← Chapters

အခန်း (၁၀၁)

Vol. 7 Ch. 101

အခန်း (၁၀၁)

Vol. 7 Ch. 101

ကြက်သွေးနတ်ဆိုးဒေသ၏ တောင်ပိုင်း နှင့် မြောက်ပိုင်းအား ဆေဘာဘုရင်က သူ၏ ဆေဘာရည်ရွယ်ချက်အားအသုံးပြုကာ လွှမ်းမိုးခဲ့ခြင်းဖြစ်၏။

ဤသို့ဖြင့် ဆေဘာဘုရင်ဟု အမည်တွင်လာခဲ့ခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် သူ့ထံမှ ဆေဘာအလင်းတစ်ချက်လက်သွားသည်နှင့် ရန်သူ၏ ဦးခေါင်း ကိုယ်နဲ့ တွဲလျက်ရှိတော့မည်မဟုတ်ချေ။

ယခုတွင်မူ ထိုနှစ်ယောက်အား အရှင်းဖမ်းရန်အတွက် ခွန်အားလျှော့ချထား၏။

သို့သော် ဘုရင်အဆင့်တစ်ယောက် အသုံးပြုလိုက်သည့် ဆေဘာရည်ရွယ်ချက် အနည်းငယ်မျှသာဖြစ်သော်လည်း ဘုရင်တစ်၀က်အဆင့်များ ခုခံနိုင်သည့်အရာမဟုတ်ပေ။

ဝှစ်ရှ်..

ဘုရင်တစ်၀က်အဆင့်နှစ်ယောက်လုံး အရူးအမူးထွက်ပြေးရန်ကြိုးစားကြတော့၏။ သူတို့ထံမှနေ၍ ထိုဓားချက်အား ကာကွယ်ရန်အတွက် ဘုရင်အဆင့်များသာ ပိုင်ဆိုင်နိုင်သည့် စိတ်ဝိညာဉ်ယွမ်စွမ်းအင်များ ထွက်ပေါ်လာသည်။

သို့‌တိုင် သူတို့နှစ်ဦး မချိမဆံ့ခံစားလိုက်ရ၏။ ကောင်းကင်ယံထက်၌ သွေးများဖြာထွက်သွားလေသည်။ သူတို့၏ ခန္ဓာကိုယ်များ နောက်သို့ လွင့်စင်သွားခဲ့၏။

“ ဒါ ဆေဘာရည်ရွယ်ချက်ပဲ..”

သူတို့၏ နှလုံးသားတစ်ခုလုံး တင်းကြပ်သွားကြသည်။ သူတို့၏ ပတ်၀န်းကျင်မှ လေဟာနယ်အားဆွဲခွဲကာ လွတ်မြောက်နိုင်ရန် ကြိုးစားလိုက်၏။

ရွှစ်…!

“ ဘယ်သွားမလို့လဲ…”

ရွှေဘုရင်က ညာဘက်လက်အားဆန့်လိုက်ပြီး ဆုပ်ချလိုက်သည်။

ဘုန်း..!

စိတ်ဝိညာဉ်ယွမ်စွမ်းအင်ဖြင့် ပြုလုပ်ထားသည့် ဧရာမလက်ကြီးတစ်ခုဖြစ်ပေါ်လာပြီး ၎င်းတို့၏ ပတ်၀န်းကျင်အား ကျပ်ခဲသွားစေကာ ချုပ်နှောင်လိုက်၏။

တစ်ချိန်တည်း၌ပင် ၎င်းတို့နှစ်ဦးအား ဆုပ်ကိုင်ကာ ဖမ်းဆီးလိုက်လေသည်။

“ ဟမ့်..”

ရွှေဘုရင်၏ မျက်နှာလည်း အေးစက်နေခဲ့သည်။

သာမန် ဘုရင်တစ်၀က်အဆင့်များတွင် ထိုနှစ်ယောက်လောက် များပြားသည့် ကာကွယ်ခြင်း ထွက်ပြေးခြင်းနည်းလမ်းများရှိမည်မဟုတ်ပေ။

သာမန်အတိုင်းဆိုလျှင် ဆေဘာဘုရင်၏ ပထမဆုံးတိုက်ခိုက်မှု၌ပင် ၎င်းတို့ လုံ၀မကာကွယ်နိုင်ဘဲ ရှုံးနိမ့်သွားသင့်သည်။

သို့သော် ထိုနှစ်ဦးက ကာကွယ်လိုက်နိုင်သည့်အပြင် လေဟာနယ်အားခွဲကာ ထွက်ပြေးရန်ပင် ကြိုးစားလိုက်ကြသေး၏။

ထိုလူများထံ၌ လေဟာနယ်အား ဖြတ်သန်းသွားရန်နည်းလမ်းများပင်ရှိနေခဲ့သည်။ အကယ်၍ သူတို့သာ အနည်းငယ်သတိလွတ်သွားပါက ထိုနှစ်ကောင်လွတ်မြောက်သွားနိုင်ချေရှိ၏။

ထိုနှစ်ဦး လွတ်သွားပါက သူတို့နှစ်ယောက်… ရှေ့ဆက်ပြီးမတွေးဝံ့တော့ချေ။

“ ဟမ့်..”

ဤသည်အားတွေ့မိပြီးလျှင် ရွှေဘုရင်၏ အမူအရာက ပို၍ နက်မှောင်လာခဲ့သည်။ သူ၏ ဘုရင်အဆင့်အရှိန်အဝါအား ထုတ်ဖော်ကာ ထိုနှစ်ယောက်အား ဖိနှိပ်လိုက်၏။

“ ကျုပ်တို့ကို မသတ်ပါနဲ့…”

“ ဟုတ်ပါတယ်.. ကျုပ်တို့မှာ မကောင်းတဲ့ရည်ရွယ်ချက် လုံး၀မရှိပါဘူး…”

နှစ်ယောက်သား ခါးသီးနေသောအမူအရာများဖြင့် ချက်ချင်းတောင်းပန်လိုက်ကြ၏။

လက်ရှိအချိန်တွင် သူတို့နှစ်ယောက်က အခြားတစ်ယောက်၏ လက်အတွင်းရောက်နေချေပြီ။ ဘုရင်အဆင့်နှစ်ယောက်၏ ဒေါသထွက်ကာ မဲမှောင်နေသည့် အမူအရာများကြောင့် ၎င်းတို့၏ ခံစားချက်များ ပို၍ ဆိုးရွားလာတော့သည်။

မုန်တိုင်းထန်သောပင်လယ်ကြီးထက်၌ မျောပါနေသည့် လှေငယ်လေး တစ်စင်းကဲ့သို့ခံစားနေရ၏။

“ ငါတို့ မဆင်မခြင်လုပ်မိခဲ့တာပဲ…”

သူတို့အနေဖြင့် ဤကဲ့သို့ဂိုဏ်းငယ်လေး၌ ဘုရင်အဆင့်နှစ်ဦးရှိနေရန် ယောင်လို့ပင်မတွေးမိကြချေ။

မူလက ကိစ္စများ အလျင်အမြန်ပြီးသွားစေရန် သူတို့၏ အရှိန်အဝါအား တိုက်ရိုက် ထုတ်ဖော်ခဲ့ကြသော်လည်း သံပြားကိုမှ သွားကန်မိခဲ့သည်။

“ ပြော.. မင်းတို့က ဘယ်သူလဲ.. ဘယ်အဖွဲ့အစည်းကလဲ..”

“ လိမ်ဖို့မကြိုးစားနဲ့.. နက်နဲဓားဂိုဏ်းကိုလာပြီး သခင်လေးရွှမ်ယီကို ဘယ်လိုလုပ်ပြီး စော်ကားရဲတာလဲ…”

ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့၏ အကြည့်များက ဂိုဏ်း၏ အနောက်ဘက်မှ တောင်တစ်လုံထံသို့ ကျရောက်သွားခဲ့သည်။

“ ကျုပ်တို့က ကောင်းကင်ဒေသကလာတာပါ…”

“ ကျုပ်တို့ မိသားစုက မျိုးဆက်ကိုရှာဖို့ စီနီယာတို့ရဲ့ မြင့်မြတ်နယ်မြေကိုရောက်လာခဲ့တာပါ.. စီနီယာတို့ကိုစော်ကားဖို့ လုံး၀မရည်ရွယ်ခဲ့ပါဘူး…”

နှစ်ယောက်သား အံ့ဩတုန်လှုပ်နေသည့် အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့၏ မောက်မာမှုများ လုံး၀မရှိတော့ချေ။

ဘုရင်အဆင့်နှစ်ယောက်ဆိုသည့် စွမ်းအားက သူတို့အား နှိမ့်ချစေရန် လုံလောက်သည်။ သူတို့ ကောင်းကင်ဒေသ၌ ရှိနေလျှင်ပင် ဘုရင်အဆင့်အား အလွယ်တကူသွားပြီး ရန်စ၍မရပေ။

သူတို့အား ပို၍ အံ့ဩတုန်လှုပ်သွားစေသည့်အရာက ဘုရင်အဆင့်နှစ်ဦး၏ နှုတ်ဖျားမှထွက်လာသည့် သခင်လေး ရွှမ်ယီဟူသည့် နာမည်ဖြစ်သည်။

ဘုရင်အဆင့်ဆိုသည်မှာ လွတ်လပ်ပြီး အထိမ်းအကွပ်မဲ့သည့် အဆင့်မျိုးဖြစ်သည်။

သို့သော် သူ့ရှေ့မှ ဘုရင်နှစ်ဦးကမူ သခင်လေးရွှမ်ယီဆိုသော လူ၏ လက်အောက်မှ ဖြစ်ပုံရသည်။ မည်ကဲ့သို့လူမျိုးက ဘုရင်အဆင့်နှစ်ဦးအား အလွယ်တကူ လက်အောက်ခံထားစေခဲ့သနည်း။

ထိုအရာက သူတို့နှစ်ဦးအား အလွန်ထိတ်လန့်သွားစေခဲ့သည်။

“ မိသားစုက မျိုးဆက်ကို လိုက်ရှာနေတာလား…”

ရွှေဘုရင်၏ မျက်နှာထက်၌ အပြုံးဟုမဆိုသာသော အပြုံးတစ်ခုရှိနေခဲ့ပြီး ထိုနှစ်ယောက်အား ထူးဆန်းသော မျက်နှာထားနှင့် စိုက်ကြည့်နေခဲ့သည်။

“ နက်နဲဓားဂိုဏ်းထဲက တစ်စုံတစ်ယောက်မှာ ဘုရင်တစ်၀က်အဆင့် မိသားစုဆွေးမျိုးရှိတယ်ဆိုပြီး ကျုပ်တို့ တစ်ခါမှမကြားဖူးဘူး…”

ဆေဘာဘုရင်၏ မျက်နှာကမူ မဲမှောင်သွားခဲ့ပြီး

“ ကလိမ်ကကျစ်နှစ်ကောင်.. ဘယ်က ကောင်းကင်ဒေသအကြောင်းတွေလာပြောနေတာလဲ.. အခု ငါတို့ကိုရော ရန်စဖို့မကြိုးစားတော့ဘူးလား…”

“ ကျုပ်တို့ မလုပ်ရဲပါဘူး…”

လက်ရှိအချိန်တွင် သူတို့နှစ်ဦးက ရွှေဘုရင်၏ ချုပ်နှောင်မှုအတွင်း ကျရောက်နေသည့်အပြင် ‌နံဘေး၌လည်း ဆေဘာဘုရင်က စားမတတ်ဝါးမတတ်စိုက်ကြည့်နေခဲ့သည်။

ရုတ်တရက် တစ်ယောက်၏ ခန္ဓာကိုယ်တုန်ခါသွားပြီး အဆက်မပြတ် လှုပ်ခါနေသည့် ကျောက်စိမ်းဆွဲသီးအား ထုတ်ယူလိုက်၏။

“ ကျုပ်တို့က စီနီယာတို့ဂိုဏ်းက ရွှမ်ဆိုတဲ့ နာမည်နဲ့တစ်ယောက်ကိုရှာနေတာပါ.. သူက အသက်(၂၀) နဲ့ (၃၀)ကြားထဲရှိလောက်မယ်…”

“ ဟုတ်တယ်.. သူက လွန်ခဲ့တဲ့ အနှစ်(၂၀)၀န်းကျင်က အဝေးကိုရောက်သွားခဲ့တဲ့ ကျုပ်တို့ မိသားစု၀င်တစ်ယောက်ပဲ .. အခု သူ့ကို ဘိုးဘေးတွေရှိတဲ့ ကောင်းကင်‌ဒေသကို ပြန်ခေါ်သွားမလို့ လာခဲ့တာပါ….”

ဆေဘာဘုရင်က တဟားဟားရယ်မောလိုက်၏။ ထို့နောက် သူက လက်ဆန့်ကာ ကျောက်စိမ်းဆွဲသီးအား ယူတော့မည့်အချိန်တွင် ရွှေဘုရင်၏ ပုတ်ချခြင်းခံလိုက်ရသည်။

ဆေဘာဘုရင်အံ့ဩသွားခဲ့၏။ သူက မေးတော့မည့်အချိန်တွင် ရွှေဘုရင်တစ်ယောက် မျက်မှောင်ကြုတ်ကာ ရေရွတ်နေသည်အား ကြားလိုက်ရသည်။

“ သခင်လေး ရွှမ်ယီ… သူ့မျိုးရိုး နာမည်က ရွှမ်…”

ထိုစကားအားကြားလျှင် ဆေဘာဘုရင်၏ ခန္ဓာကိုယ်လည်း တုန်ခါသွားလေသည်။

“ မြန်မြန်.. သခင်လေး ရွှမ်ယီကိုခေါ်လိုက်.. ဒီကိစ္စက ကျုပ်တို့ မဖြေရှင်းနိုင်ဘူး…”

သူတို့က ရွှမ်ယီအား တကူးတက သွားရောက် အသိပေး အကြောင်းကြားနေစရာပင်မလိုချေ။

ထိုနှစ်ယောက်ရောက်လာကတည်းက ရွှမ်ယီထံ၌ ရှိနေသည့် ကျောက်စိမ်းဆွဲသီးက အဆက်မပြတ်တုန်ခါနေသည်ဖြစ်ရာ ရွှမ်ယီက သတိပြုမိပြီးသားဖြစ်သည်။

သူက စံအိမ်အတွင်းမှနေ၍ ကောင်းကင်၌ ဖြစ်ပျက်နေသည့် ကိစ္စများအားလုံး အစအဆုံး မြင်ခဲ့ပြီးဖြစ်၏။

ရွှမ်ယီသားစုက နှစ်‌ယောက်က ဘုရင်တစ်၀က်အဆင့်များဖြစ်သည့်တိုင် ဆေဘာဘုရင်၏ တိုက်ကွက်အား စိတ်ဝိညာဉ်ယွမ်စွမ်းအင်များအသုံးပြု၍ ကာကွယ်နိုင်ခဲ့ပြီး လေဟာနယ်အားခွဲကာ ထွက်ပြေးနိုင်စွမ်းရှိသည်အား တွေ့လိုက်လျှင် ရွှမ်ယီ၏ မျက်လုံးများ အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး စိတ်ထဲ၌ ချီတုံချတုံဖြစ်သွားခဲ့သည်။

သူက လက်ရှိတွင် အခြေတည်ဝိညာဉ်အဆင့်(၉)သို့ရောက်ရှိနေပြီဖြစ်ပြီး စနစ်ဖြင့် အနာဂါတ်တွင် ပို၍ အစွမ်းထက်လာဦးမည်။

လွန်ခဲ့သော နှစ်(၂၀) ကတည်းက ရွှမ်ယီ၏ မိသားစုက သူ့အား ထိုကျောက်စိမ်းဆွဲသီးတစ်ခုနှင့် ထားပစ်ခဲ့သည်။ ယခုမှ အဘယ်ကြောင့် ပြန်လာရှာမှန်းမသိချေ။

ရွှမ်ယီက ထိုနှစ်ယောက် လွတ်မြောက်သွားပါက ဤကိစ္စအား မေ့ထားလိုက်မည်ဟု စိတ်ကူးထားခဲ့သည်။ သို့သော် လက်ရှိအခြေအနေအရ ထိုနှစ်ယောက်က အသတ်ခံရလုနီးပါး ဖြစ်နေချေပြီ။

“ ဟင်း…”

ရွှမ်ယီက မနေနိုင်ဘဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ ထို့နောက် သူက လက်ရှိနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။

“ သခင်လေး ရွှမ်ယီ…”

ရွှေဓားဘုရင်က လက်ယှက်ကာ ဦးညွှတ်ပြီး နှုတ်ဆက်လိုက်၏။ တစ်ဆက်တည်းပင် ၎င်းတို့နှစ်ဦး ထုတ်လွှတ်ထားသည့် အရှိန်အဝါများကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။

“ အင်း..”

ရွှမ်ယီက ခေါင်းညိတ်ပြလိုက်၏။ သူက လက်နှစ်ဖက်အား နောက်ပစ်ထားပြီး ရွှမ်မိသားစုမှ လူနှစ်ယောက်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ သခင်လေး ရွှမ်…”

“ ဒါက သခင်လေးရွှမ်ဆိုတာလား…”

ရွှမ်မိသားစု၀င်နှစ်ယောက်အလွန်တုန်လှုပ်သွားကြ၏။

သူတို့စိတ်ထဲတွင် ဘုရင်နှစ်ယောက်အား စိတ်လိုလက်ရနာခံစေနိုင်သည့်လူမှာ အလွန်အစွမ်းထက်ကာ လျှို့ဝှက်ဆန်းကျယ်ရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော် သူတို့ရှေ့မှောက် ရောက်လာသည့်အချိန်တွင် အသက်(၂၄) နှစ်၀န်းကျင်သာရှိသည့် လူငယ်လေးဖြစ်ကြောင်း သိလိုက်ရသည်။

အကွာ‌အဝေးကလည်း နီးကပ်နေသည်ဖြစ်ရာ ရွှမ်ယီထံမှ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများအား သူတို့ ကောင်းစွာ ခံစားမိကြ၏။ ထိုလူငယ်ထံမှ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများက ပြင်းထန်လှသော်လည်း အခြေတည်ဝိညာဉ်အဆင့်(၉)၌သာ ရှိသေးသည်။

သူ၏ အသက်အရွယ်ဖြင့် ဤကျင့်ကြံမှုအဆင့်က ကောင်းကင်ဒေသ၌ပင် ထိပ်သီးပါရမီရှင်အဖြစ် သတ်မှတ်နိုင်၏။

သို့သော် ဘုရင်အဆင့်နှစ်ယောက်က အဘယ်ရောက် ဤမျှ ရိုကျိုးစွာ နာခံနေရသနည်း။

All Chapters