← Chapters

ဝင်္ကပါပညာ၏ ဆန်းကြယ်နက်နဲသော သဘောတရား

Vol. 93 Ch. 1213

ဝင်္ကပါပညာ၏ ဆန်းကြယ်နက်နဲသော သဘောတရား

Vol. 93 Ch. 1213

ကောင်းကင်သခင်ဟန်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုမှာ ဖွဲ့တည်လာပြီးဖြစ်သည့်အပြင် သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာလည်း ရုပ်လုံးပေါ်လာချေပြီ။ သူ၏ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များသည်လည်း ပြန်လည်ချိတ်ဆက်သွားကြပြီး မူလဝိညာဉ်မှာလည်း မရေမတွက်နိုင်သော ကုဗတုံးလေးများဖြင့် ပေါင်းစည်းပေါ်လွင်လာသည်။

သူက ၀င်္ကပါများကို သုံး၍ သူ့တွင် ရှိသည့်အရာများအားလုံးကို ပြန်လည်‌တည်ဆောက်နေသည်။ အစိတ်စိတ်အမွှာမွှာ ကြေမွသွားလျှင်တောင်မှ အရာအားလုံးကို ပြန်လည်‌တည်ဆောက်နိုင်၏။

ဤသည်က ဖန်ဆင်းခြင်းလမ်းစဉ် မဟုတ်ပေ။ ၀င်္ကပါလမ်းစဉ်ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံထားခြင်း ဖြစ်သည်။ ဤအခြင်းအရာမှတစ်ဆင့် သူ၏ဝင်္ကပါကောင်းကင်နတ်သိုင်းများက လမ်းစဉ်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ထင်ရှားသည်။

သို့သော် သူ၏ ရုပ်ခန္ဓာ၊ မူလဝိညာဉ်နှင့် ကောင်းကင်ရတနာများ ဖွဲ့တည်လာသည့်အချိန်မှာပင် ချင်မူက သူ၏ခန္ဓာကိုယ်ပေါ်သို့ မရေမတွက်နိုင်သော ၀င်္ကပါသင်္ကေတအမှတ်အသားများ ခတ်နှိပ်လိုက်သည်။

ထိုသင်္ကေတများက သူ၏ဝင်္ကပါအခြေခံသင်္ကေတများကို တန်ပြန်ချေဖျက်လိုက်ကာ လွင့်ပျယ်ပျောက်ကွယ်သွားစေသည်။

သူက စူးနေတောင် တစ်ချက်အော်လိုက်ပြီး သူ၏မူလဝိညာဉ်၊ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်တို့ကား မီးခိုးငွေ့များအလား ပြိုကွဲသွားတော့သည်။

သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ အမွှေးတိုင်တစ်တိုင်ကဲ့သို့ ခြေဖဝါးမှ လည်ပင်းအထိ လောင်ကျွမ်းနေချေသည်။ ထို့နောက် သူ၏ဦးခေါင်းမှာ မီးခိုးငွေ့များအဖြစ် ပြောင်းလဲပျောက်ကွယ်သွား၏။

“ကောင်းကင်သခင်ငါးယောက်ပဲ ကျန်တော့တယ်… ရှင်းပစ်ဖို့ မခက်ပါဘူး”

ချင်မူက စိတ်အေးသက်သာစွာ သက်ပြင်းချသည်။ ရုတ်တရက် ‌သူ့နှလုံးသားထဲတွင် အေးစိမ့်သွားသဖြင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်က သူ့အား ကာကွယ်ရန် ပတ်ပတ်လည်တွင် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်တစ်ခု ဖန်တီးလိုက်သည်။

ဝုန်း….

နှိုင်းယှဉ်မရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အသိစိတ်အလျဉ်တစ်ခုသည် ထွက်ပေါ်လာပြီး ကောင်းကင်သခင်ဟန်နောက်တစ်ဦးက ကုဗတုံးများကို စီးနင်းလာရင်း အော်ဟစ်လိုက်၏။ “အသိစိတ်အလျဉ်ပေါ့လေ… ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါ့အ‌ရှေ့မှာ အသိစိတ်အလျဉ်နဲ့ လာဆော့ကစားပြရဲတယ်ပေါ့… အစစ်အမှန်အသိစိတ်အလျဉ်၀င်္ကပါကို ပြပေးမယ်ကွ”

ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးသည် ပွင့်၍ အသက်၀င်လာ၏။ ထိုက်ချူ၏ဥ၊ မဟာကမ္ဘာဦးအစ မူလကျောက်တုံးနှင့် ချင်စာလုံးမြေတို့က တောက်ပလာပြီး သူ၏အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်အား အားကုန်ဖြည့်ပေးလိုက်သည်။

ချင်မူ၏အသိစိတ်အလျဉ်ကား အင်မတန် စွမ်းအားကြီးပြီး ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်အများစုထက် သာလွန်သည်။ အသိစိတ်အလျဉ်အဆင့်အရဆိုလျှင် မဟာဧကရာဇ်တစ်ဖြစ်လဲ နတ်အရှင်မချန်း၊ ကောင်းကင်နတ်အရှင်ကုန်းယွင်၊ နတ်ဘုရင်လန်ဝူနှင့် နတ်ဧကရာဇ်လန်ရွှမ်တို့အောက်သာ နိမ့်ကျ၏။ ရှုကျွင်းပင်လျှင် သူ့‌ထက် နိမ့်ကျချေသည်။

သူ၏တတိယမျက်လုံးပါ ထည့်တွက်ပါက သူ၏အသိစိတ်အလျဉ်ပြင်းအားသည် ဆယ်ဆထိုးတက်သွား၏။ ကောင်းကင်သခင်ဟန်၏ အသိစိတ်အလျဉ်ကို ခုခံရုံတင်သာမက ပြန်၍ပင် တွန်းလှန်နေချေသည်။

ကောင်းကင်သခင်ဟန်က ၀င်္ကပါဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ရင်း ကုဗတုံးပျားအုံထဲရှိ အခြေခံ၀င်္ကပါသင်္ကေတများအား အသိစိတ်အလျဉ် ၀င်္ကပါသင်္ကေတများအဖြစ် ကူးပြောင်းသွားစေသည်။ သူ၏ ၀င်္ကပါသည် အသိစိတ်အလျဉ်၀င်္ကပါတစ်ခုအဖြစ် ရုတ်ချည်း ပြောင်းလဲသွားချေပြီ။

ဤ၀င်္ကပါက ကောင်းကင်သခင်ဟန်နှင့် ၀င်္ကပါထဲရှိ နတ်ဘုရားမိစ္ဆာထောင်သောင်းများစွာ၏ အသိစိတ်အလျဉ်များကို စုစည်းလိုက်သည်။ အသိစိတ်အလျဉ် ၀င်္ကပါကား များပြားလှသည့် စွမ်းအင်တို့ကြောင့် အံ့မခန်းလိလိ အားကောင်းပြင်းထန်နေတော့သည်။

ဤ၀င်္ကပါမှ ပေါ်ထွက်လာသည့် အသိစိတ်အလျဉ်၏ ပြင်းအားက ဧကရာဇ်ပလ္လင်အဆင့်ရှိသည့် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးကို ကျော်လွန်သည့် အဆင့်တစ်ခုတွင် ဖြစ်သည်။

ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ၀င်္ကပါဆရာသခင်အနေဖြင့် ကောင်းကင်သခင်ဟန်သည် ၀င်္ကပါဖြင့် လမ်းစဉ်၀င်ရောက်ခဲ့၏။ သူ၏အသိအမြင်မှာ အင်မတန် ကျယ်ပြောနက်နဲပြီး ခံတပ်ကြယ်တာရာအရှင်သခင်ကိုသာ အားမကိုးခဲ့ပေ။

သူသည် သွေးသံချေးဇုန်သို့ တစ်ခါ ရောက်ဖူး၍ ထိုနေရာရှိ ယဇ်ပလ္လင်ပေါ်မှ အမှတ်အသားများကို လေ့လာခဲ့သည်။ ကမ္ဘာဦးခေတ်မှ ဖန်ဆင်းရှင်များ တီထွင်ခဲ့သည့် ယဇ်ပူဇော်ခြင်းလမ်းစဉ်ကို သင်္ကေတများအဖြစ် ပြောင်းလဲကာ ၀င်္ကပါထဲ၌ ပေါင်းထည့်ခဲ့၏။ ထိုမျှသာမက မူလမဟာတာအိုမျိုးစုံနှင့် ကမ္ဘာခေတ်နှောင်းမဟာတာအိုများကို လေ့လာကာ ၀င်္ကပါအစီအရင်ထဲတွင် ထည့်သွင်းနိုင်ရန် ကြိုးစားခဲ့သည်။

ဤအခြင်းအရာက သူ့အား နံပါတ်တစ် ဝင်္ကပါကောင်းကင်သခင်ဟူသော ဘွဲ့နှင့် ထိုက်တန်စေသည်။

သို့သော် သူက နံရံ၀င်္ကပါအား အသိစိတ်အလျဉ်၀င်္ကပါအဖြစ် ပြောင်းလဲထားသော်လည်း ချင်မူ၏ ကြောက်မက်ဖွယ်အသိစိတ်အလျဉ်နှင့် ရင်ဆိုင်ရသည့်အခါ အားလျော့နေသေးသလို ခံစားနေ‌ရသေးသည်။

သူတို့၏အသိစိတ်အလျဉ်များ ၀င်တိုက်သွားသည်နှင့် သူ၏၀င်္ကပါ ပြိုလဲတော့မည်ကို ခံစားလိုက်ရသည်။

ချင်မူက မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို အသုံးချ၍ တန်ပြန်တိုက်ခိုက်တော့မည့်အချိန် ဒုတိယ အသိစိတ်အလျဉ်ဝင်္ကပါတစ်ခုက သူ၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ဆီသို့ ပြေးဝင်ဆောင့်သည်။ ထို့နောက် တတိယ၊ စတုတ္ထနှင့် ပဉ္စမအသိစိတ်အလျဉ်၀င်္ကပါတို့က ပြေး၀င်လာကြသည်။

ဧကရာဇ်ပလ္လင်အဆင့်ထက် သာလွန်သည့် အသိစိတ်အလျဉ်၀င်္ကပါငါးခုက သူ၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို ကျုံ့ဝင်သွားစေသည်။

ချင်မူ့ခန္ဓာကိုယ်က အမြင့်သို့ ခုန်တက်သွားပြီး ပြန်လည်ကျဆင်းလာ၏။

ဝုန်း…. ဝုန်း…. ဝုန်း…

သူ့မှာ ပရမတ္တလှေပေါ်ရှိ နတ်ဘုရားမြို့တစ်မြို့၏ တံတိုင်းကို ဖောက်ထွက်သွားသည်။ ချင်မူ့ခန္ဓာကိုယ်မှာ တရွတ်တိုက် ဆွဲခံရသကဲ့သို့ လမ်းမထက်တွင် ဒလိမ့်ခေါက်ကွေး လိမ့်ထွက်သွား၏။ မကြာမီ သူသည် မိုင်‌ရာပေါင်းများစွာ ကျယ်၀န်းသည့် နတ်ဘုရားမြို့တစ်မြို့ဆီသို့ လွင့်ထွက်သွားပြီး မြေပြင်တွင် တွင်းကြီးတစ်တွင်း ဖြစ်သွားစေတော့သည်။

တစ်ချိန်တည်းမှာပင် နံရံ၀င်္ကပါငါးခုမှာလည်း အတောမသတ်နိုင်သော‌ ပြောင်းလဲမှုများကို ဖြတ်သန်းခဲ့ရသည့် ပျားအုပ်တစ်အုပ်အလား အုံကြွလာသည်။။ ကောင်းကင်သခင်ငါးပါးနှင့် နတ်ဘုရားမိစ္ဆာထောင်ပေါင်းများစွာတို့၏ အသိစိတ်အလျဉ်များက ပေါက်ကွဲထွက်လာကြပြီး ချင်မူ့အသားကိုပင် မထိဘဲ အဆက်မပြတ် တွန်းထုတ်နေကြ၏။

ချင်မူမှာ ခုခံရန် အခက်တွေ့နေပြီး သူ၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်မှာလည်း ပြိုလဲလာနေသည်။

မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်နှင့် ယှဉ်ပါက သူ့၏နယ်ပယ်ကို အတုအယောင်ဟုသာ သတ်မှတ်နိုင်ချေသည်။ မဟာဇကရာဇ်သည် အဆင့်မြင့်အသိစိတ်အလျဉ်တွင် အသန်မာဆုံးဖြစ်၏။ ချင်မူ့အနေဖြင့် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်၏ စွမ်းအားအများစုကိုသာ ထုတ်လွှတ်နိုင်ပေသည်။ ဆက်တိုက် ဝင်တိုက်ခံရသည့်အခါ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်မှာ ပြိုလဲတော့မည့် အရိပ်အယောင်များ ပြသလာသည်။

ဝှစ်….

သူ့မှာ ကုဗတုံးပျားအုံ၏ ကြောက်မက်ဖွယ်အသိစိတ်အလျဉ်ကြောင့် ပရမတ္တလှေပေါ်မှ တွန်းထုတ်ခံလိုက်ရရာ မြေပေါ် ကျသွားသည်။

ချင်မူက ဤအခွင့်အရေးကို အသုံးချ၍ သူ၏ဓားကျိုးကို ထုတ်လိုက်သည်။ ဓားချီသည် ကောင်းကင်ဘုံ ၃၃ ဘုံအား အလင်းရောင်ဖြာထွက်သွားစေလိုက်ရင်း ချက်ချင်းဆိုသလို ကုဗတုံးပျားအုပ်အား ၃၄ ပိုင်း ခုတ်ချလိုက်သည်။

ပျားအုပ်ထဲတွင် ကောင်းကင်သခင်ဟန်မှာ ၀င်္ကပါပျက်စီးသွားသည်ကို ချက်ချင်း ခံစားလိုက်ရပြီး ‌ဆက်လက်တိုက်ခိုက်ရန် ခက်ခဲသွားသည်။‌ ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံ စွမ်းအားမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းချေသည်။ ဓားလမ်းစဉ်နယ်ပယ်၏ စွမ်းအားက သူ ထိန်းချုပ်နေသော နတ်ဘုရားမိစ္ဆာဆယ်ရာခိုင်နှုန်းကျော်ကို သေဆုံးသွားစေသည်။

ကံကောင်းစွာဖြင့် သူသည် ၀င်္ကပါဆရာသခင် ဖြစ်နေသေးသဖြင့် ၀င်္ကပါက ချက်ချင်း ပြောင်းလဲသွားကာ ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံ စွမ်းအားကို ခုခံလိုက်ရင်း နောက်ထပ် ပျက်စီးမှုများ မရှိစေရန် ကာကွယ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အခြားကောင်းကင်သခင်များက သေဆုံးသွားသော ကောင်းကင်သခင်ဟန်၏ လက်အောက်ရှိ နတ်ဘုရားများကို စုစည်းလိုက်သည်။ ပျားများက အရပ်မျက်နှာတိုင်းသို့ ဖြာထွက်သွားရင်း စုဝေးလိုက်၏။

ချင်မူမှာ အသက်ရှုရန် အခွင့်အရးရသဖြင့် တဟုန်းဟုန်း ထကြွနေသော အသိစိတ်အလျဉ်ကို တည်ငြိမ်စေလိုက်သည်။ သူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို အသက်သွင်းလိုက်ရာ ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်တို့သည် သူ၏ခန္ဓာကိုယ်ထဲတွင် မရပ်မနား လှည့်ပတ်သွားကြ၏။ တဖြည်းဖြည်း သူ၏အသိစိတ်အလျဉ်မှာ တည်ငြိမ်လာသည်။

ဝုန်း…

သူက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဆင်းသက်လိုက်သည့် လေအဟုန်က မြေပြင်ပေါ်ရှိ တောအုပ်အား အရပ်လေးမျက်နှာသို့ ပြိုလဲ၀ပ်ဆင်းသွားစေသည်။ မြေထုမှာ ရွှံ့နွံလှိုင်းများကဲ့သို့ မြင့်တက်လာပြီး အရှိန်အဟုန်ပြင်းစွာ လှည့်ပတ် ပြန့်ကားနေ၏။ ရွှံ့နွံလှိုင်းများကြောင့် တောင်တန်းတချို့ပင်လျှင် လေပေါ်မြောက်တက်နေကြသည်။

ဝှစ်….

ဧရာမပျားအုပ်ကြီး ငါးအုပ်သည် မြေပြင်နှင့် နီးကပ်စွာ နေရာယူလျက် အရှိန်အဟုန်ဖြင့် ပျံသန်းလာကြ၏။ ထိုပျားအုပ်များက ပျံသန်းလာနေစဉ်အတွင်း ပုံစံများ အဆက်မပြတ် ပြောင်းလဲနေကြသည်။ ချင်မူ့ဆီ မရောက်ခင် နတ်ဘုရားမြို့တော်များအဖြစ် အလွယ်တကူ ပေါင်းစည်းလိုက်ချေပြီ။ ၎င်းတို့က မြေပေါ်သို့ ဝုန်းခနဲ ကျဆင်းသွားပြီး‌ မိုင်ရာပေါင်းများစွာ လျှောထွက်သွား၏။ ထို့နောက် ချင်မူ့ရှေ့တွင် ရပ်တန့်လိုက်ကာ ယပ်တောင်သဏ္ဌာန် ဝန်းရံလိုက်ကြသည်။

ကောင်းကင်သခင်ငါးဦးက မြို့ထဲရှိ ယဇ်ပလ္လင်များပေါ်တွင် ရပ်ကာ လက်မြှောက်လိုက်ကြ၏။ ထိုအခါ နတ်ဘုရားမြို့များဆီမှ ခြေထောက်များ ထွက်လာကြပြီး တဝုန်းဝုန်း မြည်သံများဖြင့် ထရပ်လိုက်ကြသည်။ အလယ်နတ်ဘုရားမြို့ထဲရှိ မရေမတွက်နိုင်သော ကုဗတုံးများက ခြေနှစ်ဖက်ပါသည့် ထူးဆန်းသော ဧရာမမျက်လုံးကြီးအဖြစ် ပြောင်းလဲသွား၏။ ၀င်္ကပါ အသက်ဝင်သွားသည်နှင့် ကောင်းကင်အလင်းတန်းတစ်တန်းက ထွက်ပေါ်လာသည်။

ဘယ်ဘက်ရှိ နတ်ဘုရားမြို့နှစ်မြို့ထဲမှ တစ်မြို့က ခြေနှစ်ဖက်ပါသည့် နတ်‌ကြေးမုံတစ်ချပ်အဖြစ် ပြောင်းလဲသွားပြီး အခြားတစ်မြို့က လှံရှည်တစ်လက်အသွင် ဖွဲ့တည်လျက် ချင်မူ့အား ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။

ညာဘက်ရှိ ‌နတ်ဘုရားမြို့နှစ်မြို့ထဲမှ တစ်မြို့က ခြေနှစ်ဖက်နှင့် ဧရာမဒယ်အိုးကြီးတစ်အိုးအဖြစ် ပြောင်းလဲသွားသည်။ ဒယ်အိုး၏ ပါးစပ်ကြီးက ချင်မူ့အား မျက်နှာမူထားပြီး ဒယ်အိုးထဲမှ ကောင်းကင်အလင်းတန်းတို့ ဖြာထွက်လာကာ မြစ်တစ်စင်းအဖြစ် အသွင်ပြောင်း စီးဆင်းသွားသည်။ ကျန်နတ်ဘုရားမြို့က စေတီတစ်ဆူအဖြစ် ပြောင်းလဲသွားပြီး ခြေတစ်ချက်ဆောင့်ခုန်၍ ချင်မူ့ကို နင်းခြေရန် ပြေး၀င်လာတော့သည်။

ချင်မူက ခန္ဓာကိုယ်ကို လှုပ်ခါကာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ကို ဖော်ထုတ်လိုက်သည်။ သူ့လက်ထဲရှိ ဓားကျိုးသည် သုံးလက်ကွဲသွားပြီး သူက လက်တစ်ဖက်ဖြင့် ဓားကျင့်စဉ်ကို ဆုပ်ကိုင်လိုက်၏။ ကျန်လက်တစ်ဖက်ဖြင့် ဓားကျိုးကို ဝှေ့ရမ်းလိုက်ပြီး ဓားမရှည်တစ်လက်အဖြစ် အသွင်ပြောင်းလိုက်သည်။ ကျန်လက်တစ်ဖက်ဖြင့် ဓားကျိုးကို လှုပ်ခါလိုက်သည့်အခါ ဓားကျိုးသည် စုတ်တံတစ်လက် ဖြစ်လာချေပြီ။

ကျန်ရှိသော လက်များအနက်မူ ကောင်းကင်နတ်သိုင်းများ အသက်သွင်းနေသော လက်၊ ၀င်္ကပါများ ခင်းကျင်းနေသော လက်နှင့် ထူးဆန်းသောအဆိပ်ကို ဖော်စပ်နေသော လက်တို့ ရှိကြသည်။

သူက တိုက်ခိုက်ရင်း နောက်ဆုတ်နေပြီး ကောင်းကင်သခင်ငါးပါးသည် မျက်လုံး၊ ‌နတ်ကြေးမုံ၊ လှံတံ၊ ဒယ်အိုးနှင့် စေတီကို ထိန်းချုပ်နေကြ၏။ လက်နက်တစ်ခုချင်းစီက မတူညီသော စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး မိုင်ထောင်သောင်းများစွာ နေရာယူထားရင်း အဆက်မပြတ် တိုက်ခိုက်နေကြသည်။

ရုတ်တရက် ထိုရတနာများ ဝုန်းခနဲ ပြိုကျသွားသောကြောင့် ချင်မူ ၀မ်းမြောက်သွားသည်။ ‘ဘိုးဘိုးဆေးဆရာရဲ့ အဆိပ်လမ်းစဉ်က အလုပ်ဖြစ်နေတာပဲ’

All Chapters