← Chapters

သိကြားဗုဒ္ဓ လီရုံလန်

Vol. 93 Ch. 1210

သိကြားဗုဒ္ဓ လီရုံလန်

Vol. 93 Ch. 1210

ချင်မူ ထွက်သွားသည်နှင့် ရှုရှန်းဟွာသည် ငေးမှိုင်တွေဝေနေသော အမူအရာဖြင့် အထက်ကောင်းကင်နတ်ဂိုဏ်းသို့ ပြန်ဝင်လာ၏။ ယောက်ျားဖြစ်သူ၏ မျက်နှာရိပ်မျက်နှာကဲကို မြင်သည့်အခါ ကျင်းယန်က တစ်ခုခုဖြစ်နေမှန်း ရိပ်မိလိုက်သည်။ “မောင်ကြီး၊ အနောက်ကမ္ဘာမြေကနေ ထွက်သွားချင်လို့လား”

ရှုရှန်းဟွာက ခေါင်းညိတ်သည်။ “ဂိုဏ်းသခင်ချင် ဒီတစ်ကြိမ် လာလည်ခဲ့တာက ဒီနှစ်တွေအတွင်း သူ ကျင့်ကြံအားထုတ်ခဲ့တဲ့ ရလဒ်တွေကို မြင်တွေ့စေခဲ့တယ်... သူက ဘိုးဘေးနန်းတော်နဲ့ မဟာလေဟာနယ်အကြောင်းလည်း ပြောသွားခဲ့တယ်… ကိုယ် အဲ့ဒါကို စိတ်၀င်စားမိလို့ပါ”

ကျင်းယန်သည် ပြုံးလိုက်၏။ “မောင်ကြီးက ကိုယ့်စိတ်စေရာအတိုင်း အမြဲလုပ်တတ်တဲ့သူပါ... အရင်တုန်းက မောင်ကြီးရဲ့ စိတ်က ဘာသိဘာသာ နေတတ်ခဲ့လို့ပဲ အနောက်ကမ္ဘာမြေမှာ နှစ်တွေအကြာကြီး နေနိုင်ခဲ့တာ မဟုတ်လား... အခု သွားချင်စိတ် ဖြစ်လာမှတော့ ဘာလို့ ကိုယ့်နှလုံးသားအတိုင်း မလုပ်သေးမှာလဲ”

ရှုရှန်းဟွာမှာ တွေဝေနေသည်။ “အခု ကိုယ့်မှာ မိန်းမနဲ့က‌လေး ရှိနေပြီလေ... အရင်တုန်းကလို စိတ်စေရာအတိုင်း လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ”

ကျင်းယန်က ပြုံးလျက် မေးလေသည်။ “မောင်ကြီး၊ မိန်းမနဲ့ ကလေးက မောင်ကြီးကို အောင်မြင်စေတယ်လို့ထင်လား… ချုပ်နှောင်ထားတယ်လို့ထင်လား”

ရှုရှန်းဟွာ ကြောင်သွားမိသည်။

ကျင်းယန်က ပြုံးလျက်ပင် ဆက်ပြော၏။ “တချို့သူတွေက မိန်းမနဲ့ ကလေး ရသွားတာနဲ့ ထောင်ကျသွားပြီလို့ ထင်ကြတယ်…. သူတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဖို့ ခက်သွားပြီဆိုးပြီး ကောင်းကင်နဲ့ မြေကြီးကို အကြောင်းမဲ့သက်သက် မုန်းတီးတတ်ကြတယ်ယ်... အဲဒီလို အကောင်းမမြင်တတ်တော့၇င် မိသားစုဝင်တွေနဲ့ တည့်ကြတော့မှာမဟုတ်ဘူး…

“တချို့သူတွေကတော့ မိန်းမနဲ့ ကလေးရှိလာတဲ့အခါ ရှေ့ဆက်လျှောက်ပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ချင်စိတ်တွေ ဝင်လာတတ်တယ်... တွန်းအားတစ်ရပ်လို သဘောထားကြတယ်... မောင်ကြီးက အရှေ့ကလူလို သာမန်လူလား... အနောက်ကလူလို သန်မာတဲ့ လူလား”

ရှုရှန်းဟွာမှာ နားလည်သဘောပေါက်သွားပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။ “မိန်းမရဲ့ ညွှန်ကြားပြသပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ကျင်းယန်က သူ့အား ချက်ချင်း ဆွဲထူ၍ ပြုံးနေသည်။ “မောင်ကြီး၊ ကျွန်မ ဝမ်းတော့ ဝမ်းနည်းမိတယ်... လောကကြီးထဲက က‌သောင်းကနင်းအခြေအနေတွဟာ တစ်နေ့ထက်တစ်နေ့ ကြီးမားလာမယ်.. ပြင်းထန်လာမယ်... ဆူပူအုံကြွမှုတွေဟာ ကြီးမားလွန်းလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးအောက်တောင် နိမ့်ကျမှာမဟုတ်ဘူး.. မောင်ကြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် မလုပ်နိုင်ရင် ပြည်သူပြည်သားတွေကို ကာကွယ်ဖို့အသာထား မိန်းမနဲ့ ကလေးကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး ... မောင်ကြီးမှာ အခုလို တိုးတက်ချင်တဲ့ စိတ်နဲ့ တိုးတက်နိုင်မယ့် လမ်းစ ရှိမှတော့ စိတ်ဖြောင့်ဖြောင့်သာ သွားပါ... ကျွန်မတို့ကို စိတ်မပူပါနဲ့”

ရှုရှန်းဟွာသည် စိတ်ပိုင်းဖြတ်၍ ချက်ချင်းပင် အထုတ်ပြင်တော့သည်။ သူက ကျင်းယန်နှင့် သမီးငယ်လေး ရှုမုန့်ချင်းကို ပွေ့ဖက်နမ်းရှုံ့ပြီးနောက် အနောက်ကမ္ဘာမြေမှ ထွက်ကာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ဦးတည်သွားတော့သည်။

...

ထိုအချိန်တွင် ချင်မူက ပရမတ္တလှေရှိသည့် ကုဗတုံးလှောင်အိမ်ဆီသို့ ပြန်ရောက်နေသည်

ဤနေရာမှာ ချိတ်ပိတ်ခံထားဆဲဖြစ်သော်လည်း ချင်မူ ဝင်မလာနိုင်အောင် မတားနိုင်တော့ချေ။ သူက ‌အထဲသို့ လမ်းလျှောက်ဝင်သွားပြီး ဤအံ့မခန်းလိလိ လှေကြီးကို ကြိုးစားပမ်းစား ပြုပြင်နေကြသည့် ဘုန်းတော်ကြီးများစွာ တွေ့လိုက်ရသည်။

ပရမတ္တလှေသည် ရှေးခေတ်အချိန်များမှ ယခုအချိန်အတွင်း နတ်ဘုရားနှင့် လူသားများ သွန်းလုပ်ခဲ့သော အခမ်းနားဆုံးလှေတစ်စင်းဟုပင် ဆိုရမည်။ ၎င်းတွင် မှန်းမရနိုင်သော စွမ်းအင်များစွာ ကိန်းဝပ်နေသည်အပြင် ပျံသန်းနေသော ကုန်းမြေထုကြီးနှင့် တူသည်။ ၎င်းက ဟင်းလင်းပြင်ကို ခွင်းလျက် လေဟာနယ်တံတားမှ ဖြတ်သွားနိုင်သည်။

လေဟာနယ်တံတား၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ချင်မူ ကောင်းကောင်းသိလေသည်။ ကောင်းကင်နတ်အရှင်များပင်လျှင် မဟာလေဟာနယ်မြေပြင်ထဲရှိ လေဟာနယ်တံတားကို ဖြတ်မသွားနိုင်ချေ။

သို့သော် ပရမတ္တလှေကတော့ ဖြတ်သွားနိုင်၏။

ခိုင်ဧကရာဇ်ခေတ်မှ ဤဘုန်းကြီးများသည် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများ သတိမထားမိအောင် ဤကုဗတုံးဝင်္ကပါထဲသို့ ဖုန်းတုမှတစ်ဆင့် တိတ်တဆိတ် ခိုးဝင်ခဲ့ခြင်း ဖြစ်သည်။

ပရမတ္တလှေကို ပြုပြင်ရခြင်းမှာ အင်မတန် ခက်လေသည်။ ခိုင်ဧကရာဇ်ခေတ်တုန်းက သိကြားဗုဒ္ဓလီရုံလန်ကဲ့သို့ ပန်းပဲပညာဖြင့် လမ်းစဉ်အဆင့် တက်ရောက်နိုင်ခဲ့သူများ ရှိသောကြောင့်သာ ပရမတ္တလှေနှင့် ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ကောင်းကင်နတ်ဘုံတွင် သိကြားဗုဒ္ဓကဲ့သို့ ထူးချွန်ထက်မြက်သူ မရှိပေ။ ထို့ကြောင့် မစားရအမဲ သဲနှင့် ပက် ဆိုသကဲ့သို့ ပရမတ္တလှေအား ဤနေရာတွင် ဖမ်းချုပ်ထားခဲ့ကြသည်။

ပရမတ္တလှေ မရှိလျှင် ရွှင်ပျော်ပျော်ကျေးရွာသို့ သွားရောက်နိုင်မည် မဟုတ်ရာ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်များသည် ဤလှေနှင့်ပက်သက်၍ သိပ်အာရုံမရှိကြချေ။

ချင်မူက ပရမတ္တလှေအနား သွားလိုက်သည့်အခါ အကောင်းပကတိနီးပါး ရုပ်လုံးပေါ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သိကြားဗုဒ္ဓလီရုံလန်က ပုံကြမ်းအချို့ကို တစ်ကိုင်ကိုင်ဖြင့် အစိတ်အပိုင်းတိုင်း၏ အချိတ်အဆက်များနှင့် သင်္ကေတအမှတ်အသားများအား ဘုန်းကြီးများနှင့်အတူ စစ်ဆေးကြည့်နေသည်။

သိကြားဗုဒ္ဓမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်လုပ်ရင်း အမှတ်အသားများလည်း သွန်းနေရသောကြောင့် အလုပ်များနေသည်။

ချင်မူ ဟိုကြည့်သည်ကြည့် ကြည့်လိုက်သည့်အခါ အနည်းငယ် အံ့ဩမှင်သက်သွား၏။ ဘုန်းကြီးတိုင်းတွင် သိကြားဗုဒ္ဓလီရုံလန်၏ မျက်နှာ ရှိနေသည်။ သို့သော် သူတို့အ၀တ်အစားများမှာ ကွဲပြားနေပြီး တာ၀န်ယူထားရသည့် အပိုင်းကဏ္ဍများမှာလည်း မတူညီပေ။

“လီရုံလန်လည်း ဗုဒ္ဓအိုကြီးရဲ့ အနန္တကပ်ဘေးသုတ္တန်ကို သင်ယူခဲ့တာပဲ…. ဒီဘုန်းကြီးတွေက သူ့အိပ်မက်ရဲ့ ကိုယ်ပွားတွေကိုး”

ချင်မူ နားလည်သဘောပေါက်သွားသည်။ ယခင်‌ဗုဒ္ဓဘုံ၏ ဗြဟ္မာကောင်းကင်ဘုံဆီ သွားရောက်တုန်းက မိစ္ဆာမျောက်ဝံကျန်းခုံးနှင့် မင်ရှင်းကိုယ်တော်တို့အပြင် သိကြားဗုဒ္ဓသည် ဗုဒ္ဓအိုကြီး၏ ကျောင်းငယ်ထဲသို့ ၀င်ရောက်နိုင်ခဲ့သည့် တစ်ပါးတည်းသော ဗုဒ္ဓ ဖြစ်၏။

ဗုဒ္ဓအိုကြီးက သူ၏ကျင့်စဉ်ကို လွှဲပြောင်းပေးခဲ့သော်လည်း တစ်ယောက်နှင့်တစ်ယောက် လက်ခံရရှိသည့် အဆုံးအမများမှာ မတူကြပေ။ မိစ္ဆမျောက်ဝံကျန်းခုံးသည် အဆုံးအမများကို လက်ခံရရှိပြီးနောက် ချက်ချင်း အိပ်ပျော်သွားကာ မိုးခြိမ်းသံအလား ဟောက်နေခဲ့၏။ မင်ရှင်းကိုယ်တော်မှာတော့ လူတိုင်းကို ကယ်တင်နိုင်ရန် တရားထိုင်၍ နက်နဲလှသော ဓမ္မကို ဆင်ခြင်သုံးသပ်နေခဲ့သည်။

အခြားတစ်ဖက်တွင် သိကြားဗုဒ္ဓကမူ သူ၏ဉာဏ်ပညာဖြင့် အနန္တကပ်ဘေးသုတ္တန်အား အဘက်ဘက်မှ နားလည်နိုင်အောင် ကြိုးစားအဖြေထုတ်ခဲ့သည်။

ထိုအချိန်တုန်းက သူ၏အစ်ကို ချင်ဖုန်းကျင့်က ဗုဒ္ဓအိုကြီးကို ကောက်ယူစားပစ်ခဲ့သောကြောင့် ချင်မူမှာ မသင်ခဲ့ရပေ။

သူတို့လေးဦးစလုံးသည် အနန္တကပ်ဘေးသုတ္တန်နှင့်ပတ်သက်၍ အမြင်ကိုယ်စီ ရှိကြချေရာ ရလဒ်များလည်း ကွဲပြားသွားခဲ့သည်။

ချင်မူက အနန္တကပ်ဘေးသုတ္တန်၏ ဗုဒ္ဓဝါဒများကို မသင်ခဲ့ရသောကြောင့် အပြည့်အစုံ နားမလည်ပေ။ ဗုဒ္ဓအိုကြီးသည် အနန္တကပ်ဘေးသုတ္တန်အား သူ့ဆီသို့ တိုက်ရိုက်လွဲပြောင်းပေးခဲ့သောကြောင့်သာ ၎င်းကို စိတ်တိုင်းကျသလို အသုံးပြုနိုင်ခဲ့၏။ နောက်ကွယ်ရှိ အတွေးအခေါ်များကိုမူ စဉ်းစားမနေခဲ့ချေ။

မင်ရှင်းကိုယ်တော်က သက်ရှိသတ္တဝါများ ဆင်းရဲဒုက္ခမှ လွတ်ကင်းအောင် ကယ်တင်ပေးချင်သည်။ သူက အနန္တကပ်ဘေးသုတ္တန်မှတစ်ဆင့် ဓမ္မအောင်မြင်မှုအဆင့် အတိုင်းထက်အလွန် မြင့်မားလာခဲ့သည်။

သို့သော် သူ့မှာ ကြိုးစားလေလေ၊ အနန္တကပ်ဘေးသုတ္တန်၏ အဓိပ္ပာယ်အစစ်အမှန်မှ ဝေးကွာသွားလေလေ ဖြစ်၏။ ကျမ်းစာမှ အဆင့်မြင့်ကျင့်စဉ်များအား နားလည်ခဲ့သော်လည်း အနန္တကပ်ဘေးသုတ္တန်အစစ်ကိုတော့ မသင်ယူနိုင်သေးချေ။

မိစ္ဆာမျောက်ဝံကျန်းခုံးတစ်ဦးတည်းသာ ဗုဒ္ဓအိုကြီး၏ အစစ်အမှန် သင်ကြားမှုများကို ရရှိခဲ့သည်။

ကျန်းခုံး၏ ဗုဒ္ဓသဘာ၀ကား မြင့်မားလွန်း၏။ ကျမ်းစာကို လက်ခံရရှိပြီးနောက် သူသည် မည်သည်ကိုမှ ဂရုမစိုက်ဘဲ အိပ်သွားခဲ့သည်။ သူ့တွင် ဗုဒ္ဓအိုကြီးကဲ့သို့ ပါရမီရှိလေသည်။

အခြားတစ်ဖက်တွင် သိကြားဗုဒ္ဓမှာတော့ အကြိုးစားဆုံး ဖြစ်သည်။ သူသည် ကလဲ့စားချေနိုင်ရန် ဗြဟ္မဗုဒ္ဓအဆင့်သို့ တက်ချင်ခဲ့၏။

သိကြားဗုဒ္ဓကား မာယာများသည်။ သူက ချင်မူ့ကို အသုံးချ၍ ‌ဗုဒ္ဓဘုံထဲရှိ ကောင်းကင်နတ်ဘုံဘက်တော်သားများကို ရှင်းပစ်ခဲ့သည်။

သို့သော် သူ့မှာ ဇာမဏီနတ်မင်းချီရှားယွီနှင့် ပတ်သက်မှုကိုလည်း မမေ့နိုင်သေးသလို၊ ခိုင်ဧကရာဇ်နှင့် မိတ်ဆွေဆက်ဆံရေးကိုလည်း‌ မေ့ဖျောက်မရပေ။ ကောင်းကင်စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်ပြီး ကောင်းကင်နတ်မင်းတစ်ပါး၊ စစ်ဘုရင်တစ်ပါးဆိုသော ဘဝကိုလည်း မမေ့နိုင်ပေ။

ထို့ကြောင့် သူ၏ပါရမီမှာ အင်မတန် မြင့်မားသော်လည်း အနန္တကပ်ဘေးသုတ္တန်မှ ရရှိခဲ့သည့် အကျိုးအမြတန် အနည်းဆုံးသာ ရရှိခဲ့သည်။

သူသည်လည်း ဗုဒ္ဓသဘာ၀ ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ထိုသို့မဟုတ်ပါက သူ့အနေဖြင့် ဗုဒ္ဓဘုံ၏ ဆယ့်ကိုးပါးမြောက် သိကြားဗုဒ္ဓ မဖြစ်လာနိုင်ပေ။ သို့သော် သူ့နှလုံးသားထဲတွင် စိတ်ယိုင်စေနေသော အတွေးများ များပြားလွန်း၏။ မည်သို့ဆိုစေ သူလည်း အနန္တကပ်ဘေးသုတ္တန်အား နားလည်ပြီးနောက် ကိုယ်ပိုင်အသိအမြင်ကို ရရှိခဲ့လေသည်။

ချင်မူမှာ မရေမတွက်နိုင်သော ဘုန်းကြီးများနှင့် လီရုံလန်ကို ကြည့်ကာ သက်ပြင်းချမိသည်။

ယခင်က လီရုံလန်သည် ဇာမဏီနတ်မင်းချီရှားယွီနှင့်အတူ မိုးမမြင်လေမမြင် ဖြစ်ခဲ့ရာ တိုက်ခိုက်လိုစိတ် ကင်းမဲ့နေခဲ့၏။ ရလဒ်အနေဖြင့် ကောင်းကင်စက်မှုလက်မှု နတ်ဘုရားမျိုးနွယ်မှာ မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့ရသည်။ ရွှေအတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး အတောမသပ်သည့် ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။

လီရုံလန်ကား ထွက်ပြေးလွတ်မြောက်ပြီးနောက် သိကြားဗုဒ္ဓဖြစ်လာသော်လည်း သူ၏အတိတ်ကို လက်မလွှတ်နိုင်ခဲ့ချေ။ သစ္စာလေးပါး ရရန် ခက်ခဲနေခဲ့ရာ သေမျိုးကမ္ဘာသို့သာ ပြန်ရောက်လာခဲ့သည်။

ယခုတွင် သူသည် အိပ်မက်ထဲတွင် ဘုန်းကြီးတစ်ပါးအသွင် ပြောင်းထား၏။ သို့သော် ဘုန်းကြီးက သင်္ကန်းကြီးတကားကားဖြင့် စက်မှုလက်မှုပညာသည်တစ်ဦးသဖွယ် ပရမတ္တလှေကား ပြုပြင်နေသည်။

သူ့အတွက် စုပ်လည်း ဆူး၊ စားလည်း ရူးမည့် အခြေအနေထဲသို့ ရောက်ရှိနေခြင်းဖြစ်ပြီး မလွတ်မြောက်နိုင်သေးချေ။ ဗြဟ္မဗုဒ္ဓအဆင့်သို့လည်း တက်ရောက်နိုင်ဦးမည်မဟုတ်။

သူ၏ အိပ်မက်ကိုယ်ပွားများမှာ ဉာဏ်ရည်သိပ်မမြင့်လှသဖြင့် သူကိုယ်တိုင် သင်ကြားပြသပေးရန် လိုအပ်သည်။ ထို့မှသာ ပရမတ္တလှေကို ပြုပြနိုင်မည်ဖြစ်၏။

ပရမတ္တလှေကို ပြုပြင်ခြင်းက သူ့အပေါ် နှိပ်စက်မှုလည်းဖြစ်သလို သူ၏ တာအိုနှလုံးသားကို ကုသခြင်းလည်း ဖြစ်သည်။

ချင်မူက ရှေ့သို့ လျှောက်သွားလိုက်ရင်း နှုတ်ဆက်လိုက်သည်။ “ကိုယ်တော်က သိကြား‌ဗုဒ္ဓလား... လီရုံလန်လား”

သိကြား‌ဗုဒ္ဓလီရုံလန်က ပြန်လည်နှုတ်ဆက်သည်။ “ကောင်းကင်နတ်အရှင်၊ ကိုယ်တော်က သိကြားဗုဒ္ဓ သူတို့က လီရုံလန်ပဲ”

ချင်မူက အလုပ်ကြိုးစားနေကြသော လီရုံလန်များဆီ ကြည့်၍ ပြုံးကာ ပြောသည်။ “‌ဗုဒ္ဓအနေနဲ့ ကိုယ်တော်က သိကြားဗုဒ္ဓရော လီရုံလန်ရော ဖြစ်တယ်လို့ ပြောသင့်တယ်.. အဲ့ဒီအခါကျမှ ဉာဏ်အလင်းပွင့်မှာ”

သိကြားဗုဒ္ဓလီရုံလန်မှာ အနည်းငယ် ကြောင်အသွားမိသည်။ သူက တခဏတွေးပြီးနောက် ပြုံးတော်မူ၏။ “ဒကာက ထပ်လှည့်စားဖို့ ရောက်လာပြန်တာပဲ….. ဒီအကြောင်း မပြောဘဲ နေကြတာပေါ့… ဆိုပါဦး ဘာအတွက် ဒီရောက်လာတာလဲ”

ချင်မူသည် ပရမတ္တလှေ၏ ကြယ်သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်၏။ “ဒီပစ္စည်းကို ပြန်လာပေးတာပါ”

သိကြားဗုဒ္ဓက လက်ခံယူပြီးနောက် တိတ်ဆိတ်စွာ သိမ်းလိုက်သည်။

ချင်မူက မေးသည်။ “ဗုဒ္ဓက ပရမတ္တလှေကို အတော်‌လေး နားလည်တာပဲ…. အကူအညီ လိုသေးလား”

သိကြားဗုဒ္ဓက ခေါင်းရမ်းသည်။ “မလိုပါဘူး… ကိုယ်တိုင်ပဲ ပြင်ချင်ပါတယ်”

ချင်မူက ပြောလိုက်၏။ “ဒါဆိုရင် ကိုယ်တော့်ကို စောင့်ရှောက်ပေးပါရစေ”

“ကျေးဇူးတင်ပါတယ်”

ချင်မူက ထိုင်လိုက်ပြီး မျက်လုံးများမှိတ်ကာ အနားယူလိုက်သည်။ အချိန်တစ်ခု ကြာသွားပြီးနောက် ပရမတ္တလှေမှာ သိကြားဗုဒ္ဓကြောင့် အကောင်းပကတိ ဖြစ်ပေတော့မည်။ ဧရာမမီးဖိုကြီးများကိုလည်း သွန်းလုပ်ထား၏။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် ရွှေအကဲ့သို့ ပန်းပဲပညာရှင်များ ရှိသော်လည်း ထိုမျှကြီးမားသည့် မီးဖိုကြီးများအား မသွန်းလုပ်ဖူးသေးချေ။

တိကျမှုနှင့် အနုစိတ်မှုတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းပဲနည်းလမ်းများသည် သိကြားဗုဒ္ဓထက် သာလွန်ပြီးဖြစ်သည်။ သို့သော် သိကြားဗုဒ္ဓသည် အရွယ်အစားနှင့် ပတ်သက်လာလျှင် နံပါတ်တစ် ဖြစ်နေသေး၏။

ရုတ်တရက် ‌ပတ်၀န်းကျင်သည် ‌မှိန်ကျသွားပြီး ဧရာမမြေထုကြီးသဖွယ် ချိပ်တံဆိပ်ကြီးတစ်ခုက ပရမတ္တလှေပတ်ပတ်လည်တွင် ကုဗတုံးကြီးတစ်တုံး ဖွဲ့တည်လာစေ၏။ တောအုပ်က ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး ပရမတ္တလှေအထက်ရှိ မြေထုက တဖြည်းဖြည်း မြောက်တက်သွားရင်း ဧရာမမျက်နှာကြီးအသွင် ပြောင်းလာသည်။

မြေပြင်သည် နှစ်ခြမ်းကွဲသွားပြီး ဧရာမမျက်လုံးကြီးသုံးလုံး ပေါ်လာ၏။ မျက်လုံးကြီးများက အကောင်းပကတိအတိုင်း ဖြစ်တော့မည့် ပရမတ္တလှေအား စိတ်၀င်တစား စိုက်ကြည့်နေကြလေသည်။

All Chapters