← Chapters

ကူကယ်ရာမဲ့

Vol. 93 Ch. 1208

ကူကယ်ရာမဲ့

Vol. 93 Ch. 1208

နတန်လမ်းစဉ်နယ်ပယ် ပြိုကွဲသွားသည်နှင့် ရှုရှန်းဟွာက သိုင်းကွက်ကို ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။ သူ၏ကောင်ကးင်နတ်သိုင်းများ၊ လမ်းစဉ်နှင့် သိုင်းကွက်အားလုံးသည် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ဆီ ပစ်မှတ်ထား၏။ သူက ချင်မူ၏ ကောင်းကင်ရတနာကို ဦးစွာ တုပခဲ့ပြီးနောက် သူ၏ကိုယ်တိုင်တာအိုဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။

ထို့‌နောက် ချင်မူ၏ ကောင်းကင်ရတနာများကို သူ၏ကောင်းကင်နတ်သိုင်းများနှင့် လိုက်လျောညီထွေအောင် ပြောင်းလဲသည်။

သို့သော် ယင်းက အရေးအကြီးဆုံး အချက်မဟုတ်သေး။ အရေးအကြီးဆုံးသည် သူ၏တွက်ချက်နိုင်စွမ်းပင်။

သူ၏ကောင်းကင်နတ်သိုင်း ချင်မူ့ကြောင့် ပျက်စီးသွားလျှင်ချင်း သူသည် ချင်မူ့ကောင်းကင်နတ်သိုင်းအား ချိုးဖျက်နိုင်မည့် နည်းလမ်းကို တမုဟုတ်ချင်း တွက်ချက်ခဲ့၏။ လူသားဂဏန်းတွက်စက်ဟုပင် ထင်ရသည်။ ချင်မူ၏ကောင်းကင်နတ်သိုင်းက သူ့ထက် များစွာအားကောင်းပြင်းထန်သည့်အပြင် ချင်မူ၏ မှော်စွမ်းအင်က သူ့ထက် သိပ်သည်း‌နေစေကာမူ ...ရှုရှန်းဟွာအနေဖြင့် သူ့ကိုယ်သူ ကာကွယ်၍ ချင်မူ၏ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်နိုင်သေးသည်။

သူသည် ချင်မူ့‌ကောင်းကင်ရတနာနယ်ပယ်၏ အားနည်းချက်ကိုပင် မြင်နိုင်၏။ အားနည်းချက်သည်ကား ... ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှာ သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာဖြစ်နေသည့်အချက် ဖြစ်သည်။ ချင်မူ၏ စွမ်းအင်အားလုံးက သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာမှ လာချေသည်။

ရှုရှန်းဟွာအနေဖြင့် ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖျက်ဆီးနိုင်လိုက်လျှင် ချင်မူ၏အစွမ်းအစများ ကျဆင်းသွားကာ သူ့အား အရှုံးပေးရလိမ့်မည်။

သို့သော် သူ ရင်ဆိုင်နေရသူကား ချင်မူ မဟုတ်ပါလော။

ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ် အပြည့်အစုံ ပြေကျလာသည့်အချိန်တွင်တော့ ရှုရှန်းဟွာသည် ‘ကူကယ်ရာမဲ့ခြင်း’ ဆိုသော ခံစားချက်အား ကောင်းကောင်းနားလည်သွားတော့၏။

အပေါ်မှ ရွှမ်တု၏ ကောင်းကင်တာအို ၄၉ ခုဆီမှ တိုက်ကွက်များက သူ့ဦးခေါင်းဆီ ကျဆင်းလာသည်။ ဝင်ရိုးစွန်းလေးခုဆီမှ တိုက်ကွက်များက ပတ်ပတ်လည်တွင် နေရာယူထားပြီး ယိုတုမဟာတာအို ၆၄ ခုမှ အလစ်တိုက်ခိုက်မှုများလည်း ရှိသေးသည်။ ပို၍ပင် ချောက်ချားဖွယ် ကောင်းသည်မှာ ကောင်းကင်ကြယ်ဝင်္ကပါများ၊ နတ်ဘုရားအခင်းအကျင်းများက မြွေလိမ်မြွေကောက် ရွေ့လျား၍ အဆက်မပြတ် ပြောင်းလဲနေခြင်းပင်။

သို့သော် ဤသည်က အရက်စက်ဆုံးအရာ မဟုတ်သေး။

အရက်စက်ဆုံးကား ကောင်းကင်နန်းဆောင် ‌၁၆ ဆောင်ထဲရှိ ချင်မူ၏ မူလဝိညာဉ်ပင်။

ထိုမူလဝိညာဉ်များသည် ပုံရိပ်ယောင်များ မဟုတ်ဘဲ မူလဝိညာဉ်သုံးသွယ် ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်မှ ခွဲထုတ်ထားသော မူလဝိညာဉ်များ ဖြစ်ကြသည်။ ‌ဓားကောင်းကင်နန်းဆောင်၏ မူလဝိညာဉ်သည် ဓားလမ်းစဉ်တွင် ကျွမ်းကျင်ပြီး ၀င်္ကပါ‌ကောင်းကင်နန်းဆောင်၏ မူလဝိညာဉ်က ၀င်္ကပါတွင် ကျွမ်းကျင်၏။ ဆေးကောင်းကင်နန်းဆောင်၏ မူလဝိညာဉ်မှာ ဆေးလမ်းစဉ်သာမက အဆိပ်လမ်းစဉ်၌ ထူးချွန်ကြသည်။ ပန်းပဲကောင်းကင်နန်းဆောင်၏ မူလဝိညာဉ်ကမူ သူ့ကို သတ္တုတုံးတစ်တုံးအလား သဘောထားပြီး ချောမွတ်ဝိုင်းစက်လာသည်အထိ ထုရိုက်ချင်နေသည်။

အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်ထဲရှိ မူလဝိညာဉ်ဆီမှ တိုက်ခိုက်မှုများသည် ခုခံရန် အခက်ခဲဆုံး ဖြစ်လေသည်။ သူတို့က နှိုင်းယှဉ်မရလောက်အောင် သန်မာအားကောင်းသော အသိစိတ်အလျဉ်များဖြင့် သူ၏ အသိစိတ်အလျဉ်ကို တိုက်ခိုက်နေကြရာ သူ့မှာ တစ်ချက်တစ်ချက် မူးချာလည်သွားတတ်ပြီး တစ်ချက်တစ်ချက် ပုံရိပ်ယောင်များထဲ မျောဝင်သွားတတ်သည်။

ကောင်းကင်နန်းဆောင် ၁၆ ဆောင်အား ပေါင်းစည်းထားခြင်းကတင် အင်အားကြီးမားလှပြီဖြစ်သော်လည်း ချင်မူကား ရွှမ်တု၊ ယွမ်တု၊ ယိုတုသာမက ကောင်းကင်ကမ္ဘာ၏ စွမ်းအားကိုပင် ထိန်းချုပ်နိုင်နေ၏။

သို့သော် ချင်မူ အားကုန်ထုတ်မသုံးရသေးမှန်း ရှုရှန်းဟွာ သိသည်။ ချင်မူသည် သိုင်းကွက်များ လျှိုထားသေး၏။ မည်မျှလျှိုထားလဲတော့ သူ မပြောတတ်ပေ။

အစတုန်းက သူနှင့် ချင်မူကြား ကွာဟမှုမှာ ခပ်ပါးပါး မျဉ်းတစ်ကြောင်းစာသာ ရှိခဲ့သည်။ သို့သော် ချင်မူ ကမ္ဘာဦးဘုံမှ ထွက်ခွာသွား၍ ကောင်းကင်နတ်ဘုံ၌ ခြေချခဲ့သည့် အချိန်မှစ၍ ကွာဟမှုသည် တဖြည်းဖြည်း ကြီးမားလာခဲ့၏။

မည်သို့ပင်ဆိုစေ ရှုရှန်းဟွာသည် သူ့ကိုယ်သူ သက်သေပြသေး၏။ ချင်မူ့ကိုလည်း သူယှဉ်နိုင်ကြောင်း သက်သေပြချင်သေးသည်။

သူက အားကုန်ထည့်ရင်း အရပ်လေးမျက်နှာမှ အချိန်မ‌ရွေး တိုက်ခိုက်နိုင်သော သိုင်းကွက်များကို ဖြိုခွင်းလိုက်သည်။ ဘိုးဘေးနန်းတော်ထဲရှိ ချင်မူ့ဆီ ပြေးသွားတော့သည်။

ထိုစဉ် သူ၏အဆီအနှစ်၊ ချီနှင့် စိတ်အခြေအနေသည် တစ်ကြိမ်တစ်ခါမှ မရောက်ရှိဖူးသည့် အခြေအနေသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ ယခုလို အင်မတန် စိတ်ကြည်လင်လာပြီး လျင်မြန်စွာ တွေးခေါ်လှုပ်ရှားနိုင်သော အခြေအနေအား ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်ပေသည်။

သူသည် တည်ငြိမ်နေသော ရေကန်တစ်ကန်ကဲ့သို့ ပတ်၀န်းကျင်မှ လာသော ပုံပျက်မှုမှန်သမျှကို ရောင်ပြန်ဟပ်နေ၏။

တစ်နည်းအားဖြင့် ပြောရလျှင် ရှုရှန်းဟွာ၏ စိတ်သည် တည်ငြိမ်သော ရေကန်တစ်ကန်သဖွယ် ချင်မူ၏ တိုက်ကွက်များ မည်သည့်ရှုထောင့်မှ တိုက်ခိုက်လာသည်ဖြစ်စေ အချိန်မီ တုံ့ပြန်၍ အကောင်းမွန်ဆုံး တန်ပြန်တိုက်ကွက်များကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။

ထိုမျှသာမက သူ၏အသိစိတ်အလျဉ်မှာလည်း လေထဲတွင် ဖြန့်ကျက်လျက် အခြေအနေတစ်ရပ်လုံးအား တည်ငြိမ်အေးဆေးစွာ အကဲခတ်နေသည်။ သူက ပြင်ဆင်မှုများကို အကောင်းဆုံး လုပ်ထားရင် အရေးနိမ့်ရမည့် အခြေအနေသို့ ရောက်မသွားအောင် ကြိုတင်ကာကွယ်ထားသည်။

ချင်မူနှင့် တိုက်ပွဲက သူ့အား အကြီးအကျယ် တိုးတက်စေခဲ့ချေပြီ။

လင်းရွှမ်၊ ၀မ့်မူရန်၊ တထာဂတကျန်းခုံးနှင့် ကျန်ရှိသူများအား တိုက်ခိုက်ခဲ့တုန်းက ယခုလို မကြုံခဲ့ရပေ။

လန်ယွီတျန်းပင်လျှင် သူ့အား ဤမျှပြီးပြည့်စုံသော အခြေအနေတစ်ခုသို့ မခေါ်သွားပေးနိုင်ချေ။

အထက်ကောင်းကင်ဘုံ၏ သခင်လေးရှု၊ ရှုရှန်းဟွာမှာ သူ့အား စိတ်အားတက်ကြွလာစေမည့် တာအိုမိတ်ဆွေတစ်ဦး လိုအပ်ခဲ့ခြင်း ဖြစ်သည်။

လင်းရွှမ်၊ ၀မ့်မူရန်နှင့် ကျဲ့ဟွလီတို့မှာ ထိုသို့သောသူများ မဟုတ်ကြချေ။ လန်ယွီတျန်းမှာလည်း ထိုလူမျိုးမဟုတ်ချေ။ သူ့ကို စိတ်အားတက်လာစေနိုင်သည့် တစ်ဦးတည်းသော တာအိုမိတ်ဆွေမှာ ချင်မူသာ ရှိသည်။

သူ၏ မဟာနတ်လမ်းစဉ်နယ်ပယ်သည် အဆက်မပြတ် ပြောင်းလဲနေ၏။ တစ်ချက်တစ်ချက် လွင့်မျောနေသော တိမ်တိုက်များအလား၊ တစ်ချက်တစ်ချက် ကျယ်ပြန့်လှ‌သော ပင်လယ်အလား၊ ပူခြစ်နေသော ကန္တာရအလား ပြောင်းလဲနေတတ်သည်။

သူက ချင်မူ၏ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်၍ ‌ကေင်းကင်ရတနာများကို ဖျက်ဆီးလိုက်သည်။ သူ၏မည်သည့်ဘက်သို့ ကြည့်စေကာမူ ချင်မူ့အား မျက်နှာချင်းဆိုင်နေရသည်။ သို့သော် ဤအချက်က သူ့အား စိတ်ဓာတ်ကျမသွားစေချေ။

ချင်မူ‌၏ ကောင်းကင်ရတနာနယ်ပယ်မှာ သူ့ကြောင့် အဆက်မပြတ် ပျက်စီးနေသည်နှင့်အမျှ သူ့အပေါ်ရှိ ဖိအားမှာလည်း ပေါ့ပါးလာသည်။ သူ ဘိုးဘေးနန်းတော်ထဲသို့ သတ်ဖြတ်၀င်ရောက်ရင်း နတ်သစ်ပင်အောက်တွင် ချင်မူ့အား မျက်နှာချင်းဆိုင်လိုက်သည့်အချိန်တွင်တော့ ချင်မူနှင့် ထိပ်တိုက်တိုက်ခိုက်ရန် အင်အားရှိနေချေပြီ။

ချင်မူက ပြုံးလျက် ရပ်နေသည်။ “ရှုရှန်းဟွာ၊ နောက်ဆုံးတော့ ငါ့အဆင့်အထိ ရောက်လာခဲ့ပြီပဲ…”

ရှုရှန်းဟွာကလည်း တိုက်ခိုက်နေသည်ကို ရပ်တန့်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “သင်ကြားပြသမှုတွေအတွက် ကျေးဇူးတင်ပါတယ်…. ဂိုဏ်းသခင်ချင်၊ မင်းရဲ့ ကောင်းကင်ရတနာတွေကို ဖျက်ဆီးမိတဲ့အတွက်လည်း အနူးအညွတ်‌ တောင်းပန်ပါတယ်.… ဒါပေမဲ့ မင်း ရှုံးသွားခဲ့ပြီ…. မင်းရဲ့ ကောင်းကင်ရတနာတွေကလည်း ငါ့ကြောင့် ပျက်စီးသွားပြီ… ဆိုတော့ မင်း ဆက်တိုက်မယ်ဆိုရင် သေချာပေါက် ရှုံးလိမ့်မယ် … ဆိုတော့ မင်းက လောကသခန္ဓာအတုပဲ”

“မဟုတ်ဘူး”

ချင်မူက ပြုံးနေဆဲပင်။ “နောက်ကို လှည့်ကြည့်လိုက်ပါဦး”

ရှုရှန်းဟွာ နောက်သို့ လှည့်ကြည့်လိုက်သည်နှင့် အံ့ဩမှင်သပ်သွားလေသည်။

သူ့ကြောင့် ပျက်စီးသွားသော ကောင်းကင်ရတနာများသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး အပွန်းအပဲ့လေးပင် မရှိပေ။

ရွှမ်တု၊ ယိုတုနှင့် ယွမ်တုကို ဖျက်ဆီး၍ ကြယ်တာရာနတ်ဘုရားများကို သတ်ဖြတ်ကာ ကြယ်တာရာကောင်းကင်တစ်ခုလုံးအား ဖျက်စီးခဲ့မှန်း ရှုရှန်းဟွာ ရှင်းရှင်းလင်းလင်း မှတ်မိနေသော်လည်း အရာအားလုံးကား မပျက်မစီး မယိုမယွင်း တည်ရှိနေသေးသည်။

သူ့ကြောင့် ကြေမွသွားခဲ့သော ကောင်းကင်နန်းဆောင်များလည်း အကောင်းပကတိအတိုင်းပင်။

သူ ဤနေရာသို့ သတ်ဖြတ်၀င်ရောက်နိုင်ခဲ့ခြင်းမှာ ချင်မူ့ကောင်းကင်ရတနာများ ပျက်စီးသွားပြီး ချင်မူအနေဖြင့် ပြန်လည်မပြုပြင်နိုင်တော့ဘဲ အတိုက်အခိုက်စွမ်းရည် ကျဆင်းသွားခဲ့ခြင်းကြောင့်ဟု ထင်ခဲ့မိသည်။

သို့သော် ကြည့်ရသရွေ့ ချင်မူ၏အတိုက်အခိုက်စွမ်းရည်မှာ ကျဆင်းသွားခဲ့ပုံမပေါ်ပေ။ အားနည်းနေသယောင် ထင်ခဲ့ရသည့် အကြောင်းအရင်းမှာ ချင်မူသည် ဤအခွင့်အရေးကို အသုံးချ၍ သူ့အလားအလာကို မြင့်တင်ပေးလို၍ပင်။

“မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်း” ရှုရှန်းဟွာ ရေရွတ်လိုက်မိသည်။

ချင်မူက ခေါင်းညိတ်သည်။ “ငါ အဲ့ဒါကို အပြည့်အ၀ နားလည်ထားပြီးပြီ…. ပြီးတော့ ပိုကောင်းတာတစ်ခုလည်း နားလည်ခဲ့တယ်...”

ရှုရှန်းဟွာ၏ မျက်ဝန်းများမှာ တခဏ ငေးကြောင်သွားပြီး သူက ရေရွတ်နေသည်။ “မင်း ဘယ်လောက်အထိ သိုင်းကျင့်ပြီးပြီလဲ… မင်းရဲ့ စွမ်းအားအပြည့်အစုံက ဘယ်လောက် သန်မာသလဲ”

“ မစမ်းသပ်ရ‌သေးတော့ သာမန်ကျင့်စဉ်စနစ်က နတ်ဘုရားတွေနဲ့ယှဉ်ရင် ဘယ်လောက်ပိုပြီး သန်မာသလဲမသိဘူး”

ချင်မူက တွေးကြည့်ရင်း ပြောနေသည်။ “ဒါပေမဲ့ နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ငါ့ကို သတ်ဖို့ မဖြစ်နိုင်ဘူး… ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် တိုက်ခိုက်လာရင်လည်း ငါ မသေဘူးဆိုတာ အာမခံနိုင်တယ်..”

ရှုရှန်းဟွာ၏အကြည့်သည် သူ့မျက်နှာပေါ် ကျရောက်လာပြီး အမှန်ဟုတ်၊ မဟုတ် အကဲခတ်နေဟန်တူသည်။

ချင်မူက ရိုးသားစွာ ပြုံးပြလိုက်သော်လည်း ရှုရှန်းဟွာမှာ သူ့မျက်ခွက်ကို တည်ထိုးပစ်ချင်လာသည်။

ရှုရှန်းဟွာမှာ အသက်တစ်ရှိုက်ကို ကတုန်ကယင် ရှုထုတ်လိုက်ရင်း ဖြတ်ရိုက်ပစ်ချင်စိတ်အား ချုပ်တည်းလိုက်ရသည်။ “ကြည့်ရတာ ငါက အတုထင်ပါရဲ့”

ချင်မူ့မျက်နှာပေါ်ရှိ အပြုံးက ပို၍ပင် တောက်ပလာတော့သည်။

ရှုရှန်းဟွာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးနောက် ဖြည်းဖြည်းချင် ‌ဆန့်ထုတ်လိုက်သည်။ သူက စဉ်းစဉ်းစားစားဖြင့် ပြောလေသည်။ “လန်ယွီတျန်းတစ်ယောက်ပဲ မင်းနဲ့အဆင့်တူမှာ ယှဉ်နိုင်လောက်မယ်ထင်တယ်…. ဒါပေမဲ့ ဘယ်သူက သန်မာသလဲ၊ ဘယ်သူက အားနည်းသလဲဆိုတာ ငါ မသိဘူး…. လန်ယွီတျန်းက ပိုပြီး သန်မာရင်လည်း သန်မာလောက်တယ်… မင်းလျှောက်နေတဲ့ လမ်းစဉ်က သူနဲ့ဆန့်ကျင်ဘက်ပဲ…. ဒါပေမဲ့ သူ့ပါရမီက ပိုမြင့်မားတယ်…. သူ ဘိုးဘေးနန်းတော်ကို နားလည်သွားလို့ လမ်းစဉ်တစ်သောင်းက တစ်ခုတည်းဖြစ်သွားရင် မင်းက သူ့ကို မပြိုင်နိုင်တော့ဘူး”

ချင်မူ့မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တင်းသွား၏။

ရှုရှန်းဟွာက ဆက်ပြောသည်။ “ဒါပေမဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းနဲ့ အတွေ့အကြုံမှာဆိုရင် မင်းက သူ့ထက် အများကြီးသာတယ်.... သူက ဝိညာဉ်တစ်စိတ် ပျောက်နေတော့ နည်းနည်းဖျင်းနေတာ မဟုတ်လား”

ချင်မူ၏ တောင့်တင်းနေသော အပြုံးသည် ပြန်လည်တောက်ပလာ၏။

ရှုရှန်းဟွာက သူ့မျက်နှာပေါ်ရှိ အပြုံးကို တစ်ချက်ကြည့်ကာ ဆက်ပြော၏။ “ဒါပေမဲ့ သူ သူ့ရဲ့ဝိညာဉ်တစ်စိတ်ကို ရှာတွေ့ပြီး အကောင်းပြန်ဖြစ်လာရင် မင်းက သူ့ပြိုင်ဘက်ဟုတ်တော့မှာ မဟုတ်ဘူး…. တစ်ချိန်တည်းမှာပဲ သူက သူ့ဉာဏ်အားနဲ့ လောကကြီးကို ခြယ်လှယ်နိုင်တဲ့ ကောင်းကင်နတ်အရှင်ယွီ ပြန်ဖြစ်သွားလိမ့်မယ်... အဲဒီအခါ မင်းရဲ့လမ်းစဉ်က သူများတွေ မကျင့်ကြံနိုင်တဲ့ လမ်းစဉ်ဆိုတော့ မေ့ဖျောက်ခံလိုက်ရမှာပဲ”

ချင်မူ့အပြုံးမှာ တောင့်တင်းသွားပြန်သည်။

ရှုရှန်းဟွာက ပြုံးပြုံးစစဖြင့် ပြောလေသည်။ “ငါ နဂါးချီလင်ရဲ့ လူထိန်းကျမ်းကို အရင်က မြင်ဖူးတယ်…. အဲ့ဒါက တကယ်ကို အသုံး၀င်တာပဲကွ… ဂိုဏ်းသခင်၊ မင်းရဲ့မျက်နှာအမူအရာက မင်းရဲ့ ကောင်းကင်နတ်သိုင်းထက်တောင် ပိုပြီး အံ့ဩစရာကောင်းနေသေးတယ်”

သူက တဟားဟား ရယ်လိုက်ပြီး သူ၏ ရယ်သံသည် အထက်ကောင်းကင်နတ်ဂိုဏ်း‌တလျှောက် ပျံ့လွင့်သွားလေ၏။

ချင်မူမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ချက်ချင်း အော်ရယ်လိုက်သည်။ သူတို့၏ ရယ်သံများတွင် ပျော်ရွှင်မှုတို့ ပြည့်နှက်နေချေသည်။

All Chapters