်လေနိုင်ငံ၌ ဒုတိယအဆင့်ဂိုဏ်းလေးတစ်ခုသာဖြစ်သည်။ သို့သော် ရွှမ်ယီ၏ ဂုဏ်သတင်းကြောင့် ကောင်းကင်လေနိုင်ငံ၌ နံပါတ်(၁)ဖြစ်မည့် လမ်းကြောင်းပေါ်သို့ ရောက်နေခဲ့ပြီဖြစ်၏။
သူတို့ အားလုံး ထိုပြောင်းလဲလာမှုအပေါ် အလွန်ကျေနပ်၀မ်းသာနေခဲ့ကြသည်။
သို့သော် တစ်နေ့တွင် ဘုရင်အဆင့်များ သူတို့ဂိုဏ်း၌ အကြီးအကဲဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးကြချေ။
လက်ရှိ နက်နဲဓားဂိုဏ်း၏စွမ်းအားက အဇူရာဒေသ ထိပ်တန်းအင်အားစုအဖြစ်သို့ မြှင့်တင်နိုင်စွမ်းရှိနေခဲ့ပြီလော…?
၎င်းတို့၏ အတိတ်နှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့်မြေပြင်ကဲ့သို့ ကွာခြားသွားချေပြီ။
တစ်ဖက်တွင် နက်နဲဓားဂိုဏ်းတစ်ခုလုံး အံ့ဩတုန်လှုပ်နေခဲ့ကြသော်လည်း အခြားတစ်ဖက်တွင်မူ…..
အဇူရာအင်ပါယာမြို့တော်တွင်…
“ ဆရာ.. ဒါကြီးက အရမ်းကြီးကျယ်ခမ်းနားတာပဲနော်….”
စစ်ထူချင်က လေထဲ၌ လွင့်မြောနေသည့် နန်းတော်ကြီးအား လက်ညှိုးထိုးပြလိုက်သည်။ သူမ မျက်၀န်းများအတွင်း၌ ဟန်မဆောင်နိုင်သော ထိတ်လန့်အံ့ဩမှူများရှိနေ၏။
သူမ ဘ၀တစ်လျှောက်လုံး ကျောက်တုံးနတ်ဆိုးမြို့၌သာ နေထိုင်ခဲ့ခြင်းဖြစ်သည်။ ကျောက်တုံးနတ်ဆိုးမြို့မှာ အလွန်ကြီးမားကျယ်ပြန့်သော်လည်း အရင်းအမြစ်နည်းပါးကာ နေရာတိုင်း ကျောက်ခဲများနှင့် သဲများသာရှိနေ၏။ အရောင်အသွေးစုံလင်ရန်ထားဘိ ၊ အနီရောင်ကမ္ဘာကြီးတစ်ခုအလားဖြစ်နေပေသည်။
သူမ ဆရာနှင့်တွေ့ဆုံခဲ့ပြီး အဇူရာမြို့သို့ရောက်မှသာလျှင် ခမ်းနားထည်ဝါခြင်း၏ အဓိပ္ပါယ်ကို စစ်ထူချင်နားလည်လာခြင်းဖြစ်၏။
မှော်သစ်ပင်အမျိုးမျိုး နှင့် ဗိသုကာလက်ရာပုံစံအမျိုးမျိုးအား ဘ၀တစ်လျှောက်လုံးယခုမှပင် စုံစုံလင်လင်တွေ့မြင်ဖူးခြင်းဖြစ်သည်။
နန်းတော်ကြီး တစ်ခုလုံး လေထဲ၌ မျောလွင့်နေသည့်မြင်ကွင်းမှာ အလွန်ကြီးကျယ်ခမ်းနားလွန်းလှ၏။
ထိုကဲ့သို့မြင်ကွင်းမျိုးအား စစ်ထူချင်တစ်ယောက် အိမ်မက်ထဲ၌ပင် ထည့်မက်ဖူးခြင်းမရှိချေ။
“ ဒါက နန်းတော်တစ်ခုသက်သက်ပါဘဲ.. သိပ်ပြီးလည်း အထူးအဆန်းမဟုတ်ပါဘူး…”
ရွှမ်ယီက အလွန်ကြီးမားသည့် အဇူရာဘုရင်၏ နန်းတော်ကြီးအား လှမ်းကြည့်လိုက်ပြီး သူ့ မျက်နှာထက်မှ အပြုံးမှာ နဂိုအတိုင်းသာရှိနေ၏။
ထိုနန်းတော်ကြီးမှာ အဇူရာဘုရင် နေထိုင်ရာနေရာလည်းဖြစ်သလို သူ၏ စွမ်းအားနှင့် ဂုဏ်သိက္ခာအတွက် ပြယုဒ်တစ်ခုလည်းဖြစ်ပေသည်။ ပုံမှန်ဆိုလျှင် သာမန်လူများ လုံး၀၀င်ခွင့်မရှိသည့်နေရာတစ်ခုဖြစ်၏။
အဇူရာအင်ပါယာမြို့မှ သေမျိုးများနှင့် သာမန်ကျင့်ကြံသူများသာ ထိုနန်းတော်ကြီး မည်မျှခမ်းနားကြောင်းနှင့် အတွင်း၌ မည်မျှ အံ့ဩဖွယ်ကောင်းမည်ကို စိတ်ကူးသာယဉ်နိုင်စွမ်းရှိသည်။ သူတို့ဘ၀တစ်လျှောက်လုံး ဘယ်တော့မှ အတွင်းသို့၀င်ခွင့်ရမည်မဟုတ်ချေ။