← Chapters

အခန်း (၉၆)

Vol. 7 Ch. 96

အခန်း (၉၆)

Vol. 7 Ch. 96

“ အဆင့်ချိုးဖျက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် သခင်လေးရွှမ်ယီ…”

ရွှမ်ယီက မြင့်တက်လာသော စွမ်းအားများအပေါ် သာယာနေစဉ် လနတ်ဘုရားရေကန်အပြင်ဘက်မှ နူးညံ့သော အသံတစ်ခုအားကြားလိုက်ရ၏။

၎င်းကိုကြားလျှင် ရွှမ်ယီ အံ့အားသင့်သွားခဲ့သည်။ သူက ရေကန် အပြင်ဘက်အခြမ်းဆီသို့ လှမ်းကြည့်ကာ ပြုံးပြလိုက်၏။

“ မစ္စရှု မတွေ့တာတောင်ကြာပြီ‌ပဲ.. ဒါနဲ့ အပြင်မှာစောင့်နေတာ ကြာပြီလား…”

ရွှမ်ယီက လနတ်ဘုရားရေကန်တွင် မင်ယွဲ့ရှုနှင့် လာဆုံမည်ဟု လုံး၀ထင်မှတ်ထားခဲ့ခြင်းမရှိချေ။

“ သိပ်တော့မကြာသေးပါဘူး…”

ရွှမ်ယီက လနတ်ဘုရားရေကန်တွင် သူ့ကိစ္စများအားလုံး ပြီးဆုံးပြီဖြစ်ရာ အပြင်သို့ထွက်လာခဲ့၏။

မင်ယွဲ့ရှုက နှင်းဖြူရောင်၀တ်စုံအား၀တ်ဆင်ထားပြီး အလွန်နူးညံ့စွာပြုံးလျက် ရွှမ်ယီရှေ့၌ ရပ်နေသည်။ ထိုမြင်ကွင်းက လနတ်ဘုရားရေကန်၏ ပတ်ပတ်လည်မှ အစောင့်များအား အံ့ဩမှင်သက်သွားစေ၏။

လနတ်ဘုရားရေကန်အား အဇူရာဒေသမှ အဓိကအင်အားစုကြီး(၁၀)ခုက ထိန်းချုပ်ထားသည့်အားလျှော်စွာ ထိုနေရာ၌ အစောင့်ကျနေကြသူများအဖို့ အင်အားစုကြီးများမှ လူများအား စိမ်းသက်ခြင်းမရှိချေ။

သို့သော် တောက်ပသောမိသားစုမှ ပုလဲရတနာလေး ဤကဲ့သို့ အလွန်သိမ်မွေ့နူးညံ့ပြီး လှပစွာပြုံးနေသည်အား သူတို့ဘ၀တစ်လျှောက်လုံး တစ်ကြိမ်မှမြင်ဖူးခဲ့ခြင်းမရှိပေ။

“ သခင်လေးရွှမ်ယီ.. ရှင်နာမည်ကြီးနေပြီ…”

“ အိုး.. အဲ့လိုလား.. ဆိုပါဦး ကျုပ်ကဘယ်လို နာမည်ကြီးတာလဲ…”

ရွှမ်ယီက ရှေ့မှအမျိုးသမီးအားကြည့်လျက် အသာအယာပြုံးလိုက်၏။ ရွှမ်ယီအနေဖြင့် နာမည်ကျော်ကြားမှုအား လုံး၀ဂရုစိုက်ခြင်းအလျင်းမရှိပေ။

မကြာမီအချိန်တွင် သူက ဒေသအစုံနှင့် တိုက်ကြီးများအား ရွက်လွှင့်မည်ဖြစ်သည်။ သူ့အနေဖြင့် တိုက်ကြီး(၄)ခုလုံး၌ နာမည်ကြီးလာရန် အချိန်တစ်ခုသာလို၏။

“ အဇူရာဒေသမဟာပြိုင်ပွဲကြီးရဲ့ ပထမဖြစ်တဲ့အပြင် နတ်ဆိုး‌အဆင့်က လူတိုင်းကို အနိုင်ယူခဲ့မှတော့ ဘယ်လိုလုပ်ပြီ မကျောကြားပဲနေမှာလဲ.. ရှင်သိလား.. အခုဆိုရှင်က လူငယ်မျိုးဆက်တွေအားလုံးထဲမှာ နံပါတ်(၁)ပဲ…”

မင်ယွဲ့ရှုက ပေါ့ပေါ့ပါးပါးပြုံးလျက် ပြောလိုက်၏။ သူမ၏ မျက်၀န်းများကလည်း တောက်ပနေသည်။ ရွှမ်ယီ လူတိုင်း၏ပါးစပ်ဖျား၌ ချီးကျူးခံနေရသည့်အပေါ် သူမက အလွန်ပျော်ရွှင်နေဟန်ရ၏။

“ ဒါပေမယ့် ကျွန်မလည်း မဆိုးပါဘူး.. ကျွန်မနာမည်က အဇူရာအဆင့်ရဲ့ ထိပ်ဆုံး(၁၀)ယောက်ထဲမှ ရှိနေဆဲပဲလေ…”

မင်ယွဲ့ရှုက ရွှမ်ယီအား စူးနက်စွာကြည့်လျက် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

“ ‌ဒါနဲ့.. ရှင်အားလား…”

“ ဘာကိစ္စရှိလို့လဲ…”

…

ရွှမ်ယီက မင်ယွဲ့ရှုရောက်လာရခြင်း၏ အဓိကအကြောင်းအရာအား သိလိုနေခဲ့သည်။

လနတ်ဘုရားရေကန် အပြင်ဘက်တွင် မင်ယွဲ့ရှုနှင့် တိုက်ဆိုင်စွာဆုံတွေ့စရာအကြောင်းမရှိပေ။ သူမက အကြောင်းကိစ္စတစ်ခုခုကြောင့် သူအား လာရှာခြင်းဖြစ်ဟန်တူသည်။

သို့သော် မည်သည့်ကိစ္စမှန်း သူလည်းမသိချေ။

“ ပါရမီရှင်စုဝေးပွဲ…”

ရွှမ်ယီ၏ နားလည်ဟန်မရှိသော အမူအရာအားမြင်လျှင် မင်ယွဲ့ရှုကပြုံးလိုက်ပြီး ဆက်ရှင်းပြလိုက်သည်။

သခင်လေးရွှမ်ယီက အမြဲတမ်း နှိမ့်ချကာနေထိုင်ခဲ့သူဖြစ်၏။ သို့ဖြစ်၍ မည်သူမှ မပြောပြဘဲနှင့် ထိုကိစ္စအား သိနေမည်မဟုတ်ချေ။

မင်ယွဲ့ရှုက ထိုအချက်အားတွေးမိခဲ့သည်။ ထို့အပြင် တောက်ပသောလမိသားစုက လနတ်ဘုရားရေကန်နှင့်လည်း ဝေးကွာခြင်းမရှိသောကြောင့် သူမက အပြေးလာကာ ရွှမ်ယီအား ပြောပြခြင်းဖြစ်၏။

“ ပါရမီရှင်စုဝေးပွဲဆိုတာ (၁၀)နှစ်တစ်ကြိမ် အနီးပတ်၀န်းကျင်ဒေသတွေစုစည်းပြီးကျင်းပတဲ့ ပွဲတစ်ခုပဲ.. အဲ့ဒီစုဝေးပွဲကို ဒေသအသီးသီးက ပါရမီရှင်တွေတက်ရောက်ကြတယ်.. ပြီးရင် အဲ့ပွဲမှာ အချင်းချင်း ပညာတွေ အမြင်တွေ ဖလှယ်လေ့ရှိတာပေါ့… နှစ်ထောင်နဲ့ချီပြီး ကြာလာတဲ့အခါကျတော့ အဲ့ဒီပွဲက လူတွေ စိတ်၀င်စားမှုအရှိဆုံးပွဲတစ်ခုလို့တောင် ပြောလို့ရတယ်… အဲ့ဒီပွဲကျင်းပတဲ့အချိန်က ဒေသအသီးသီးက ပါရမီရှင်တွေ စုစည်းတဲ့အချိန်ပဲ… အဲ့မှာ အစွမ်းပြနိုင်ရင် ဒေသအသီးသီးရဲ့ အာရုံကို ဆွဲဆောင်နိုင်လိမ့်မယ်…”

“ သခင်လေးရွှမ်ယီ အဲ့ဒီပွဲက အဇူရာအဆင့်ကထပ်ဆုံး(၁၀)ယောက်သွားလို့ရတယ်.. ဘယ်လိုလဲ ရှင် ကျွန်မတို့နဲ့လိုက်မလား…”

မင်ယွဲ့ရှုက ချိုမြိန်စွာပြုံးလိုက်၏။ သူမနှင့် ရွှမ်ယီတို့ တစ်ယောက်နှင့်တစ်ယောက် သိကြသည်မှာ အတော်လေးကြာချေပြီ။ ယခုတစ်ခေါက်ကျင်းပမည့်နေရာက အဇူရာဒေသတွင်မဟုတ်ချေ။ အကယ်၍ ရွှမ်ယီသာ လိုက်ခဲ့ရန်လက်ခံလိုက်မည်ဆိုပါက လမ်းခရီးတစ်လျှောက် သူမတို့နှစ်ဦး အရင်ကထက် ပို၍ နီးစပ်လာပေလိမ့်မည်။

ထိုစိတ်ကူးက ဘိုးဘေး နှင်းဘုရင်ထံမှ သဘောတူညီချက် အပြည့်အ၀ရရှိထားလေသည်။ အမှန်တကယ်တွင် မင်ယွဲ့ရှု လနတ်ဘုရားရေကန်သို့ အစောကြီးရောက်လာရခြင်းမှာ နှင်းဘုရင်၏ ဇွတ်တိုက်တွန်းမှုကြောင့်ဖြစ်၏။

နှင်းဘုရင်အနေဖြင့် သူမတို့မိသားစုမှ လူငယ်များအား ရွှမ်ယီနှင့် နီးစပ်စေလိုသည်မှာ ကြာမြင့်ချေပြီ။ သူမက မင်ယွဲ့ရှုနှင့် ရွှမ်ယီ အလွန်ရင်းနှီးကြောင်း သိလိုက်ရချိန်၌ အင်တိုက်အားတိုက် အားပေးအားမြှောက်ပြုလုပ်ခဲ့၏။

“ ပါရမီရှင်စုဝေးပွဲတဲ့လား….”

ရွှမ်ယီက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ ထားလိုက်ပါ.. အဲ့လိုပွဲမျိုးကျ ကျုပ် တကယ်စိတ်မ၀င်စားဘူး…”

ရွှမ်ယီက မင်ယွဲ့ရှု၏ ကမ်းလှမ်းချက်အား အပြုံးနှင့် ငြင်းပယ်လိုက်သည်။

ထို စုဝေးပွဲဆိုသည်မှာ အခြေတည်ဝိညာဉ်အဆင့် လူငယ်လေးများ၏ တွေ့ဆုံးခြင်းပွဲတစ်သာဖြစ်၏။ သူတို့က တာအိုသဘောတရားများအကြောင်းအနည်းငယ်ဆွေးနွေးကြပြီး အပြန်အလှန် သိုင်းကွက်များ ဖလှယ်သည့်အနေဖြင့် တိုက်ခိုက်လေ့ရှိကြသည်။

အမှန်တိုင်း‌ဆိုရလျှင် ထိုစုဝေးပွဲ၌ မည်သည့် ဆုလာဘ်မှမရှိချေ။

တိုက်ပွဲနှင့် ပတ်သက်လျှင်မူ ရွှမ်ယီ မောက်မာလွန်းနေခြင်းမဟုတ်ပေ။ ထိုလူငယ်တစ်ခုက သူနှင့်ယှဉ်လျှင် အလှမ်းကွာလွန်းလှသည်။ သူ့အနေဖြင့် ထိုလူများအား အနိုင်ကျင့်နေသည့်အလား ဖြစ်နေပေလိမ့်မည်။

မှန်ပေသည်။ ရွှမ်ယီက အဇူရာဒေသမဟာပြိုင်ပွဲတွင်လည်း တကူးတက၀င်ရောက်ယှဉ်ပြိုင်ပြီး သူများအား စိတ်ဒုက္ခပေးလိုခြင်းမရှိချေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပါ၀င်ခဲ့သနည်းဟု မေးစရာရှိလာပေလိမ့်မည်။ အဖြေကား ရိုးရှင်းသည်။ ဆုလာဘ်များကြောင့်ဖြစ်၏။

သဘာ၀ကျစွာပြောရလျှင် အကျိုးအမြတ်မရှိသော ကိစ္စတစ်ခုအား ရွှမ်ယီ လုံး၀စိတ်မ၀င်စားချေ။

ထိုအပြင် ထိုစုဝေးပွဲအကြောင်းကြားသည့်တိုင် စနစ်မှ အရံတာ၀န် ၊ ကြားဖြတ်တာ၀န် စသည့်ဖြင့် ထွက်ပေါ်လာခြင်းမရှိပေ။ ထိုကြောင့် ထိုခရီးမှာ လုံး၀အကျိုးမရှိ‌ခြင်းဖြစ်ရပေမည်။

မင်ယွဲ့ရှုက ရွှမ်ယီ၏ ငြင်းပယ်မှုနှင့်ပတ်သက်ပြီး သိပ်မအံ့ဩချေ။ ရွှမ်ယီထံမှ ထွက်ပေါ်လာသော စကားများက သူမ၏ ခန့်မှန်းချက် ဘောင်အတွင်း၌သာရှိ၏။

သို့သော် ပါရမီရှင်စုဝေးပွဲက ဒေသအသီးသီး၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ ထိုနေရာ၌ မှတ်တမ်းတစ်ခုကျန်အောင် လုပ်နိုင်ခဲ့ပါက ထိုလူ၏ ဒေသကို (၁၀)နှစ်တိုင်တိုင် လူအများက သိနေကြပေလိမ့်မည်။

ထို့ကြောင့် မင်ယွဲ့ရှုက ရွှမ်ယီအား ထိုကိစ္စကိုပြောပြပြီး ထပ်မံကမ်းလှမ်းကြည့်လိုက်ပြန်သည်။ သို့သော် ရလဒ်က ငြင်းပယ်ခြင်းပင်။ ဤတစ်ကြိမ်တွင် မင်ယွဲ့ရှု အနည်းငယ်စိတ်ပျက်သွားခဲ့ရ၏။

“ ကိစ္စမရှိပါဘူး.. သခင်လေးရွှမ်ယီက ဒီလိုပွဲမျိုးကို စိတ်မ၀င်စားလောက်ဘူးဆိုတာ ကျွန်မ ခန့်မှန်းမိပြီးသားပါ…”

ရွှမ်ယီ၏ ယုံကြည်မှု အပြည့်နှင့် တည်ငြိမ်နေသည့် အကြည့်များအား မင်ယွဲ့ရှုက လှပသော မျက်၀န်းကလေး‌များဖြင့် ပြန်လည်ကြည့်နေခဲ့ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိသည်။

သူမရှေ့မှ ထိုလူက အခြေတည်ဝိညာဉ်အဆင့်(၇)၌ ရှိနေစဉ်ကပင် ကြက်သွေးနတ်ဆိုးဒေသမှ အရွေးချယ်ခံ ပါရမီရှင်တိုင်းကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိ၏။ ယခုတွင် သူ၏ ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အဆင့်(၉)သို့ပင် ရောက်သွားခဲ့ပြီးဖြစ်ရာ စွမ်းအားများမည်မျှ တိုးလာမည်မှန်း ခန့်မှန်းကြည့်၍ပင်မရတော့ချေ။

ပတ်၀န်းကျင်ဒေသများမှ အရွေးချယ်ခံ ပါရမီရှင်များမှာ အမြင့်ဆုံးမှ အခြေတည်ဝိညာဉ်အဆင့်(၅) ပတ်ချာလည်သာဖြစ်၏။ ထိုလူများက သခင်လေးရွှမ်ယီနှင့် အနည်းငယ်လေးမျှပင် ယှဉ်နိုင်စွမ်းရှိမည်မဟုတ်ပေ။

သို့သော် ဒေသအသီးသီးမှ လူငယ်မျိုးဆက်များကတော့ ၎င်းတို့၏ ဦးခေါင်းအား ဖြုတ်၍ ပေးရမည်ဆိုလျှင်ပင် ထိုစုဝေးပွဲ၌ ပါ၀င်လိုကြ၏။

ရွှမ်ယီအတွက် ထိုစုဝေးပွဲက အဓိပ္ပါယ်မရှိလှသည့်တိုင် အခြားသူများအတွက်လည်း ထိုကဲ့သို့ဖြစ်မည်ဟု မဆိုလိုချေ။

“ ရှင်မလိုက်ဘူးဆိုတော့လည်း.. ကျွန်မ ကိုယ့်ဟာကိုယ်ဘဲ သွားလိုက်ပါတော့မယ်…”

ရွှမ်ယီက ရယ်မောလျက် ခေါင်းအနည်းငယ်ယမ်းလိုက်၏။

“ ဒါဆိုလည်း ဂရုစိုက်ပါ .. ကျုပ်ကတော့ အခုမှ အဆင့်ချိုးဖျက်ထားတာဆိုတော့ နက်နဲဓားဂိုဏ်းကိုပြန်ပြီး အခြေတည်ဝိညာဉ်အဆင့်(၉)မှာ တည်ငြိမ်အောင်လုပ်ရဦးမယ်…”

All Chapters