အခေါင်းကို သယ်လာခြင်း
Vol. 93 Ch. 1217
တန်ခိုးရှင်သစ်ခုတ်သမားမှာ အတော်လေး မကျေမနပ်ဖြစ်သွားပြီး ဆူပူကြိမ်းမောင်းတော့သည်။ “ခွေးကောင်လေး ထပ်ပြီး ပြဿနာရှာနေပြန်ပြီ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကံကြမ္မာအတွက် မင်းမှာ တာ၀န်ရှိတယ်ကွ….မင်း စစ်ပွဲထဲမှာ ပေါ်လာခဲ့ရင် ကောင်းကင်နတ်အရှင်ဆယ်ပါးက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို သည်းခံပေးမယ်ထင်လား…. ပြန်တော့”
ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော် ဖန်ဆင်းပညာမှာ ကျွမ်းတယ်လေ… ကျွန်တော့်ကို မမှတ်မိအောင်လုပ်ဖို့ လွယ်လွယ်လေးဟာ”
တန်ခိုးရှင်သစ်ခုတ်သမားကား ဒေါသထွက်လွန်းသဖြင့် မည်သည့်စကားမှ မပြောနိုင်တော့ချေ။ “ပြင်ပကောင်းကင်နတ်ဘုံမှာ နတ်ဘုရားတွေအများကြီး ရှိတယ်ကွ… အကုန်လုံးက ပါရမီရှင်တွေချည်းပဲ… နတ်မျက်စိမျိုးစုံ ကျင့်ကြံထားတဲ့ကောင်တွေလည်း ရှိသေးတယ်… မင်းရဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်းကို ဘယ်သူမှ ဖောက်ထွင်းမမြင်နိုင်ဘူးလို့ ထင်နေလား..”
ချင်မူက သူ့အား ဖြောင်းဖြနှစ်သိမ့်၏။ “ဆရာရယ် စိတ်မပူပါနဲ့ဗျာ…. သူတို့ ကျွန်တော့်ကို မှတ်မိရင်တောင် ကျွန်တော် ၀န်မခံသရွေ့ ဘာလုပ်နိုင်မှာမလို့တုန်း… အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့တော့… ပြီးတော့ ကျွန်တော်က ခင်ဗျားတို့လို သူပုန်တွေကိုပဲ ရိုက်မှာပါ… ဘာပြဿနာမှ မရှာပါဘူး…. ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်မူက သိပ်ကို ဖြောင့်မတ်တာလေ… သူက ငယ်ပေမယ့် ရှေ့တန်းထွက်ပြီးတော့ ချင်ယဲ့နဲ့ လန်ဝူတို့လို သူပုန်တွေကို တိုက်ခိုက်အနိုင်ယူမှာ”
တန်ခိုးရှင်သစ်ခုတ်သမားမှာ မျက်လုံးပြူးကြီးဖြင့် ကြည့်နေမိသည်။ တခဏကြာပြီးနောက် သူက ကူကယ်ရာမဲ့စွာ ပြောလေသည်။ “မင်းက သိပ်ကို အဓိပ္ပာယ်မရှိတာတွေ ပြောတတ်နေတာပေါ့လေ… ထားလိုက်ပါတော့ ငါ မင်းကို မနိုင်ပါဘူး”
ချင်မူက ပရမတ္တလှေပေါ်တွင် ဆက်လိုက်လာသည်။ လှေသည် ဟင်းလင်းပြင်အား ရုတ်တရက် ရုတ်တရက် တိုးဖောက်၀င်ရောက်သွားပြီး ယိုတုမှ ပျောက်ကွယ်သွားသည်။
ချင်မူမှာ ခိုင်ဧကရာဇ်ခေတ်၏ ပန်းပဲပညာနှင့်ပတ်သက်၍ အံ့ဩမဆုံး ဖြစ်နေမိသည်။ သမိုင်းတစ်လျှောက် တည်ရှိခဲ့သော ခေတ်တစ်ခေတ်ချင်းစီတွင် ကျွမ်းကျင်သောနယ်ပယ် အသီးသီး ရှိခဲ့ကြသည်။ နဂါးဟန်ခေတ်သည် ဉာဏ်အလင်းပွင့်ခဲ့သည့်ခေတ် ဖြစ်ခဲ့ပြီး ကောင်းကင်နတ်သိုင်း၊ လမ်းစဉ်များနှင့် ကျင့်စဉ်အမျိုးမျိုး အတောမသပ်နိုင်အောင် ပေါ်ထွက်ခဲ့၏။ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာကျင့်စဉ်စနစ်မှာလည်း ထိုခေတ်၌ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ချိမင်ခေတ်သည် ရုပ်ခန္ဓာနှင့် မူလဝိညာဉ်နယ်ပယ်၌ အာရုံစိုက်ခဲ့ပြီး ရုပ်ခန္ဓာနှင့် မူလဝိညာဉ်များကို နှိုင်းယှဉ်မရအောင် သန်မာလာစေခဲ့သည်။
ချုံဧကရာဇ်ခေတ်ကား လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ အဆမတန် အောင်မြင်ခဲ့သော ခေတ်တစ်ခေတ်ပင်။ ချုံဧကရာဇ်ခေတ်တွင် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်အများဆုံး ပေါ်ထွန်းခဲ့သည်။ ကမ္ဘာဦးဘုံ၌ပင် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင် အနည်းဆုံးအယောက် ၃၀ ရှိခဲ့၏။
ခိုင်ဧကရာဇ်ခေတ်ကမူ များစွာသော လက်နက်ကြီးများနှင့် နတ်လက်နက်များကို ချန်ရစ်နိုင်ခဲ့သည်။ ရွှင်ပျော်ပျော်ကျေးရွာ၊ ရွှင်ပျော်ပျော်ဓား၊ ပရမတ္တလှေနှင့် ကောင်းကင်စက်မှုလက်မှုပညာသည်များမှာ ဤခေတ်တွင် အင်မတန် အရေးပါခဲ့ကြသည်။
လက်ရှိ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာခေတ်မှာ တိုတောင်းနေသေးသောကြောင့် ယခင်ခေတ်လေးခေတ်လောက် မတိုးတက်၊ မဖွံ့ဖြိုးသေးချေ။
....
မဟာလေဟာနယ်မြေထုတွင်
ကောင်းကင်နတ်ဘုံဘက်မှ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုကသာ ဦးဆောင်နေသဖြင့် နှစ်ဖက်စစ်ပွဲမှာ လွန်ဆွဲနေသကဲ့သို့ တစတစ အားယုတ်လာကြသည်။ နှစ်ဖက်လုံးက မြို့များ တည်ထောင်၍ တစ်ယောက်တစ်ပြန် တိုက်ခိုက်နေကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့သည် ခိုင်ဧကရာဇ်ချင်ယဲ့နှင့် နတ်ဘုရင်လန်ဝူကဲ့သို့ အဆင့်မြင့်သိုင်းပညာရှင်နှစ်ဦးကို ရင်ဆိုင်နေရသဖြင့် လက်လွတ်စပယ် မပြုမူရဲချေ။ ထိုမျှသာမက မဟာလေဟာနယ်ထဲတွင် ယိုတုရှိနေပြီး မြေအောက်ဘုံအရှင်လေးကား ဘက်လိုက်တတ်သူ ဖြစ်၏။ သူတို့မှာ ထိုမြေအောက်ဘုံအရှင်လေးအား မဖမ်းနိုင်ရာ ထိပ်တိုက်သာ တိုက်ခိုက်ကြရသည်။
ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တကမ္ဘာ၏ ဖန်ဆင်းရှင်အရေအတွက်မှာ ကောင်းကင်နတ်ဘုံထက် များစွာ နည်းပါးသည်။ ဤအတိုင်းသာ ဆက်သွားနေပါက ချင်ယဲ့နှင့် လန်ဝူအနေဖြင့် သေချာပေါက် တောင့်ခံနိုင်မည်မဟုတ်ချေ။
ကောင်းကင်ယင်သားတော်က တောင်ကောင်းကင်နှင့် မင်တု၏ စစ်တပ်ကို ဦးဆောင်လျက် ချင်ဖုန်းကျင့်အား ခြောက်လှန့်ရန် ယိုတုငယ်ထဲတွင် နေရာယူထားသည်။ စစ်မြေပြင်သည် မဟာလေဟာနယ်နှင့် ယိုတုတလျှောက် ဆန့်တန်းနေ၏။ မဟာလေဟာနယ်မြေထုတွင်လည်း ပို၍များပြားသော စစ်တပ်များက စခန်းများချကာ ကျင့်ကြံနေကြသည်။
ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်လေးပါးနှင့် ကောင်းကင်နတ်မင်းလေးပါးတို့သည်လည်း စစ်တပ်တစ်တပ်စီကို ဦးဆောင်နေကြသည်။ ကောင်းကင်နတ်မြစ်ရေတပ်ကလည်း ကောင်းကင်နတ်မြစ်၏ မြစ်လက်တက်များကို ထိန်းချုပ်လျက် မဟာလေဟာနယ်အတွင်းသို့ စီးဆင်းစေကော ရေလမ်းမှ တိုက်ခိုက်နေကြသည်။
ယခုတွင် ကောင်းကင်နတ်မြစ်က မဟာလေဟာနယ်ထဲသို့ စီးဆင်းနေပြီဖြစ်ရာ အရင်းအမြစ်များ သယ်ယူပို့ဆောင်ရန် ပိုမိုလွယ်ကူလာသည်။ သို့သော် ကောင်းကင်နတ်ဘုံသည် ကောင်းကင်နတ်မြစ်အား အစောင့်အကြပ်များစွာ ချ၍ မကြာသေးခင်ကမှ ဖန်တီးထားသော ကောင်းကင်လက်နက် နတ်မင်းလေးပါးဖြင့် ကစဉ့်ကလျားဟင်းလင်းပြင်အား ဖိနှိပ်ထားရသည်။ ယင်းက ငွေကြေးနှင့် လူအင်အားများစွာ ကုန်ဆုံးစေသည်။
ဤတိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး နှစ်ဖက်စလုံးသည် နိုင်လိုက်၊ ရှုံးလိုက်ဖြင့် တိုက်ခိုက်ကြရ၏။ ဆုံးရှုံးမှု များလွန်းနေပြီဖြစ်သောကြောင့် နှစ်ဖက်စလုံး ခံနိုင်ရည်မရှိကြချေ။
ထို့ကြောင့် အကြီးစားစစ်ပွဲက ပြီးခဲ့သည့် နှစ်နှစ်ကမှ စတင်ဖြစ်ပွားခဲ့သည်။ ကောင်းကင်နတ်ဘုံ၊ ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တလေဟာနယ်ရှိ ဖန်ဆင်းရှင်အားလုံး ဆုံးရှုံးမှုများစွာ ခံစားခဲ့ရကြသည်။
ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်လေးဦးမှာ ရန်သူ့ဘက်ရှိ ကောင်းကင်ဆရာသခင်ကြောင့် ကြံစည်သမျှ ဗျူဟာများ၊ ၀င်္ကပါများ ချိုးဖျက်ခံနေရ၏။
ရန်သူ့ဘက်ရှိ ကောင်းကင်ဆရာသခင်က ကောင်းကင်ဆရာသခင်တို့၏ အကျင့်စရိုက်များကို ထုံးလိုမွှေ၊ ရေလိုနှောက် နားလည်ကြသည်။ စစ်၀င်္ကပါများကို တိုက်ခိုက်ရာတွင်ဖြစ်စေ၊ ရိက္ခာဖြတ်တောက်ရန် ကုန်စည်တို့အား ခြုံခိုတိုက်ခိုက်ရာတွင်ဖြစ်စေ ထိုသူအား မယှဉ်နိုင်ချေ။
အခြားတစ်ဖက်တွင် ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တလေဟာနယ်သည် စစ်အင်အား၌ ကောင်းကင်နတ်ဘုံလောက် ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ချေ။ ရှန့်ပင်းယင်က ဗျူဟာများကို စည်းစနစ်ကျနာစွာ ခင်းကျင်းနိုင်ခဲ့သည်။ တစ်ကြိမ်တစ်ခါမှ လမ်းလွဲသွားခြင်းမရှိဘဲ အထိအခိုက်အနည်းဆုံးဖြင့် ရန်သူတို့အား ဝိုင်းနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တလေဟာနယ်တို့မှာ အင်အားအနည်းအကျဉ်းသာ ဆုံးရှုံးခဲ့ရလေသည်။
သို့သော် ကောင်းကင်ယင်သားတော်က မဟာလေဟာနယ်နှင့် ယိုတုကို တိုက်ခိုက်နေပြီး တစ်ခါတုန်းက လေဟာနယ်တံတားအထိပင် ရောက်လာခဲ့သည်။ မြေအောက်ဘုံအရှင်လေး ချင်ဖုန်းကျင့် အစွမ်းကုန်တိုက်ခိုက်ပေးခဲ့ခြင်းနှင့် ချင်မိသားစုဝင်များ အသက်နှင့်လောင်းကြေးထပ်ရင်း ခေါင်းတလားကိုသာ ယူမလာခဲ့လျှင် သူတို့အနေဖြင့် မဟာလေဟာနယ်နှင့် ယိုတုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့မည်မဟုတ်ချေ။
နောက်ပိုင်းတွင် ရှည်လျားလှသော စစ်ပွဲကြောင့် တစ်ဖက်နှင့်တစ်ဖက် အသေးစားစစ်ပွဲများသာ တိုက်ခိုက်နိုင်ကြတော့သည်။
မဟာလေဟာနယ်မြေထုသည် ကျယ်ပြန့်လွန်းပြီး အဆုံးမရှိသော ပိုင်နက်များ ရှိ၏။ နတ်ဘုရားမြို့များ တည်ထောင်၍ မထိုးဖောက်နိုင်သော ခံတပ်များတည်ဆောက်ခြင်းက နှစ်ဖက်လုံး ရှောင်လွှဲမရသည့် ရွေးချယ်မှုပင် ဖြစ်သည်။
ခံတပ်မြို့မရှိသည့် နေရာများကမူ နှစ်ဖက်လုံးမှ နတ်ဘုရားမိစ္ဆာများ၊ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်သော ကွင်းပြင်ဖြစ်လာသည်။ ထိုနေရာများတွင် နှစ်ဖက်လုံးမှ နတ်ဘုရားမိစ္ဆာများသည် မကြာခဏ လျှောက်လေ့လာရင်း ရန်သူကို သတ်ဖြတ်နိုင်သည့် အခွင့်အရေးအား ရှာဖွေတတ်ကြ၏။
ဤအခြေအနေတွင် နှစ်ဖက်လုံး၏ ရည်ရွယ်ချက်က အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ် ဖြစ်သည်။
နှစ်ဖက်လုံးသည် မဟာဧကရာဇ်၏ ရုပ်ခန္ဓာနှင့် ဖန်ဆင်းရှင်အကြီးအကဲများ၊ ခေါင်းဆောင်များ၏ ရုပ်ခန္ဓာတို့ကို ရယူနိုင်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။
အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်မှာ ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းလွန်း၏။ ၀င်ရောက်သွားသူတိုင်း ချေမှုန်းသတ်ဖြတ်ခံရပြီး သုံးဖက်မြင်ရုပ်သွင်မှ နှစ်ဖက်ပြင်ရုပ်သွင်အဖြစ် ပြောင်းလဲခံလိုက်ရကာ နောက်ဆုံးတွင် အစက်တစ်စက်သာ ဖြစ်သွားရတတ်သည်။ အသိစိတ်အလျဉ်နယ်ပယ်၏ အလယ်ဗဟိုတွင် ကောင်းကင်နတ်အရှင်များပင်လျှင် အချိန်နှင့် နေရာဟင်းလင်းပြင်ကြောင့် ရပ်တန့်ခြင်းခံရကြလိမ့်မည်။
ထို့ကြောင့် နှစ်ဖက်လုံးသည် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်အား မျက်စိအောက်က အပျောက်မခံ ချောင်းနေကြသော်လည်း မည်သူမှ မ၀င်ရောက်ရဲကြချေ။
ယနေ့တွင် ဧရာမအလံကြီးများသည် တဖတ်ဖတ် မျောလွင့်လျက် မြေပြင်တစ်လျှောက် ဖြတ်သန်းသွားကြ၏။ တောင်တန်းများ၊ မြစ်ချောင်းရေကန်များကို ကျော်လျက် ပျံသန်းသွားပြီးနောက်တွင် ထိုဧရာမအလံများသည် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်နှင့် မနီးမဝေးရှိ မြေပြင်ကျဆင်းကာ ငြိမ်သက်သွားကြလေသည်။
၎င်းတို့အားလုံး မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားသောကြောင့် ဂရုတစိုက်မကြည့်ပါက တွေ့မြင်နိုင်မည်မဟုတ်ချေ။
ကောင်းကင်ထက်တွင် ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားမိစ္ဆာဆယ်ယောက်ကျော်က ချောမွတ်ပြောင်လက်နေအောင် တိုက်ချွတ်ထားသည့် ခေါင်းတလားတစ်ခုအား သယ်ဆောင်လာကြ၏။ ထိုနတ်ဘုရားမိစ္ဆာများ၏ မျက်လုံးများက မီးတုတ်များအလား တဟုန်းဟုန်းတောက်နေကြသဖြင့် သူတို့အကြည့်များလည်း အလင်းတန်းများကဲ့သို့ တောက်ပနေကြသည်။ သူတို့က ကောင်းကင်ထက်မှ ဆင်းသက်လိုက်ရင်း နယ်မြေတစ်ဝိုက်ကို လေ့လာပြီးနောက် အဝေးသို့ ထွက်သွားကြ၏။
သူတို့ထွက်သွားသည့်အခါ မြေပြင်သည် ရုတ်တရက် ကြွတက်လာပြီး ဧရာမအလံကြီးများ တဖြည်းဖြည်း ပေါ်လွင်လာကြသည်။ ၎င်းတို့က အရှေ့သို့ ပျံထွက်သွားကြလေသည်။ ထို့နောက် ရုတ်တရက်ဆိုသလို တုံ့ခနဲ မတ်မတ် ထောင်သွားကြပြီး မိန်းကလေးများအသွင် ပြောင်းသွားကြသည်။
“အခုလေးတင် ပျံသန်းသွားတဲ့သူက ရွှင်ပျော်ပျော်ကျေးရွာရဲ့ သူခိုးခေါင်းဆောင်တစ်ယောက် ဖြစ်ရမယ်…. သူ့နာမည်က ဖန်ရုံကျီ…. သစ္စာဖောက်ချင်ယဲ့ရဲ့ အိမ်ရှေ့စံအငယ်တန်းကိုယ်ရံတော်ပဲ”
ထိပ်ဆုံးရှိ အမျိုးသမီးသည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ဒါပေမဲ့ ငါတို့ပန်းတိုင်က သူ မဟုတ်ဘူး… မဟာဧကရာဇ်ရဲ့ ရုပ်ခန္ဓာ… သူနဲ့ တိုက်ခိုက်စရာမလိုဘူး”
သူမက ကြေးမုံတစ်ချပ် ထုတ်ကာ မြေပြင်သို့ မျက်နှာမူစေလိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်နေသည်။ ထိုစဉ် သူမအရှေ့ရှိ ရေကန်သည် နှစ်ခြမ်းကွဲသွားပြီး ရေများ ဘေးနှစ်ဖက်သို့ စီးကျသွားသည်ကို တွေ့လိုက်ရ၏။ ရေကန်တစ်ကန်လုံးက ဧရာမမျက်လုံးကြီးတစ်လုံး ဖြစ်လာချေသည်။
ထိုဧရာမမျက်လုံးကြီးက ဝေ့ဝဲကြည့်နေရင်း ထိုအမျိုးသမီးများအပေါ် အကြည့်ရောက်သွားသည်နှင့် သူငယ်အိမ်များ ကျုံ့၀င်သွားသည်။
အမျိုးသမီးက ကြေးမုံအား မျက်လုံးကြီးထံ ညွှန်ပြလိုက်ရာ မျက်လုံးကြီးမှာ လည်သွားလေသည်။ ထူးဆန်းသော ဟင်းလင်းပြင်သင်္ကေတများက မျက်လုံးတွင် ပေါ်လာသည်။ ထို့နောက် မျက်လုံးကြီးကား ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း မြင့်တက်သွားကာ တိမ်များကိုပင် ထိသွားသည့် ဧရာမသတ္တဝါကြီးအဖြစ် ပြောင်းလဲသွား၏။ ၎င်းက ကျောပေါ်ရှိ အရိုးတောင်တန်းများကို အားပါပါဖြင့် လှုပ်ခါလိုက်သည်။
ဟင်းလင်းပြင်သားရဲ…
ဤဟင်းလင်းပြင်သားရဲမှာ ဘိုးဘေးဝိညာဉ်လော့ရှောင် ဘိုးဘေးနန်းတော်မှ ခေါ်လာခဲ့သော ဟင်းလင်းပြင်သားရဲ ဖြစ်သည်။ လော့ရှောင်သည် ဟင်းလင်းပြင်သားရဲကို ယဉ်ပါးစေခဲ့ပြီဟု ထင်ခဲ့သော်လည်း မဟာဧကရာဇ်က ထိန်းချုပ်နေခဲ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ယခင်က ကောင်းကင်နတ်အရှင်ယွင်မှာ ဤဟင်းလင်းပြင်သားရဲသည် လော့ရှောင်၏ စီးတော်သားရဲဖြစ်သည်ထင်ကာ မဟာလေဟာနယ်အတွင်းသို့ ခေါ်လာခဲ့မိ၏။ မဟာဧကရာဇ် ဤနေရာ၌ ဖန်ဆင်းရှင်များ ပုန်းနေမှန်း သိသွားသည့် အကြောင်းရင်းက ဤဟင်းလင်းပြင်သားရဲပင် ဖြစ်သည်။
ဟင်းလင်းပြင်သားရဲ၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်သွားရာ အဝေးမှ မြင်ရနိုင်ရန် ခက်ခဲသွားစေသည်။
“ငါတို့ကို မဟာဧကရာဇ်ကို ရှာဖို့ ခေါ်သွားပေး” အမျိုးသမီးက အလေးအနက် အမိန့်ပေးလိုက်ရင်း ကြေးမုံကို သိမ်းဆည်းလိုက်သည်။
ဟင်းလင်းပြင်သားရဲ၏ ခန္ဓာကိုယ်မှာ ပို၍ပင် မှေးမှိန်သွားပြီး အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ဆီ ဦးတည်သွား၏။
အယောက်တစ်ရာနီးပါး ရှိသည့် အမျိုးသမီးတို့သည် မီးခိုးစိမ်းရောင် နန်းဝတ်နန်းစားများ ဝတ်ဆင်ထားပြီး ဟင်းလင်းပြင်သားရဲနောက်မှ အလျင်အမြန် လိုက်သွားကြသည်။ အမျိုးသမီးတစ်ယောက်က ဟင်းလင်းပြင်နှင့် ပေါင်းစည်းသွားသော ဟင်းလင်းပြင်သားရဲကြီးအား ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလေသည်။ “ရွှယ့်ရန်၊ ငါတို့ ဒီနေရာဆီ လာတာ ကောင်းကင်နတ်အရှင်နှစ်ပါးကို မပြောခဲ့ဘူးနော်…. ဒါက တဇွတ်ထိုး မဆန်လွန်းဘူးလား”