အခန်း (၉၇)
Vol. 7 Ch. 97
ပါရမီရှင်စုဝေးပွဲ…
ဆယ်နှစ်တစ်ကြိမ်..
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာအကြာက ထိုပွဲမှာ သာမန် တာအိုဆွေးနွေးခြင်း ပွဲတစ်ခုသာဖြစ်ခဲ့၏။ သို့သော် နှစ်ပေါင်းများစွာကြာလာသည့်နှင်အမျှ လူသိများလာပြီး ပို၍ ကြီးကျယ်ခမ်းနားသောပွဲတစ်ခုဖြစ်လာခဲ့သည်။ လက်ရှိအချိန်တွင် ဆယ်နှစ်တိုင်း အနီးပတ်၀န်းကျင်ဒေသများမှ ပါရမီရှင်များစုဝေးပွဲဖြစ်နေချေပြီ။
ပါ၀င်ခွင့်ရသူတိုင်း ၎င်းတို့၏ သက်ဆိုင်ရာဒေသများ၌ ထိပ်ဆုံးဆယ်ယောက်၀င်သူများဖြစ်ကြ၏။
ဤကဲ့သို့ ပါရမီရှင်များစွာစုဝေးကြခြင်းက လူအများစု၏ အာရုံကိုဆွဲဆောင်နိုင်သည်မှာ သာမန်ကိစ္စတစ်ခုပင်။
အနက်ရောင်လေဒေသ ၊ အနက်ရောင်လေနိုင်ငံ ၊ အနက်ရောင်ရေမြို့…..
မရေမတွက်နိုင်သော လူငယ်လူရွယ်များ လွန်ခဲ့သည့် တစ်နှစ်ကတည်းက ဤနေရာသို့ တစ်ဖွဲဖွဲရောက်လာနေကြသည်။ ထိုလူငယ်များက အနက်ရောင်လေဒေသမှ လူများဖြစ်ကြပြီး ၎င်းတို့အနေနှင့် သွားရလာရလွယ်ကူသောကြောင့် အစောကြီးရောက်ရှိနေကြခြင်းဖြစ်၏။
ယခုတစ်ကြိမ်ကျင်းပမည့် စုဝေးပွဲက အနက်ရောင်လေဒေသ ၊ အနက်ရောင်ရေမြို့တွင်ဖြစ်ပြီး အနီးပါတ်ဝန်းကျင်ဒေသမှ လူများလည်း အစုလိုက်အပြုံလိုက် ရောက်ရှိလာနေကြသည်။
ထိုလူများထဲမှ အများစုမှာ စုဝေးပွဲ၌ ပါ၀င်ရန် အရည်အချင်းမမှီကြပေ။ ပရိတ်သတ်များအဖြစ် လာရောက်ကြခြင်းဖြစ်၏။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက ထိုပွဲသို့လာသောပရိတ်သတ်များအနေဖြင့် ပြိုင်ပွဲ၀င်တစ်ချို့ထံမှ ပစ္စည်းများရရှိလျှင် ၎င်းတို့ဒေသကိုပြန်ရောက်ပါက ထိုအရာများအား ရောင်းချခြင်းဖြင့် အမြတ်အစွန်းများစွာရရှိခဲ့ကြသည်။
စုဝေးပွဲ၌ ပါ၀င်သူတိုင်းက ပါရမီရှင်များဖြစ်သဖြင့် ၎င်းတို့၏ ပစ္စည်းများက သာမန်ထက် လူကြိုက်များကာ ပို၍ တန်ဖိုးကြီးနေခြင်းဖြစ်၏။
ထို့အပြင် ထိုစုဝေးပွဲ၌ ပါ၀င်သူများအားလုံး အရှိန်အဝါကြီးမားသည့် ပါရမီရှင်များဖြစ်သည်။ မည်သူက ၎င်းတို့နှင့် မဆုံတွေ့ချင်ပဲနေလိမ့်မည်နည်း။
သူတို့ကိုယ်တိုင်မပါ၀င်နိုင်သော်လည်း ဘေးမှအားပေးရရုံ မြင်ရရုံနှင့် အလွန်ကျေနပ်နေကြပြီဖြစ်၏။
“ ကြည့်လိုက်.. အဲ့တာ ငါတို့ အနက်ရောင်လေဒေသက နံပါတ်(၁) ဟိုင်ရန်ပဲ…”
“ ဟုတ်တယ်…”
“ အဲ့တာတင်မဟုတ်သေးဘူး.. ကြက်သွေးနတ်ဆိုးဒေသကလူတွေကိုကြည့်ဦး.. ဟိုတစ်လောက မေ့ပျောက်နတ်ဆိုးနန်းတော် ဖျက်ဆီးခံရတယ်လို့ သတင်းကြားခဲ့တယ်.. အခု ကြက်သွေးနတ်ဆိုးဒေသကလူတွေ အရင်လို မောက်မာတာမျိုးမရှိတော့ဘူး….”
“ ဒါ ဖြစ်သင့်တဲ့ကိစ္စပဲလေ…”
အနက်ရောင်လေမြို့တော်၌ မရေမတွက်နိုင်သည့်မျက်လုံးများက မြို့တွင်းသို့ စိုက်ကြည့်နေကြသည်။ ရွှေးချယ်ခံ ပါရမီရှင်များရောက်လာတိုင်း သောင်းသောင်းဖျဖျကြိုဆိုတတ်ကြ၏။
လက်ရှိ အာရုံအစိုက်ခံရဆုံးမှာ ကြက်သွေးနတ်ဆိုးဒေသနှင့် အနက်ရောင်လေဒေသတို့ ဖြစ်ပေသည်။
အနက်ရောင်လေရွေးချယ်ခံများအတွက်မူ လက်ရှိရောက်ရှိနေကြသူများတွင် အနက်ရောင်လေဒသခံအများစုရှိနေသော ကြောင့်ဖြစ်ပြီး ကြက်သွေးနတ်ဆိုးဒေသကတော့ ၎င်းတို့၏ နာမည်ဆိုးကြောင့်ဖြစ်၏။
၎င်းတို့က စုဝေးပွဲတိုင်းကို ကြမ်းတမ်းသွားအောင်ပြုလုပ်လေ့ရှိကြသည်။
သို့သော် ဤတစ်ကြိမ်တွင် ၎င်းတို့ မမောက်မာဘဲ ငြိမ်ကုပ်နေသည့် အပေါ် လူတိုင်း ၀မ်းမြောက်၀မ်းသာဖြစ်နေကြ၏။
“ အဇူရာဒေသကလူတွေလည်း ရောက်လာပြီ…”
“ အားလုံးလူစုံနေပြီဆိုတော့.. မကြာခင် စုဝေးပွဲစတင်တော့မှာပေါ့…”
အခြေတည်ဝိညာဉ်အဆင့်(၈) ကျင့်ကြံသူတစ်ဦးဖြစ်သော အနက်ရောင်ရေမြို့တော်၀န်က အလွန်စိတ်လှုပ်ရှားနေခဲ့၏။ သူက ပတ်ဝန်းကျင်တစ်ခုလုံးအား အသည်းအသန်အာရုံစိုက်နေခဲ့သည်။ တစ်ခုခုမှားယွင်းသည်အားမြင်သည်နှင့် ချက်ချင်းအထက်ကိုသတင်းပို့ရန် သူ့တာ၀န်ဖြစ်၏။
ပါရမီရှင်စုဝေးပွဲဆိုသည်မှာ အနီးပတ်၀န်းကျင်ဒေသများ အပါအ၀င် အကြီးအကျယ်အခမ်းနားဆုံးပွဲကြီးတစ်ခုဖြစ်သည်။
ထိုပွဲလက်ခံကျင်းပရန် ရွေးချယ်ခံရသည့် နေရာအဖို့ အလွန်တာ၀န်ကြီးသော ကိစ္စတစ်ခုဖြစ်၏။
ထိုပွဲတွင် ပတ်၀န်းကျင်ဒေသများအားလုံးမှ ပါရမီရှင်များအားလုံး စုစည်းပါ၀င်နေကြသည်ဖြစ်ရာ တစ်ခုခုမှားယွင်းသွားသည်နှင့် ပတ်၀န်းကျင်ဒေသများအားလုံး မုန်တိုင်းထန်သွားပေလိမ့်မည်။
အခြေတည်ဝိညာဉ်အဆင့်(၈) ကျင့်ကြံသူတစ်ဦးဖြစ်သည့်တိုင်အောင် မတည်ငြိမ်နိုင်ဖြစ်နေခဲ့၏။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အနက်ရောင်ရေမြို့အား ကာကွယ်ရန် အနက်ရောင်လေဘုရင်က ဘုရင်တစ်၀က်အဆင့်များအား စေလွှတ်ခဲ့သည်။
သို့သော် ဤမြို့အား ကာကွယ်စောင့်ကြည့်နေသည့် ဘုရင်အဆင့်များလည်းရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲချေ။
အနက်ရောင်လေ မြို့တော်၀န် ချွေးများသုတ်လိုက်၏။ သူ့အနေဖြင့် တော်တော်လေး ဖိအားခံစားနေရသည်။
လက်ရှိအချိန်တွင် စုဝေးပွဲတရား၀င် စတင်ကျင်းပနေပြီဖြစ်၏။
ပါ၀င်သူများအားလုံး လူငယ်များဖြစ်ကြပြီး အနီးပတ်၀န်းကျင်ဒေသများမှဖြစ်ရာ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းစွာသိထားကြသည်။
ပြိုင်ပွဲကျင်းပရာနေရာသို့ စုရုံးရောက်ရှိလာကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် နှုက်ဆက်လိုက်ကြ၏။
“ ကိုင်း.. ကျုပ်အရင်ဆုံးရှေ့ထွက်လိုက်မယ်ဗျာ.. ဘယ်တာအိုရောင်းရင်းက ကျုပ်နဲ့ တိုက်ခိုက်ချင်မလဲမသိဘူး…”
ဟောင်ဒေသမှ နံပါတ်(၁) ပါရမီရှင်က ရှေ့ထွက်လာကာ မေးလိုက်၏။
ဟောင်ဒေသဆိုသည်မှာ တောင်ပိုင်းတိုက်ကြီး၏ အစွန်အဖျားဒေသများထဲမှာမှ အစွန်အဖျားဒေသတစ်ခုဖြစ်ပေသည်။ ၎င်းတို့ထံတွင် ဘုရင်အဆင့်(၁၀)ယောက်ပြည့်အောင်ပင်မရှိချေ။ အရင်းအမြစ်နည်းပါးမှုနှင့် တကွ ကျန်သောကိစ္စအ၀၀တွင် အားနည်းမှုများကြောင့် ထိုဒေသမှ ပါရမီရှင်များမှာ အရမ်းအားကောင်းလေ့မရှိပေ။
“ အဲ့တာ ဟောင်ဒေသက နံပါတ်(၁) ပါရမီရှင်ပဲ…”
ဟောင်ဒေသက ဝေးလံချောင်ကျသော ဒေသတစ်ခုဖြစ်သည်။ ထိုဒေသမှလူများအနေဖြင့် စုဝေးပွဲ၌ တောက်ပခွင့်ရရန် အခွင့်အရေးနည်းလွန်းလှ၏။ သို့သော် ဤတစ်ကြိမ်တွင် သူတို့က အရင်ဆုံးရှေ့ထွက်လာခဲ့သည်။ ပုံမှန်ထက်ပိုပြီး အာရုံစိုက်မှူနည်းနည်းပိုရအောင် လုပ်ဆောင်နေခြင်းပေလော…။
“ တာအိုအစ်ကို စိတ်နည်းနည်းထင့်သွားပြီ…”
ရွှစ်…
စင်မြင့်ပေါ်သို့ တက်လာသူတိုင်း မာနကိုယ်စီနှင့်ဖြစ်ကြသည်။ ကိုယ့်ကိုယ်ကို တကူးတကနှိမ့်ချဆက်ဆံနေကြမည်မဟုတ်ပေ။
လက်ရှိ စင်မြင်ပေါ်သို့ တက်သွားသောတစ်ယောက်က အနက်ရောင်လေဒေသမှ အဆင့်(၁၀)ဖြစ်သော ဟိုင်လင်းဖြစ်၏။
ထိုတက်လာသူထံမှ ဖိအားအနည်းငယ်ခံစားလိုက်ရသဖြင့် ဟောင်မူက ရှေ့သို့တိုးအား လက်သီးတစ်ချက်ထိုးလိုက်ပြီး လက်ဦးမှုရယူလိုက်သည်။
“ ၀မ်ချူလျူ…” [သိုင်းကွက်အမည်]
ဘုန်း…
အခြေတည်ဝိညာဉ်အဆင့်(၃)၏ ခွန်အား အပြည့်အ၀ပေါက်ကွဲထွက်လာခဲ့သည်။ ဟောင်ဒေသ၏ နာမည်ကြီးသိုင်းကွက်ဖြစ်သော ၀မ်ချူလျူအား တန်းပြီးအသုံးပြုလိုက်ခြင်းဖြစ်၏။
ဤသည်မှာ ဟောင်မူ၏ အစွမ်းထက်ဆုံးသိုင်းကွက်ဖြစ်ပြီး ၎င်းအား အခြေတည်ဝိညာဉ်အဆင့်(၄) ကျင့်ကြံသူပင် ပေါ့ပေါ့ဆဆသဘောထား၍ မရချေ။
ဝှစ်ရှ်..
ဟိုင်လင်း၏ ခန္ဓာကိုယ် အနည်းငယ်လှုပ်ရှားသွားသည်။ ထိုတိုက်ခိုက်မှုအား ကာကွယ်လိုက်ပြီး နောက်သို့ခြေလှမ်းအနည်းငယ်ရွေ့သွားခဲ့၏။ ထို့နောက် သူ့ထံမှ နိုးထားလာသော ကျားတစ်ကောင်အလား အရှိန်အဝါများပေါက်ကွဲထွက်လာသည်။
“ အနက်ရောင် ချီလင်လက်သီး…”
ဘန်း..
ဟောင်မူ အနောက်သို့ လွင့်စင်သွား၏။
“ ကဲ.. ဒီတစ်ကြိမ်ဘယ်သူလာမလဲ…”
လူတိုင်းအံ့ဩသွားကြသည်။
ထို့နောက် လူနှစ်ဦး တစ်ယောက်ပြီးတစ်ယောက် တက်သွားခဲ့သည်။ သို့သော် သူတို့လည်း အနက်ရောင်ချီလင်လက်သီးအား ခုခံနိုင်ခြင်းမရှိကြချေ။ စင်အောက်သို့လွင့်စင်သွားခဲ့၏။
ထို့နောက် တိုက်ပွဲ တစ်ဒါဇင်လောက်လက်ဖြစ်ပွားခဲ့သည်။
ဘန်း…
စင်မြင့်ထက်တွင် လူပုံရိပ်တစ်ခု နောက်သို့ ခြေလှမ်းဆယ်နှင့်ချီ၍ ဆုတ်သွား၏။ ထိုပုံရိပ်က ဟိုင်လင်းဖြစ်ပြီး သူ၏နှုတ်ခမ်းထောင့်တွင်လည်း သွေးများစီးကျနေသည်။
“ သူ ဆက်ပြီးတောင့်မခံနိုင်တော့ဘူး..”
“ နောက်ထပ် နှစ်ကွက်လောက်ဆိုရင်သူရှုံးတော့မယ်…”
စင်မြင့်ထက်မှ ဟိုင်လင်း ရှုံးနိမ့်တော့မည့် လက်က္ခဏာများပြလာချိန်တွင် ပတ်၀န်းကျင်၌ ဆွေးနွေးသံများညံသွားခဲ့၏။
လူတိုင်းထင်ထားသကဲ့သို့ တစ်ခဏအကြာတွင် ဟိုင်လင်း ရှုံးနိမ့်သွားခဲ့သည်။ သူစင်အောက်ဆင်းသွားပြီးနောက် နောက်တစ်ယောက် တက်လာခဲ့၏။ ထိုလူက အနက်ရောင်လေအဆင့်(၉) ဖြစ်ပေသည်။
“ သူတို့က ထိပ်ဆုံးရောက်ဖို့ကြိုးစားနေကြတာလား…”
အဇူရာဒေသဘက်အခြမ်းမှ မင်ယွဲ့ရှုက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။
ယခင်နှစ်များတစ်လျှောက်လုံး အနက်ရောင်လေဒေသက ကြက်သွေးနတ်ဆိုးဒေသထံတွင် အဆက်မပြတ်ဖိနှိပ်ခြင်းခံခဲ့ရသည်။ ယခုတွင် ကြက်သွေးနတ်ဆိုးဒေသမှ ပါရမီရှင်(၁၀)ယောက်လုံးမရှိတော့သည်ဖြစ်ရာ အနက်ရောင်လေဒေသ ဦးမော့လာကြချေပြီ။
တခြားသောဒေသများမှ အရွေးချယ်ခံများလည်း မျက်မှောင်ကြုတ်သွားခဲ့၏။
သူတို့က အနက်ရောင်လေဒေသ၏ ရည်ရွယ်ချက်အစစ်အမှန်အား နားမလည်ကြသော်လည်း ဤနေရာသို့ ရောက်လာသူများအားလုံး ပါရမီရှင်များချည်းသာဖြစ်သည်။ လူတိုင်း မာနရှိသူများချည်းဖြစ်၏။ ထို့ကြောင့် အနက်ရောင်လေဒေသ၏ လုပ်ရပ်က လူတိုင်းကို သွေးများဆူပွက်လာစေသည်။