နတ်ဆိုးမလေး အလုပ်လုပ်ပြီ
Vol. 11 Ch. 37
ခရစ်စမတ်ပွဲတော်ကြောင့် ဝယ်သူတွေအများကြီး ရောက်လာနေတဲ့ ကန်တာကီကြက်ကြော်ဆိုင်ရဲ့မီးခိုခန်း တစ်နေရာမှာတော့ ဆိုင်မန်နေဂျာ ဝဝအဒေါ်ကြီးက ဒီနေ့အတွက်အလုပ်ခေါ်ထားတဲ့ ယာယီအချိန်ပိုင်း ဝန်ထမ်းတွေကို ကြည့်လိုက်ပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ ရင်းနှီးနေတဲ့ ဥရောပသူလေးတစ်ယောက်။
ကျန်တဲ့အလုပ်သမားတွေက ရိုးရိုးရှင်းရှင်း သာမန်ဝတ်စုံတွေဝတ်ထားတာဆိုပေမဲ့ ဖရာလီတာက တန်ဖိုးကြီးဂါဝန်ကြီးနဲ့ဖြစ်နေပြီး ရုပ်ကလည်း အရုပ်မလေးလိုဖြစ်နေတာမလို့ အကုန်လုံးက သူ့ကို ပြုံးစိစိနဲ့ဝိုင်းကြည့်နေကြတာ။
“ဟိုကောင်မလေး၊ ၁၄ နှစ်ရောပြည့်ပါတယ်နော်။ ဒီဆိုင်က အလုပ်လာလုပ်တဲ့သူမှန်းသမျှ လက်ခံတယ်ဆိုပေမဲ့ အလုပ်သမားဥပဒေချိုးဖောက်တယ်ဆိုပြီး အတိုင်တော့ မခံချင်ဘူး။”
အမေရိကန်ဥပဒေအရ အသက် ၁၄ နှစ်ပြည့်တာနဲ့ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရပါတယ်။ ကျောင်းသားမဟုတ်ရင် အချိန်ပြည့်အလုပ်တောင် လုပ်ခွင့်ရသေးတယ်။ ဒါပေမဲ့ ၁၆ နှစ်မပြည့်သေးရင် အလုပ်ကြမ်းလုပ်ခွင့်ပေးမထားဘူး။ ကြက်ကြော်ဆိုင်က အလုပ်ကြမ်းမဟုတ်ပေမဲ့ ၁၄နှစ်အောက် သမီးလေးကို အလုပ်ခိုင်းမိမယ်ဆိုရင် တစ်ခါတည်း အပိတ်ခံရမှာ။
“ဒေါ်လေး၊ ကျွန်မက မထင်ရပေမဲ့ ၁၆ နှစ်ပါ။” ဖရာလီတာက သူ့ဗြိတိသျှမှတ်ပုံတင်ကတ်ကို ထုတ်ပြီးသက်သေပြ။ ဆိုင်မန်နေဂျာအဒေါ်ကြီးက မှတ်ပုံတင်ကတ်ကို ပြူးပြဲကြည့်ပြီး ခေါင်းကုပ်လိုက်လေရဲ့။
“နိုင်ငံခြားသူလား၊ ဒါကြောင့် လေသံက လက်ဖက်ရည်နံထွက်နေတာ။ ထားတော့၊ ဒီဆိုင်မှာ ငါ့ကိုအလုပ်လုပ်မယ်ဆိုရင် ဒေါ်လေးလို့မခေါ်နဲ့၊ အစ်မကြီးလို့ခေါ်။ ငါ့အသက်က ခုမှ ငါးဆယ်ကို တစ်ဂဏန်းလေးပဲ စွန်းသေးတာဟဲ့။”
ဖရာလီတာက ‘အဲဒါ ငါ့အဖွားအရွယ်လေ။'လို့ အော်ပြီး ပြောပစ်ချင်ပေမဲ့ ပါးစပ်ကိုပိတ်ထားရတယ်။ အစ်မဝဝကြီးကတော့ အလုပ်သမားအသစ်တွေကို စပြီးညွန်ကြားချက်တွေပေးနေပြီ။
“ကောင်းပြီ၊ နင်တို့တွေက ဒီဆိုင်မှာအလုပ်အများဆုံး အချိန်လို့ပြောရမယ့် ညနေခင်း ၄ နာရီကနေ ၈ နာရီအထိ အလုပ်ဆိုင်းမှာလုပ်ရတော့မှာ။ ဒီတော့ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားကြ။ ခရစ်စမတ်အတွက် စျေးဝယ်ပြီး ပြန်လာမယ့်သူတွေအကုန်လုံး ဒီဆိုင်ထဲဝင်လာမှာ။ အနည်းဆုံး လူတစ်ရာနှစ်ရာလောက် ဝင်လာလိမ့်မယ်။ ဒီတော့ ကာစမန်မာကွန်ပလိန်းမရအောင် ဂရုစိုက်ရမယ်။ ပြီးတော့ ဟိုကောင်မလေး...”
ဆိုင်မန်နေဂျာက ဖရာလီတာကို ကြည့်ပြီးပြောလိုက်တယ်။ “ဘာလို့ တခြားသူတွေလိုမျိုး တီရှပ်အဖြူနဲ့ဂျင်းဘောင်းဘီဝတ်မလာတာလဲ။ အဲဒီဂါဝန်ကြီးနဲ့ ဘယ်လိုအလုပ်လုပ်မှာတုန်း။”
ဖရာလီတာတို့တွေက အချိန်ပိုင်းလုပ်သားတွေမလို့ ဆိုင်ဘက်က ယူနီဖောင်းမပေးပါဘူး။ ဒါကြောင့် အားလုံးက အိမ်ကနေ ကိုယ့်အဝတ်ကိုယ်ယူလာကြတာ။
“ကျ... ကျွန်မက အရင်က ဒီလိုအလုပ်မျိုးမလုပ်ဖူးလို့ မသိတာပါ။” ဖရာလီတာက အရိုးသားဆုံးဖြေလိုက်ပါလေရော။ ဆိုင်မန်နေဂျာကတော့ ကိုယ့်နဖူးကိုယ်ဖျစ်ညှစ်ရင်း...
“ထင်သားပဲ၊ ကြည့်လိုက်ကတည်းက အချိန်ပိုင်း အပျော်လာလုပ်တဲ့ သူဌေးသမီးရုပ်ပေါက်နေပါတယ်လို့။”
ဖရာလီတာကတော့ နားထောင်နေရင်းကနေ ရှက်ပြီး မျက်နှာတစ်ခုလုံး နီရဲသွားပါလေရော။ ဒါပေမဲ့ တစ်သက်လုံးဆပ်တောင် ကုန်မှာမဟုတ်တဲ့ အကြွေးတွေအကြောင်းတွေးမိတော့ ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး လေသံမာမာနဲ့ပြောလိုက်လေရဲ့။
“ကောင်း... ကောင်းကောင်းအလုပ်လုပ်ပါ့မယ်။” ဖရာလီတာရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့် တခြားအလုပ်သမားတွေက ဗိုက်နှိပ်ပြီးအူတက်နေကြပြီ။
မန်နေဂျာဝဝကြီးကတော့ လေပူတွေကို မှုတ်ထုတ်ရင်း “ကြည့််ရတာ အတွေ့အကြုံလည်းရှိမယ့်ပုံမပေါ်ဘူး။ နေ့ခင်းပိုင်းအလုပ်သမားတွေပြန်တော့မှာမလို့ အချိန်မရဘူး။ ခဏနေရင် အော်ဒါဘယ်လို လက်ခံရမလဲဆိုတာနဲ့ ပစ္စည်းဘယ်လိုပေးရမလဲ သင်ပေးမယ်။ နင့်အလုပ်က ကောင်တာနောက်မှာရပ်ပြီး ဝယ်သူတွေကို အကြီးကြီးပြုံးပြ။ သူတို့မှာတာတွေကို ပေးဖို့ပဲ။”
မန်နေဂျာက အလုပ်ကို အကြမ်းဖျင်းရှင်းပြလိုက်ပြီး ဖရာလီတာကို အဝတ်လဲခန်းထဲ အရင်ခေါ်သွားတယ်။ ပြန်ထွက်လာတော့ ဖရာလီတာက ကန်တာကီကြက်ကြော် ယူနီဖောင်းအတိုင်း ဝတ်စားထားပြီးဖြစ်နေတယ်။ စျေးပေါပေါအဖြူရောင်တီရှပ်၊ ဂျင်းဘောင်းဘီနဲ့ အနီရောင်အေပရွန်။ အေပရွန်ပေါ်မှာတော့ ကိုလိုနယ်ကြီး သွားပေါ်အောင်ပြုံးနေတဲ့ လိုဂိုပါတယ်။
“အောင်မလေး၊ လူတွေက အများကြီးပဲ။” အလုပ်လုပ်ဖို့ ကောင်တာမှာရပ်လိုက်တယ်ဆိုရင်ပဲ တန်းစီနေတဲ့ လူတန်းကြီးကို ဖရာလီတာမြင်လိုက်ရပြီး မျက်လုံးပြူးသွားတယ်။ မန်နေဂျာကတော့ သူ့ကို ကွန်ပျူတာဆော့ဝဲလ် ဘယ်လိုသုံးရမလဲဆိုတာနဲ့ အော်ဒါလက်ခံတဲ့နည်းကို တစ်ခါပဲရှင်းပြသွားတယ်။ တစ်ခါပဲဆိုပေမဲ့ ဖရာလီတာအဖို့တော့ အခက်အခဲမရှိပါဘူး။ ခဏနေတော့ ဖရာလီတာက ပြောထားတဲ့အတိုင်း အကုန်လုံးကို အကြီးကြီးပြုံးပြပြီး အော်ဒါလက်ခံလိုက် ပစ္စည်းတွေပေးလိုက် လုပ်နေတော့တာ။
“မေမေ၊ သားသား ကြက်ပေါင်စားချင်တယ်။”
မိနစ်အနည်းငယ်ကြာပြီးနောက်တော့ ဝကစ်ကစ် ရှစ်နှစ်အရွယ် ကလေးကြီးကို လသားကလေးကို ချီထားတဲ့ ကလေးအမေတစ်ယောက်အလှည့် ရောက်လာတယ်။ ကလေးအမေက အလျှင်လိုနေတဲ့ ပုံစံနဲ့ ကလေးပြောတဲ့အတိုင်းမှာလိုက်တယ်။
“ညီမလေး ကြက်ပေါင်ချည်းပဲ ခြောက်ချောင်းရမလား။”
ဖရာလီတာက ခေါင်းကိုစောင်းငဲ့လိုက်တယ်။ စားမှာက ကလေးနဲ့အမေနှစ်ယောက်တည်းပေမဲ့ ကြက်ပေါင် ခြောက်ချောင်း။ သူ့ဘာသာဆိုရင် ဘယ်လိုမှမကုန်ဘူးလို့ ထင်ရပေမဲ့ မန်နေဂျာပြောတဲ့အတိုင်း မှာသမျှပေးရမယ်လို့တွေးမိတော့ ပြုံးပြလိုက်ပြီး
“ဟုတ်ကဲ့၊ ရပါမယ်ရှင့်။ ခဏလေးစောင့်ပါ။”
ဖရာလီတာက အော်ဒါအမှာစာကို ဆော့ဝဲလ်စနစ်မှာ မှတ်ပုံတင်လိုက်ပြီး ဆင်ဆာတုံကင်လေးကို ကလေးအမေလက်ထဲ ထိုးထည့်ပေးလိုက်တယ်။
“အလှည့်ကျရင် ဆင်ဆာက အသံမြည်လာပါလိမ့်မယ်။ အဲဒီကျရင် ဝယ်ထားတဲ့ပစ္စည်းတွေ ထုတ်လို့ရပါပြီ။”
အဲဒီနောက်တော့ ဖရာလီတာက တခြားသူတွေအတွက် ဆက်ပြီးဝန်ဆောင်မှုပေးတယ်။ သူတို့တွေထဲက တချို့က ကြက်တောင်ပံချည်း လိုချင်တဲ့သူတို့၊ ရင်အုံသားချည်း လိုချင်တဲ့လူတို့ စုံနေရော။ ဒါပေမဲ့ ဘာမှအဖြစ်ဘဲ အတော်ကြာတဲ့အထိ ချောချောမွေ့မွေ့အလုပ်လုပ်နိုင်နေတော့ ဖရာလီတာတစ်ယောက် ယုံကြည်မှုတွေပြည့်လာရော။ မန်နေဂျာ သူ့ရှေ့ရောက်လာပြီး လေသံမာမာနဲ့မပြောခင်အထိပေါ့။
“ဖရာလီတာရေ၊ ဒီနောက်ကို ကြွခဲ့ပါဦး။” ဖရာလီတာလည်း ဘာဖြစ်လို့ဖြစ်မှန်းမသိတာနဲ့ လုပ်လက်စအလုပ်ကိုရပ်ပြီး နောက်ကိုသွားတယ်။ မန်နေဂျာဝဝကြီးကတော့ အမှာစာတစ်ဒါဇင်လောက်ကို ကိုင်ပြီး သူ့ကိုမျက်လုံးဒေါက်ထောက်ကြည့်နေပါတယ်။
“ဒါက ဘယ်လိုဖြစ်တာတုန်း။ ပစ္စည်းတွေကို မျှမပေးဘဲ ပေါင်ဆိုပေါင်ချည်း တောင်ပံဆိုတောင်ပံချည်းပေးမှတော့ နောက်လူတွေက ဘာသွားစားမှာတုန်း။ ကြက်တစ်ကောင်မှာ ပေါင်နှစ်ခုပဲရှိတာ နင်မသိဘူးလား။ တစ်ယောက်တည်းကို အကုန်ပေးလိုက်ရင် နောက်လူတွေဖို့ ရှိမှာမဟုတ်တော့ဘူး။”
ကန်တာကီကြက်ကြော်လို အမြန်စာစားသောက်ဆိုင်တွေမှာ ကြုံရတဲ့ပြဿနာတစ်ခုက ရှေ့လူက ပစ္စည်းတစ်မျိုးတည်းကို အကုန်ယူသွားရင် နောက်လူတွေဖို့ ဘာမှမကျန်တော့တာပါပဲ။ ဘာပဲပြောပြော ဆိုင်တစ်ခုမှာရှိနေတဲ့ ကြက်ကောင်အရေအတွက်က အကန့်အသတ်ရှိတယ်လေ။ ဒါပေါ့၊ အမြန်စာနဲ့မရင်းနှီးတဲ့ သူဌေးမလေးဖရာလီတာက ဒါတွေဘယ်သိပါ့မလဲ။
“လုပ်လိုက်ရင် ပေါ့ပျက်ပျက်နဲ့။ ထားတော့၊ နင့်ကို ကောင်တာမှာထားလို့မဖြစ်ဘူး။ ကြက်ကြောကြော်တဲ့နေရာမှာ သွားကူချေ။”
ဒီလိုနဲ့ ဖရာလီတာတစ်ယောက် မီးဖိုခန်းထဲရောက်လာတယ်။ မီးဖိုခန်းက ပူလွန်းလို့ ဝင်မိတယ်ဆိုရင်ပဲ ချွေးတွေကျလာရော။ ပြီးတော့ အဲဒီမှာရှိနေတဲ့ ထမင်းချက်တွေက မိုင်ကုန်ပြေးလွှားပြီး အမှာစာတွေကိုဖြည့်ပေးဖို့ ကြိုးစားနေကြတယ်။ ဖရာလီတာက သူတို့ကိုကူဖို့ရောက်လာတယ်ဆိုတာလည်း သိရော အမြန်စာစားဖိုမှူးခေါင်းက ဖရာလီတာကိုကုပ်ဆွဲပြီး လွတ်နေတဲ့ ဆီကြော်မီးဖိုမှာ နေရာချပေးလိုက်တယ်။
“ကောင်မလေး၊ နင်ဘယ်လိုကြော်ရမလဲ မသိဘူးမလား။ မပူနဲ့မခက်ဘူး၊ မုန့်နှစ်ထဲ ကြက်ကိုထည့်ပြီး ဟောဒီလိုနယ်၊ ပြီးရင် ဆီအိုးထဲ ဟောဒီလိုထည့်။”
ဖလပ်... ဖလပ်... ဖလပ်...
စားဖိုမှူးခေါင်းက လုပ်ရမယ့်အရာမှန်သမျှကို စက္ကန့်ပိုင်းအတွင်း ရှင်းပြပြီးနောက် ကိုင်ပြီးသား ကြက်သားစိမ်း ကီလိုတစ်ရာလောက်ကို ဖရာလီတာဆီ ထိုးပေးပြီး သူ့အလုပ်သူပြန်သွားလုပ်တယ်။
ဖရာလီတာလည်း သူသင်ပေးတဲ့အတိုင်း လိုက်လုပ်တယ်ဆိုပေမဲ့ အရင်က ဟင်းမချက်ဖူးလေတော့...
တူးတဲ့ဟာကတူး၊ မကြက်တဲ့ဟာက မကြက်၊ မုန့်နှစ်မနှံ့လို့ ဒီအတိုင်းရိုးရိုးကြက်ကြော်အဖြစ် ထွက်လာတဲ့ဟာက ထွက်လာနဲ့။
“ဟဲ့၊ ဟိုကောင်မလေး။ နင်ဘာလို့ ကြက်သားတွေကို ဖြုန်းတီးနေတာလဲ။ အကုန်လုံးကုန်ပါပြီ။ ဒီတစ်သက်နဲ့တစ်ကိုယ် ဒီလိုအလုပ်သမားမျိုး မကြုံဖူးပေါင်။ ရပ်... ရပ်တော့....”
ဆိုင်ရှေ့က ပြဿနာတွေကို ဖြေရှင်းပြီးလို့ ဆိုင်နောက်ထဲ ဝင်လာတဲ့ မန်နေဂျာမကြီးလည်း ဖရာလီတာကြော်နေတဲ့ မည်းမည်းတူးတူးတွေကို တွေ့ရော ငယ်သံပါအောင်အော်တော့တာပဲ။
“ခက်တာပဲ၊ ဒီကောင်မလေးက တကယ့်ဗြဟ္မာကြီးဦးခေါင်း။ ဘယ်နားမှထားမရ။”
ဖရာလီတာကို မီးဖိုထဲကနေ ထုတ်ပြီး ယူနီဖောင်းခန်းထဲ ပြန်ခေါ်လာပြီး နောက်မှာ ဘယ်အနားမှာထားလို့ထားရမှန်းမသိတဲ့ မန်နေဂျာက သက်ပြင်းချလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကြက်တစ်ကောင်လိုဝတ်စားထားတဲ့ လူတစ်ယောက်က အခန်းထဲဝင်လာပြီး ကြက်ခေါင်းစွပ်ကိုချွတ်လိုက်တယ်။
“ဂျါကြီး၊ ကျွန်တော့်အဖွား လှေကားပေါ်က လိမ့်ကျလို့တဲ့ အရေးပေါ်ခွင့်ယူမှဖြစ်မယ်။”
အဲဒီလူက ဆိုင်ရဲ့အမြဲတမ်းဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဆိုင်ရှေ့မှာ လာဘ်ကောင်ကြက်ကြီးလိုဝတ် ဝယ်သူတွေကို လက်ယမ်းပြတဲ့လူပါ။ အခုက အလုပ်များနေတဲ့အချိန်ဆိုပေမဲ့ ကိစ္စက အရေးပေါ်ဆိုတော့ ခွင့်က မပေးလို့လဲမရ။ မန်နေဂျာရဲ့အကြည့်တွေက သေးသေးကွေးကွေး ကောင်မလေးဆီရောက်လာရော။
“ကောင်မလေး၊ နင်က ဘာမှမလုပ်တတ်ဘူးဆိုပေမဲ့ ဝတ်စုံထဲဝင်ပြီး လက်ယမ်းပြရုံလောက်တော့ လုပ်တတ်တယ်မဟုတ်လား။ ဒီလိုမှမဟုတ်ရင်တော့ အိမ်ပြန်ပေတော့။”
အိမ်ပြန်ရင် လုပ်အားခမရဘဲ မက်ဒါနာအတွက် လက်ဆောင် ဝယ်ပေးနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ အချက်ကိုတွေးမိလေတော့ ဖရာလီတာတစ်ယောက် လေပူတွေကို မှုတ်ထုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
ခဏနေတော့ ဖရာလီတာက ကြက်ကြီးလိုဝတ်စားပြီး ဆိုင်အပြင်မှာရောက်နေပြီး လမ်းသွားလမ်းလာတွေကို လက်ယမ်းပြနေပါတယ်။
“ချီးထဲမှ၊ သူ့ဝတ်စုံက လေးရတဲ့အထဲ ငါနဲ့တော်တော်ကို ကြီးနေတာ။ လေးလေးချောင်ချောင်ကြီးကို လဲမကျအောင် တော်တော်ထိန်းရတာပဲ။”
ဖရာလီတာက တစ်ယောက်တည်းရေရွတ်ရင်း ယိုင်နဲ့ယိုင်နဲ့နဲ့ ဆိုင်ရှေ့ဟိုဘက်လျှောက်ဒီဘက်လျှောက်လိုက် လုပ်နေရတယ်။ အပြင်ကကြည့်ရင် ကြက်ကြီးက လာဘ်ခေါ်တဲ့ပုံမပေါက်ဘဲ ငှက်တုပ်ကွေးရောဂါကြောင့် အချိန်မရွေးသေတော့မလိုထင်ရတယ်။
“ခိခိခိ....” ခွက်ထိုးထွက်လှန် ရယ်သံကြားရလို့ ဖရာလီတာ နောက်ကိုလှည့်ကြည့်တော့ လက်ထဲမှာ ကြက်ပေါင်နှစ်ခုကိုကိုင်ပြီး တစ်ပြိုင်နက်တည်းစားနေတဲ့ ဝဝကစ်ကစ်ကလေးကို မြင်လိုက်ရတယ်။ ကောင်တာမှာ သူရှိနေတုန်းက ကြက်ပေါင်ခြောက်ခုပေးလိုက်မိတဲ့ ဟိုကလေးပဲ။ ပထမက ကလေးဆိုပြီး လစ်လျူရှုထားဖို့ လုပ်ပေမဲ့
“ဦးကြက်ကြီး၊ ကြည့်ရတာ အားနည်းနေသလိုပဲ ကြက်ကြော်စားမလား။”
ကောင်လေးက ခပ်နောက်နောက်ပုံစံနဲ့ စားလို့ကုန်သွားတဲ့ ကြက်ကြော်အရိုးနဲ့ ဖရာလီတာကို ပစ်ပေါက်လိုက်တယ်။ နဂိုကတည်းက အလုပ်လုပ်ရတာ အဆင်မပြေဖြစ်နေတဲ့ ဖရာလီတာတစ်ယောက် ခုလိုစော်ကားခံရတဲ့အတွကိ ဒေါသထောင်းခနဲထွက်သွားပြီး ကောင်စုတ်လေးကို ဖမ်းဆွဲလိုက်တယ်။ အဲဲဒီနောက် ရှိသမျှအားနဲ့ ကောင်လေးကို လေထဲဆွဲမြှောက်ပြီး တင်ပါးကို လက်ဝါးနဲ့ဗျင်းပါလေရော။
“အား... အမေရေ၊ သားကိုကြက်ကြီးက စားဖို့လုပ်နေပြီဗျ။”
“သောက်ကလေး၊ ငြိမ်ငြိမ်နေစမ်း။” ဖရာလီတာက ဒေါသထွက်ထွက်နဲ့ရိုက်နေပေမဲ့ ဂွမ်းအပြည့်နဲ့ဝတ်စုံထဲမှာမလို့ ကလေးကမနာ။ စပ်ဗြဲဗြဲနဲ့ပြောင်ပြရင်း ဖုန်းကိုပဲမဲကြည့်နေတဲ့ အမေကို လှမ်းခေါ်ပြီးတိုင်။ ဟိုက အရေးမလုပ်။ ဒါပေမဲ့ လမ်းသွားလမ်းလာတွေကတော့ ကြက်နာကျနေတဲ့ လာဘ်ကောင်ကြက်ကြီးက ကလေးကိုအနိုင်ကျင့်နေတယ်လို့ထင်ပြီး ဖုန်းနဲ့ ဗီဒီယိုတွေဝိုင်းရိုက်ကုန်ရော။
“အောင်မလေး၊ ငါ့ဆိုင်တော့ နာမည်ပျက်ပါပြီ။”
မကြာဘူး၊ မန်နေဂျာဝဝကြီး ဆိုင်ရှေ့ပြေးထွက်လာပြီး ဒေါသူပုန်ထနေတဲ့ ကြက်ကြီးကိုရော မနာဘဲ နာသလိုအော်နေတဲ့ သောက်ကလေးကိုပါ ဖမ်းဆွဲပြီး ဆိုင်နောက်ခန်းထဲ ခေါ်သွားလေရဲ့။
...
“တော်တော်မွှေတဲ့ စေတန်လေး၊ နင့်ကိုအလုပ်ဆက်ခိုင်းလို့ မဖြစ်တော့ဘူး။ ဒီနေ့တစ်နာရီပဲအလုပ်လုပ်ထားတာဆိုတော့ တစ်နာရီစာလုပ်အားခကိုယူပြီး လစ်ပေတော့။”
ဆိုင်မန်နေဂျာက ဖရာလီတာကို ဒေါ်လာနှစ်ဆယ် လက်ထဲထည့်ပေးပြီးနောက် ဆိုင်နောက်ခန်းတံခါးကို ဖွင့်ပေးပြီး ပြန်ခိုင်းလိုက်တယ်။ အလာတုန်းက လုပ်နိုင်ရမယ်ဆိုပြီး စိတ်ကိုတင်းထားခဲ့ပေမဲ့ တစ်နာရီအတွင်းမှာပဲ အလုပ်ထုတ်ခံလိုက်ရတဲ့အတွက် ဖရာလီတာတစ်ယောက် စိတ်ဓာတ်အတော်ကျသွားတယ်။
အကျိုးဆက်အနေနဲ့ နှင်းတွေနှစ်လက်မလောက်ဖုံးနေတဲ့ ပလက်ဖောင်းပေါ်က ခုံတန်းမှာ အရုပ်ကျိုးပျက် ထိုင်မိတော့တာပဲ။
“ဒီဒေါ်လာနှစ်ဆယ်ထဲနဲ့ ငါက ဘာလက်ဆောင် ဝယ်ပေးရမှာလဲ။”
ဒေါ်လာနှစ်ဆယ်ဆိုတာက ဒီနိုင်ငံမှာ အခြေခံလူတန်းစားတစ်ယောက် အသက်မသေအောင် နေထိုင်ဖို့ လုံလောက်တယ်ဆိုရုံပဲ ရှိတဲ့ပမာဏ။ အခုဖရာလီတာရဲ့အခြေအနေက ကောင်းမနေဘူး။ သူ ၊ နှင်းတွေကျဆင်းနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ရင်း သက်ပြင်းချလိုက်တယ်။
“တခြားသူတွေက သေချာပေါက် တန်ဖိုးအကြီးဆုံးဆိုတဲ့ လက်ဆောင်တွေကိုပဲ ဝယ်ပေးကြမှာ။ ငါစျေးပေါတာတစ်ခုခု ဝယ်ပေးမိရင် သူကြိုက်ပါ့မလား....”
ဂွီ...
ရုတ်တရက် သူဗိုက်ဆာလာလို့ ဗိုက်ကို လက်နဲ့ဖိထားမိတယ်။ အိမ်ကိုပြန်ပြီး ညစာစားချင်မိပေမဲ့
“မက်ဒါနာ၊ အိမ်ကထွက်သွားပြီး ပြန်မလာသေးဘူး။ ခုနေ ငါအိမ်ပြန်ပြီးညစာစားမယ်ဆိုရင် အားလုံးရဲ့အကြည့်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။”
အခုလောလောဆယ် ရှိသမျှအဖွဲ့သားတွေအားလုံးက ဖရာလီတာရဲ့စနောက်မှုကြောင့် မက်ဒါနာအိမ်ပေါ်က ဆင်းသွားတယ်ဆိုပြီး ဒေါကန်နေကြတာ။ အေမီလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။ ဒါကြောင့် အေမီက သူ့ကို ညစာကျွေးမယ်မထင်ဘူး။
“လောလောဆယ်တော့ လက်ထဲက ပိုက်ဆံလေး ကုန်မသွားခင် လက်ဆောင်တစ်ခုခုဝယ်တာကောင်းမယ်။ ပြီးမှ တစ်ခုခုစားဖို့ရှာတော့မယ်။”
အဲဒီနောက်တော့ ဖရာလီတာက ထိုင်နေရာကနေထပြီး နယူးယောက်လမ်းမက ဆိုင်တွေမှာ ဒေါ်လာနှစ်ဆယ်နဲ့ ဝယ်လို့ရမယ့် လက်ဆောင်တစ်ခုကို လိုက်လံရှာဖွေပါတော့တယ်။ ဒါပေမဲ့...
“အရင်တုန်းက စျေးပါတယ်လို့ ငါထင်မိတဲ့အရာတွေက အခုတော့ ငါနဲ့အဝေးမှာပါလား။”
ဖရာလီတာက ရတနာဆိုင်တစ်ခုရဲ့ဖန်ပြတင်းကို ကပ်ပြီးအတွင်းထဲက ပစ္စည်းတွေကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်။ အနိမ့်ဆုံးက ဒေါ်လာထောင်ကျော်ကနေစတယ်။ သူ့လက်ထဲက ဒေါ်လာနှစ်ဆယ်နဲ့ ဘာဆိုဘာမှမဆိုင်။ ခြေထောက်က ဒေါက်ဖိနပ်ကလည်း ခရီးဝေးသွားရလွန်းလို့ ဒေါက်ပြုတ်ထွက်သွားပြီ။ အအေးဓာတ်ကြောင့် တစ်ကိုယ်လုံးလည်းထုံကျဥ်လို့။ လက်တွေမှာလည်း နှင်းကိုက်ဒဏ်ရာတွေ။
“ဖန်စီပစ္စည်းတစ်ခုဆိုရင်တော့ ဝယ်နိုင်လောက်မလား။”
ဖရာလီတာက ရတနာပစ္စည်းဆိုင်နဲ့ဘေးချဥ်းကပ်လျက်မှာရှိနေတဲ့ စျေးပေါပေါပစ္စည်းတွေရောင်းတဲ့ တရုတ်ဆိုင်လေးဆီ အကြည့်ရောက်သွားတယ်။ ဆိုင်ထဲကို သူဝင်လိုက်မိပြီးမှာတော့ သူ့မျက်လုံးကို လည်ဆွဲတစ်ခုက ဖမ်းစားသွားပါတယ်။
“လှလိုက်တာ၊ ရွံနွံထဲက ရတနာတစ်ခုလိုပဲ။”
ဆိုင်ရဲ့နံရံထောင့်မှာ ငွေရောင်ဆွဲကြိုးလေးတစ်ကုံးရှိနေပြီး လခြမ်းပုံ ခရစ်စတယ်လော့ကတ်သီးလေးပါတယ်။ မသေချာပေမဲ့ မက်ဒါနာရဲ့လည်တိုင်ဖွေးဖွေးလေးမှာ တင့်တယ်မယ်လို့ ဖရာလီတာခံစားမိတယ်။ ဒါပေမဲ့ စျေးကိုကြည့်မိတော့။
“ဒေါ်လာ နှစ်ဆယ့်သုံးကျပ်လား...” သုံးဒေါ်လာ လိုနေတာကို တွေ့တော့ ဖရာလီတာတစ်ယောက် သူ့ခြေထောက်တွေကိုသူ ပြန်စိုက်ကြည့်မိတော့တာပဲ။
“ငါက တော်တော်အသုံးမကျခဲ့တာ။” အဲဒီစကားနဲ့အတူ သူစပြီးမျက်ရည်ကျမိတယ်။ ဆိုင်ရှင် ဦးလေးကြီးလည်း ခြေထောက်မှာနှင်းကိုက်ဒဏ်ရာတွေအပြည့်နဲ့ ချစ်စရာကလေးမလေးတစ်ယောက် ငိုနေတာတာကို သတိထားမိသွားတယ်။ ဖရာလီတာက မငိုခင် ဆွဲကြိုးကို ကြည့်နေခဲ့တာ သတိထားမိတော့ ဆွဲကြိုးကို နံရံကနေ ဖြုတ်လိုက်ပြီး ဖရာလီတာလက်ထဲမှာ ထည့်ပေးလိုက်တယ်။
“ကလေးမလေး၊ ဒီနေ့ဦးတို့ဆိုင်မှာ ခရစ်စမတ်အတွက် ၁၅% လျှော့စျေးရှိတယ်။ ဒေါ်လာနှစ်ဆယ်နဲ့ ဒါကိုဦးရောင်းပေးလိုက်မယ်လေ။”
ဖရာလီတာက ဆိုင်ရှင်ဦးလေးကြီးရဲ့မျက်နှာကို မော့ကြည့်လိုက်တယ်။ ဒါက သူ့တစ်သက်တာမှာ ကြားရတာ နားဝင်အချိုဆုံးစကားဖြစ်မယ်ထင်တယ်။