အခန်း (၉၉)
Vol. 7 Ch. 99
နင်းရှောင်၏ မျက်လုံးများအတွင်း၌ မယုံကြည်နိုင်ဟန်များ ပြည့်နှက်နေသည်။ အနီးပတ်၀န်းကျင်ဒေသများတွင် ဟိုင်ရန်ကိုသာ ပါရမီရှင်အဖြစ်ထင်မှတ်ခဲ့၏။ သို့သော် သူမက ပုန်းကွယ်နေသော နဂါးများအား လျှော့တွက်မိခဲ့ချေပြီ။
ဟိုင်ရန်၏ အမူအရာလည်း ပျက်ယွင်းနေလေသည်။ သူ့ကိုယ်သူ အရမ်းအစွမ်းထက်လှပြီဟု ထင်ထားခဲ့ခြင်းဖြစ်၏။ နင်းရှောင်တစ်ယောက်မှလွဲလျှင် မည်သည့် လူငယ်မျိုးဆက်မှ သူ့အာရုံအားမဆွဲဆောင်နိုင်ချေ။
သို့သော် အဇူရာဒေသမှ နံပါတ်(၁) လူငယ်က ဓားရည်ရွယ်ချက်ကိုတောင် နားလည်သဘောပေါက်ထားတယ်တဲ့လား….?
ဟိုင်ရန်က အမြင်စူးရှိပေသည်။ ကျန်းချန်သုံးလိုက်သည်က ကနဦးဓားရည်ရွယ်ချက်မဟုတ်ဘဲ အစစ်အမှန်ဓားရည်ရွယ်ချက်ဖြစ်ကြောင်း သူနားလည်၏။
“ ဓားရည်ရွယ်ချက်လား…”
ပါရမီရှင်စုဝေးပွဲ၌ နံပါတ်(၁)ရမည်ဟု လူအများထင်ကြေးပေးထားသည့် ပုဂ္ဂိုလ် လုံး၀တည်ငြိမ်နေနိုင်စွမ်းမရှိတော့ချေ။
လူတိုင်း လက်ရှိတိုက်ပွဲအား စိတ်မ၀င်စားတော့ဘဲ ကျန်းချန်၏ ဓားရည်ရွယ်ချက်ကိုသာ စိတ်၀င်စားကြတော့သည်။ လူအုပ်ကြီး သိုင်းစင်မြင့်အား ဝိုင်းအုံလာခဲ့၏။
သို့သော် နင်းရှောင်က ကျန်းချန်အနားတွင်ဖြစ်သဖြင့် သူမက လက်ဦးမှုရကာ မေးမြန်းလိုက်ခြင်းဖြစ်သည်။
ထိုစကားများအားကြားလျှင် ကျန်းချန်၏ အတွေးများထဲ၌ ၀တ်စုံဖြူနှင့် လူငယ်တစ်ယောက် ပုံရိပ်အား ပြန်လည်မြင်ယောင်မိသွား၏။ ထိုလူက သူပင်လုံ၀မယှဉ်သာသော နတ်ဆိုးအဆင့်မှလူတိုင်းအား ဓားတစ်ချက်ဖြင့် တုန်လှုပ်သွားစေခဲ့သည်။
နယ်မြေတစ်ခုအားပင်အသုံးပြုပြီး ဘုရင်အဆင့်တစ်ယောက်ကိုပါ သတ်ခဲ့သေး၏။
“ ဒီဓားရည်ရွယ်ချက်က ချီးကျူးမှုနဲ့ ထိုက်တန်လို့လား…”
ကျန်းချန်က ခါးသက်စွာပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သူက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းပါ ချလိုက်သေး၏။
ရွှမ်ယီနှင့် ယှဉ်လျှင် သူက ရွှမ်ယီ၏ ဆယ်ပုံတစ်ပုံလောက်ပင် သန်မာခြင်းမရှိချေ။
“ ဒါက အဇူရာအဆင့် နံပါတ်(၁)ပါရမီရှင်ရဲ့ မြင့်မြတ်တဲ့နှလုံးသားလား…”
နင်းရှောင်တုန်လှုပ်သွားခဲ့၏။ ကျန်းချန်က ဓားရည်ရွယ်ချက်အား နားလည်ထားသည့်တိုင် မောက်မာခြင်းအလျင်းမရှိဘဲ အလွန်နှိမ့်ချနေခဲ့သည်။
ဟိုင်ရန်၏ ခန္ဓာကိုယ်လည်း တုန်ခါသွားခဲ့ရသည်။
ဒီကောင်လေး.. ဒီလိုမျိုး ရင့်ကျက်တဲ့နှလုံးသား….
‘ အဇူရာအဆင့် နံပါတ်(၁)…’
ထိုစကားများအား ကျန်းချန်ကြားလျှင် ခေါင်းယမ်းလိုက်၏။ သူက ခါးသက်သက်ပြုံးလိုက်ပြီး
“ ကျုပ်က နံပါတ်(၁) မဟုတ်ပါဘူး…”
ထိုစကားကြောင့် လူတိုင်း အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့ရသည်။
“ နှိမ့်ချနေစရာမလိုပါဘူး…”
“ ဟုတ်တယ်.. မင်းရဲ့ ခွန်အားကို ငါတို့အားလုံး အသိပဲလေ… သေချာပေါက် မင်းက နံပါတ်(၁) ပါရမီရှင်ပဲ… မင်းမဟုတ်ရင် ဘယ်သူလဲ ပြောကြည့်…”
ကျန်းချန်က ခါးသီးနေသော မျက်နှာဖြင့် လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်။
နံပါတ်(၁)တဲ့လား.. အဲ့ဒီလူရှေ့မှာ ဘယ်လိုလူကများ နံပါတ်(၁)လို့ ကိုယ့်ကိုယ်ကိုပြောရဲမှာလဲ…
သူက လက်ရှိပါရမီရှင်စုဝေးပွဲ၌ နံပါတ်(၁) ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အဇူရာဒေသတွင်မူ လုံး၀မဖြစ်နိုင်ပေ။
“ ခင်ဗျားတို့ မသိပါဘူး…”
ကျန်းချန်က လက်နှစ်ဖက်အား နောက်သို့ပစ်လိုက်၏။ သူ၏ မျက်လုံးများက တောက်ပလာခဲ့ပြီး ခါးသီးနေသော အမူအရာများပျောက်ကွယ်သွားလေသည်။ သူ၏ ဓားသဏ္ဌာန်မျက်ခုံးများအောက်မှ မျက်၀န်းများထဲတွင် အလွန်ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းတစ်ခုအား ပြန်လည်မြင်ယောင်နေပေသည်။
“ ခင်ဗျားတို့ နားမလည်ပါဘူး.. အဲ့ဒီလူအတွက် ဓားရည်ရွယ်ချက် ၊ ပါရမီရှင်စုဝေးပွဲ ၊ ဘွဲ့တံဆိပ် အဲ့တာတွေအားလုံး အဓိပါယ်မရှိဘူး…”
ဘယ်သူလဲ…
အဲဒီသူဆိုတာ.. ဘယ်သူလဲ….
လက်ရှိတွင် ပတ်၀န်းကျင်တစ်ခုလုံးမှ လူတိုင်း အံ့ဩနေကြ၏။
ထို့ပြင် အဇူရာဒေသမှန် ကျန်လူများကလည်း ကျန်းချန်၏ စကားအား ငြင်းပယ်ဟန်မရှိကြချေ။ လူတိုင်း သဘောတူနေကြပုံရ၏။
ထိုအချင်းအရာက ကျန်းချန်အနေဖြင့် ဇွတ်နှိမ့်ချနေခြင်းမဟုတ်သလို လိမ်ပြောနေခြင်းလည်းမဟုတ်ကြောင်း ဆိုလိုနေခြင်းပင်။
အဇူရာဒေသမှာ ကျန်းချန်ထက် ပိုအစွမ်းထက်တဲ့လူရှိသေးတာလား….?
“သူက…”
ကျန်းချန်က သူ့တစ်ဘ၀လုံးမဖြတ်ကျော်နိုင်လောက်သည့် ဖြစ်တည်မှုအလားခံစားမိခဲ့ပြီး ကောင်းကင်အထက်သို့ မော့ကြည့်မိလိုက်၏။
ထို့နောက် သူက ဖြည်းညှင်းစွာပြောလိုက်သည်။
“ သူ့နာမည်က ရွှမ်ယီလို့ခေါ်တယ်.. ကျုပ်က သူ့ရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် အစွမ်းမထက်ဘူး…”
ကျန်းချန်း၏ စကားမဆုံးခင်ကပင် လူတိုင်း အသက်ရှုကြပ်သွားသလိုခံစားလိုက်ရ၏။
အားလုံး တုန်လှုပ်သွားကြလေသည်။
ကျန်းချန်ပင် ထိုကဲ့သို့ချီးကျူးရသည့် ရွှမ်ယီက မည်မျှ အစွမ်းထက်လေသနည်း။
နင်းရှောင်က လက်သီးအား တင်းကြပ်စွာဆုပ်ထားခဲ့ပြီး သူမ၏ မျက်၀န်းများရှုပ်ထွေးနေခဲ့သည်။
‘ ကမ္ဘာကြီးမှာ အဲ့လောက်တောင် အစွမ်းထက်တဲ့လူရှိနေပြီလား..’
နင်းရှောင်၏ မျက်နှာက ရှုပ်ထွေးမှုအပြည့်နှင့်ဖြစ်၏။ သူမက အနည်းငယ်ခေါင်းယမ်းလိုက်ပြီး စိတ်ထဲတွင် အလွန်တုန်လှုပ်နေခဲ့သည်။
သူမ၏ မျက်လုံးထဲတွင် ဟိုင်ရန်မှာ အတော်လေးအစွမ်းထက်နေချေပြီ။ သူက အနက်ရောင်လေဒေသ လူငယ်မျိုးဆက် ခေါင်းဆောင်တစ်ယောက်လည်းဖြစ်၏။
သူက အနက်ရောင်လေလူငယ်မျိုးဆက် တစ်ခုလုံး၌ နံပါတ်(၁) ဖြစ်နေခဲ့သော်လည်း ကျန်းချန်နှင့် တွေ့ပြီးနောက် ဘာမှမဟုတ်တော့ချေ။
အစောပိုင်းတွင် သူမက အဇူရာဒေသမှ လူငယ်များကို ပျမ်းမျှသာဖြစ်သည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခုတွင် ထိုကဲ့သို့မဟုတ်ကြောင်း နားလည်သွားချေပြီ။
ကျန်းချန်အားကြည့်ရသည်မှာ အဆိုပါ ရွှမ်ယီဆိုသောလူအား အလွန်လေးစားနေဟန်ရသည်။
ကျန်းချန်က ဓားရည်ရွယ်ချက်အား နားလည်ထားခဲ့ပြီး ဤအနီးပတ်၀န်းကျင်ဒေသများ၌ နံပတ်(၁)လူငယ်မျိုးဆက်အဖြစ် ယူဆ၍ ရနေပြီဖြစ်သည်။
ဒါတောင်မှ သူက ရွှမ်ယီရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိသေးဘူးတဲ့လား…
၎င်းက အလွန်ထိတ်လန့်စရာကောင်းလွန်းလှသည်။
………………..
ထိုအချိန်တွင် အဇူရာဒေသ အပြင်ဘက် ကြယ်လေထုအလွှာ၌ ဧရာမ လှေပျံကြီးတစ်စင်း လေဟာနယ်အား ထိုးဖောက်လျက် ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
ထိုလှေပျံကြီးက ဒေသဖြတ်ကျော် လှေပျံကြီးတစ်ခုဖြစ်ပြီး မြောက်များစွာသော ရတနာများအား အသုံးပြုကာ တည်ဆောက်ထားခြင်းဖြစ်၏။
၎င်းတွင် ဒေသများအားဖြတ်ကျော်ပျံသန်းနိုင်ရန်အတွက် အမျိုးမျိုးသော ဖွဲ့စည်းတည်ဆောက်ပုံများနှင့် ကိုယ်ထည်အတွက် အမျိုးမျိုးသော ရတနာများအသုံပြုထားပေသည်။
ထိုလှေပျံကြီးက လေဟာနယ်အားထိုးဖောက်ပြီးလျှင် ကိုယ်ထည်ကို စွမ်းအင်အကာအရံတစ်ခုနှင့် ဖုံးအုပ်လျက် ကြယ်လေအလွှာအတွင်း၌ ဖြည်းညှင်းစွာ ပျံသန်းလေ့ရှိ၏။
ဘုရင်တစ်ယောက်ကိုပင် ထိခိုက်စေနိုင်စွမ်းရှိသော ကြယ်လေအလွှာအတွင်းမှ မုန်တိုင်းများက ၎င်း၏ အကာအကွယ်ကို ထိခိုက်စေနိုင်စွမ်းမရှိချေ။
ထိုပေါ်လာသော လှေပျံကြီးထက်တွင် အဆောက်အအုံများ အစီအရီရှိနေသည်။
အဝေးမှကြည့်လျှင် ပျံသန်းနေသည့် ကျွန်းငယ်လေးတစ်ခုအလားပင်။
လှေပျံ၏ ဦးပိုင်းတွင် တန်ဖိုးကြီးအ၀တ်အစားများ ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးက နံဘေးမှ အဖော်ဖြစ်သူအားလှည့်ကြည့်ပြီး မေးလိုက်သည်။
“ အောက်ဘက်ကဒေသ နာမည်က ဘာများလဲ…”
“ တောင်ပိုင်းတိုက်ကြီးရဲ့ အစွန်အဖျားပိုင်းက ဒေသငယ်လေးတစ်ခုပါ.. နာမည်ကတော့ အဇူရာဒေသလို့ခေါ်တယ်.. အဲ့နေရာမှာရှိတဲ စိတ်ဝိညာဉ်စွမ်းအင်က သနားစရာကောင်းလောက်အောင်နည်းပါးတယ်.. ဘာမှထူးထူးခြားခြားမဟုတ်ဘူး…”
ထိုနှစ်ယောက်ထဲမှ တစ်ယောက်၏ လက်ထဲတွင် သံလိုက်အိမ်မြှောင်ခပ်ငယ်ငယ်လေးတစ်ခုရှိနေပြီး ၎င်းက အဇူရာဒေသဘက်သို့ ညွှန်ပြနေပြီး အလင်းစက်လေးတစ်ခုလည်းရှိနေခဲ့သည်။
ထိုအချင်းအရာအားမြင်ပြီးနောက် တစ်ယောက်က လက်ကိုဝှေ့ယမ်းလိုက်လျှင် တောက်ပသောအလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ကာ လှေပျံကြီး၏ ရွက်တိုင်တွင်ရှိနေသော လေပေါ်မှာ အလံအား ထိမှန်သွား၏။
ဘုန်း…!
လှေပျံကြီးက လေထဲတွင် ဖြည်းညှင်းစွာ ရပ်တန့်သွားလေသည်။
လှေပျံကြီးရုတ်တရက်ရပ်တန့်သွားသောကြောင့် ပတ်၀န်းကျင်တွင် လေများ တစ်ဝုန်းဝုန်းမြည်အောင် တိုက်ခတ်သွားခဲ့၏။ တိမ်တိုက်များအထက်မှ ကျယ်လောင်သောအသံများထွက်ပေါ်နေပြီး ၎င်းထံမှ ဖိအားကို အတော်ဝေးဝေးတစ်နေရာကပင် ခံစားနိုင်သည်။
၎င်းမှာ လေဟာနယ်အား ဆွဲဖြဲကာ အတွင်းရှိ စွမ်းအားကြီးမားသော လေထုထဲတွင် ပျံသန်းနိုင်သည့် လှေပျံကြီးတစ်စင်းဖြစ်ချေသည်။
“ စိတ်ဝိညာဉ်ရှာဖွေခြင်းသံလိုက်အိမ်မြှောင်က အဇူရာဒေသကိုညွှန်ပြနေတယ်.. ကြည့်ရတာ အဇူရာဒေသမှာလည်း ကျုပ်တို့ ရွှမ်မိသားစုရဲ့ ပင်မသွေးရင်းရှိတယ်နဲ့တူတယ်…”
ထိုနှစ်ယောက်ထဲမှ သံလိုက်အိမ်မြှောင်ကိုင်ထားသည့်တစ်ယောက်က ဂါထာများ ရွက်ဆိုလိုက်၏။ ထိုလူ၏ ရွတ်ဆိုခြင်းပြီးဆုံးသွားသောအခါ သံလိုက်အိမ်မြှောင်၏ လက်တံက အလွန်လျင်မြန်စွာလည်သွားခဲ့ပြီး တဖြည်းဖြည်းနှေးလာက နောက်ဆုံးတွင် တိကျသော နေရာတစ်ခု၌ ရပ်တန့်သွားလေသည်။
“ တောင်ဘက်..! အဇူရာဒေသရဲ့ အစွန်အဖြားပိုင်းပဲ.. ကျောက်စိမ်းဆွဲသီးကရော ဘယ်လိုအခြေအနေရှိလဲ…”
ဆွှစ်ရှ်…
တခြားတစ်ယောက်က အဆက်မပြတ်တုန်ခါနေသည့် ကျောက်စိမ်းဆွဲသီးအား ထုတ်ယူလိုက်ပြီး သူ၏ မျက်၀န်းများက နတ်အလင်းတန်းများဖြင့် တောက်ပသွားသည်။
“ ကျုပ်မမှားဘူး.. အောက်ဖက်မှာ ကျုပ်တို့မိသားစုက ကလေးတွေရှိကိုရှိရမယ်.. အချိန်တွေတဖြည်းဖြည်းနီးကပ်လာပြီ.. မကြာခင် ပင်မသွေးရင်းတွေ ယိုးယွင်းပျက်စီးတော့မယ်.. ဒေသဖြတ်ကျော် လှေပျံကို ဒီမှာ ခနရပ်ထားခဲ့မယ်.. မြန်မြန်သွားပြီး မြန်မြန်ပြန်လာရအောင်…”
နောက်တစ်ယောက်ကလည်း ခေါင်းညိတ်လိုက်၏။ သူ့အကျီရင်ဘတ်အတွင်းမှ ကျောက်စိမ်းဆွဲသီးလေးတစ်ခုအား ထုတ်ယူလိုက်ပြီး ခြေမွှပစ်လိုက်သည်။
ကျောက်စိမ်းဆွဲသီးအတွင်း၌ ပါ၀င်သော ပြင်းထန်သည့် စိတ်ဝိညာဉ်ယွမ်စွမ်းအင်က ၎င်းတို့ရှေ့မှာ လေဟာနယ်အား ခွဲချလိုက်၏။
“ သွားကြစို့…”