← Chapters

မင်းကို မျက်နှာသာပေးလိုက်မယ်

Vol. 93 Ch. 1220

မင်းကို မျက်နှာသာပေးလိုက်မယ်

Vol. 93 Ch. 1220

တိရီယွဲ့က အလောတကြီး ပျံသန်းသွားပြီး သိုင်းပညာကောင်းကင်ဆရာသခင်အား ပြန်ဆွဲခေါ်လိုက်သည်။

တိရီယွဲ့၏ အင်္ကျီလက်အိုးများသည် လေတွင် တဖပ်ဖပ် လှုပ်ခတ်နေပြီး သူမ၏ ကောင်းကင်နတ်သိုင်းများမှာ ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိနေချေပြီ။ ၀င်ရိုးလေးခုမှ နတ်မင်းလေးပါး၏ ကောင်းကင်နတ်သိုင်းများဖြစ်စေ၊ ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းကင်နတ်သိုင်းများပင်ဖြစ်စေ သူမကား အလွယ်တကူ သုံးနိုင်သည်။ ယိုတု‌မြေအောက်ဘုံအရှင်သခင်၏ မဟာတာအိုကောင်းကင်နတ်သိုင်းများလျှင် သူမကို မထိန်းချုပ်နိုင်ပေ။

သူမ၏ ပါရမီအရည်အချင်းများမှာလည်း အံ့အားသင့်ဖွယ်ရာ ထူးကဲပြောင်မြောက်သည်သာမက ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်မျိုးစုံကိုလည်း နားလည်ထားသေးသည်။ သင်ယူရုံ သင်ယူထားခြင်းမဟုတ်ပေ။

သူမသည် ခိုင်ဧကရာဇ်ခေတ်တွင် ခိုင်ဧကရာဇ်ခေတ်ချင်ယဲ့ပြီးလျှင် ဒုတိယလိုက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့၏။ ထီးနန်းအတွက် ချင်ယဲ့ကိုပင် ယှဉ်ပြိုင်စိန်ခေါ်နိုင်သူ ဖြစ်ချေသည်။ သို့သော် သူမမှာ လွန်ခဲ့သည့် နှစ်နှစ်သောင်းတုန်းက သေဆုံးခဲ့ချေပြီ မဟုတ်ပါလော။

ကောင်းကင်ယင်သားတော်က သူမအချစ်ကို အလွဲသုံးစားလုပ်ကာ သူမအား လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ချင်မူ သူမကို အသက်ပြန်သွင်းပေးခဲ့သော်လည်း နှစ်နှစ်သောင်းမှာ အလဟဿဖြစ်ခဲ့ရသည်။

သူမ၏ ကောင်းကင်နတ်သိုင်း ထိုဧရာမလက်ကြီးနှင့် ထိတွေ့သွားသည်နှင့် ကြောက်မက်ဖွယ် အားနှစ်ရပ်ကား ၀င်တိုက်သွားတော့သည်။ ထိုဧရာမလက်ကြီး၏ ပြင်းထန်လှသော အသိစိတ်အလျဉ်က သူမ၏ ကောင်းကင်နတ်သိုင်းဆီသို့ ကျူးကျော်၀င်ရောက်လာကာ ဖျက်ဆီးပစ်လိုက်သည်။

တိရီယွဲ့မှာ သိသိသာသာ မျက်နှာပျက်သွားသည်။ သိုင်းပညာကောင်းကင်ဆရာသခင်က သူမအရှေ့သို့ ပြေးဝင်ကာ သူမအား ကာပေးလိုက်ရင်း မဟာခြုံလွှမ်းအသိစိတ်အလျဉ်နယ်ပယ်ထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

သိကြားဗုဒ္ဓ၊ အဘိုးချင်းဟွမ် (မြစိမ်းဧကရာဇ်)၊ တျန်းရှူ၊ ယမမင်းနှင့် ကျန်သူရှိများလည်း အလောတကြီး ပြေးသွားနေကြစဉ် ဧရာမလက်ဖဝါးကြီးသည် လက်သီးဆုပ် အသွင်ပြောင်းလဲနေသည်ကို‌ တွေ့လိုက်ရ၏။ ဧရာမလက်သီးကြီးက သိုင်းပညာကောင်းကင်ဆရာသခင်၏ လက်သီးနှင့် ထိတွေ့သွားသည်။ တစ်ခုက သေးငယ်၍ ကျန်တစ်ခုက ကြီးမားလွန်းသော်လည်း နှိုင်းမရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်ကား ပေါက်ကွဲထွက်လာတော့သည်။

လယ်သမားမှာ သွေးများအန်လျက် လွင့်ထွက်သွားပြန်သည်။

သိကြားဗုဒ္ဓ ပတ်ပတ်လည်ရှိ ဗုဒ္ဓရောင်ခြည်တော်များက ပြင်းထန်စွာ ကွန့်မြူးတောက်ပလာပြီး ဗုဒ္ဓလမ်းစဉ်၏ သိုင်းကွက်များစွာ တဟုန်ထိုး ထွက်ပေါ်လာ၏။ ယမမင်းက သူ၏၀တ်ရုံကို ဖွင့်ဟလိုက်ရာ ပတ်ဝန်းကျင်မှာ မည်းမှောင်သွားသည်။ နတ်ဓားတစ်လက်သည် အမှောင်ထုထဲမှ ထိုးထွက်လာပြီး မြစိမ်းဧကရာဇ်၏ ခန္ဓာကိုယ်မှာ တုန်ခါသွား၏။ သူကား အင်မတန် ကြီးမားလှသော နဂါးစိမ်းကြီးအသွင် ပြောင်းသွားချေပြီ။ သူ့ခန္ဓာကိုယ်ကြီးမှာ ‌အတောမသတ်နိုင်အောင် ဆန့်တန်းနေသော တောင်တန်းများအလားပင်။

တျန်းရှူက အံတင်းတင်းကြိတ်လိုက်သည်။ သူ့မှာ အာခေါင်ခြောက်နေ၍ အရက်သောက်ချင်သော်လည်း သောက်စရာအရက် မရှိသဖြင့် စိတ်အားတင်းလိုက်ရင်း တော်ဝင်မုခ်၀နတ်ဓားမအား မြှောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပရမတ္တလှေသည် ဖုန်းတုကို တင်လျက် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် ရွေ့လျားနေ၏။ သို့သော် နောက်တခဏတွင် ကြောက်မက်ဖွယ်လှိုင်းကြီးများ ‌ဖြာထွက်သွားပြီး တျန်းရှူ၊ ယမမင်း၊ မြစိမ်းဧကရာဇ်နှင့် ကျန်သူတို့မှာ အနောက်သို့ လွင့်ထွက်လာကာ လှေပေါ်ရှိ ဖုန်းတုနှင့် ၀င်တိုက်ကုန်ကြသည်။ မိုင်ပေါင်းများစွာ တရွတ်တိုက် လိမ့်ထွက်သွားသည့်တိုင် သူတို့မှာ အရှိန်မသေသေးချေ။

သိုင်းပညာကောင်းကင်ဆရာသခင်နှင့် တိရီယွဲ့သာ ‌ဧရာမလက်ကြီး၏ တိုက်ခိုက်မှုကို ခုခံနေနိုင်သေးသည်။

မဟာဧကရာဇ်၏ လက်ကြီးသည် အနန္တအတိုင်းအတာအထိ ဆန့်တန်းနိုင်သည့် အလားပင်။ လက်ဖဝါးကြီးသည် တစ်ချက်တစ်ချက် လက်သီးဆုပ် ဖြစ်သွားတတ်သည်။ တစ်ချက်တစ်ချက် ချိတ်ကြီးပမာ ပြောင်းလဲသွားပြီး တစ်ချက်တစ်ချက် မုဒြာလက်သိုင်းအသွင် ဖွဲ့တည်သွားတတ်၏။ ၎င်းက ခုတ်ချလိုက်၊ ဖြတ်ပိုင်းလိုက်၊ လွှဲခုတ်လိုက်၊ ခါထုတ်လိုက် လုပ်နေသောကြောင့် သိုင်းပညာကောင်းကင်ဆရာသခင်နှင့် တိရီယွဲ့မှာ ပင်ပန်းနွမ်းနယ်လာတော့သည်။

ရုတ်တရက် သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာမှာ သွေးအန်လိုက်ရပြန်ရင်း နောက်သို့ လွင့်ထွက်သွားပြန်သည်။ သူ့မှာ လှေနှင့် ၀င်တိုက်သွားပြီး မြောက်တက်သွားပြန်၏။ ထို့နောက် အဝေးသို့ ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားကာ ရပ်တန့်သွားသည်။

နျိုစန်းသွောက အလျင်အမြန် ပြေးလာပြီး သူ၏သခင် အသက်ရှိ၊ မရှိ စစ်ဆေးရန် ပြင်လိုက်စဉ် လယ်သမားသည် အံကြိတ်၍ သူ့ကျောပေါ် ခုန်တက်လိုက်သည်ကို တွေ့လိုက်ရ၏။ သူက အော်ဟစ်လိုက်သည်။ “စန်းသွော၊ သူ့ကို သေတဲ့အထိ တိုက်စမ်း”

“သခင်ကြီး၊ သေချာကိုင်ထား”

နျိုစန်းသွောက ပါးစပ်မှ နွားအော်သံကြီးဖြင့် အော်လိုက်ရင်း ခန္ဓာကိုယ်အား အဆမတန် ကြီးထွားလာစေသည်။ သူက ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်လိုက်ရာ နွားခေါင်းမိစ္ဆာလူသားအသွင် ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်တွင် ကြွက်သားအဖုအထစ်များ ပြည့်နှက်နေ၏။ ကြွက်သားများက သူ၏ နဂါးစိမ်းကြေးခွံများကို မြောက်ကြွလာစေသည်။

နွားအိုကြီး၏ ချီနှင့်သွေးတို့ကား ပွက်ပွက်ဆူလာကာ သူ့ခန္ဓာကိုယ်ထဲမှ တစ်ရှိန်ထိုး ထွက်လာကြ၏။ သူ၏ချီနှင့်သွေးတို့သည် သူ့ခန္ဓာကိုယ်အား သွေးနဂါးများကဲ့သို့ ရစ်သိုင်းနေကြပြီး လယ်သမားက ခြေနှစ်ဖက်ကို ကားလျက် ချွန်ထက်နေသော နွားချိုနှစ်ခုပေါ်တွင် မတ်တပ်ရပ်နေသည်။ သူက ခပ်အုပ်အုပ် တစ်ချက်အော်လိုက်ရာ သူ၏အ၀တ်များ စုတ်ပြဲသွားပြီး ကြွက်သားများသည် သူ့အရေပြားအောက်တွင် လူးလွန့်နေသော နဂါးအလား ဖောင်းကြွကုန်ကြ၏။

သူသည် စောစောကလေး လယ်သမားအိုပမာ အိုမင်းရင့်ရော်နေခဲ့သော်လည်း ယခုတွင်တော့ နှစ်ပေါင်းများစွာ ငယ်ရွယ်သွားလေသည်။ အဘိုးအိုကြီးမှ လူသန်ကြီးဖြစ်လာပြီးနောက် လူငယ်လေးအသွင် ရှိနေ၏။ သူ့တစ်ကိုယ်လုံးတွင် ကြွက်သားများ ပြည့်နှက်နေပြီး သူ၏ချီနှင့်သွေးတို့မှာ အခိုးအငွေ့တထောင်းထောင်း ထနေသည်။ ဤပုဂ္ဂိုလ်သည်ကား အသက်နှင့် လောင်းကြေးထပ်ကာ ခိုင်ဧကရာဇ်နှင့်အတူ ရွပ်ရွပ်ချွံချွံ တိုက်ပွဲ၀င်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးပင် မဟုတ်ပါလော။

သူ လယ်သမားအိုကြီးဖြစ်လာရခြင်းမှာ သူ၏နှလုံးသားသည် အိုမင်းနေသည့်အတွက်ကြောင့် ဖြစ်၏။ ကမ္ဘာဦးဘုံသားများကို ခိုင်ဧကရာဇ် စွန့်ပစ်၍ မတိုက်ခိုက်ရန် ရွေးချယ်ခဲ့ချိန်မှစ၍ ကွမ်းချာမှာ ရွှင်ပျော်ပျော်ကျေးရွာကို ရှောင်ကျဉ်ကာ အိုမင်းလာခဲ့သည်။ ဤသို့ဖြင့် လယ်စိုက်ရန်နှင့် ၀မ်တျန်းကဲကို ရိုက်နှက်ရန်သာ သိသည့် လယ်သမားအိုကြီး ဖြစ်လာခဲ့သည်။

ယခု မဟာဧကရာဇ်၏ လက်ကြီးကို ရင်ဆိုင်ရသည့်အခါ သူ၏ နုနယ်ပျိုမျစ်သော သွေးတို့ကား ပြန်လည်ဆူပွက်လာခဲ့ချေပြီ။

နျိုစန်းသွောက ရှေ့သို့ ခွာတစ်ချက် ပေါက်လိုက်ရာ လျှပ်စီးတဝင်းဝင်းလက်၍ မိုးတဂျိုန်းဂျိန်း ထစ်ခြုန်းသွားသည်။ သူကား အချိန်တိုလေးအတွင်း ပရမတ္တလှေအစွန်းသို့‌ ရောက်ရှိသွားပြီး ခုန်ထွက်ကာ မဟာဧကရာဇ်၏ လက်ကြီးဆီ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

တိရီယွဲ့မှာ လိုက်ပါပျံသန်းလာသော်လည်း တွန်းထုတ်ခံလိုက်ရသည်။ ကွမ်းချာက လက်ငါးချောင်းဖြန့်ကားလျက် သူမနောက်ကျောအား အသာအယာတွန်းကာ မဟာဧကရာဇ်၏ စွမ်းအားကို လွင့်ပျယ်သွားစေသည်။ သူမက အ‌လေးအနက် လှမ်းအော်သည်။ “နတ်ကောင်းကင်ခန်းမအဆင့်နဲ့ ဧကရာဇ်ပလ္လင်အဆင့်တွေ၊ တံငါသည်နဲ့ သစ်ခုတ်သမား… ပြန်သွားကြ”

‌တံငါသည်ကောင်းကင်ဆရာသခင် ဟန်ထန်းက ငါးမျှားတံကို သိမ်း၍ တန်ခိုးရှင်သစ်ခုတ်သမားကို ဆွဲခေါ်လိုက်သည်။ တန်ခိုးရှင်သစ်ခုတ်သမားမှာ မျက်နှာကြီးနီရဲနေပြီး ဧရာမပုဆိန်ကြီးကို မြှောက်လျက် ပြော၏။ “ငါ တိုက်ခိုက်နိုင်တယ်..”

သိကြားဗုဒ္ဓ၊ မြစိမ်းရောင်ဧကရာဇ်၊ တျန်းရှူနှင့် ကျန်သူများက နောက်တစ်ခေါက် ပျံထွက်သွားကြသည်။ အားလုံး၏စိတ်သည် တစ်သားတည်း‌ဖြစ်နေပြီး အကုန်လုံး ထိုဧရာမလက်ကြီး၏ အရှေ့တွင် ရပ်လိုက်ကြ၏။ အံ့မခန်းလိလိ သိုင်းကွက်မျိုးစုံမှာ အဆက်မပြတ် ထုတ်လွှတ်ခံနေရသော်လည်း သူတို့မှာ နောက်သို့သာ အဆက်မပြတ် တွန်းပို့ခံနေရသည်။

ထိုအခိုက်အတန့်တွင် ဧရာမဦးခေါင်းကြီးသည် တဖြည်းဖြည်း မြောက်တက်လာပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်၍ မဟာဧကရာဇ်၏ နှိုင်းယှဉ်မရအောင် ကြီးမားသော မျက်နှာကြီးကို ပြသလိုက်သည်။ ယင်းက လက်ကြီးထက်ပင် ကြီးမား၏။

သူ့မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာကာ မျက်လုံးအိမ်ထဲ၌ နေမင်းနှစ်လုံး နေရာယူထားသကဲ့သို့ အလွန်အကြူး တောက်ပနေချေသည်။

သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ နေရာမှာ ကွဲလာပြီး တွင်းနက်ကြီးတစ်တွင်း ဖြစ်ပေါ်လာ၏။ ယင်းနေရာတွင် အစတုန်းက ‌မဟာကမ္ဘာဦးအစ မူလကျောက်တုံး နေရာယူခဲ့သော်လည်း နတ်ဘုရင်ကုန်းယွင်ကြောင့် ကြေမွသွားခဲ့ချေပြီ။

လှေပေါ်ရှိ တန်ခိုးရှင်သစ်ခုတ်သမားမှာ ကပျာကယာ အောက်ငုံ့ကြည့်လိုက်သည်။ ကြာပွင့်သဏ္ဍာန်မြေထုတွင် ပိတ်မိနေသည့် မဟာဧကရာဇ်၏ ရုပ်ခန္ဓာမှာ ရုန်းထွက်နေဆဲ ဖြစ်သည်။ သစ်မြစ်များက သူ၏ ကြီးမားလှသော ခြေထောက်ကြီးများအတွင်းထဲ ထိုးစိုက်၍ ကြာပွင့်သဏ္ဍာန်မြေထုနှင့် ကုပ်တွယ်ထားလေရာ လွတ်မြောက်နိုင်ရန် ခက်ခဲနေစေသည်။

မဟာဧကရာဇ်က လက်နောက်တစ်ဖက် မြှောက်လိုက်ကာ ဟင်းလင်းပြင်ထဲသို့ ရွယ်လိုက်သည်။

အားလုံး တုပ်လှုပ်ချောက်ချားကုန်ကြ၏။ ထိုအခိုက်အတန့်တင် ချင်မူက ပျံတက်သွားပြီး တန်ခိုးရှင်သစ်ခုတ်သမား အလောတကြီး လှမ်းဆွဲလိုက်သော်လည်း လက်မတင်‌လေး နောက်ကျသွားခဲ့၏။

တိရီယွဲ့နှင့် ကျန်သူများမှာ‌ ခေါင်းမော့၍ သူတို့ထက် အဆပေါင်းများစွာ မြင့်မားသော မျက်နှာကြီးကို ‌ကြည့်နေကြသည်။ သူတို့မှာ စွမ်းအားမဲ့နေသည့် ခံစားချက်ကို နင့်နင့်နဲနဲ ခံစားနေကြရ၏။

သို့သော် ဤအခိုက်အတန့်တွင် လူရိပ်အသေးလေးတစ်ခုက မက်မွန်သစ်သားဆံထိုးတစ်လက် ကိုင်လျက် သူတို့အရှေ့မှ ဖြတ်သွားသည်။ ဆံထိုးက ဖြတ်ခနဲ လက်သွားကာ မဟာဧကရာဇ်၏ လက်နှင့် မျက်နှာကြီးအား တိုက်ခိုက်လိုက်သည်။

“မောင်လေးမူ”

တိရီယွဲ့မှာ ခေါင်းနပန်းကြီးသွားပြီး ချင်မူ့နောက်မှ ပြေးလိုက်သွားတော့သည်။ ရုတ်တရက် မဟာဧကရာဇ်က လက်ဖဝါးကြီး မြှောက်ကာ အော်လိုက်သည်။ “ရပ်လိုက်”

ချင်မူက ရပ်လိုက်ပြီး ဆံထိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ တိရီယွဲ့ကလည်း သူ့ကို လိုက်မှီလာပြီး သူ့အရှေ့တွင် ကာစီးလျက် ရပ်လိုက်သည်။

မဟာဧကရာဇ်၏အကြည့်က ချင်မူ့လက်ထဲရှိ ဆံထိုးအပေါ် ကျရောက်လာပြီး သူ၏အသံသည် အနည်းငယ် ဩရှနေ၏။ “မင်း သင်ခဲ့တာလား”

ချင်မူ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်တော် သင်ခဲ့ပြီးပြီ”

မဟာဧကရာဇ်၏ ဧရာမမျက်နှာကြီးတွင် အပြုံးတစ်ခု ဖြစ်ထွန်းလာပြီး သူက ခပ်ဟဟ ရယ်လိုက်၏။ “ငါတို့က ‌မဟာရန်သူတော်ကြီးတွေမှ မဟုတ်တာ... သေကြေတဲ့အထိ တိုက်ခိုက်နေစရာမလိုဘူး… ငါ မင်းကို ရန်မစရင် မင်းလည်း ငါ့ကို ရန်မစနဲ့…. ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ကြတာပေါ့… ဘယ်လို သဘောရသလဲ ကောင်းကင်နတ်အရှင်မူ”

ချင်မူက ပြုံးလျက်ပင် ဖြေလိုက်သည်။ “ကျွန်တော်လည်း အဲ့ဒီလိုပဲ တွေးနေတာပါ…. မဟာဧကရာဇ်၊ အရှင်မင်းကြီး လွတ်မြောက်လာတာ ၀မ်းသာစရာကိစ္စပါပဲ… ကောင်းကင်နတ်အရှင်ဆယ်ပါးသာ ဒီကိစ္စကို သိသွားလို့ကတော့ ၀မ်းသာမျက်ရည်တွေတောင် ကျနေကြမယ်ထင်တယ်…. ကဲ ဒါဖြင့် မဟာဧကရာဇ်လည်း မဟာလေဟာနယ်ကနေ ထွက်သွားပြီး အပြင်က အရောင်အသွေးစုံလင်တဲ့ ကမ္ဘာကြီးမှာ သွားပျော်ပါးပါလားဗျ”

ကွမ်းချာ၊ သိကြားဗုဒ္ဓ၊ မြစိမ်းဧကရာဇ်နှင့် ကျန်သူများလည်း အလျင်အမြန် ပျံသန်းလာ၍ ချင်မူ့ရှေ့၌ ရပ်ကာ သူ့အား အလယ်တွင် ထား၍ ကာကွယ်ပေးထားကြသည်။

မဟာဧကရာဇ်၏ မျက်နှာကြီးမှာ မည်းမှောင်သွားပြီး သူက နှာခေါင်းရှုံ့လိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား…. ဖန်ဆင်းရှင်တွေကို မျိုးသုဉ်းသတ်ပစ်ရမယ်…. ငါ မင်းကို ရန်မစဘဲ နေနိုင်ပေမယ့် မဟာလေဟာနယ်‌ထဲက ဖန်ဆင်းရှင်တွေကတော့ သေကို သေရမယ်…. ငါ ခြေတစ်လှမ်းနောက်ဆုတ်ပေးပြီးသား…. ကံ လာမစမ်းနဲ့…. ငါ ပြောင်းပြန်အဆင့်မြင့်အသိစိတ်လျဉ်နယ်ပယ်ကို ချိုးဖျက်ပြီးတာ မင်းအသိပဲ… ငါ မင်းကို မကြောက်ဘူး”

ချင်မူက ရယ်၏။ “ဒါပေါ့… ခင်ဗျားက ကျုပ်ကို မကြောက်ပါဘူး… ဒါပေမဲ့ ကျုပ်ကလည်း ခင်ဗျားကို ကြောက်မနေဘူး… ကျုပ်မှာ တခြားကောင်းကင်နတ်အရှင်တွေကို ရင်ဆိုင်နိုင်စွမ်း မရှိပေမယ့် ခင်ဗျားကိုတော့ မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းထဲ ဆွဲခေါ်ပြီး ကျုပ်နဲ့ တစ်သက်လုံး နေသွားရအောင် လုပ်နိုင်တယ်…. နတ်အရှင်မချန်း၊ ခင်ဗျား လေဟာနယ်ကို မထိသရွေ့ ကျုပ် ခင်ဗျားကို ထွက်သွားခွင့်ပေးမယ်…. ခင်ဗျား ထိရင်တော့ ကျုပ်တို့သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာတုန်းက ကျိန်ဆိုခဲ့တဲ့ သစ္စာအတိုင်း လိုက်နာကြတာပေါ့…. တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းမှာ သေဆုံးကြမယ်ဆိုတာလေ”

မဟာဧကရာဇ်၏ မျက်နှာကြီးမှာ ပို၍ပင် မည်းမှောင်လာ၏။ “မင်းမှာ ကောင်းကင်နတ်အရှင်လင်ရဲ့ စွမ်းအား မရှိဘူး… ငါ့ကို မင်းနဲ့အတူ ဆွဲချလို့မရဘူး… မင်းက ဒီတိုင်း…”

သူ ရုတ်တရက် ပါးစပ်ပိတ်သွားသည်။ ချင်မူက ကောင်းကင်နတ်အရှင်လင်၏ မက်မွန်သစ်သားဆံထိုးကို အသက်သွင်းလိုက်ရာ သူ့နှလုံသားထဲတွင် အကြောက်တရားတို့ ကြီးစိုးသွားချေသည်။

“ကောင်းပြီ… မင်းနဲ့ ငါက သွေးသောက်ညီအစ်ကိုတွေပဲ…. ပြီးတော့ ငါက အစ်ကိုကြီးလည်း ဖြစ်နေတော့ ငါကပဲ နောက်တစ်လှမ်း ဆုတ်ပြီး မဟာလေဟာနယ်ထဲက ထွက်ခွာသွားပေးမယ်”

မဟာဧကရာဇ်၏ ခန္ဓာကိုယ်ကြီးသည် ဟင်းလင်းပြင်ထဲ နစ်မြုပ်၍ ပျောက်ကွယ်သွားတော့သည်။

All Chapters