အခန်း (၉၃)
Vol. 7 Ch. 93
ရွှမ်ယီ က စစ်ထူချင်အားခေါ်ပြီး အင်ပါယာမြို့တော်သို့ ပြန်လည် ထွက်ခွာလာခဲ့ပြီးနောက် ကုယီယီ ၊ လင်းဇီရင်တို့အဖွဲ့ထံ ရောက်လာ၏။
“ ဆရာ…”
ရွှမ်ယီ ပြန်ရောက်လာသည်ကိုမြင်လျှင် အားလုံး၀မ်းသာသွားကြသည်။
“ အင်း… ဒါက မင်းတို့ရဲ့ ဂျူနီယာညီမအသစ်လေးပဲ.. နာမည်ကစစ်ထူချင်တဲ့.. ဆရာ ကြက်သွေးနတ်ဆိုးဒေသကခေါ်လာခဲ့တာ….”
ရွှမ်ယီက စစ်ထူချင်အား လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်၏။
တပည့်များအားလုံး၏ မျက်၀န်းများတောက်ပလာခဲ့ကြ၏။ အထူးသဖြင့် ကုယီယီဖြစ်သည်။ နောက်ဆုံးတွင် သူမ၌ ဂျူနီယာညီမလေးတစ်ယောက် ရှိလာခဲ့ပြီဖြစ်၏။
ရွှမ်ယီက စစ်ထူချင်အားမိတ်ဆက်ပေးပြီးနောက် ပြုံးလျက် ၀မ်ဟူနံဘေးမှလူများအား ကြည့်ကာ မေးလိုက်သည်။
“ ဒါနဲ့.. သူတို့က…”
ထိုအထဲမှ တစ်ယောက်အား ရွှမ်ယီရင်းနှီးပေသည်။ သူမက ၀မ်ဟူ၏ အချစ်ဆုံးမိန်းကလေး မူချင်းချင်းဖြစ်၏။
သူမ ကျေးဇူးနှင့် ရွှမ်ယီ အမှတ်(၂၁)သန်း စုဆောင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
မှန်ပေသည်။ ရွှမ်ယီကလည်း သူမအား အကျိုးမယုတ်စေခဲ့ပါ။ အဇူရာဒေသမဟာပြိုင်ပွဲ၏ အဆင့်(၁၀၀၀၀)အတွင်း၀င်အောင် ကူညီပေးခဲ့၏။
“ ဟဟ.. စီနီယာ.. ဒါက ကျွန်မတို့ မိသားစုခေါင်းဆောင်ပဲ…”
ရွှမ်ယီအား ကြည့်နေသည့်မူချင်းချင်း မျက်၀န်းများမှာ တောက်ပနေပြီး ရှက်ရွံ့ဟန်အနည်းငယ်လည်း ပါ၀င်နေသည်။
သူမ၏ နံဘေးမှ ၀မ်ဟူကမူ သွားကျဲလျက် ခေါင်းကုတ်နေ၏။
ရွှမ်ယီက တစ်စုံတစ်ခုအား နားလည်သွားပြီး ခပ်ဟဟရယ်မောလိုက်သည်။
“ မင်းက နက်နဲဓားဂိုဏ်းက အကြီးအကဲရွှမ်ယီပဲဖြစ်မယ်.. ကျုပ်က မူမိသားစုခေါင်းဆောင် မူရွှမ်ပါ… မင်းရဲ့ တပည့်၀မ်ဟူနဲ့ ကျုပ်သမီး မူချင်းချင်းတို့ကိစ္စကြောင့် ကျုပ်ရောက်လာတာ…”
မူမိသားစုခေါင်းဆောင်က ရှေ့တစ်လှမ်းတိုးလျက်ပြောလိုက်သည်။ သူ့ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်လွင်နေ၏။
သူသာ မူမိသားစုနှင့် ရွှမ်ယီအကြား ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်လျှင်……
အဇူရာဒေသမဟာပြိုင်ပွဲမှ မူချင်းချင်း၏ ရလဒ်က မူမိသာစုတစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့သည်။
မူမိသားစုတည်ရှိရာ ခရမ်းသစ်ခွနိုင်ငံမှ တစ်စုံတစ်ယောက် အဇူရာဒေသမဟာပြိုင်ပွဲ၌ နောက်ဆုံးအကြိမ် အဆင့်(၁၀၀၀၀)အတွင်း ၀င်ရောက်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာပြီမှန်းပင် မသိနိုင်တော့ချေ။
သို့သော် ယခုနှစ်တွင် မူမိသားစု၀င်တစ်ယောက်က အဆင့်(၁၀၀၀၀)အတွင်း၀င်သွားခဲ့၏။ ဆုလာဘ်များက ဘိုးဘေးကိုပင် အလွန်စိတ်လှုပ်ရှားစေခဲ့သည်။
ဘိုးဘေးမှ တစ်ဆင့် သူတို့အား ရွှမ်ယီနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ရမည်ဟု အမိန့်ပေးခဲ့၏။
ရွှမ်ယီ၏ တပည့်၀မ်ဟူနှင့် သူ့သမီး မူချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်နေကြောင်းကြားလျှင် မိသားစုခေါင်းဆောင် မူရွှမ်တစ်ယောက် အလွန်စိတ်လှုပ်ရှားသွားလေသည်။
လုပ်လက်စကိစ္စများအား အကုန်ထားခဲ့ပြီး အဇူရာအင်ပါယာမြို့တော်သို့ ချက်ချင်းပြေးလာခဲ့၏။
သူ့သမီးနှင့် ၀မ်ဟူတို့၏ ဆက်ဆံရေးကြောင့် မူမိသားစုက ရွှမ်ယီနှင့် တိုက်ရိုက်ထိတွေ့နိုင်ပေလိမ့်မည်။
ရွှမ်ယီ၏ တပည့်အား သမက်အဖြစ်လိုချင်သော အင်အားစုများ တန်းစီ၍ရှိနေသည်။ လက်ရှိတွင် သူတို့မူမိသားစုက အပြတ်အသတ်ခြေတစ်လှမ်းသာနေ၏။
“ မင်းဆီက သဘောထားကိုကျုပ်သိချင်တယ်…”
ရွှမ်ယီအား ကြည့်နေသော မူရွှမ်၏ မျက်၀န်းများက တောက်ပနေခဲ့သည်။
သူလိုချင်တာ မများချေ။ ရွှမ်ယီက ထိုကိစ္စကို လက်ခံလိုက်ရန်သာဖြစ်၏။
ရွှမ်ယီက သူ့အား စိတ်လှုပ်ရှားစွာကြည့်နေသော ၀မ်ဟူအားမြင်လျှင် ခေါင်းယမ်းပြီး ခပ်ဟဟရယ်မောလိုက်သည်။
“ သူတို့ကိစ္စ သူတို့စိတ်ကြိုက်လုပ်ပါစေ.. ကျုပ်က ဘာမှ၀င်စွက်ဖက်မှာမဟုတ်ဘူး…”
ရွှမ်ယီက တစ်ကိုယ်ကောင်းဆန်ကာ အလွန်တင်းကြပ်သည့်လူမျိုးမဟုတ်ချေ။ တပည့်များအား သူတို့၏ အချစ်ရေးကို သူတို့စိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးထားသည်။
ရွှမ်ယီထံမှစကားဆုံးသည်နှင့် ၀မ်ဟူနှင့် မူချင်းချင်းတို့ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လျက် ပျော်ရွှင်စွာပြုံးလိုက်ကြ၏။
မူရွှမ်၏ မျက်၀န်းများလည်း တောက်ပသွားလေသည်။
ရွှမ်ယီ၏ ဆုံးဖြတ်ချက်ကြောင့် မူမိသားစုအနေဖြင့် ရွှမ်ယီနှင့် ပတ်သက်ဆက်နွယ်သွားချေပြီ။ ၀မ်ဟူတို့အတွဲ အနာဂါတ်တွင် အေးအေးချမ်းချမ်းနှင့် အခြေအနေတိုးတက်နေသ၍ မူမိသားစုအနေဖြင့် အဆုံးမရှိသော အကျိုးအမြတ်များ ရရှိနိုင်သည်။
ရွှမ်ယီက စကားဆုံးသည်နှင့် ၀မ်ဟူအား ရိုးရှင်းသော အပြုံးတစ်ခုပေးလိုက်၏။
လက်ရှိအခြေအနေက ကုယီယီအား မရယ်ပဲမနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။
လင်းဇီရင်က ၀မ်ဟူနှင့် အစောဆုံးထိတွေ့ဆက်ဆံလာခဲ့သူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ကြား အလွန်ဆက်ဆံရေးကောင်းမွန်၏။
သူမကလည်း မနေသာဘဲ ၀င်ပြောလိုက်သည်။
“ နင် ကောင်းကောင်းလေ့ကျင့်.. စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ နောက်ကျကျန်နေခဲ့လို့မဖြစ်ဘူး…”
ထိုစကားအားကြားလျှင် ၀မ်ဟူ၏ အမူအရာက လေးနက်သွားကာ ခေါင်းညိတ်လိုက်ပြီး
“ စိတ်ချပါ.. ကျွန်တော်က ဆရာ့ကို အရှက်မရစေအောင် သေချာပေါက် ကြိုးစားမယ်…”
သူက ယခုမှ အခြေခံတည်ဆောက်ခြင်းအဆင့်(၁)သာရှိသေး၏။ ထိုအရှိန်က ရွှမ်ယီထံတွင် တပည့်မဖြစ်မီကထက် အလွန်လျင်မြန်နေပြီဖြစ်သော်လည်း ကုယီယီ ၊ လင်းဇီရင်တို့နှင့် ယှဉ်လျှင် အဝေးကြီး၌ ပြတ်ကျန်ခဲ့ချေပြီ။
ထိုကိစ္စအားစဉ်းစားမိလိုက်ပြီး ၀မ်ဟူက ရုတ်တရက် သိချင်စိတ်ပြင်းပြလာခဲ့သည်။
ဆရာ အသစ်လက်ခံလာတဲ့ ဂျူနီယာညီမလေးကရော ဘယ်အဆင့်၌ ရှိနေသနည်း…?
“ ဂျီနီယာညီမလေး.. မင်းရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ…”
ထိုစကားအားကြားလျှင် စစ်ထူချင်၏မျက်၀န်းများက မှိန်ဖျော့သွားခဲ့၏။
သူမက ခေါင်းယမ်းလိုက်ကာ
“ စီနီယာအစ်ကို.. ကျွန်မ.. ကျွန်မရဲ့ ဝိညာဉ်အမြစ်က ဒဏ်ရာရထားတယ်.. အဲ့တာကြောင့် ကျင့်ကြံဖို့က ကျွန်မအတွက် မလွယ်ကူဘူး…”
စစ်ထူချင်ထံမှ စကားများအားကြားလျှင် လူတိုင်းငြိမ်သက်သွားခဲ့၏။ တပည့်(၃)ယောက်လုံး မျက်၀န်းများ၌ စာနာသနားဟန်များပေါ်လာခဲ့ကြသည်။
ဤကမ္ဘာကြီးမှာ စွမ်းအားကိုသာ လေးစားသောကမ္ဘာကြီးဖြစ်၏။ မကျင့်ကြံနိုင်လျှင် အောက်ခြေ၌သာရှိနေပေလိမ့်မည်။
ဤသည်အားမြင်လျှင် ရွှမ်ယီက ပြုံးလိုက်၏။
ရွှမ်ယီ၏ အပူအပင်အရှိသော မျက်နှာအားမြင်လျှင် လင်းဇီရင်၏ အမူအရာကပြောင်းလဲသွားခဲ့သည်။
‘ ငါ သိနေတယ်.. ဒီကိစ္စမှ ချွင်းချက်တစ်ခုရှိနေမယ်ဆိုတာ..’
“ ဆရာ… ဆရာက အရမ်းအစွမ်းထက်တာပဲကို.. ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိတယ်မလား…”
ထိုစကားများအားကြားလျှင် စစ်ထူချင်၏ ကိုယ်လုံးလေး အနည်းငယ်တုန်ယင်သွားခဲ့၏။
သူမ၏ မျက်၀န်းများထဲ၌ မျှော်လင့်ချက်တစ်စွန်းတစ်စနှင့် စိုးရိမ်မှု တစ်စွန်းတစ်စရှိနေခဲ့သည်။
ဆရာက သူမအား တပည့်လက်ခံစဉ်က ကံကြမ္မာအလိုအရဟုသာပြောခဲ့သည်။ ထို့အပြင် သူမ၏ အရည်အချင်းများနှင့် ပတ်သက်၌ တစ်ခွန်းမျှမဟခဲ့ချေ။
စစ်ထူချင် လမ်းခရီးတစ်လျှောက် ရွှမ်ယီအား ခဏခဏမေးခဲ့ဖူးသော်လည်း ရွှမ်ယီက အပြုံးဖြင့်သာ တုံ့ပြန်ခဲ့၏။
ထိုအချိန်တွင် ရွှမ်ယီက လင်းဇီရင်အား နှစ်ချိုက်စွာကြည့်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်လိုက်သည်။
သူမက ဓားတာအိုတွင် အလွန်ထိုးထွင်းသိမြင်နိုင်မှုအားကောင်းသလို အခြားကိစ္စများတွင်လည်း သူမက ထက်မြက်ပေသည်။
“ အမှန်ပဲ.. ငါ့ဆီမှာ နည်းလမ်းတစ်ချို့ရှိတယ်.. ဒါပေမယ့် အရေးကြီးတာတစ်ခုကတော့ စစ်ထူချင်ရဲ့ ခန္ဓာကိုယ်က အရမ်းထူးခြားတယ်…”
ထိုစကားများအားကြားလျှင် လူတိုင်း၏အတွေးများ ခရီးထွက်ကုန်ကြသည်။ ကုယီယီကမူ မျက်လုံးပြူးလျက်မေးလိုက်၏။
“ ဆရာ.. ဘာပြောချင်တာလဲ.. ဂျူနီယာညီမလေးမှာလည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိတာလား…”
အစောပိုင်းတွင် ကုယီယီ၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်အသက်၀င်နေခြင်းမရှိချေ။ ထို့ကြောင့် သူမ၏ အရည်အချင်းမှာ အလွန်နိမ့်ပါးနေခဲ့ရသည်။ သို့သော် ဆရာဖြစ်သူနှင့် တွေ့ပြီးနောက် သူမ၏ ကံကြမ္မာပြောင်းလဲသွားခဲ့၏။
သူမ၏ ကိုယ်တွေ့ဖြစ်ရပ်များကြောင့် ယခုလည်း ထိုသို့စဉ်းစားမိသွားခဲ့ခြင်းဖြစ်သည်။
“ မှန်တယ်.. မင်းရဲ့ ဂျူနီယာညီမလေးမှာ အင်ပါယာခန္ဓာကိုယ်ရှိတယ်… သူ့ရဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်က တော်တော်ထူးခြားပြီး အရမ်းလည်းအစွမ်းထက်တယ်… လက်ရှိမှာ သူမရဲ့ဝိညာဉ်အမြစ်က ကျိုးပဲ့ပြီး သွေးမျိုးဆက်ထိခိုက်ထားပေမယ့်……..”
ထိုစကားများအားကြားလျှင် စစ်ထူချင်က ရွှမ်ယီအား စိုက်ကြည့်လိုက်ပြီး သူမ၏ အ၀တ်များအား တင်းကြပ်စွာဆုပ်ကိုင်ထားမိလိုက်သည်။
သူမဘ၀တစ်လျှောက်လုံးတွင် အင်ပါယာခန္ဓာကိုယ်ဆိုတာထားဘိ ၊ စိတ်ဝိညာဉ်ခန္ဓာကိုယ်များအကြောင်းပင် မကြားဖူးခဲ့ချေ။ ကျောက်တုံးနတ်ဆိုးတစ်မြို့လုံးတွင်လည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိသူ တစ်ဦးတစ်ယောက်မှမရှိပေ။
သို့သော် သူမ၏ ခန္ဓာကိုယ်က မည်မျှအစွမ်းထက်နေစေကာမူ လက်ရှိ ဒဏ်ရာရနေသည်များအားကုသရန် အတော်လေးတန်ဖိုးကြီးမည်ဖြစ်ကြောင်း သူမ နားလည်ထား၏။
“ ဆရာ.. ဂျူနီယာညီမလေးကို ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲ…”
ထိုစကားအားကြားလျှင် ကုယီယီက မျက်မှောင်ကြုတ်လိုက်၏။
ရွှမ်ယီနှင့် မတွေ့စဉ်က သူမတွင် ရေခဲဝိညာဉ်ခန္ဓာကိုယ်ရှိလို့ရှိမှန်းပင်မသိခဲ့ချေ။ ထိုခန္ဓာကိုယ်က အသက်လည်း မ၀င်ခဲ့ချေ။
၎င်းအား အသက်သွင်းရန် ရေခဲဝိညာဉ်မြက်အား လိုအပ်သည်။ သူမဆရာနှင့် မတွေ့ခဲ့ဘဲ ရေခဲဝိညာဉ်ခန္ဓာကိုယ်ရှိမှန်း သိလာလျှင်တောင် ရေခဲဝိညာဉ်မြက်အား ရနိုင်စွမ်းမရှိချေ။
နောက်ဆုံးတွင် သူမဘ၀က သာမန်လူများကဲ့သို့သာ အဆုံးသတ်သွားပေလိမ့်မည်။
ဂျူနီယာညီမလေး၏ ခန္ဓာကိုယ်က အရမ်းအစွမ်းထက်သောလည်း လက်ရှိတွင် သူမ၏ ဝိညာဉ်အမြစ်က ကျိုးပဲ့နေပြီး သွေးမျိုးဆက်ကလည်း ပြတ်တောက်လုနီးပါးဖြစ်နေချေပြီ။ ဂျူနီယာညီမလေး၏ အခြေအနေက သူမထက်ပင် အကြောင်းဆိုးနေခဲ့၏။
ထိုအရာအား ပြန်လည်ကောင်းမွန်စေရန် တန်ဖိုးကြီးကြီးပေးဆပ်မှရပေလိမ့်မည်။