← Chapters

ခိုင်ဧကရာဇ် ပြန်ရောက်လာပြီ

Vol. 93 Ch. 1221

ခိုင်ဧကရာဇ် ပြန်ရောက်လာပြီ

Vol. 93 Ch. 1221

တိရီယွဲ့၊ လယ်သမား၊ မြစိမ်းဧကရာဇ်၊ ယမမင်းနှင့် ကျန်သူများမှာ တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်လိုက်မိကြသည်။ မဟာဧရာဇ် အမှန်တကယ် ထွက်သွားကြောင်း သူတို့ တွေ့လိုက်ရသော်လည်း သူကား ကြာပွင့်သဏ္ဍာန်မြေထုမှ လုံးလုံးလျားလျား မလွတ်မြောက်သေးချေ။ ထို့ကြောင့် မြေထုကို သူနှင့်အတူ သယ်လျက် ပျံထွက်သွားကာ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ချင်မူက သူ့နဖူးမှ‌ ချွေးစီးချွေးပေါက်များကို သုတ်ရင်း ခပ်တိုးတိုး ပြောနေသည်။ “ဟန်ဆောင်ကောင်းလို့ တော်သေးတာပေါ့.. မဟုတ်ရင် အကျိုးဆက်တွေက မတွေးရဲစရာပဲ…. ကြည့်ရတာ နတ်အရှင်မချန်းတော့ ကောင်းကင်နတ်ဘုံရဲ့ စခန်းထဲ ရောက်နေပြီ... အဲ့ဒီ မဟာဧကရာဇ်ခွေးသူတောင်းစားမလေးကတော့…. အယ် ဘာလို့ ကျွန်တော့်ကို ကြည့်နေကြတာတုန်း… ခင်ဗျားတို့ သူပုန်တွေက တော်တော်ကို ပရမ်းပတာနိုင်ကြတာပဲဗျာ… ဘာလဲ ပုန်ကန်ချင်ကြတာလား ရာရာစစ…. ကျွန်တော် ခင်ဗျားတို့ကို ကွပ်မျက်ဖို့ ကောင်းကင်နတ်ဘုံစစ်တပ်ကို ခေါ်လာပေးခဲ့မယ်”

တိရီယွဲ့၊ ‌လယ်သမား၊ မြစိမ်းဧကရာဇ်၊ ယမမင်းနှင့် ကျန်သူများက သူတို့ကို ကွပ်မျက်မည်ဟု ကြိမ်းဝါးနေသော ကောင်းကင်နတ်အရှင်မူကို တန်ခိုးရှင်သစ်ခုတ်သမားအရှေ့မှာပင် ဝိုင်းရိုက်လိုက်ကြသည်။ သူ့မျက်နှာမှာ ဝက်ခေါင်းလို ဖူး‌ယောင်သွားပြီး နျိုစန်းသွောကလည်း ဤအခွင့်အရေးကို အသုံးချ၍ နှစ်ချက်ဆင့် ဆောင့်ကန်လိုက်၏။

ချင်မူမှာ မရှုမလှ ရိုက်ခံနေရသဖြင့် တန်ခိုးရှင်သစ်ခုတ်သမားဆီ သွားတိုင်သည်။ သို့သော် တန်ခိုးရှင်သစ်ခုတ်သမားသည် လက်သီးမှ သွေးများကို သုတ်နေလေ၏။ ချင်မူ့ကို မြင်သည့်အခါ သူက အလျင်အမြန် လက်ကို ဖွက်လိုက်သည်။

“တပည့်လေး၊ သူတို့ကို ဒေါသသွားမဆွနဲ့….. သူတို့က မင်းတို့ကို လူရုပ်ပျောက်အောင် ရိုက်ကြမယ့်ကောင်တွေ” သစ်ခုတ်သမားက သူ့ကို စေတနာဖြင့် နှစ်သိမ့်ပေးသည်။

ချင်မူ နှာခေါင်းရှုံ့လိုက်သည်။

တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာအမူအရာကား မပြောင်းလဲပေ။ “မင်းက တကယ်ပဲ မဟာဧကရာဇ်ကို မင်းနဲ့အတူ ဆွဲခေါ်သွားနိုင်တာလား”

ချင်မူက ခေါင်းညိတ်သည်။

“နှမြောစရာပဲ…..”

တန်ခိုးရှင်သစ်ခုတ်သမားက သက်ပြင်းရှည်ကြီး ချလိုက်သည်။ “မဟာဧကရာဇ်က ကြောက်နေတာ နှမြောဖို့ ကောင်းတာပဲ…. မဟုတ်ရင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သလို ဂြိုဟ်ဆိုးနှစ်ကောင်ကို တစ်ခါတည်း ရှင်းပစ်လိုက်နိုင်မှာ”

ချင်မူက နှာခေါင်းရှုံ့၍ ခနဲ့သည်။ “ဆရာ၊ ဆရာက ကျွန်တော့်ကို အပြောနဲ့ပဲ အနိုင်ယူနိုင်တာနော်… ကျွန်တော် ဆရာ့ကို ရိုက်တုန်းက ‌လက်ရော၊ ခြေထောက်ရော၊ ခေါင်းရော မလှုပ်ဘူး…. လက်ချောင်းလေးတစ်ချောင်းပဲ လှုပ်ခဲ့တာ”

တန်ခိုးရှင်သစ်ခုတ်သမားမှာ ခပ်ပြင်းပြင်း မရိုက်မိခဲ့သလို ခံစားလာရသည်။

“မင်းက တကယ်ကြီး ခိုင်ဧကရာဇ်နဲ့ သွားမတွေ့ဘဲ ကောင်းကင်နတ်ဘုံရဲ့ စစ်စခန်းဆီ သွားမှာလား” သူက မေး၏။

ချင်မူက ခေါင်းညိတ်သည်။ “ခင်ဗျားတို့က ခိုင်ဧကရာဇ်နဲ့ မိတ်ဆွေဟောင်းတွေလေ…. ကျွန်တော်သွားရင် ကျွန်တော်က ကလေးဖြစ်နေမှာ…. သွားရင် ဟိုလူ့မျက်နှာကြည့်၊ ဒီလူ့မျက်နှာကြည့်နဲ့ အားငယ်ရတယ်…. ကောင်းကင်နတ်ဘုံရဲ့ စခန်းဆီ သွားရင်တော့ မြင့်မြတ်တဲ့ ကောင်းကင်နတ်အရှင်တစ်ပါးမဟုတ်လား…. ဆိုတော့ ဘာလို့ မသွားရမှာလဲ…. ခင်ဗျားတို့ရဲ့ လုံခြုံရေးကို စိုးရိမ်လို့ မဟာလေဟာနယ်အထိတော့ ဘေးကင်းအောင် လိုက်ပို့ပေးခဲ့တာ…. ကျွန်တော် သွားတော့မယ်”

တန်ခိုးရှင်သစ်ခုတ်သမားမှာ ‌မကျေမချမ်း ဖြစ်သွားသော်လည်း ချင်မူ့ပြောစကားက အဓိပ္ပာယ်ရှိသည်ကိုတော့ ‌၀န်ခံရပေလိမ့်မည်။ ချင်မူသာ သူတို့ကို လိုက်ပို့မပေးပါက သူတို့တစ်ဖွဲ့လုံး အသက်ထွက်နေချေပြီ။

“ကျွန်တော် သွားသင့်ပြီ”

ချင်မူက လက်ပြနှုတ်ဆက်ရင်း ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် ရပ်လိုက်ပြီး ခေါင်းလှည့်ကာ ပြော၏။ “ဆရာ၊ ဆရာက အစ်ကိုကြီးကိုရော ညီလေးကိုရော စိတ်ရောကိုယ်ပါ နှစ်ပြီးတော့ သင်ပေးခဲ့ပေမယ့် ကျွန်တော်ကိုတော့ သင်မပေးခဲ့ဘူး… ဘာမှတောင် သင်ပေးခဲ့တာ မဟုတ်ဘူး…. အခု ကျွန်တော့်ရဲ့ လုပ်နိုင်စွမ်းတွေကို မြင်တော့ သေချာမသင်ပေးခဲ့တာ နောင်တရမိလားဗျ”

တန်ခိုးရှင်သစ်ခုတ်သမားသည် တဟားဟား ရယ်မောလိုက်၏။ “မင်းလေသံက မမျှတတဲ့ဆရာကို ပုန်ကန်ပြီး ဂိုဏ်းက ထွက်သွားပြီးမှ ပြန်လာခနဲ့တဲ့ အတိုင်းပဲ”

ချင်မူက မျက်နှာတည်ဖြင့် ပြောသည်။ “ဆရာ နောင်တရမိသလားပဲ မေးတာပါ”

တန်ခိုးရှင်သစ်ခုတ်သမားက တည်ကြည်စွာဖြင့် ခေါင်းရမ်းသည်။ “ငါ ဘယ်တုန်းကမှ နောင်တမရခဲ့ဘူး”

ချင်မူမှာ အတန်ငယ် ကြောင်အသွားမိသည်။

တန်ခိုးရှင်သစ်ခုတ်သမားက လေးနက်စွာ ပြောသည်။ “ငါက ငါ့ပင်ကိုစိတ်အတိုင်းပဲ သင်ပေးတယ်…. ဝေစွေ့ဖုန်းနဲ့ ကျန်းပိုင်ကွေ့ကို ဘာတွေ သင်ပေးရမလဲ ငါသိတယ်… မင်းပဲ… ငါ မင်းကို ဘာသင်ပေးရမလဲ မသိခဲ့ဘူး… မင်းက တစ်ဦးတည်းသော လောကသခင်ခန္ဓာလေ…. မင်းမှာ မွေးရာပါ အမျှော်အမြင်ရှိပြီးတော့ စွမ်းအားလည်း ကြီးတယ်… မင်းရဲ့ စိတ်က ကြည်လင်နေသလို မင်းရဲ့စိတ်ဆန္ဒက ရှင်းလင်းတယ်…. ချောက်နက်တစ်ခုလိုလည်း နက်နဲတယ်…. ငါ အတင်းအကြပ် သင်ပေးလိုက်ရင် မင်းကိုပဲ နှောင့်နှေးစေမှာ…. ငါ ထင်ခဲ့တဲ့အတိုင်း မင်းက မင်းအစ်ကိုကြီးထက်ရော၊ ညီလေးထက်ရော ပိုပြီး အလားအလာရှိတယ်… ငါ တကယ် ၀မ်းသာပီတိဖြစ်မိပါတယ်”

ချင်မူက ပြုံးလိုက်သည်။ “ဆရာ ကျွန်တော့်ကို သင်မပေးချင်တာ အဲ့ဒါကြောင့်မှန်း ကျွန်တော် သိသားပဲ…. ကျွန်တော် သွားတော့မယ်..”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို လိုက်လံနှုတ်ဆက်၍ အချိန်အတော်ကြာပြီးနောက်မှ အသက်တစ်ရှိုက်ကို တုန်ရီစွာ မှုတ်ထုတ်လိုက်သည်။ ‘ဒီကောင်လေးကတော့ ကြည့်လိုက်ရင် အမြဲ သူ့ဆရာနဲ့ ဘိုးဘေးတွေကို ဝက်ခေါင်းဖြစ်အောင် ထရိုက်တော့မယ့်အတိုင်းပဲ…. ငါ သူ့ကို မမြှောက်လိုက်ရင် ငါ့ကို တကယ်ကြီး ရိုက်သွားလောက်တယ်…. ဒါပေမဲ့လည်း…’

သူက ပြုံးလိုက်သည်။ “သူက ငါ့ရဲ့ အတော်ဆုံးတပည့်ပါပဲ…”

တိရီယွဲ့၊ လယ်သမား၊ မြစိမ်းဧကရာဇ်၊ ယမမင်းနှင့် ကျန်သူတို့က သူ့ဘေး ရောက်လာကြသည်။ တိရီယွဲ့က စပ်စပ်စုစု မေးသည်။ “၀မ်တျန်းကဲ၊ နင့်တပည့်က တကယ်ပဲ မဟာဧကရာဇ်ကို ပြန်နောက်ဆုတ်သွားစေတဲ့အထိ အစွမ်း ရှိလို့လား”

“မျက်နှာဆိုတာ လုပ်နိုင်စွမ်းနဲ့ ညီမျှတယ်…. အံ့မခန်းလိလိ လုပ်နိုင်စွမ်းမရှိရင် မျက်နှာရလာမှာ မဟုတ်ဘူး”

သစ်ခုတ်သမားက ပြုံးလျက် ရှင်းပြသည်။ “မဟာဧကရာဇ်က မဟာလေဟာနယ်ထဲမှာ ရှိတဲ့ ဖန်ဆင်းရှင်တွေအပေါ် သိပ်ကို သတိထားတယ်…. ငါတို့က သူတို့နဲ့ ပူးပေါင်းအလုပ်လုပ်နေတာဆိုတော့ သူက ငါတို့ကို ရှင်းလင်းပစ်ချင်တယ်…. ကောင်းကင်နတ်အရှင်မူက သူနဲ့အတူ ပျောက်ကွယ်သွားနိုင်တဲ့ အားနည်းချက်ကို ဆုပ်ကိုင်ထားတယ်လေ… ဒါကြောင့် မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်မူကို မျက်နှာသာပေးခဲ့တာပဲ… ငါတို့ကို မသတ်ချင်တော့လို့ မဟုတ်ဘူး…”

သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာက စိုးရိမ်ပူပန်စွာ ပြောသည်။ “သူက တကယ်ပဲ ကောင်းကင်နတ်ဘုံရဲ့ ပင်မစခန်းဆီ ပြန်နေတာလား…. အဲ့ဒီမှာ သတ်ခံရမှာ မကြောက်ဘူးလား…. ကောင်းကင်နတ်ဘုံနဲ့ မဟာလေဟာနယ်က စစ်ပွဲ‌ဖြစ်နေတာဆိုတော့ စစ်မြေပြင်မှာ လူတွေသေတာက ထုံးစံလို ဖြစ်နေပြီ…. သူ့ကို ဒီမှာ သတ်ဖို့က ဖုန်လေး မှုတ်ထုတ်လိုက်သလို အလွယ်လေးပဲ”

သစ်ခုတ်သမားက တည်ငြိမ်နေသော မျက်နှာအမူအရာဖြင့် ခေါင်းရမ်းလိုက်သည်။ “အတိတ်တုန်းက သူ့ကို သတ်နိုင်မယ့် အခွင့်အရေးတွေ ရှိခဲ့ပေမယ် အခုကတော့ အဲ့ဒီလူတွေ‌ ထင်နေသလို ကောင်းကင်နတ်အရှင်မူကို သတ်ဖို့က မလွယ်ကူဘူး”

အားလုံး၏ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာတော့သည်။

သူတို့ ချင်မူ့ကို ပထမဆုံး တွေ့ခဲ့တုန်းက သူသည် သိမ်နုပ်သော သိုင်းသမားပေါက်စလေးသာ ရှိသေး၏။ သို့သော် ယခင်မျိုးဆက်များနှင့် ယှဉ်ပြိုင်နိုင်သည့်အဆင့်သို့ ရောက်ရှိလာပြီး လျှော့တွက်မရသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှပင် မတွေးကြည့်ခဲ့ကြဖူးချေ။

တံငါသည် ကောင်းကင်ဆရာသခင်က ပြော၏။ “သူ ဒီလောက်အထိ တိုးတက်လာခဲ့မှန်း ကောင်းကင်နတ်ဘုံသားတွေ မသိကြသေးဘူး…. ကောင်းကင်နတ်ဘုံရဲ့ အဆင့်မြင့်ပညာရှင်တွေ ဒါကို နားလည်ပြီး လက်ခံနိုင်တဲ့ တစ်နေ့ကျရင် သွေးချောင်းစီးတဲ့ နေ့ရက်တွေ ဖြစ်လာလိမ့်မယ်…”

ပရမတ္တလှေသည် ဟင်းလင်းပြင်ထဲမှ ထွက်လာကာ မဟာလေဟာနယ်မြေထုအထက်တွင် ပေါ်လာ၏။ မကြာမီ အဝေးတွင် ခေါင်းတလားများ သယ်လျက် ပျံသန်းနေသော နတ်ဘုရားများစွာကို တွေ့လိုက်ရသည်။ အကြီးအကဲတစ်ဦးက ခေါင်းတလားထက်တွင် ရပ်နေသည်။ သူက သူတို့ကို တွေ့လျှက် ခေါင်းတလားထက်မှ စိတ်လှုပ်တရှား ထရပ်၍ လက်ဝှေ့ရမ်းပြလေသည်။

သစ်ခုတ်သမားနှင့် ကျန်သူများမှာလည်း ဖော်ပြမတတ်အောင် စိတ်လှုပ်ရှားသွားကြသည်။ သူတို့မှာ ရင်တဒိန်းဒိန်း ခုန်လာကြပြီး သွေးတို့ ပွက်ပွက်ဆူလာကြ၏။

နှစ်နှစ်သောင်း ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင်တော့ သူတို့ရဲ့ဘော်ဟောင်းများ ပြန်လည်ဆုံစည်းကြချေပြီ။

အဝေးတွင် သက်လတ်ပိုင်းဧကရာဇ်တစ်ဦးက မြို့မျှော်စင်ထက်၌ ရပ်လျက် နီးကပ်လာနေသော ပရမတ္တလှေဆီ လှမ်းကြည့်နေသည်။

သစ်ခုတ်သမားနှင့် ကျန်သူများက ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် ခိုင်ဧကရာဇ်ချင်ယဲ့အား ပြန်ကြည့်နေကြ၏။ တခဏကြာသော် သူတို့က ရှေ့သို့‌လျှောက်သွားကြကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကျွန်တော် ၀မ်တျန်းကဲ ရဲ‌ဘော်ရဲဖက်တွေနဲ့ ဝေးကွာခဲ့တာ နှစ်နှစ်သောင်း ကြာခဲ့ပါပြီ.. ကျေးဇူးပြုပြီး ပြန်လာပေးတော်မူပါ”

တိရီယွဲ့က ဦးညွှတ်လျက် လျှောက်တင်သည်။ “အပြစ်သားတိရီယွဲ့ကလည်း ပြန်လာပေးဖို့ တောင်းဆိုပါတယ်”

သိကြားဗုဒ္ဓက ဦးညွှတ်အရိုအသေပေးသည်။ “ကိုယ်လွတ်ရုန်းခဲ့မိတဲ့ လီရုံလန်ပါ…. ကျေးဇူးပြု၍ ပြန်လာပေးတော်မူပါ”

ယမမင်းက ဦးညွှတ်အရိုအသေပေးသည်။ “ဖုန်းတုဘုရင် ချင်ဖုန်း၊ နယ်စပ်ကို နှစ်နှစ်သောင်းကြာ စောင့်ရှောက်ခဲ့ပြီး အစီအရင်ခံဖို့ ပြန်ရောက်လာပါပြီ”

ခိုင်ဧကရာဇ်ချင်ယဲ့က သူတို့ကို ကြည့်လိုက်သည်။ သူ၏ ခံစားချက်မဲ့နေခဲ့သော မျက်ဝန်းများမှာ ခံစားချက်များကို မဖုံးဖိထားနိုင်တော့ပေ။ “အပြစ်သားချင်ယဲ့က စိတ်ပျက်စေခဲ့မိပါတယ်….ကျေးဇူးပြုပြီး ရာထူးနေရာများဆီ ပြန်ဝင်ပေးကြပါ”

...

ထိုစဉ် ချင်မူသည် ဟင်းလင်းပြင်ထဲမှ ထွက်၍ စစ်မြေပြင်အကျယ်ကြီဆီသို့ ရောက်လာခဲ့သည်။ ရွှင်‌ပျော်ပျော်‌‌ကျေးရွာ၏ ပရမတ္တကမ္ဘာနှင့် ကောင်းကင်နတ်ဘုံအကြား စစ်ပွဲမှ ခြေရာလက်ရာများ ကျန်ရှိနေသေး၏။ မြောက်များစွာသော နတ်ဘုရားမိစ္ဆာများ၏ အလောင်းများမှာ မမြုပ်နှံရသေးသလို၊ စစ်မြေပြင်ထက်တွင် သွားလာနေကြသည့် စီးတော်သတ္တဝါများလည်း ရှိကြသည်။ သူတို့က အရိုင်းစိတ် ပြန်ဝင်၍ အလောင်းများအား ကိုက်ဖြတ်ဝါးမြိုနေကြ၏။

ချင်မူသည်‌ လမ်းလျှောက်နေရင်း ကောင်းကင်နတ်ဘုံနှင့် ရွှင်ပျော်ပျော်ကျေးရွာမှ အဖွဲ့အချို့နှင့်လည်း တွေ့ခဲ့ရသည်။ သူတို့အထဲတွင် နတ်ဘုရားမိစ္ဆာများအပြင် ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ပါကြ၏။ သူတို့က မဟာလေဟာနယ်၏ တောင်တန်းများ၊ မြစ်ချောင်းများတွင် သွားလာရင်း ရန်သူများအား သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို ရှာဖွေနေကြသည်။

ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားမိစ္ဆာအချို့ဆိုလျှင် ဖန်ဆင်းရှင်ငယ်များကို ခေါ်လာ၍ သတ်ဖြတ်တတ်အောင် လေ့ကျင့်ပေးနေကြသည်။

“ကောင်းကင်နတ်အရှင်မူ”

ကောင်းကင်နတ်ဘုံ၏ မြင်းတပ်သားတစ်ဦးက ချင်မူကို မြင်လိုက်ရသဖြင့် အံ့သြမှင်သက်သွားသည်။ သူက မြင်းကို ကပျာကယာ ထိန်းလိုက်ရင်း အဝေးသို့ လှမ်းကြည့်လိုက်သော်လည်း ချင်မူ၏ပုံရိပ် မှေးမှိန်ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရ၏။

မြင်းတပ်သားက လျင်မြန်စွာ ရောက်လာသော်လည်း ချင်မူမှာ ပျောက်ကွယ်သွားလေပြီ။

ချင်မူသည် မဟာလေဟာနယ်၏ ယိုတုအတွင်းသို့ ဝင်လိုက်သည့်အခါ မဟူရာနတ်မင်းကောင်းကင်ယင်သားတော်၏ စစ်တပ် စခန်းချထားသည်ကို တွေ့လိုက်ရ၏။ စစ်တပ်ကြီးက မိုင်ထောင်ပေါင်းများစွာ ရှည်လျားသောကြောင့် မဟာလေဟာနယ်နှင့် ယိုတုကို နှစ်ခြမ်းကွဲနေစေသည်။

တစ်ခြမ်းက ကောင်းကင်နတ်ဘုံ၏ လွှမ်းမိုးမှုအောက်တွင် ရှိပြီး နောက်တစ်ခြမ်းက ရွှင်ပျော်ပျော်ကျေးရွာ၏ လွှမ်းမိုးမှုအောက်တွင် ဖြစ်သည်။ များစွာသော နတ်ဘုရားတို့က စောင့်ကြပ်နေလေသည်။

“ညီဆိုးလေး”

ချင်ဖုန်းကျင့်က အသံပြဲကြီးဖြင့် ဝမ်းသာအားရ လှမ်းအော်သည်။ သူက ချင်မူရောက်လာသည်ကို တွေ့သည်နှင့် ခြေထောက်တုတ်တုတ်ကြီးများဖြင့် ပြေးလာပြီး ချင်မူ့အား စွေ့ခနဲ ချီ၍ တင်းတင်းကြပ်ကြပ် ဖက်လိုက်တော့သည်။

All Chapters