အခန်း (၉၅)
Vol. 7 Ch. 95
‘ ကမ္ဘာငယ်တွေကို ဘုရင်အဆင့်ရောက်ရင် ဖန်တီးလို့ရတာလား…’
ရွှမ်ယီအံ့ဩသွားခဲ့သည်။ ထိုကိစ္စအား သူတစ်ခါမှမကြားဖူးခဲ့ပေ။ ရွှေဘုရင်နှင့် တခြားသူများကလည်း ထိုအကြောင်းတစ်ခါမှ မပြောဖူးကြချေ။
ထိုသို့တွေးကြည့်လိုက်လျှင် ဘုရင်အဆင့်ကျင့်ကြံသူတွေက ကမ္ဘာငယ်များ ဖန်တီးနိုင်သည်ဆိုသော်လည်း ထိုအရာက ရိုးရှင်းဟန်မရပေ။
‘ မူလဘုရင်အဆင့်တစ်ယောက်အနေနဲ့ နယ်မြေတစ်ခုနားလည်ထားမှ လူသားဘုရင် ၊ ကောင်းကင်ဘုရင်တွေ ကမ္ဘာငယ်တည်ဆောက်တဲ့အချိန်မှာ ပါ၀င်နိုင်မယ်ထင်တယ်…’
ရွှမ်ယီ၏ မျက်လုံးများတောက်ပလျက် အတွေးလွန်နေခဲ့သည်။
ကြည့်ရသည်မှာ ကောင်းကင်ဘုရင်တစ်ယောက်က ကမ္ဘာငယ်တစ်ခုတည်ဆောက်လိုလျှင်ပင် ထိုမျှရိုးရှင်းလိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူတို့ဖန်တီးထားသော ကမ္ဘာငယ်များက စနစ်မှပေးသော ဆုလာဘ်နှင့်ယှဉ်လျင် အလွန်ကွာခြားပေလိမ့်မည်။
ရွှမ်ယီက အချိန်ကမ္ဘာငယ်အား ပိုင်ဆိုင်သွားလျှင် ထိုကမ္ဘာငယ်၏ အရှင်သခင်ဖြစ်သွားမည်ဖြစ်ပြီး ထိုအတွင်းမှအချိန်ကို စိတ်တိုင်းကျထိန်းချုပ်နိုင်မည်ဖြစ်သည်။ တစ်ခုတည်းသော လိုအပ်နေသည့်အရာက ဒြပ်စင်ငါးမျိုး အဆီအနှစ်ဖြစ်၏။
[ အနှစ်သာရကို အဆီအနှစ်လို့ပြောင်းသုံးထားပါတယ်]
ထိုအရာက အခြားဘုရင်အဆင့်များ၏ ကမ္ဘာငယ်နှင့် သူရရှိလာမည့်ကမ္ဘာငယ်အကြားမှကွာခြားချက်ဖြစ်သည်။ တခြားဘုရင်များ၏ ကမ္ဘာငယ် အသက်ကင်းမဲ့နေချိန်တွင် သူ၏ ကမ္ဘာငယ်က အသက်ဓာတ်များနှင့် ပုံမှန်ကမ္ဘာတစ်ခုကဲ့သို့ဖြစ်နေပေလိမ့်မည်။
‘ အဲ့တာက ဘယ်လောက်တောင်အစွမ်းထက်လိုက်မလဲ.. အိုး.. တွေးကြည့်လို့တောင်မရဘူး…”
ရွှမ်ယီ၏ မျက်၀န်းများအလွန်တောက်ပနေခဲ့ပြီး လက်သီးများပင် ကျစ်နေအောင်ဆုပ်ထားခဲ့၏။
“ ဆရာ….”
“ အေး…”
ရွှမ်ယီတစ်ယောက် အတွေးနယ်ချဲ့နေရာမှ ပြန်လည်သတိ၀င်လာခဲ့သည်။
သူက ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။
“ ကောင်းပြီ.. မင်းတို့ရဲ့ ဂျူနီယာညီမလေး ပြန်ပြီးကျန်းမာသွားပြီ.. မင်းတို့က သူ့ရဲ့ စီနီယာတွေအနေနဲ့ ပိုပြီးကြိုးစားအားထုတ်ရမယ်နော်.. နားလည်လား…”
ရွှမ်ယီက တစ်ခဏစဉ်းစားလိုက်ပြီးနောက် သူ၏ လက်အားဝှေ့ယမ်းလိုက်လျှင် အလင်းတန်းများထွက်ပေါ်လာပြီး တပည့်များလက်ထဲသို့ ရောက်သွားလေသည်။
အလင်းများပျောက်ကွယ်သွားချိန်တွင် ထိုပစ္စည်းများအားလုံး အဖိုးတန် ရတနာများ ၊ စိတ်ဝိညာဉ်ဆေးပင်များဖြစ်ကြောင်း လူတိုင်းမြင်လိုက်ရ၏။ ထိုပစ္စည်းများက သူတို့အားလုံး အဆင့်ကြီးတစ်ခု တက်သွားသည်အထိ ကျင့်ကြံရန်လုံလောက်ပေသည်။
“ ကျေးဇူးတင်ပါတယ်ဆရာ..”
ထိုမြင်ကွင်းက အနီးအနားမှ လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သည်။
ရွှမ်ယီ၏ တပည့်ဖြစ်လာရခြင်း အကျိုးကျေးဇူးတစ်ခုမှာ ၎င်းတို့အနေဖြင့် ဘယ်သောအခါမှ ကျင့်ကြံရန်အရင်းအမြစ်မချို့တဲ့ခြင်းဖြစ်၏။ ၎င်းတို့လိုအပ်သောအရာရှိနေသ၍ ထိုအရာများရရှိရန် ရွှမ်ယီ၌ အမြဲတမ်းနည်းလမ်းတစ်ခုရှိနေပေလိမ့်မည်။
ထို့အပြင်နောက်ထပ်အကျိုးကျေးဇူးတစ်ခုအနေဖြင့် မည်သူ့ကိုမှကြောက်စရာမလိုခြင်းပင်။ သူတို့က ဘယ်သူ့ကိုမှ ပြသနာသွားမရှာသလို မိမိတို့အား ပြသနာလာရှာလျှင်လည်း လုံး၀ကြောက်လန့်စရာမလိုပေ။
အဘယ်ကြောင့်ဆိုသော် သူတို့နောက်၌ ရန်သူတိုင်းကို ရှင်းလင်းပေးမည့် နောက်ခံအဖြစ် ရွှမ်ယီရှိနေသောကြောင့်ဖြစ်၏။
ထိုအရာများမှာ ကုယီယီတို့တစ်ဖွဲ့လုံးကိုယ်တွေ့ဖြစ်သည်။ စစ်ထူချင်အနေနှင့်လည်း အနာဂါတ်တွေ နားလည်လာပေလိမ့်မည်။
“ အရေးအကြီးဆုံးဆုလာဘ်က လနတ်ဘုရားရေကန်ပဲ.. ရေကန်က အခုတဖြည်းဖြည်းခမ်းခြောက်လာပြီဆိုတော့ အချိန်ဆွဲနေလို့မကောင်းဘူး ချက်ချင်းသွားမှဖြစ်မယ်… မင်းတို့အားလုံး ကျင့်ကြံနေခဲ့ကြဦး… ငါ လနတ်ဘုရားရေကန်ကိုသွားပြီး အဆင့်ချိုးဖျက်ချည်ဦးမယ်…”
တပည့်လေးယောက်လုံး လက်နှစ်ဖက်အားယှက်ကာ ဦးညွှတ်လိုက်ပြီး အတူတကွပြောလိုက်ကြသည်။
“ ဆရာရဲ့ ကျင့်ကြံမှု နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်ပါစေ….”
ရွှမ်ယီက အားလုံးကိုပြုံးပြလိုက်ပြီး မည်သည့်စကားမှတော့ ပြန်မပြောခဲ့ချေ။
ထိုလနတ်ဘုရားရေကန်က အဇူရာဒေသမဟာပြိုင်ပွဲ၌ သူပါ၀င်ခြင်း အဓိကအကြောင်းအရင်းပင်။
ရွှမ်ယီက စိတ်အားထက်သန်နေသော မျက်၀န်းများဖြင့် အဇူရာဘုရင်ထံမှရရှိထားသည့် တံဆိပ်ပြားအားထုတ်လိုက်သည်။ ထို့နောက် တံဆိပ်ပြား၏ လမ်းညွှန်မှုနောက်လိုက်ကာ လူအုပ်ကြီးအား နောက်ချန်ထားရစ်ခဲ့တော့၏။
ဖျောက်..!
တံဆိပ်ပြားမှ အလင်းတန်းမှေးမှိန်သွားချေပြီ။ ရွှမ်ယီ၏ ရှေ့တွင် အနားကပ်လာသူတိုင်းကို အသက်ရှုကြပ်သွားနိုင်သည့် စိတ်ဝိညာဉ်စွမ်းအင်အငွေ့များဖြင့် ၀န်းရံပြည့်နှက်သော လနတ်ဘုရားရေကန်ကိုတွေ့လိုက်ရသည်။
ထိုရေကန်ကြီးက မြေကြီးအတွင်း၌ နစ်မြုပ်နေပြီး အပေါ်ခြမ်းက မီးတောင်တစ်ခု၏ ထိပ်ပိုင်းအလားပင်။ နို့နှစ်ရောင်အလင်းတန်းများ ဖုံးလွှမ်းနေသည့် ရေကန်ကြီးအားကြည့်ရသည်မှာ မြေပြင်ထက်သို့ကျရောက်နေသည့် လမင်းကြီးအလားဖြစ်သည်။
ရေကန်က တိမ်ကောနေပြီဖြစ်သော်လည်း ရေကန်၏ အောက်ခြေတွင် အလွန်ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်များရှိနေသေး၏။
ရေကန်၏ ဘေးပတ်လည်တွက် လဝိညာဉ်မြက်များရှိနေပြီး ၎င်းတို့၏အဖျားတွင် စိတ်ဝိညာဉ်စွမ်းအင်များ ငွေ့ရည်ဖွဲ့ကာ ရေစက်များအလားဖြစ်နေပြီး မြေပြင်ထက်သို့ တစ်စက်ပြီးတစ်စက်ကျဆင်းနေလေသည်။
လဝိညာဉ်မြက်…
ထိုစိတ်ဝိညာဉ်ဆေးပင်က အဇူရာဒေသ၏ အင်အားစုကြီး(၁၀)ခုထံမှသာ ရရှိနိုင်သော ဆေးပင်တစ်မျိုးဖြစ်၏။ အပြင်လောကသို့ထွက်ပေါ်လာတိုင်း အုတ်အော်သောင်းတင်းဖြစ်သွားလေ့ရှိသည်။
“ ရတနာ နယ်မြေပဲ…”
ရွှမ်ယီက ပြုံးလိုက်သည်။ သူအား စိုက်ကြည့်နေသော အကြည့်များကိုလည်း ခံစားမိနေ၏။ သိုသော် လျစ်လျူရှုထားလိုက်ပြီး တံဆိပ်ပြားအား တင်ရမည့်နေရာတွင်တင်လိုက်သည်။ ထို့နောက် နေရာတစ်ခုရှာလျက် တင်ပလင်ခွေထိုင်လိုက်၏။
ဟူး…!
လနတ်ဘုရားရေကန်ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင် ရေခိုးရေငွေ့များအားလုံး ရွှမ်ယီအား ဗဟိုပြုလျက် စုစည်းလာခဲ့သည်။ ၎င်းတို့က ရွှမ်ယီအား ၀န်းရံထားပြီး စက်လုံးကြီးတစ်ခုအသွင်ဖြစ်နေ၏။ တစ်ခါတစ်ရံတွင် ရေကန်အောက်ခြေမှ အရည်များကလည်း ငွေရောင်ကြိုးမျှင်များအဖြစ်ပြောင်းလျက် ရွှမ်ယီထံ ရောက်ရှိလာတတ်သေးသည်။
တစ်ရက် ၊ နှစ်ရက်၊ သုံးရက်…
အချိန်များ ကုန်လွန်သွားခဲ့သည်။ ရွှမ်ယီ၏ အငွေ့အသက်များကလည်း ပန်းပဲဆရာထံတွင် အကြိမ်ပေါင်းများစွာ ပုံသွင်းခံထားရသော သံမဏိကဲ့သို့ သန့်စင်နေချေပြီ။
အညစ်အကြေးများ အားလုံးဖယ်ရှားခံလိုက်ရပြီး သန့်စင်လာခဲ့ကာ အရည်အသွေးမြင့်မားလာခဲ့သည်။
အဇူရာဒေသက သူ့အတွက် အလွန်သေးငယ်သော နေရာတစ်ခုအလား ဖြစ်နေချေပြီ။
ရွှမ်ယီက အဇူရာဒေသကဲ့သို့ နေရာငယ်လေး၌သာ ကျင်လည်လိုခြင်းမရှိချေ။ ရွှေလက်ချောင်း(စနစ်)ရှိသော လူအနေနှင့် အဆက်မပြတ် မြင့်တက်နေသင့်သည်။
သူ့ဇာတ်ခုံက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး ၊ ထိုမျှမက ချန်ရွှမ်(လေးနက်ခြင်းနတ်ဘုရား)ကုန်းမြေတိုက်ကြီး တစ်ခုလုံးပင်ဖြစ်သင့်၏။
လက်ရှိတွင် သူက ငြိမ်သက်နေခဲ့ပြီး တစ်ဖြည်းဖြည်းမြင့်တက်လာကာ အဆက်မပြတ်အားကောင်းလာနေခဲ့သည်။
….
အချိန်အတန်ကြာ ကျင့်ကြံပြီးချိန်တွင် ရွှမ်ယီအား ၀န်းရံထားသည့် စိတ်ဝိညာဉ်စွမ်းအင် အခိုးအငွေ့များ လှုပ်ရှားလာ၏။ ထို့နောက် လနတ်ဘုရားရေကန်၏ အောက်ခြေမှ လက်ကျန် အရည်များအားလုံးကို ရွှမ်ယီက စုပ်ယူလိုက်လေသည်။
အချိန်တစ်ခုကြာသွားပြီးနောက်
ဘုန်း…
လနတ်ဘုရားရေကန်တစ်ခုလုံးနှင့် ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များအားလုံး ရွှမ်ယီအား ဗဟိုပြုလျက် စုစည်းလာခဲ့သည်။
ထို့နောက် ထိုစွမ်းအင်များက လေပွေတစ်အလား လှည့်ပတ်နေ၏။ တစ်ခဏအကြာတွင် ထိုစွမ်းအင်များအားလုံး အုန်းကနဲ ပေါက်ကွဲကာ ဘေးကားထွက်သွားပြီး ချက်ချင်း ရွှမ်ယီထံသို့ စုစည်း၀င်ရောက်သွားခဲ့သည်။
ရွှစ်..
ရုတ်တရက် အဖြူရောင်ပုံရိပ်လေးတစ်ခု လေပေါ်သို့ ရောက်ရှိသွား၏။ လေတိုးသံနှင့်အတူ သူ့နံဘေးတွင် စွမ်းအင်လှိုင်းလုံးများ ဖြစ်ပေါ်နေသည်။။ သူ့ ခန္ဓာကိုယ်မှ အရှိန်အဝါများလည်း တဖြည်းဖြည်းမြင့်တက်လာပြီး တိမ်များအထက်သို့ပင် ဖြတ်ကျော်သွား၏။
ရွှမ်ယီ အခြေတည်ဝိညာဉ်အဆင့်(၉) သို့ရောက်သွားချေပြီ။
လနတ်ဘုရားရေကန် အနီးပတ်၀န်းကျင်မှ အစောင့်များက ရွှမ်ယီအား တုန်လှုပ်နေသော မျက်၀န်းများဖြင့် ငေးကြည့်နေခဲ့ကြ၏။ တစ်ဖက်မှ လနတ်ဘုရားရေကန်အားလည်းကြည့်ကာ ရင်ဘတ်များ နာကျင်နေကြလေသည်။
“ ဒီကောင်လေးက အခြေတည်ဝိညာဉ်အဆင့်(၉)တောင်ရောက်သွားပြီ.. သူက ဘုရင်အဆင့်ကိုရောက်မှာ အသေအချာပဲ.. ဒါပေမယ့် တစ်ခုရှိတာက သူက လနတ်ဘုရားရေကန် လက်ကျန်ကို အကုန်သုံးပစ်လိုက်ပြီ….”
ရွှမ်ယီက မျက်လုံးများမှိတ်ထားကာ ပြုံးနေခဲ့၏။
သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲများကိုခံစားကာ စိတ်ကျေနပ်လေသည်။ သူအခြေတည်ဝိညာဉ်အဆင့်(၉)သို့ရောက်သွားချေပြီ။ ဘုရင်အဆင့်နှင့် တစ်လှမ်းပို၍ နီးလာပြီဖြစ်၏။
သူ၏ စွမ်းအားများလည်း အလွန်အမင်းတိုးလာခဲ့၏။
ယခင်က အစောပိုင်းမူလဘုရင်များအား သတ်ရန် နယ်မြေအားအသုံးပြုရပေသည်။
သို့သော် ယခုတွင် ကျင့်ကြံမှုအခြေခံနှင့် ဓားရည်ရွယ်ချက်အဆင့်(၃)အား သုံးပြီး ၎င်းတို့အား ရင်ဆိုင်နိုင်စွမ်းရှိနေချေပြီ။
ဟင်းလင်ပြင်ဓားနယ်မြေအားအသုံးပြုလိုက်လျှင် အလယ်အလတ်မူလဘုရင်များအား တိုက်ခိုက်နိုင်စွမ်းရှိလာမည်ဖြစ်ပြီး နယ်မြေနှစ်ခု တစ်ပြိုင်တည်းအသုံးပြုပါက နှောင်းပိုင်း မူလဘုရင်များကိုပင် ကြောက်စရာမလိုတော့ချေ။
………