ထူးဆန်းသော သံယောဇဉ်
Vol. 93 Ch. 1209
“လန်ယွီတျန်း ဘယ်ရောက်နေလဲ” ချင်မူ မေးလိုက်မိသည်။
ရွှေအ၊ မျက်ကန်းနှင့် ကျန်ရှိသူများကို ဘိုးဘေးနန်းတော်သို့ လိုက်ပို့ရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ခဲ့တုန်းက လန်ယွီတျန်းအား မတွေ့ခဲ့ရပေ။ ဓားကျိုးကို သွန်းလုပ်ရန် သွားတုန်းကလည်း လန်ယွီတျန်းကို မတွေ့ခဲ့ရချေရာ ဇဝေဇဝါ ဖြစ်မိလေသည်။
“လန်ယွီတျန်းက ပျောက်နေတာလို့ ပြောလို့ရတယ်... လမ်းပျောက်နေတာမျိုးပေါ့”
ရှုရှန်းဟွာက ပြောသည်။ “ငါ သူနဲ့ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းကဆို သူက လမ်းပျောက်နေလို့ ငါ့အထက်ကောင်းကင်ဘုံတက္ကသိုလ်ဘေးကနေ ဖြတ်သွားနေတာ... အဲဒါကြောင့်ပဲ ငါလည်း သူနဲ့ တာအိုအကြောင်း ဆွေးနွေးပြီး အကျိုးအမြတ်တွေ ရခဲ့တာပဲ... အဲဒီအချိန်တုန်းက ဘိုးဘိုးထော့ကျိုးနဲ့ ကောင်းကင်နတ်အရှင်ရုံက သူ့ကို ထပ်မသင်ပေးနိုင်တာကြောင့် နံ့သာဆောင်ထဲ ဖောက်ထွင်းဖို့ သူ့လမ်းသူ လျှောက်ချင်တယ်တဲ့လေ”
ချင်မူနှင့် ရှုရှန်းဟွာသည် ဘေးချင်းယှဉ်လျက် လျှောက်နေပြီး ရှုရှန်းဟွာက ဆက်ပြော၏။ “သူက ကောင်းကင်ဘုံတွေထဲ လျှောက်သွားနေတာ... လူကလည်း အူကြောင်ကြောင်လေးဆိုတော့ မင်းသိတဲ့ အတိုင်းပဲ.... လမ်းပျောက်တာက ကိစ္စမရှိဘူး... ဒါပေမဲ့ သူ့နောက်လိုက်နေတဲ့ သူတွေ ရှိသေးတယ်... ဒါပေမဲ့ ငါ သူ့ကို တွေ့ခဲ့တုန်းကတော့ ကောင်းကင်နတ်အရှင်ရုံက သူ့ကို တိတ်တဆိတ် ကာကွယ်ပေးနေတာ တွေ့ခဲ့ရတယ်... လန်ယွီတျန်း အဆင်ပြေမှာပါ”
ချင်မူ စိတ်သက်သာရာရသွားသည်။ ကောင်းကင်နတ်အရှင်ရုံသည် လန်ယွီတျန်းနှင့်ပတ်သက်ပြီး စိတ်မချဆုံးသူ ဖြစ်နေသေး၏။ သူ ရှိနေသရွေ့ လန်ယွီတျန်း ဒုက္ခရောက်မည်မဟုတ်ပေ။
မှန်သည်၊ လန်ယွီတျန်းတစ်ယောက် ပျားအုံကို တုတ်နှင့် သွားထိုးမိလျှင်တော့....
ချင်မူမှာ ခေါင်းကိုက်လာတော့သည်။ လန်ယွီတျန်းမှာ ယခုထက်ထိ ဝိညာဉ်မပြည့်စုံသေးရာ ရှေ့နောက် မစဉ်းစားတတ်သေးပေ။ သူ ပေါ်လာတိုင်း အမြဲစိတ်ပူရသည်။
“ကောင်းကင်နတ်ဘုံကို သူ သွားထိမိရင်တောင် ငါတော့ မအံ့ဩတော့ဘူး”
ရှုရှန်းဟွာက ပြောသည်။ “သူ့လမ်းစဉ်က မင့်လမ်းစဉ်နဲ့ ဆင်တယ်... ဒါပေမဲ့ မင်းနဲ့ မတူဘူး... မင်းက သေမျိုးကမ္ဘာမှာ ကြိုးကြိုးစားစား အားထုတ်နေရပေမယ့် သူ့မှာတော့ စိတ်အနှောင့်အယှက်တွေ မရှိဘူးလေ... သူက သူ့တာအိုနှလုံးသားနောက်လိုက်ရင်း မဟာတာအိုရဲ့ ဆန်းကြယ်နက်နဲတဲ့ သဘောတရားတွေကို တွေးခေါ်ဆင်ခြင်နေတာနဲ့ ပိုတူတယ်... မင်းရဲ့ သိုင်းအဆင့်ကို ငါ နားလည်နိုင်ပေမယ့် သူ့သိုင်းအဆင့်ကိုတော့ နားမလည်နိုင်တော့ဘူး”
သူ့မှာ အနည်းငယ် စိတ်ပျက်နေသည်။ ချင်မူ၏သိုင်းအဆင့်ကို သူ နားလည်သော်လည်း လိုက်မကျင့်နိုင်ပေ။
ချင်မူသည် တမူကွဲထွက်နေသော လမ်းတွင် လျှောက်နေခဲ့ပြီဖြစ်ပြီး မည်သူမှ သူနှင့်မတူ မလျှောက်နိုင်ပေ။
လန်ယွီတျန်း၏ လမ်းစဉ်က နောင်နှစ်ပေါင်းများစွာကြာလျှင် ကျင့်ကြံသူများ အရေးထားလာမည့် လမ်းစဉ်ကို ကိုယ်စားပြုသည်။ မှန်သည်၊ အောင်မြင်နိုင်သူ၊ ရှုံးနိမ့်သူများ ရှိနိုင်သော်လည်း ထိုလမ်းစဉ်တစ်ခုတည်းတွင်သာ ရှိကောင်းရှိကြလိမ့်မည်။
အခြားတစ်ဖက်တွင်၊ ရှုရှန်းဟွာ၏ ကိုယ်ပိုင်လမ်းစဉ်သည် နဂါးဟန်ခေတ်မှ ယနေ့ခေတ်တိုင်အောင် ဆင့်ကမ်းကျင့်သုံးလာခဲ့သော ကျင့်စဉ်စနစ်များ၏ အချုပ်ဟု ဆိုရပေမည်။
နောင်တစ်ချိန်... သူ၏အောင်မြင်မှုသည်လည်း ထူးခြားလိမ့်မည်။
ချင်မူက အသိအမြင်ဗဟုသုတများ ဖလှယ်ရန် အထက်ကောင်းကင်နတ်ဂိုဏ်းတွင် အတန်ကြာ ဆက်နေသည်။
ရှုရှန်းဟွာနှင့် ပညာဖလှယ်ရခြင်းက အမြန်ဆုံး ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက မျက်မှောက်ကာလတွင် ရှားမှရှားသော ဉာဏ်ကြီးရှင်များ မဟုတ်လော။ အခြေခံ ကောင်းသူများ ပီပီ၊ တွေးခေါ်သဘောပေါက်နိုင်စွမ်းတို့ကလည်း သူများထက် သာသည်။
တစ်ယောက်တွင် ငြိမ်ငြိမ်မနေတတ်သော အကျင့်နှင့် လျှောက်တွေးတတ်သော စိတ် ရှိသည်။ တစ်ယောက်က တည်ငြိမ်ပြီး အေးဆေးသည်။ ထို့ကြောင့် နှစ်ယောက်သည် လိုက်ဖက်ညီနေ၏။
ရှုရှန်းဟွာသည် ချင်မူနှင့်အတူ ရှိလျှင် မိန်းမနှင့် ကလေးကိုပင် ဂရုမစိုက်တော့ပေ။ ကျန်းယန်နှင့် ရှုမုန့်ချင်းမှာ ရှုရှန်းဟွာကို လာရှာကြသော်လည်း ပြန်အလွှတ်ခံကြရဿည်။
သူတို့သားအမိကို တစ်ဖက်၊ ချင်မူ့ကို အခြားတစ်ဖက်တွင် ထား၍ ရှုရှန်းဟွာကို ရွေးချယ်ခိုင်းလျှင် ရှုရှန်းဟွာသည် နှစ်ခါပြန်ပင် မစဉ်းစားဘဲ ချင်မူ့ကို ရွေးကာ သူတို့သားအမိအား စွန့်ပစ်ခဲ့လိမ့်မည်ဟုပင် ကျင်းယန် ထင်မိသည်။
“တာအိုမိတ်ဆွေ ရှိနေရင် မိန်းမတောင် မလိုတော့ဘူးပေါ့လေ” သူမမှာ မနာလိုဖြစ်နေတော့သည်။
အချိန်တိုလေးအတွင်း ချင်မူနှင့် ရှုရှန်းဟွာကား ကောင်းကင်နတ်သိုင်းအသစ်များ တီထွင်ခဲ့ပြီး တာအိုကျင့်စဉ်အသစ်များလည်း ပြုစုခဲ့ကြသည်။
နှစ်ယောက်ဆုံတိုင်း နှစ်ယောက်လုံး၏ ငုပ်လျှိုးနေသော ပါရမီများ ပေါ်လာတတ်ပြီး တွေးခေါ်နိုင်စွမ်းသည်လည်း တစ်ယောက်တည်းထက် အဆများစွာ မြန်လာသည်။
ဤအတောအတွင်း ရှုရှန်းဟွာက သူ၏ကောင်းကင်နတ်သိုင်းလမ်းစဉ်တွင် နောက်တစ်ဆင့်သို့ပင် တက်သွားသောကြောင့် ချင်မူမှာ အတိုင်းထက်အလွန် မနာလိုဖြစ်နေတာ့သည်။
ချင်မူက ရှုရှန်းဟွာဆီမှ ကောင်းကင်နတ်သိုင်းများ သင်ယူရင်း ကောင်းကင်နတ်သိုင်းအပေါ် နားလည်မှုလည်း ပို၍နက်ရှိုင်းသွားခဲ့သည်။ သို့သော် ရှုရှန်းဟွာက သူ့ဆီမှ ပိုမိုသင်ယူခဲ့ရလေသည်။
ရှုရှန်းဟွာသည် ပြိုင်ဘက်ကင်းသော ပါရမီနှင့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားသော်လည်း ချင်မူလို စွန့်စားလေ့ မရှိပေ။
ချင်မူ့အတွက် အန္တရာယ်က အခွင့်အရေးနှင့် မခြားပေ။ သူ့တွင် အခွင့်အရေးများစွာ ရှိခဲ့သယောင် ထင်ရသော်လည်း အသက်အန္တရာယ်လည်း အမြဲကျရောက်ခဲ့ရသည်။
သူ အသက်နှင့် လောင်းကြေးထပ်၍ စွန့်စားခန်းဖွင့်နေစဉ် ရှုရှန်းဟွာက အနောက်ကမ္ဘာမြေတွင် မိန်းမနှင့်ကလေးနှင့် အေးအေးချမ်းချမ်း နေထိုင်နေခဲ့ရာ ချင်မူ့အောက် နိမ့်ကျနေသည်မှာ မထူးဆန်းပေ။
ဤတစ်ကြိမ်တွင် ချင်မူက သူနှင့် တွေ့ရန် အနောက်ကမ္ဘာမြေသို့ လာခဲ့သောကြောင့် ရှုရှန်းဟွာ အကျိုးအမြတ်များစွာ ရခဲ့သည်။ ထို့ကြောင့် ကောင်းကင်နတ်သိုင်းလမ်းစဉ်တွင် နောက်တစ်ဆင့် တက်သွားခဲ့ခြင်းပင်။
ချင်မူက မဟာကျောက်တုံးတွင်းငါးတွင်းကို တည်ဆောက်ထားပြီး ထိုက်ချီ၊ ထိုက်စု၊ ထိုက်ရှီ၊ ထိုက်ချူနှင့် ထိုက်ယီတို့အား နောင်တစ်ချိန်တွင် သိုင်းအဆင့်ငါးဆင့်အဖြစ် အသုံးချနိုင်ရန် ကြံစည်ထားကြောင်း ရှုရှန်းဟွာဆီ ပြောပြသည်။ “ကောင်းကင်နတ်ဘုံအဆင့်က အမြင့်ဆုံးမဟုတ်သေးဘူးလို့ ငါ ခံစားရတယ်... ကောင်းကင်နတ်ဘုံအထက်မှာ အဆင့်တွေ ရှိသေးတယ်... အဲဒီအဆင့်တွေ ထိုက်အဆင့်ငါးဆင့် ဖြစ်သင့်တယ်”
“လက်ရှိ ကျင့်စဉ်စနစ်ကို ပြောင်းလဲဖို့ လိုအပ်နေပြီ”
ရှုရှန်းဟွာသည် သူ့ကြောင့် စိတ်အားတရှိန်းရှိန်း တက်ကြွလာကာ စိတ်လှုပ်ရှားလာတော့၏။ သူက ရှေ့လျှောက်နောက်လျှောက်ရင်း တွေးနေသည်။ “လက်ရှိကျင့်စဉ်စနစ်မှာ ဒီအရာတွေ မပါဘူး... ကြည့်ရတာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတော့ အလားအလာကောင်းနေပြီ ထင်တယ်”
ချင်မူက သူ့ကို စိတ်ရှည်လက်ရှည် ပြောပြနေသည်။ “ဘိုးဘေးနန်းတော် ပွင့်လာပြီ.. အထဲမှာ ငါ ပိုက်နက်တစ်ခု ရထားတယ်... မင်း အနောက်ကမ္ဘာမြေမှာ နေရတာ ပျင်းနေရင် အဲဒီကို သွားကြည့်ပေါ့”
ရှုရှန်းဟွာမှာ သွားချင်လာသော်လည်း သူ့မိန်းမနှင့် ကလေးမှာ အနောက်ကမ္ဘာမြေ၌ ဖြစ်သည့်အပြင် အထက်ကောင်းကင်နတ်ဂိုဏ်းလည်း ရှိသေးသည်။ သူ့အနေဖြင့် ပြီးစလွယ် ထွက်သွား၍ မဖြစ်ပေ။
မိသားစုက သူ့ကို ချည်နှောင်ထားလေသည်။
ချင်မူက သူ့ကို ဆွဲဆောင်နေသည်။ “ထိုက်ချူ၊ ထိုက်ကျိ၊ ထိုက်စု၊ ထိုက်ရှီနဲ့ ထိုက်ယီကျောက်တုံးတွင်းလည်း ရှိတယ်... ထိုက်ယီရဲ့တွင်းကတော့ ငါ့ရဲ့ နမောနမဲ့နိုင်မှုကြောင့် ပျက်စီးသွားပြီ... ဒါပေမဲ့ အဲဒီက ဖရိုဖရဲချီတွေက ဖရိုဖရဲပင်လယ်အဖြစ် ဖွဲ့တည်သွားတယ်... အဲဒါက သိပ်စိတ်ဝင်စားစရာကောင်းတယ်ကွ... ငါက တုံးတဲ့ကောင်ကွာ... မင်းလောက် ဉာဏ်မကောင်းဘူး... ငါတောင် သဘောပေါက်နားလည်ခဲ့သေးရင် မင်းလည်း သဘောပေါက်နားလည်မှာပဲ ... ငါ့ထက်တောင် ပိုနားလည်ရင် နားလည်သွားဦးမှာ”
ရှုရှန်းဟွာမှာ ပို၍ပင် စိတ်ယိုင်လာတော့သည်။
ချင်မူက သူ့ဆက် ဆက်မဆွဲဆောင်တော့ဘဲ ပြော၏။ “မင်း အဲဒီကို သွားချင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွား... ဧကရာဇ်နဲ့ ငါက ဘိုးဘေးနန်းတော်ဆီ ပို့ပေးနိုင်အောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲမှာ စွမ်းအင်အကူးအပြောင်းတံတား ဆောက်ထားတယ်... ဘိုးဘေးနန်းတော်ရဲ့ အက်ကွဲကြောင်းထဲမှာ ငါ့ချိတ်တံဆိပ်လည်း ထားခဲ့တော့ မင်းအတွက် သွားဖို့ မခက်ဘူး”
သူသည် ပြန်ရန် ထလိုက်ပြီး ရှုရှန်းဟွာက တက်တက်ကြွကြွ လိုက်ပို့ပေးသည်။
ချင်မူလည်း မီးအိမ်ကို ဆွဲကာ ထွက်လာခဲ့၏။ သူ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ရှုရှန်းဟွာက အထက်ကောင်းကင်နတ်ဂိုဏ်း၏ တောင်တံခါးဝအရှေ့တွင် ရပ်လျက် သူ့အား လှမ်းမျှော်ကြည့်နေသေးကြောင်း တွေ့လိုက်ရသည်။
ချင်မူ မှင်သက်သွားမိသည်။ ပြီးခဲ့သည့်ရက်များအတွင်း ရှုရှန်းဟွာနှင့်အတူ တွေးခေါ်ဆင်ခြင်ခဲ့သော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ပြန်တွေးကြည့်လိုက်၏။ ရှုရှန်းဟွာ၏ မဟာလမ်းစဉ်နယ်ပယ်ကိုလည်း ပြန်စဉ်းစားကြည့်လိုက်ရာတွင် ကောင်းကင်နတ်သိုင်းမျိုးစုံ၏ အတွေးအမြင်များက သူ့စိတ်ထဲ ဝင်လာတော့သည်။ တံခါးတစ်ချပ် ပွင့်သွားသကဲ့သို့ ချင်မူမှာ ထူးဆန်းသောအခြေအနေအတွင်း ဝင်ရောက်သွားမိ၏။
နောက်တစ်နေ့ မနက်စောစောတွင် ... မြူခိုးများ အုံ့ဆိုင်းနေသည်။ ချင်မူက မြူထဲတွင် ရပ်လျက် အဝေးသို့ လှမ်းကြည့်နေသည်။ မြူများက မှုန်ဝါးနေသလို လူများလည်း ဝေဝါးနေသည်။
ကျန်းယန်က ရှုရှန်းဟွာ တောင်တံခါးဝအရှေ့တွင် ရပ်နေသေးသည်ကို မြင်လျှင် လျှောက်လာပြီး နူးညံ့ချိုသာစွာ မေးလေသည်။ “မောင်ကြီး၊ ဂိုဏ်းသခင်ချင် ထွက်သွားပြီ... မောင်ကြီး သူ့ကို လိုက်မပို့ပေးတော့ဘူးလား”
ရှုရှန်းဟွာသည် မြူထဲရှိ ချင်မူ့ကို ကြည့်ကာ ခေါင်းယမ်း၏။ “သူနဲ့ငါက တာအိုမိတ်ဆွေတွေ... အဲဒီလောက် ထုံးစံတွေ မလိုဘူး... ထုံးစံတွေ ပိုနေမှသာ အနေရခက်ရမှာ”
ကျင်းယန်မှာ နှုတ်ခမ်းလေး ဆူသွားပြီး မြူထဲသို့ လှမ်းကြည့်လိုက်၏။ ချင်မူက မြူထဲတွင် ရပ်လျက် ဆန်းကြယ်သောအခြေအနေထဲ၌သာ ရှိနေသေးသည်။
ထိုအတိုင်း ခြောက်ရက်၊ ခုနစ်ရက် ကြာသွားသည်။ ချင်မူသည် ရပ်နေဆဲဖြစ်သလို၊ ရှုရှန်းဟွာသည်လည်း တောင်တံခါးဝမှ မပြန်သေးပေ။
ကျင်းယန်က သူ့ဆီ ခဏခဏ လာကြည့်ပြီး ခေါင်းတယမ်းယမ်း ဖြစ်နေတာ့သည်။ ‘သူတို့ကြားက သံယောဇဉ်ကလည်း ထူးဆန်းသား...’
နောက်ဆုံးတော့ ချင်မူ သတိပြန်ဝင်လာပြီး လှမ်းအော်လိုက်၏။ “တာအိုမိတ်ဆွေရှု၊ ငါ သွားပြီ”
တောင်တံခါးအောက်တွင် ရှုရှန်းဟွာက လက်သီးဆုပ်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။
ချင်မူကလည်း ပြန်လည်အရိုအသေပေးကာ ထွက်သွား၏။
ရှုရှန်းဟွာ ခါးမတ်သည့်အချိန်တွင် ချင်မူ့အား အရိပ်အယောင်ပင် မမြင်ရတော့ပေ။