မဟာဧကရာဇ်၏ အသက်ပြန်ဝင်လာမှု
Vol. 93 Ch. 1219
“ဆရာ့ရဲ့ သိုင်းအဆင့်က နိမ့်လွန်းတယ်” ချင်မူက ခေါင်းတယမ်းယမ်းဖြင့် ရှေ့ဆက်လျှောက်သွားသည်။
တန်ခိုးရှင်သစ်ခုတ်သမားမှာ သူ့နောက်မှ ဒေါသတကြီး လိုက်လာပြီး ကောက်ကွေးနေသော စက္ကူပုဆိန်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။
ချင်မူသည် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်၏ ဖိအားကို တွန်းလှန်ရန် ကိုယ်ပိုင်မှော်စွမ်းအင်ကို မသုံးခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူကား အဆင့်မြင့်အသိစိတ်အလျဉ်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားသူ မဟုတ်ပါလော။
မှန်ပါသည်။ သူ၏သိုင်းအဆင့်မှာ မဟာဧကရာဇ်နှင့် နှိုင်းယှဉ်၍ မရသော်လည်း မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်တွင် ရှိနေသော ဧရာမဟာကွက်ကြီးက သူ့အား ဖိနှိပ်မထားနိုင်ချေ။
သို့သော် တန်ခိုးရှင်သစ်ခုတ်သမား၏ သိုင်းအဆင့်က အတော်လေး လိုအပ်နေသေးသည်မှာ အမှန်ပင်။
သူတို့အားလုံး လျှောက်လာကြရင်း နန်းတွင်းသူများ သေသွားကြသည့် တောင်ကမ်းပါးနားသို့ ရောက်လာကြသည်။ ရုတ်တရက် အလံအောက်ရှိ နန်းတွင်းသူတစ်ဦး၏ အလောင်းက ဖျတ်ခနဲ လှုပ်သွား၏။ ချင်မူမှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားပြီး မှော်စွမ်းအင်ကို ထုတ်လွှတ်လျက် ခပ်အုပ်အုပ် အော်လိုက်သည်။ နန်းတွင်းသူတို့၏ နဖူးများတွင် စိုက်ဝင်နေသော အမွှေးတိုင်များသည် တုန်ခါသွားကြကာ အလောင်းများအား အေးခဲပစ်လိုက်၏။
သိုင်းပညာကောင်းကင်ဆရာသခင်က ရှေ့သို့ အလျင်အမြန် လျှောက်သွားလိုက်ရာ နန်းတွင်းသူတို့ နဖူးများရှိ အမွှေးတိုင်များ မြန်မြန်ဆန်ဆန် လောင်ကျွမ်းသွားနေသည်ကို တွေ့လိုက်ရ၏။ တခဏအတွင်း အမွှေးတိုင်များကား မီးစာကုန်၍ ပြာကျသွားချေပြီ။
“သိုင်းပညာကောင်းကင်ဆရာသခင်၊ အလောင်းတွေက မူမမှန်ဘူး” ချင်မူက အလျင်အမြန် အော်ဟစ်လိုက်၏။
သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာ အလောင်းများဘေးသို့ ရောက်ရှိသွားသည့်အချိန်တွင် အလံကြီးများအောက်ရှိ အလောင်းတို့က ငေါက်ခနဲ ထထိုင်လိုက်ကြသည်။ ချင်မူမှာ အပြေးအလွှား ပျံသန်းသွားတော့သည်။
သူ၏ အမွှေးတိုင်တို့သည် နန်းတွင်းသူများ သေစေရန် ထိုးစိုက်ခဲ့ခြင်းသာ မဟုတ်ပေ။ ယင်းတွင် ရုပ်ခန္ဓာများအပေါ် ချုပ်ထိန်းနိုင်စွမ်းရှိ၏။
ဤနေရာသည် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ဖြစ်၍ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သာ ပြည့်နှက်နေသည် မဟုတ်လော။ မဟာဧကရာဇ်၏ အသိစိတ်အလျဉ် ထိုအလောင်းများအတွင်း ကျူးကျော်၀င်ရောက်လာမည်စိုးသောကြောင့် အမွှေးတိုင်တို့ဖြင့် ချုပ်ထားခဲ့ခြင်းပင်။
သို့သော် အမွှေးတိုင်များကား ကုန်စင်အောင် လောင်ကျွမ်းသွားချေပြီ။ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် နန်းတွင်းသူတို့၏ အလောင်းများထဲ ဝင်ရောက်ပူးကပ်ကာ ချင်မူ ချုပ်ထားသည့်အစွမ်းကို သူ၏ ကြောက်မက်ဖွယ်အသိစိတ်အလျဉ်ဖြင့် ချိုးဖျက်လိုက်ခြင်း ဖြစ်သည်။
သိုင်းပညာကောင်းကင်ဆရာသခင်က လက်သီးဆုပ်လိုက်သည်။ ကောင်းကင်ကို ကျောခိုင်း၍ အဝါရောင်လယ်ကွင်းပြင်များကို ကြည့်နေသယောင် ထင်ရသော ဤလယ်သမားအိုကြီးသည် လက်သီးတစ်ချက်မှ မပစ်လွှတ်ရသေးသော်လည်း သူ၏လက်သီးကား မိုးကုပ်စက်ဝိုင်းကို ကျော်ဖြတ်၍ ကောင်းကင်ကို ထိုးဖောက်သွားချေပြီ။
ထို့နောက် သူက လက်သီးတစ်ချက်ပြီးတစ်ချက် ပစ်သွင်းလိုက်သောကြောင့် နန်းတွင်းသူများက သူ့ဘက် လှည့်ကြည့်လိုက်ကြကာ အာခေါင်ခြစ်၍ ပြိုင်တူအော်လိုက်သည်။ ကြောက်မက်ဖွယ် အသိစိတ်အလျဉ်က ပေါက်ကွဲထွက်ပေါ်လာပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ဘုံအသွင်ပြောင်းသွား၏။
သိုင်းပညာကောင်းကင်ဆရာသခင်၏ လက်သီးက မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ အလယ်ဗဟိုသို့ တန်းတန်းမတ်မတ် ထိမှန်သွားသည်။
ဝုန်း… ဝုန်း….ဝုန်း
ပေါက်ကွဲသံများ ထပ်ဆင့်ကဲမြည်ဟီးသွားပြီး နန်းတွင်းသူတို့၏ ဦးခေါင်းအားလုံး တစ်ပြိုင်နက်တည်းနီးပါး ပေါက်ကွဲကုန်ကြသည်။
သူ့လက်သီး၏ဝိညာဉ်မှာ ပြင်းထန်လွန်းချေသည်။ သူ ထိုးချလိုက်သည့်အချိန်တွင် မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး နန်းတွင်းသူများ၏ ကိုယ်ထဲရှိ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်လည်း ပေါက်ကွဲလွင့်ပျယ်သွားသည်။
သိုင်းပညာကောင်းကင်ဆရာသခင် လက်သီးပြန်ရုတ်လိုက်စဉ် ခေါင်းပြတ်နန်းတွင်းသူများသည် ရုတ်တရက် တောင်ကမ်းပါးမှ ခုန်ချသွားကြ၏။
သိုင်းပညာကောင်းကင်ဆရာသခင်မှာ ကြောင်အသွားသည်။ သူက တောင်ကမ်းပါးစွန်းဆီ အပြေးသွားကြည့်လိုက်ရာ ထိုခေါင်းပြတ်နန်းတွင်းသူများသည် လေထဲတွင် မျောလွင့်လျက် ကြာပွင့်သဏ္ဍာန်မြေထုဆီ ဖြည်းဖြည်းချင်း ရွေ့လျားနေကြောင်း တွေ့လိုက်ရသည်။
တိရီယွဲ့နှင့် ကျန်သူများလည်း အလျင်အမြန် ပြေးလာကြပြီး တောင်ကမ်းပါးအောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ ချင်မူလည်း ရောက်လာပြီး ခေါင်းပြတ်နန်းတွင်းသူတို့၏ ခါးရှိ အိတ်များမှ ဧရာမလက်နက်အစိတ်အပိုင်းများ ထွက်လာနေမှန်း သတိထားမိလိုက်သည်။ ၎င်းတိုက ကောင်းကင်ထဲတွင် အချင်းချင်း ချိတ်ဆက်လျက် ဖွဲ့တည်နေကြလေသည်။
“မကောင်းတော့ဘူး”
ချင်မူမှာ ရင်တဒိန်းဒိန်း ခုန်နေပြီး အလောတကြီး ပြော၏။ “မဟာဧကရာဇ် လွတ်တော့မယ်… ကျွန်တော်တို့ မြန်မြန် ထွက်သွားရမယ်”
တိရီယွဲ့က ပြုံးလျက် နှစ်သိမ့်သည်။ “အဲ့ဒီလက်နက်အစိတ်အပိုင်းတွေက နှေးလွန်းတယ်…. ငါတို့ လုယူနိုင်သရွေ့ သူ လွတ်မှာမဟုတ်ပါဘူး”
သူမ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး တောင်ကမ်းပါးမှ ထွက်ခွာလိုက်သည်နှင့် လက်နက်များ၏ အမြန်နှုန်းမှာ အကြိမ်ပေါင်းများစွာ မြန်လာသည်ကို တွေ့လိုက်ရသည်။ သူမမှာ မအံ့ဩမိဘဲ မနေတော့ပေ။
သူမ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာက သူမကို ပြန်ဆွဲခေါ်ရန် လက်လှမ်းလိုက်သည်။ တိရီယွဲ့၏ သိုင်းအဆင့်သည် သူ့ထက်မြင့်နေလိမ့်မည်ဟု ထင်မှတ်မထားသဖြင့် သူ့မှာ လေကိုသာ ဆွဲဆုပ်လိုက်မိသည်။
သိုင်းပညာကောင်းကင်ဆရာသခင်က အလျင်အမြန် ရှေ့သို့တက်သွားလိုက်သည်။ ဤအခိုက်အတန့်တွင် သူလည်း ထူးဆန်းသော မြင်ကွင်းတစ်ခုကို သတိထားမိသွားသည်။
သူ့မျက်လုံးထဲတွင် တိရီယွဲ့၏ လှုပ်ရှားမှုများမှာ အင်မတန် နှေးကွေးလာနေသည်။ တောင်ကမ်းပါးဆီ ပြန်ကြည့်လိုက်သည့်အခါ တောင်ကမ်းပါးပေါ်ရှိ လူများ၏ လှုပ်ရှားမှုများကတော့ အလွန်တရာ မြန်ဆန်ချေသည်။
သူက တိရီယွဲ့ဆီသို့ ကပျာကယာ သွားလိုက်ပြီး သူ၏ လှုပ်ရှားမှုများမှာ ပုံမှန်အမြန်နှုန်းဖြစ်လာသည်။ တောင်ကမ်းပါးရှိ လူများကတော့ ပိုမိုမြန်လာနေ၏။
ချင်မူက မဟာဧကရာဇ်တံဆိပ်တော်နှင့် မဟာဧကရာဇ်ယဇ်ပလ္လင်ကို ထုတ်လိုက်၏။ သူက သူတို့ထံ ပျံသန်းသွားပြီး ယဇ်ပလ္လင်ပေါ်သို့ ဆွဲတင်လိုက်သည်။ ထိုအခါမှသာ တိရီယွဲ့နှင့် သိုင်းပညာဆရာသခင်တို့မှာ သူတို့ပတ်ပတ်လည်ရှိ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားကြောင်း ခံစားလိုက်ရ၏။
ချင်မူက လက်နက်အစိတ်အပိုင်းများဆီ ကြည့်လိုက်ရာ ၎င်းတို့အားလုံး ချိတ်ဆက်ပြီးသွားသည်ကို တွေ့လိုက်ရသည်။
“နောက်ကျသွားပြီ”
ချင်မူမှာ ယဇ်ပလ္လင်ကို ထိန်းချုပ်၍ တောင်ကမ်းပါးဆီ ပျံသန်းသွားစေရင်း အလေးအနက် ပြောလိုက်သည်။ “မဟာဧကရာဇ်ရဲ့လူ၀င်စား နတ်အရှင်မချန်းက မဟာလေဟာနယ်ထဲကို ရောက်နေပြီး... ဒီအနီးတစ်ဝိုက်မှာ ရှိလိမ့်မယ်… ကျွန်တော်တို့ အခု ထွက်မသွားရင် ပရမတ္တလှေကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”
အားလုံး တောင်ကမ်းပါးဆီ အလျင်အမြန် ပျံသွားပြီး ပရမတ္တလှေထံ ရေးကြီးသုတ်ပျာ ဦးတည်သွားကြသည်။
ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ လက်နက်များသည် ဧရာမစက်လုံးကြီးတစ်လုံးအဖြစ် ပေါင်းစည်းသွားသည်ကို မြင်လိုက်ရ၏။
ထူးဆန်းသော သင်္ကေတမျိုးစုံက စက်လုံးပေါ်တွင် ခတ်နှိပ်ခံထားရပြီး အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်အား အရှိန်မှန်မှန် လှည့်ပတ်နေကြ၏။ ထို့နောက် သင်္ကေတတစ်ခုပြီးတစ်ခု တောက်ပလာပြီး နယ်ပယ်အပေါ်သို့ အလင်းရောင်များ ဖြာကျသွားကြသည်။
သိကြားဗုဒ္ဓက ပရမတ္တလှေကို ပဲ့ထိန်းလျက် အပြင်သို့ ရွက်လွှင့်သည်။ လှေ၏ အမြန်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာပြီး ချင်မူမှာ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ဆီ လှည့်ကြည့်လိုက်ပြန်သည်။ စက်လုံးကြီးသည် မဟာဧကရာဇ်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို လှည့်ပတ်နေပြီး ပတ်လမ်းကြောင်းက တစ်ကြိမ်တစ်ခါလေးပင် ထပ်သွားခြင်းမရှိကြောင်း သတိပြုမိလိုက်၏။
စက်လုံးကြီး လိမ့်နေစဉ် ပိုမိုများပြားသော သင်္ကေတများမှာ နယ်ပယ်တွင် ခတ်နှိပ်ခံနေရလေသည်။
“နှစ်တွေအများကြီး ကြာပြီးနောက်မှာတော့ မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ယွင်ရဲ့ ၀င်္ကပါကို ချိုးဖျက်နိုင်ခဲ့ပြီပဲ…. ဒါမျိုးက ဖြစ်ခဲတယ်”
ထိုသို့တွေးနေစဉ် သူ၏မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူက အော်ဟစ်လိုက်သည်။ “ပရမတ္တလှေ ဟင်းလင်းပြင်ထဲ ဝင်ရောက်လိုက်”
သိကြားဗုဒ္ဓလီရုံလန်က ပရမတ္တလှေကို အားကုန်သုံးကာ ထိန်းချုပ်လိုက်သည်။ ဧရာမလှေကြီးမှာ ဟင်းလင်းပြင်ထဲ ဦးတည်၀င်ရောက်သွား၏။ ထိုအခိုက်အတန့်တွင် ကြာပွင့်သဏ္ဍာန် မြေထုအပေါ်ရှိ မဟာဧကရာဇ်၏ ရုပ်ခန္ဓာကြီးအား လွှမ်းခြုံထားသော အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကား အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်လာလေသည်။
အသိစိတ်အလျဉ်နယ်ပယ်ထဲရှိ ဖန်ဆင်းရှင်ခေါင်းဆောင်များနှင့် အကြီးအကဲများမှာ သာမန်မျက်စိဖြင့် မြင်ရနိုင်သော အမြန်နှုန်းဖြင့် အိုမင်းရင့်ရော်လာကြသည်။ မဟာဧကရာဇ်၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာမူ အလိုအလျောက် ပြန်လည် ကောင်းမွန်လာနေ၏။
ဘုန်း….
မဟာဧကရာဇ်က ပရမတ္တလှေကို လှမ်းဆွဲရန် လက်ဖဝါးမြှောက်၍ လက်ချောင်းများအား ဆန့်တန်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ပရမတ္တလှေကား ဟင်းလင်းပြင်ထဲ ဝင်ရောက်၍ ဤနယ်ပယ်မှ ပျောက်ကွယ်သွားချေပြီ။
နောက်တခဏတွင် ဟင်းလင်းပြင် ကွဲကြေသွားသဖြင့်ပြီး သင်္ဘောပေါ်ရှိ လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ ပရမတ္တလှေထက်ပင် ကြီးမားနေသော ဧရာမလက်ကြီး၏ လက်ငါးချောင်းက ကားထွက်လာနေကြောင်း တွေ့လိုက်ရ၏။
လက်ငါးချောင်းအကြားတွင် တိမ်တိုက်များ၊ မိုးကြိုးလျှပ်စီးများ ဖွဲ့တည်နေသည်။ သူ့လက်ချောင်းပေါ်ရှိ လက်ဗွေရာများက လျှိုမြောင်များအလား မတ်စောက်နက်ရှိုင်းလာသည်။ အသူရာချောက်များအလားပင် ထင်ရသည်။
မဟာဧကရာဇ်၏ ရုပ်ခန္ဓာကား အမှန်တကယ်ပင် သမိုင်းကြောင်းတလျှောက် အသန်မာဆုံး ဖြစ်ပေသည်။
မှန်ပါသည်။ ချင်မူ့စိတ်ထဲတွင်တော့ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ရုပ်ခန္ဓာက အသန်မာဆုံး ဖြစ်၏။
ဧရာမလက်ကြီးမှာ အလွန်အမင်း မြန်ဆန်ပြီး ပရမတ္တလှေအား ဆွဲယူတော့ပေမည်။ သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ဆံပင်များက လွင့်မြောက်သွားကြ၏။ သူ့လက်သီးများက သင်္ဘောထဲမှ ပျံထွက်၍ မဟာဧကရာဇ်၏ ဧရာမလက်ကြီးထံ ဦးတည်သွား၏။
တိရီယွဲ့၊ တျန်းရှု၊ ယမမင်း၊ တံငါသည်၊ မြစိမ်းဧကရာဇ်၊ သိကြားဗုဒ္ဓနှင့် ကျန်အဆင့်မြင့်သိုင်းပညာရှင်များလည်း ဧရာမလက်ကြီးဆီ ပျံသန်းသွားကြသည်။ တန်ခိုးရှင်သစ်ခုတ်သမားလည်း ပုဆိန်ကို ထမ်းလျက် ပျံတက်တော့မည့်အချိန် ချင်မူက ဆွဲထားလေသည်။
“၀င်မပျော်ပါနဲ့ ဆရာရယ်”
ချင်မူက ကူကယ်ရာမဲ့စွာ သတိပေး၏။ “ဆရာ့သိုင်းအဆင့်က နိမ့်လွန်းတယ်…. ဆေးမီးဖို ဘယ်လိုလောင်နေသလဲသာ သွားကြည့်ပေးပါ… မီးအားလောက်ရဲ့လား စစ်ကြည့်ပေးဦး…. မလောက်ရင် ဆေးကျောက်တုံးနည်းနည်း ထည့်ပေးလိုက်”
တန်ခိုးရှင်သစ်ခုတ်သမားမှာ ဆွေ့ဆွေ့ခုန်သွားပြီး ဟက်ခနဲ ရယ်လိုက်သည်။
ထိုစဉ် ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များ ပျံ့နှံ့လာသည်။ သိုင်းပညာကောင်းကင်ဆရာသခင်မှာ သွေးများ ရွှဲစိုလျက် လွင့်ထွက်လာ၏။ အသန်မာဆုံး သိုင်းဧကရာဇ်၏ ကောင်းကင်နတ်သိုင်းပင်လျှင် ထိုဧရာမလက်ကြီး၏ လက်ချောင်းလေးတစ်ချောင်းကို မရွေ့လျားစေနိုင်ချေ။