← Chapters

အမျက်ဒေါသ စစ်ဘုရင်

Vol. 93 Ch. 1216

အမျက်ဒေါသ စစ်ဘုရင်

Vol. 93 Ch. 1216

ကောင်းကင်သခင်ဟန်မှာ အရှေ့တည့်တည့်တွင် သိကြားဗုဒ္ဓလီရုံလန်ကို ဘွားခနဲ မြင်လိုက်ရသဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ လီရုံလန်၏ လက်ထဲရှိ ကြောက်မက်ဖွယ် နတ်လက်နက်များက သူ မမြင်ခဲ့ဖူးသော ထက်မြမှုမျိုးဖြင့် ပြေးထွက်လာကြကာ တို့ဟူးတုံးကို လှီးချလိုက်သော ဓားမများကဲ့သို့ သူ့ခန္ဓာကိုယ်ကို လှီးဖြတ်သွားကြသည်။

သားသတ်သမားက နွားတစ်ကောင်ကို အမဲဖျက်နေသည့်အလား ထင်ရသည်။ သူ ဂုဏ်ယူခဲ့ရသော ဝင်္ကပါမှာ လီရုံလန်၏ ဓား၊ ပုဆိန်၊ နတ်လက်နက်များနှင့် ထိတွေ့သွားသည့်အခါ အလွယ်တကူ ပိုင်းဖြတ်ခံလိုက်ရပြီး တစစီ ဖြစ်သွားတော့သည်။

မျက်နှာချင်းဆိုင် တွေ့လိုက်သည့် တခဏမှာပင် နံရံဝင်္ကပါ၏ ကုဗတုံးအားလုံး ဖြိုချခံလိုက်ရရာ သူ၏ခန္ဓာကိုယ်အစစ်မှာ လီရုံလန်၏အရှေ့၌ ပေါ်လွင်လာသည်။

‌ကောင်းကင်သခင်ဟန်မှာ လက်ဖြင့်ကာလိုက်သော်လည်း နတ်လက်နက်တစ်ထောင် ဆင်းသက်လာလျှင်ချင်း သူ၏အရိုးများ ကျိုးကြေသွားပြီး ဦး‌ခေါင်းခွံပင် ဟက်တက်ကွဲသွားသော အသံအား ကြားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ထဲရှိ မဟာတာအိုသင်္ကေတများ ကြေမွသွားသည့် အသံကိုပင် ကြားလိုက်ရ၏။

လီရုံလန်ကား လက်တစ်ထောင်ဖြင့် ရူးသွပ်နေသော နတ်ဆိုးတစ်ပါးအလား နတ်လက်နက်များကို ဝှေ့ရမ်းရင်း ကောင်းကင်သခင်ဟန် ပြားကပ်သွားပြီး အစိတ်စိတ်အမွှာမွှာ ကြေသွားသည့်တိုင်အောင် ဒေါသတကြီး ရိုက်ချနေသည်။ သူသည် ကောင်းကင်သခင်ဟန်အား သတ္တုတုံးတစ်တုံးကဲ့သို့ သဘောထား၍ အင်နှင့်အားနှင့် ထုရိုက်နေ၏။

ကောင်းကင်သခင်ဟန်၏ ခန္ဓာကိုယ်ထဲရှိ ၀င်္ကပါသင်္ကေတများ ကွဲအက်ပျက်စီးကုန်ကြသည်။ သူ့မှာ ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်ချင်သော်လည်း မည်မျှပင် ကြိုးစားပါစေ ထပ်မံထုချေခံနေရသည်။

ထိုမျှသာမက သူ ထိန်းချုပ်နိုင်သည့် ၀င်္ကပါသင်္ကေတများမှာ ပိုပို၍ နည်းပါးလာလေသည်။ ထိုသင်္ကေတများမှာ သိကြားဗုဒ္ဓလီရုံလန်ကြောင့် တစ်ခုပြီးတစ်ခု စိစိညက်ညက် ကြေမွနေသည်။

ကောင်းကင်သခင်ဟန်မှာ ကြောက်ဒူးတုန်နေပြီး အသက်ချမ်းသာပေးရန် ဒူးထောက်တောင်းပန်ချင်သော်လည်း ဤအခိုက်အတန့်တွင် မည်သည့်စကားမှ မပြောနိုင်တော့ပေ။

ချင်မူက အဝေးတွင် ရပ်၍ ဤမြင်ကွင်းအား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

လီရုံလန်၏ ရိုက်ချက်များကြောင့် မြေကြီး‌တွင် တွင်းကြီးပေါ်လာပြီး တွင်း၏ အောက်ခြေမှာ ချောမွတ်နေသည်။ ယင်းကား ပန်းပဲဆရာတစ်ဦး၏ အခြေခံစွမ်းရည်ပင် ဖြစ်လေသည်။

လီရုံလန်၏ အခြေခံစွမ်းရည်သည် အခိုင်မာဆုံး ဖြစ်၏။

တွင်းထဲ၌ ကောင်းကင်သခင်ဟန်မှာ စက္ကူရွက်သဖွယ် ပြားကပ်နေအောင် ထုရိုက်ခံထားရသည်။ ပါးလွန်းသဖြင့် အထူပင် မရှိပေ။ သို့သော် လီရုံလန်မှာ ဒေါသအရှိန်မသေသေးဘဲ အဆက်မပြတ် ထုရိုက်နေသည်။

အမျက်ဒေါသတချောင်းချောင်း ထနေသော သူသည် ဗုဒ္ဓတစ်ပါးကဲ့သို့သော ဣန္ဒြေသိက္ခာလည်း မရှိတော့၊ ဗုဒ္ဓစိတ်၊ ဗုဒ္ဓနှလုံးသားတို့လည်း ဆိတ်သုဉ်းနေချေပြီ။

သူကား စစ်ဘုရင်ကောင်းကင်နတ်မင်း မဟုတ်ပါလော။

အချိန်အတော်ကြာပြီးနောက် တဘုန်းဘုန်း ထုရိုက်သံကြီးများ တိတ်ဆိတ်သွားသည်။ လီရုံလန်က ဒေါသများကြားမှ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

သူ့မျက်လုံးများမှ မီးတောက်မျက်ရည်စီးကြောင်းနှစ်ကြောင်းက စီးကျလျက်ပင်....။

သူ့အ‌နောက်တွင် ကောင်းကင်နန်းဆောင်တစ်ဆောင် ဖွဲ့တည်လာသည်ကို ချင်မူ မြင်လိုက်ရသည်။ ကောင်းကင်နန်းဆောင်မှာလည်း ဒေါသမီးလျှံတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေသည်။

နတ်ကောင်းကင်ခန်းမရှေ့တွင် မည်သူမှ မရှိချေ။ ဤအခိုက်အတန့်တွင် သိကြားဗုဒ္ဓလီရုံလန်၏ မူလဝိညာဉ်ကား ဧကရာဇ်ပလ္လင်ပေါ်တွင် ထိုင်နေချေပြီ။ သူ့မျက်နှာသည် ဒေါသအမျက်တို့ဖြင့် အရုပ်ဆိုးနေသော်လည်း သူ့မျက်၀န်းများကတော့ ၀မ်းနည်းကြေကွဲနေ၏။

သူကား ဓမ္မမှတစ်ဆင့် ဧကရာဇ်တစ်ပါး မဖြစ်လာခဲ့ဘဲ... အမျက်ဒေါသကြောင့် ဧကရာဇ်တစ်ပါး ဖြစ်လာချေပြီ။

ယနေ့တွင် ကမ္ဘာလောကထဲမှ ဗုဒ္ဓတစ်ပါး လျော့နည်းသွားပြီး ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦး တိုးလာခဲ့ပြီဖြစ်သည်။

ချင်မူ ရှေ့လျှောက်သွားနေစဉ် တွင်းထဲမှ သိကြား‌‌ဗုဒ္ဓလီရုံလန်က ဖြည်းဖြည်းချင်း မြောက်တက်လာကာ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ စစ်ဘုရင်တစ်ပါး၏ အမျက်ဒေါသမှာ တဖြည်းဖြည်း လျော့နည်းသွားပြီး ဒေါသမီးလျှံများလည်း သိပ်မပြင်းထန်တော့ပေ။ သို့သော် ငြိမ်းသေသွားခြင်းတော့ မရှိ။

သူ၏ ချောမောခံ့ညားသော ရုပ်ရည်မှာ ပြန်ပေါ်မလာဘဲ ဒေါသထွက်နေသည့် အကျည်းတန်ရုပ်သွင်သာ နေရာယူထားလေသည်။

“ခင်ဗျားက သိကြားဗုဒ္ဓလား လီရုံလန်လား”

ချင်မူက မေး၏။ “ဒါမှမဟုတ် ကောင်းကင်နတ်မင်းစစ်ဘုရင်လို့ ပြောရမလား”

“ငါလား”

လီရုံလန်က လက်တစ်ထောင်ကို ရုတ်သိမ်း‌ပျောက်ကွယ်သွားစေပြီး ဒေါသမီးလျှံများ လောင်ကျွမ်းနေသော သူ၏လက်များကို ငုံ့ကြည့်လိုက်သည်။ သူ့လက်များမှာ ယခင်ကလို ဖြူဥနူးညံ့မနေတော့ပေ။ မာကျောကြမ်းတမ်းနေသောအသားမာတို့သာ ပြည့်နှက်နေ၏။

ထို့နောက် သူ တည်ငြိမ်အေးဆေးစွာ ခေါင်းမော့၍ ကြမ်းရှရှအသံဖြင့် ပြောသည်။ “ငါက ကောင်းကင်နတ်မင်းစစ်ဘုရင်ပဲ”

ချင်မူက သက်ပြင်းချလိုက်သည်။ “ဗုဒ္ဓအိုကြီးက ခင်ဗျား ‌ဗုဒ္ဓဝါဒကို ကျင့်သုံးပြီး ဗုဒ္ဓတစ်ပါးဖြစ်လာစေချင်တဲ့ မျှော်လင့်ချက်နဲ့ အနန္တကပ်ဘေးသုတ္တန်ကို လွှဲပြောင်းပေးခဲ့တာ…. ခင်ဗျားမှာ ဗုဒ္ဓသဘာ၀နဲ့ ဗုဒ္ဓနှလုံးသား ရှိတယ်… ခင်ဗျား အခုလို ဗုဒ္ဓသဘာ၀နဲ့ ဗုဒ္ဓနှလုံးသားကို ဒေါသမီးတောက်တွေအဖြစ် ပြောင်းလဲပစ်လိုက်တာ သူ သဘောကျမှာမဟုတ်ဘူး”

“ဗုဒ္ဓဝါဒက သတ္တဝါတွေအားလုံးကို မကယ်တင်နိုင်ဘူး…. ကိုယ့်ကိုကိုယ် ကယ်တင်ဖို့တောင် ခက်ခဲတယ်”

လီရုံလန်က ပရမတ္တလှေ‌ဆီသို့ လျှောက်သွားသည်။ “ငါက ဒီအတိုင်းပဲ ပိုကောင်းပါတယ်”

ချင်မူမှာ ကြောင်အသွားပြီး သူ့နောက်မှ လိုက်သွားသည်။

လက်ရှိလီရုံလန်သည် အတိတ်မှ ကောင်းကင်စက်မှုလက်မှုပညာသည် လီရုံလန်မဟုတ်ကြောင်း သူ နားလည်၏။ အတိတ်တုန်းက လီရုံလန်မှာ ကြော့မော့ခံ့ညားပြီး အလွန်အလွန့် ပါရမီထူးကဲသည်။

သူကား သိကြားဗုဒ္ဓလည်း မဟုတ်တော့ချေ။ သိကြားဗုဒ္ဓသည် သင်္ကန်းအဖြူကိုသာ ဆင်မြန်းလျက် တင့်တယ်ချောမော၏။ တည်ကြည်သောအသွင်အပြင်လည်း ရှိပြီး သူ့စကားများက ကျက်သရေအပြည်ဖြင့် စိတ်၀င်စားဖွယ်ကောင်းသလို ပဟေဠိများလည်း ပါဝင်တတ်သည်။

ယခုတွင် သူကား ခိုင်ဧကရာဇ်လက်အောက်ရှိ စစ်ဘုရ် ဖြစ်သွားချေပြီ။

သူသည် ‌ဒေါသစိတ်ကို လောင်ကျွမ်းမီးမြိုက်လျက် လက်စားချေနိုင်အောင် ပရမတ္တလှေကို မောင်းနှင်၍ မဟာလေဟာနယ်ထဲရှိ ရွှင်ပျော်‌ပျော်ကျေးရွာဆီသို့ သွားရောက်ပေလိမ့်မည်။

သူ့နှလုံးသားထဲတွင် မေတ္တာတရား ဟူ၍ မရှိတော့ဘဲ တိုက်ခိုက်ကလဲ့စားချေလိုသည့် စိတ်ဆန္ဒကသာ လွှမ်းမိုးထားသည်။

“ဗြဟ္မာဗုဒ္ဓ သူ့ဆီ အနန္တကပ်ဘေးသုတ္တန်ကို လွှဲပြောင်းပေးခဲ့တုန်းက ဒီနေ့ကို ကြိုတင် သိခဲ့သလား”

ချင်မူမှာ ပရမတ္တလှေထက်တွင် ငေးကြောင်လျက် ရပ်နေမိသည်။ အင်မတန် ကြီးမားသော ဆေးမီးဖိုများက မီးလောင်ကျွမ်းလာကာ ဧရာမသင်္ဘောကြီးကို ရှေ့သို့ တွန်းပို့ပေးလိုက်သည်။

“လီရုံလန် သိကြားဗုဒ္ဓဖြစ်လာခဲ့တာက ဗုဒ္ဓဝါဒကြောင့်…. သိကြားဗုဒ္ဓကနေ စစ်ဘုရင် ဖြစ်လာတာက အနန္တကပ်ဘေးသုတ္တန်ရဲ့ သက်ရောက်မှုကြောင့်…. အခုလေးတင် သိကြားဗုဒ္ဓလီရုံလန်ဟာ သူ့အိပ်မက်ထဲမှာ ပရမတ္တလှေကို ပြုပြင်ခဲ့ပြီး ကိုယ်ပွားတွေ ခွဲထားခဲ့တာ… ဒါပေမဲ့ ကောင်းကင်သခင်ဟန် ပေါ်ထွက်လာမှုက သူ့အိပ်မက်ထဲက သူ့ကို ဒေါသနဲ့ ကလဲ့စားချေလိုစိတ်တွေနဲ့သာ ပြည့်နှက်သွားစေခဲ့တယ်”

ချင်မူသည် ကြယ်တာရာသံလိုက်အိမ်မြှောင်နှင့် ပရမတ္တ‌လှေကို ထိန်းချုပ်နေသော နတ်ဘုရားဆီသို့ ကြည့်လိုက်ရင်း စိတ်ထဲတွင် တွေးလိုက်သည်။ ‘အိပ်မက်တစ်ခု ကမ္ဘာတစ်ခု.... သူ့အိပ်မက်ထဲမှာ ဒေါသနဲ့ ကလဲ့စားချေလိုစိတ်တွေပဲ ကျန်တော့တာဆိုတော့ နိုးထလာရင် နိုးလာတဲ့သူက ကောင်းကင်နတ်မင်းစစ်ဘုရင်ပဲ ဖြစ်လိမ့်မယ်…. ဒါမှမဟုတ် မနိုးထတော့သလို နိုးထချင်စိတ် မရှိတော့တာလည်း ဖြစ်နိုင်တယ်’

ဗြဟ္မာ့‌ဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်ကား ခမ်းနားအံ့ဩဖွယ်ကောင်းချေသည်။ ယင်းက လူတစ်ယောက်၏ စိတ်အခြေအနေနှင့် အသွင်အပြင်အပေါ် သက်ရောက်ခဲ့၏။

အနန္တကပ်ဘေးသုတ္တန်ကို ကျင့်ကြံခဲ့သူများအနက် တစ်ယောက်နှင့်တစ်ယောက် နားလည်သဘောပေါက်သွားမှုချင်း မတူကြပေ။ သိကြားဗုဒ္ဓလီရုံလန်သည် သူ၏အိပ်မက်ထဲတွင် ကောင်းကင်စစ်ဘုရင်ဖြစ်လာခဲ့ပြီး ဧကရာဇ်ပလ္လင်အဆင့်အထိပါ ကျင့်ကြံနိုင်ခဲ့၏။

ဗြဟ္မဗုဒ္ဓ၏ စိတ်အတိမ်အနက်ကို မှန်းဆ၍ မရသလို သူ၏ ဉာဏ်ပညာမှာလည်း မှန်းဆမရနိုင်ပေ။ သူသည် သိကြားဗုဒ္ဓ၏ အနာဂတ်ကို ကြိုတင်သိမြင်ခဲ့လိမ့်မည်။

ပရမတ္တလှေ၏ အရှိန်မှာ တဖြည်းဖြည်း မြန်လာသည်။ ရုတ်တရက် လှေပေါ်ရှိ မရေမတွက်နိုင်သော သင်္ကေတတစ်ခုပြီးတစ်ခု တောက်ပလာကြသည်။ သို့သော် လှေမျက်နှာပြင်ပေါ်ရှိ သင်္ကေတများမှာ လှေတစ်စင်းလုံးရှိ သင်္ကေတများ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သေးသည်။ အမှန်တွင် လှေထဲ၌ ရှုပ်ထွေးသော သင်္ကေတပေါင်းများစွာ ရှိ၏။

ထိုသင်္ကေတများကြောင့်ပင် ကောင်းကင်နတ်ဘုံသည် ပရမတ္တလှေအား ပိတ်လှောင်ထားပြီးသည့်တိုင် မပြုပြင်နိုင်ခဲ့ပေ။ အရှင်မယွမ်မုတဖြစ်လဲ ဖန်ဆင်းဂိုဏ်းနန်းတော်သခင် ရှစ်ချီလော်ပင်လျှင် ပြန်လည် မတည်ဆောက်နိုင်ခဲ့ချေ။

လှေ၏ သင်္ကေတအားလုံး တောက်ပလာသည့်အခါ လှေက ဖြည်းဖြည်းချင်း နိမ့်ဆင်း၍ အခြားအချိန်နှင့် နေရာဟင်းလင်းပြင်ဆီသို့ ၀င်ရောက်သွားသည်။

ဤသည်က ယိုတုပင်။

ချင်မူမှာ ပရမတ္တလှေ၏ ပုံကြမ်းများကို ပိုင်ဆိုင်ထားသည့်တိုင် ခိုင်ဧကရာဇ်ခေတ်မှ လူများအား မချီးကျူးဘဲ မနေနိုင်ချေ။

ယခုလို ဧရာမသင်္ဘောကြီးတွင် ရှုပ်ထွေးလှသော တည်ဆောက်ပုံရှိသည့်အတွက် တစ်ချက်လေးမှ မှားမရပေ။ သို့သော် ထိုခေတ်မှ ကောင်းကင်စက်မှုလက်မှုပညာသည်များသည် ဖြစ်နိုင်ချေမရှိခဲ့သော ဤတာ၀န်ကို အမှားအယွင်း တစ်စုံတစ်ရာမရှိဘဲ လုပ်ဆောင်နိုင်ခဲ့၏။ ယင်းက လုံးလုံးလျားလျား ချီးကျူးအံ့ဩဖွယ် ကောင်းလှသည်။

‘ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်စက်မှုလက်မှုပညာသည်တွေ အများကြီးရှိပေမယ့် စုပေါင်း လုပ်ဆောင်နိုင်စွမ်းတွေက ခိုင်ဧကရာဇ်ခေတ်ထက် နိမ့်ကျနေသေးတယ်…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဒီလို အံ့မခန်းလိလိအရာတွေကို သွန်းလုပ်နိုင်တဲ့အခါကျရင် ငါတို့ ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ဖို့ အင်အားရှိလာပြီ’

သူက တွေးနေပြီးနောက် စိတ်ထဲမှ ပြောလိုက်သည်။ ‘ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး… ဒါပေမဲ့ ငါ့မှာ ငါ့ခြေထောက်ပေါ် ငါ ရပ်နိုင်မယ့် အခွင့်အရေးတော့ ရလိမ့်မယ်’

အရှေ့တွင် ဖုန်းတုအား မြင်နေရသည်။

မြေအောက်ဘုံအရှင်သခင်၏ ဦးချိုမှ ဖွဲ့တည်ထားသော ကမ္ဘာမှာ ကောင်းကင်ယင်ကမ္ဘာမှ ထွက်ခွာ၍ ယိုတုသို့ ရောက်လာခဲ့၏။

ပရမတ္တလှေ ဖုန်းတုသို့ ရောက်သည့်အခါ ဧရာမကမ္ဘာကြီးမှာ တိရီယွဲ့၊ သိုင်းပညာကောင်းကင်ဆရာသခင်၊ တံငါသည်ကောင်းကင်ဆရာသခင်ကဲ့သို့ အဆင့်မြင့်သိုင်းပညာရှင်တို့၏ ဖိနှိပ်မှုကြောင့် အဆပေါင်းမရေမတွက်နိုင်သော ကျုံ့၀င်သွားခဲ့သည်။

သို့ထိတိုင် ဖုန်းတုမှာ အင်မတန် ကြီးမားနေသေး၏။

ဖုန်းတုက ပျံသန်းလာပြီး ပရမတ္တလှေပေါ်သို့ ကျရောက်လာသည်။ တန်ခိုးရှင်သစ်ခုတ်သမားသည် လှေပေါ်၌ ချင်မူရှိနေသည်ကို တွေ့လိုက်ရသည်နှင့် မျက်နှာကြီးမည်းမှောင်သွား၏။ ယင်းက ချင်မူ့ကို မဟာလေဟာနယ်သို့ မသွားစေလိုသောကြောင့်လား…. သူ့ကို လွင့်ထွက်သွားစေခဲ့သောကြောင့်လားတော့ မသိရချေ။

“မင်းလည်း မဟာလေဟာနယ်ကို သွားချင်တာလား”

တန်ခိုးရှင်သစ်ခုတ်သမားက နှာတစ်ချက်မှုတ်၍ သုန်မှုန်စွာ မေးသည်။ “မင်းက မဟာလေဟာနယ်ကို ဘာလို့သွားနေတာလဲ”

“ကျွန်တော် ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ကောင်းကင်နတ်အရှင်တစ်ပါးပဲလေ… ဒါပေါ့ ကောင်းကင်နတ်ဘုံ ခင်ဗျားတို့လို သူပုန်တွေကို ရှင်းလင်းနိုင်အောင် ကူညီဖို့ သွားနေတာ” ချင်မူက တည်ကြည်ဖြောင့်မတ်စွာ ဖြေလိုက်လေသည်။

All Chapters