← Chapters

ပါတီ

Vol. 11 Ch. 38

ပါတီ

Vol. 11 Ch. 38

ဖရာလီတာရဲ့ခြေထောက်တွေက ဒဏ်ရာကြောင့် သည်းမခံနိုင်လောက်အောင် နာကျင်နေပေမဲ့လည်း အိမ်အပြန်ခြေလှမ်းတွေက အံ့ဩဖို့ကောင်းတဲ့အထိ တက်ကြွလို့။ လက်ထဲမှာ ရောင်စုံစက္ကူနဲ့ပတ်ထားတဲ့ ဘူးလေးကိုကိုင်ပြီး နယူးယောက်ဟီးရိုးကျောင်း ရှိရာဆီကို ပြန်လာခဲ့ပါတယ်။

“မက်ဒါနာ ဘယ်ရောက်နေမှန်းမသိပေမဲ့ သူ့ကိုရှာပြီး ပေးဖြစ်အောင်ပေးရမယ်။ ဒါမှ သူစိတ်ဆိုးပြေပြီး အိမ်ကိုပြန်လာမှာ။”

ဖရာလီတာအတွက် နယူးယောက်ဟီးရိုးကျောင်းက သာမန်အဆောင်လေးက သူ့အတွက်အိမ်လိုဖြစ်နေပါပြီ။ ပန်ဒရာဂွန်စံအိမ်က အများကြီးကြီးပြီး ဇိမ်ရှိတဲ့နေရာဆိုပေမဲ့ နယူးယောက်ကျောင်းက အခန်းကျဥ်းလေးကို သူပိုတန်ဖိုးထားမိတယ်။ အဲဒီမှာ သူ့ရဲ့မိတ်ဆွေတွေ၊ ပြိုင်ဖက်တွေနဲ့ ချစ်သမျှအရာတွေ အကုန်လုံးရှိနေတယ်။

ချမ်းသာမှုတွေအားလုံးပျောက်ဆုံးသွားပြီး သူ့မှာ ပိုင်ဆိုင်မှုဆိုလို့ ဘာမှမရှိတော့တဲ့ အချိန်မှာတောင် အိမ်ကိုပြန်နိုင်ဖို့အတွက် သူတောင်းတနေဆဲပဲ။

“ဟေ့၊ ကောင်မလေး။ လမ်းကိုကြည့်လျှောက်။”

ဖရာလီတာ ပလက်ဖောင်းပေါ်မှာသွားနေတုန်း လက်မှာ တက်တူးတွေနဲ့လူတစ်ယောက်ကို ဝင်တိုက်မိတယ်။ တစ်ဖက်လူရဲ့ခန္ဓာကိုယ်က ​အတော်လေးကြီးမားပြီး မြန်မြန်လမ်းလျှောက်နေတာဖြစ်တဲ့အတွက်ကြောင့် ဖရာလီတာတစ်ယောက် ဟန်ချက်ပျက်သွားပြီး ပလက်ဖောင်းပေါ်ကနေ လမ်းမပေါ်ကို ချော်ကျသွားတယ်။ အဲဒီနောက်တော့ သူမြင်လိုက်ရတဲ့အရာက အလွန်ကိုတောက်ပတဲ့ ကားမီးအစုံကိုပါ။ လမ်းပေါ်မှာ အရှိန်ပြည့်မောင်းလာတဲ့ ကားတစ်စီးရှိနေပြီး ရုတ်တရက်လမ်းပေါ်ရောက်လာတဲ့ ဖရာလီတာကိုမတိုက်မိအောင် ရှောင်ဖို့ရော ရပ်ဖို့အတွက်ပါ အချိန်မရှိတော့ဘူး။

“ငါ့ဘဝက ဒီလောက်ပဲလား။” ဖရာလီတာ တွေးလိုက်မိတယ်။ ကားက သူထင်ထားတာထက် မြန်မြန်ကြီးကို နီးကပ်လာတယ်။ သူမျက်လုံးမှိတ်လိုက်မိချိန်မှာပဲ...

“ဖရာလီတာ...” တစ်စုံတစ်ယောက်ရဲ့စိုးရိမ်တကြီး အော်ခေါ်သံနဲ့အတူ သူ့ခန္ဓာကိုယ်က ဘေးကိုတွန်းဖယ်ခံလိုက်ရတယ်။ တစ်စုံတစ်​​ယောက်က သူ့ကိုတင်းတင်းဖက်တွယ်ထားတယ်လို့ ခံစားမိပြီး သူ့ခန္ဓာကိုယ်က ကတ္တရာလမ်းပေါ်မှာလိမ့်နေပေမဲ့ သူ့ကိုဖက်တွယ်ထားတဲ့သူကြောင့် ဒဏ်ရာရမသွားဘူး။ နောက်ဆုံးလိမ့်နေတာ ရပ်သွားချိန်မှ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို စိုးရိမ်နေတဲ့ အကြည့်နဲ့ကြည့်နေတဲ့ ငွေရောင်ဆံပင်နဲ့မိန်းကလေးနဲ့ အကြည့်ချင်းဆုံမိသွားတယ်။

“....” ဖရာလီတာက အံ့ဩစွာနဲ့ သူ့ပါးစပ်ကိုဟလိုက်မိပေမဲ့ ဘာစကားမှ ထွက်မလာဘူး။ တစ်ဖက်မှာတော့ မက်ဒါနာက ဖရာလီတာကို တင်းတင်း ဖက်ထားရင်း ပါးစပ်ကနေတောင်းပန်နေတယ်။

“ကတိကိုဖောက်ဖျက်ပြီး အနားကနေ ထွက်သွားမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါတွေအားလုံး ငါ့ကြောင့်ဖြစ်ခဲ့တာပါ။”

မက်ဒါနာရဲ့တိုးဖျော့ဖျော့တောင်းပန်သံကို ကြားရပြီးတဲ့နောက် ဖရာလီတာက ပြုံးလိုက်မိတယ်။ အဲဒီနောက် မက်ဒါနာကို ပြန်ပြီးတင်းတင်းဖက်ထားလိုက်ပါတယ်။

“မက်ဒါနာ....နင်က ဒီကမ္ဘာမှာအကောင်းဆုံးလူလိမ်ပဲ သိလား...”

ဖရာလီတာရဲ့ရင်ထဲမှာ နွေးထွေးတဲ့ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့တယ်။ မက်ဒါနာ သူပေးတဲ့ကတိကို သူမတည်တာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။ ဒါပေမဲ့ အမြဲတမ်း....

“ဘာပဲဖြစ်ဖြစ် နင်က ငါ့ဆီကို အမြဲပြန်လာတာပဲမဟုတ်လား... ဒါပေမဲ့...”

ဖရာလီတာက မက်ဒါနာကို တွန်းဖယ်လိုက်ပြီး မျက်နှာကို လွှဲထားလိုက်တယ်။ “ငါက နင့်အနားမှာ ဆက်နေဖို့အတွက် မထိုက်တန်တော့ဘူးထင်တာပဲ။ ငါ့အမှားကြောင့်... ငါကိုယ်တိုင်လုပ်ခဲ့တဲ့ ပြဿနာတွေကြောင့်... ငါ့မှာဘာကြွယ်ဝချမ်းသာမှုမှ မရှိတော့ဘူး။ အကြွေးတွေတောင်လိုပုံပြီး နင့်ဘဝကို ဆွဲချနေတဲ့သူလို ဖြစ်နေတော့မှာ။”

နည်းပညာမြူတန့်တစ်​ယောက်အနေနဲ့ မက်ဒါနာက ချမ်းသာသင့်သလောက် ချမ်းသာနေပါပြီ။ ဒါပေမဲ့ မဟာမိတ်တစ်ခုလုံးကို ထောက်ပံပေးနိုင်တဲ့အထိ အင်အားကြီးတဲ့ ပန်ဒရာဂွန်တွေလောက်တော့ မချမ်းသာနိုင်ဘူး။ ပန်ဒရာဂွန်တစ်​ယောက်ဖြစ်တဲ့ ဖရာလီတာကိုတောင် ဒေဝါလီခံသွားစေတဲ့ အကြွေးပမာဏကို မက်ဒါနာဘယ်လိုမှ ဆပ်နိုင်စရာ အကြောင်းမရှိဘူးရယ်။

“ဖရာလီတာ... တကယ်တော့လေ... အဲဒါက...”

မက်ဒါနာက ဖရာလီတာဆီကနေ အကြွေးဆိုတာလည်း ကြားရော မျက်လုံးချင်းမဆုံနိုင်တော့ဘဲ အကြည့်လွှဲ လိုက်တယ်။ ပြီးတော့ ရှင်းပြဖို့ကြိုးစားပေမဲ့ လေသံက မသဲမကွဲ။

“တကယ်တော့ အဲဒီအကြွေးတွေက တကယ်မရှိပါဘူး ပန်ဒရာဂွန်သခင်မလေး။”

နောက်ဆုံးတော့ အရိပ်ထဲကနေထွက်လာတဲ့အေမီက စိတ်မရှည်တဲ့လေသံနဲ့ ဖရာလီတာကို ရှင်းပြလိုက်တယ်။ ဖရာလီတာလည်း မျက်ခုံးပင့်လိုက်ပြီး မက်ဒါနာကို ကြည့်လိုက်တယ်။ ဒါပေမဲ့ သေချာနားလည်သေးပုံမရ။

“မမလေးကို သခင်မလောရန့်နဲ့တိုင်ပင်ပြီး ပန်ဒရာဂွန်မိသားစု ဒေဝါလီခံသယောင် အစီအစဥ်ဆွဲဖို့ အကြံပေးခဲ့တာ ကျွန်မပါ။ ဒါမှ ပန်ဒရာဂွန်သခင်မလေးအနေနဲ့ နောင်မှာအသုံးအဖြုန်း ဆင်ခြင်မှာလေ။”

အကြောင်းဆုံသိရပြီးတဲ့နောက်တော့ ဖရာလီတာက မက်ဒါနာကို လက်ပိုက်ပြီး ထရိုက်တော့မလို ကြည့်လိုက်တယ်။

“ဒီတော့.... ဒီနေ့ဖြစ်သမျှတွေက တကယ်မဟုတ်ဘူးပေါ့လေ။”

ဖရာလီတာက တည့်အဖြေတောင်းတော့ မက်ဒါနာလည်း ကွေ့ရှောင်မနေရဲတော့ဘဲ ခေါင်းကို ငုံထားလိုက်ပြီး လက်ချောင်းလေးတွေကို အချင်းချင်း ချိတ်ကစားတယ်။ လှုပ်ရှားနေတဲ့စိတ်ကို ငြိမ်အောင် လုပ်လို့ကိုမရတာ။

“မေမေလောရန့်ကို ဖုန်းဆက်ပြီး အကြွေးတွေ တင်တဲ့အကြောင်းပြောဖို့ ငါလှမ်းပြောထားတာ။ ပြီးတော့ ရတနာပစ္စည်းတွေအကုန် ရောင်းထွက်သွားလို့ အားလပ်ရက်ရနေတဲ့ ရတနာဆိုင်ပိုင်ရှင်တွေကို ဒီကိစ္စမှာ ပူးပေါင်းပါဝင်ဖို့ ချီလုလုကို ငါစည်းရုံးခိုင်းလိုက်တာ။ ပြီးတော့ နင့်ကိုတစ်ချိန်လုံး မြို့ထဲက CCTV တွေနဲ့စောင့်ကြည့်နေခဲ့တာ။”

“ဒီတော့ နင်က ငါဒုက္ခရောက်နေတာကို ပျော်ပျော်ကြီး ထိုင်ကြည့်နေပြီးတော့ သေခါနီးမှ ထွက်လာကယ်တာပေါ့လေ။”

ဖရာလီတာက လေသံမာမာနဲ့ပြောလိုက်တော့ မက်ဒါနာတစ်ယောက် နေစရာမရှိတော့ဘဲ ထိုင်နေရာကနေထပြီး အေမီနောက်ကို ပြေးဝင်ပုန်းတယ်။ ဖရာလီတာကတော့ လက်သီးလက်မောင်းတန်းလိုက်ပြီး တကယ်ထချတော့မယ့် မျက်နှာနဲ့အနားကပ်လာပြီးမှ လက်ဆောင်ဘူးလေးကို မက်ဒါနာဆီကမ်းပေးလိုက်တယ်။

“ဘာပဲဖြစ်ဖြစ် နောက်ကျနေပြီမလို့ နောက်လက်ဆောင်တော့ ဝယ်မပေးနိုင်တော့ဘူး။ ဒါကိုပဲ ယူလိုက်တော့။ မယ်ရီခရစ်စမတ်ပါ၊ မက်ဒါနာ။”

အဲဒီနောက်တော့ ဗြိတိသျှလိုလီလေးက လက်ပိုက်ပြီး ရှေ့ကနေ မြောက်ကြွမြောက်ကြွနဲ့​ ဦးဆောင်လျှောက်တယ်။ မက်ဒါနာတို့ကတော့ နောက်ကနေ လိုက်လာရတာပေါ့။ ဦးတည်ရာကတော့ နယူးယောက်ကျောင်းဆီကို။

...

သူတို့ ကျောင်းအဆောင်ဆီကို ပြန်ရောက်တော့ ကျောက်စားပွဲဝိုင်းလေးမှာ လူစုံနေကြပြီ။ နှင်းတွေကျနေတာမလို့ စားပွဲဝိုင်းလေးပေါ်မှာ ပလက်စတစ်အမိုးတစ်ခုကို မက်၊ လယ်ရီနဲ့မိုးတို့က ထောင်ပေးထားတယ်။ ခရစ်စမတ်သစ်ပင်လည်း ရှိနေပြီးတော့ မြူတန့်စွမ်းအားနဲ့ဖန်တီးထားတဲ့ ကြယ်မီးတောက်လေးက လင်းလဲ့တောက်ပနေပါတယ်။

“ ကျောင်းသားတွေပါ ရောက်နေတာလား။” မက်ဒါနာက မေးလိုက်တော့ ချောကလက်ပူတင်းတွေကို အသင့်ချထားတဲ့ ပန်းကန်တွေထဲ လိုက်ထည့်ပေးနေတဲ့ လင်ဒါက ခေါင်းညိတ်ပြလိုက်တယ်။

“အင်း၊ အဲဒီမီးတောက်က မိရိုင်တို့အုပ်စု လက်စွမ်းပြထားတာလေ။”

လင်ဒါက ကလေးတွေအုပ်စု ရှိနေတဲ့နေရာကို ကြည့်ပြီးပြောလိုက်တယ်။ ယုဆ၊ လီဆာ၊ အီဗန်၊ နျူရေနဲ့ ဖီးလစ်တို့က ကျောက်တုံးစားပွဲနဲ့မနီးမဝေးမှာ ရှိနေကြပြီး မီးပုံဖိုဖို့အတွက် ထင်းချောင်းတွေကို နေရာတကျ စီနေကြတယ်။

“အီဗန်၊ နင့်မှာမီးခြစ်ပါလား။” ထင်းချောင်းတွေကို စတုရန်းပုံ ထောင်ပြီးတဲ့နောက် နျူရေက မေးတော့ အီဗန်က ခေါင်းခါပြလိုက်တယ်။ ဖီးလစ်ကတော့ ဆရာကြီးစတိုင်နဲ့ ဟူဒီထဲကနေ လက်ကိုထုတ်ပြီး မီးတောက်တစ်ခုကို လက်မှာဖန်တီးလိုက်တယ်။

“မီးခြစ်က လိုမှာမလို့လား၊ ဒီမှာ ကမ္ဘာ့အားအကောင်းဆုံး မီးမြူတန့်တစ်ယောက်လုံး ရှိနေတဲ့ဥစ္စာကို။”

နောက်တော့ ဖီးလစ်က သူ့မီးတောက်နဲ့ထင်းပုံကို ပစ်လိုက်ပေမဲ့ မီးက အားကောင်းလွန်းတဲ့အတွက် ထင်းတွေအားလုံး စက္ကန့်ပိုင်းနဲ့တင် ပြာကျကုန်ပြီး အနီးအနားက နှင်းတွေလည်း အရည်ပျော်ကုန်တယ်။ လီဆာကတော့ ဖီးလစ်ကို ခါးထောက်ကြည့်လိုက်ပြီး

“နင့်ရဲ့စွမ်းအားကို ထိန်းချုပ်တဲ့စကေးက တော်တော် စုတ်ပဲ့တာပဲ။” လို့ပြောလိုက်လေရဲ့။

မက်ဒါနာက ခေါင်းကုပ်လိုက်ပြီး “ဒါပေမဲ့ မိရိုင်ကိုယ်တိုင်ကရော။” လို့မေးလိုက်တော့ လင်ဒါက သူတို့အဆောင်ခေါင်မိုးပေါ်ကို ညွန်ပြလိုက်တယ်။ မိရိုင်နဲ့ကိုင်းတိုတို့က ခေါင်မိုးပေါ်မှာ ဘေးချင်းယှဥ် ရပ်နေကြပြီးတော့ သူတို့လက်တွေထဲမှာ မီးတောက်ကိုယ်စီကိုင်ထားကြတယ်။ မိရိုင်ရဲ့လက်ထဲမှာက ကြယ်မီးတောက်တွေရှိနေပြီး ကိုင်းတိုလက်ထဲမှာတော့ မီးတောက်ကြာပန်းတွေပါ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မီးတောက်တွေကို ကောင်းကင်ပေါ်စေလွှတ်လိုက်တယ်။ ပုံစံမျိုးစုံနဲ့ အသက်ဝင်နေတဲ့ မီးတောက်တွေက ကောင်းကင်ပေါ် ပျံတက်သွားပြီး ဆောင်းတွင်းညကို အလင်းရောင်စပေးတယ်။ မြေပြင်က အားလုံးက စိတ်လှုပ်ရှားစွာနဲ့ကြည့်နေပေမဲ့ အဲဒီအထဲမှာ လုံခြုံရေးအစ်မကြီး စကော်ပီယိုတော့မပါဘူးရယ်။

“အောင်မလေး ဒုက္ခပါပဲ၊ မီးတောက်တွေ ကျောင်းခေါင်မိုးပေါ်ပြန်ကျလာရင် မီးလောင်လိမ့်မယ်။ ဟိုသုံးကောင်၊ ​ဒီအတိုင်းကြည့်မနေနဲ့လေ။ မီးသတ်ဆေးဘူးတွေ အသင့်ပြင်ထားကြ။”

မက်၊ လယ်ရီ၊ မိုးတို့လည်း ကြောက်စရာကောင်းတဲ့ အစ်မကြီးကို လစ်လျူမရှုရဲတော့ဘဲ မီးသတ်ဆေးဘူးတွေ ပြေးယူကြတယ်။ မက်ဒါနာကတော့ သူတို့ကိုကြည့်ပြီး အူတက်မိသွားတယ်။

“စားဖို့သောက်ဖို့ပြင်ဆင်နေတာတွေ ပြီးပြီလား။” ခုံမှာဝင်ထိုင်လိုက်ပြီးနောက် မက်ဒါနာက မေးလိုက်တော့ အသားကင်တွေနဲ့ပြည့်နေတဲ့ လင်ပန်းကြီးကို ကိုင်ပြီးထွက်လာတဲ့ ဖလေရာက ပြောလိုက်တယ်။

“ဆိုပါတော့၊ ငါတို့က အေမီလောက် ဟင်းချက်မတော်ပေမဲ့ မချက်တတ်တာတော့ မဟုတ်ပါဘူးနော်။”

ဒီနေ့ဟင်းပွဲတွေကို ပြင်ဆင်တဲ့သူက အေမီမဟုတ်ဘဲ တခြားသူတွေပါ။ ကျောင်းသားတွေလည်း ပါသေးတယ်။ လီဆာကလည်း မက်ဒါနာကိုမြင်တာနဲ့ တခြားကျောင်းသားတွေနဲ့ဆော့နေတာကို ရပ်လိုက်ပြီး သူသိမ်းထားတဲ့ လက်ဆောင်ဘူးလေးနှစ်ခုကို အိတ်တစ်ခုထဲကနေ ထုတ်ယူလိုက်တယ်။ ပြီးတဲ့နောက် မက်ဒါနာနဲ့လင်ဒါကို တစ်ယောက်တစ်ခုစီပေးလိုက်ပြီး

“ခရစ်စမတ်မှာ ပျော်ရွှင်ပါစေ၊ မေမေနဲ့မေမေ။”

မက်ဒါနာနဲ့လင်ဒါကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြတယ်။ ဖရာလီတာကြောင့် ဒီမှာရှိနေတဲ့ လူတွေရဲ့လက်ဆောင်အစီအစဥ် ပျက်စီးသွားပြီးနောက် လီဆာဘာပေးမလဲဆိုတာ သူတို့မသိကြတော့ဘူး။ မက်ဒါနာက ဘူးကိုနားနားကပ်ပြီး လှုပ်ကြည့်လိုက်ပြီးနောက် ထွက်လာတဲ့အသံကို မှန်းဆပြီး ရယ်လိုက်ပါတယ်။

“ခန့်မှန်းရလွယ်လိုက်တာ၊ ကိုယ်တိုင်လုပ်ထားတဲ့ သိုးမွှေးခြေအိတ်လေးမဟုတ်လား။” လို့မေးတော့ လီဆာတစ်ယောက် စပ်ဖြဲဖြဲနဲ့ရယ်ပြီး နောက်ကိုဆုတ်သွားတယ်။ ကြည့်ရတာ လီဆာက လင်ဒါနဲ့မက်ဒါနာအတွက် ဆင်တူသိုးမွှေးခြေအိတ် လုပ်ပေးထားပုံပဲ။

“စောပြီးရောက်လာတယ်မှတ်တာ၊ လူတောင် အတော်စုံနေပြီပဲ။”

ခရစ်စမတ်ညကို ကင်းလှည့်ရင်းနဲ့ လမ်းကြုံလို့ဝင်လာတဲ့ ဖားလေးနဲ့ဟယ်ရီတို့က ပြောလိုက်တယ်။ သူတို့က တာဝန်တန်းလန်းကြီးနဲ့မလို့ အကြာကြီးနေမှာမဟုတ်ပေမဲ့ မိတ်ဆွေဟောင်းတွေနဲ့ အချိန်ဖြုန်းချင်ပါသေးတယ်။

“ခရစ်စမတ်အပြီးမှာလည်း ကမ္ဘာကြီးဆက်ပြီးငြိမ်းချမ်းနေဖို့ ဆုတောင်းရတာပဲ။”

သူတို့နဲ့အတူမရှေးမနှောင်းရောက်လာတဲ့ ချီလုလုက ဆုတောင်းလိုက်တယ်။ လေဒီဘက်တာဖလိုင်းကတော့ ချီလုလုကိုကြည့်ရင်း သဘောကျစွာပြုံးလိုက်တယ်။

“တကယ်ပဲ ထင်ထားတာထက် လူပိုစုံနေတာပဲ။ မဟာမိတ်က လူတစ်ဝက်လောက် ဒီကိုရောက်လာတယ် ပြောရမယ်။ ဒါပေမဲ့ ဓားနတ်ဆိုးကိုရော မတွေ့ပါလား။”

မျက်မမြင်ဓားသမားကြီး ဒီနှစ်ရောက်မလာတာကို တွေးမိတော့ မက်ဒါနာက မေးလိုက်တယ်။ ဖလေရာက ပခုံးတွန့်ပြလိုက်ပြီး

“သူက ငါတို့ကလေးတွေပါတီမှာ ဝင်မပါချင်ဘူးဆိုပြီး မနက်အစောကြီး လန်ဒန်ကိုထွက်သွားတယ်လေ။”

“ သေချာပေါက် သူ့အချစ်တော်ကြီးလောရန့်နဲ့ သွားတွေ့တာပဲနေမှာ။” လင်ဒါက ထပ်ဖြည့်ပြောလိုက်တယ်။

“တစ်ယောက်ယောက်... လာကူကြဦးလေ။”

သူတို့စကားကောင်းနေတုန်း ဖန်ပုလင်းအကြီးကြီးကို မနိုင်မနင်းသယ်လာနေတဲ့ နတ်သူငယ်မလေးဆီ အကြည့်ရောက်သွားကြတယ်။ ဖန်ပုလင်းကြီးထဲမှာတော့ အရောင်နောက်နောက် အရည်တွေရှိနေပါတယ်။ တခြားဘယ်သူမှ လာမကူနိုင်သေးခင်မှာပဲ တခြားအခန်းတစ်ခုတည်းကနေ ဇွန်ဘီမလေးထွက်လာပြီး ဆိုဖီယာရဲ့ဖန်ပုလင်းကြီးကို ကူမပေးတယ်။

ဒီလိုနဲ့ဆိုဖီယာက ဖန်ပုလင်းကြီးကို စားပွဲပေါ်တင်နိုင်သွားလေရဲ့။

“ဘာတွေလဲ ဆိုဖီယာ။ ကြည့်ရတာ အသည်းယားဖို့ကောင်းလိုက်တာ။” ဖရာလီတာက ပြောလိုက်တော့ ဆိုဖီယာက ခါးထောက်လိုက်ပြီး

“ဟွန့်၊ နင်ဘာသိလို့လဲ။ ဒါက နတ်သူငယ်တွေတောင် အခါကြီးရက်ကြီးတွေမှ ဖွင့်သောက်ကြတဲ့ သဘာဝပျားအရက်ဟဲ့။ ငါကိုယ်တိုင်အချဥ်ဖောက်ထားတာ။”

ဖလေရာကတော့ သူကိုယ်တိုင်ဝယ်ထားတဲ့ အကောင်းစား ဝိုင်ပုလင်းကိုဖောက်လိုက်ရင်း အထင်သေးတဲ့လေသံနဲ့ပြောလိုက်လေရဲ့။

“ကြည့်ရသလောက်တော့ ဗိုက်ကင်းပျားရည်အရက်နဲ့ အတူတူလောက်ပါပဲ။ ပန်းသီးဝိုင်ကိုတော့ မီမယ်မထင်။”

“ဂါး... စိတ်တိုဖို့ကောင်းလိုက်တာ။” ဆိုဖီယာကတော့ ဖလေရာကို ဘယ်လိုကိုင်တွယ်ရမှန်းမသိတော့ဘူး။

“မင်းသမီးလေး၊ မယ်ရီခရစ်စမတ်ပါ။” ဖရက်က မက်ဒါနာနောက်ကို ရုတ်တရက်ရောက်လာပြီး မက်ဒါနာရဲ့ခေါင်းပေါ်မှာ သံလွင်ခတ်သရဖူလေး ဆောင်းပေးလိုက်တယ်။ ဖရက်က တခြားလက်ဆောင် မပေးခဲ့ပေမဲ့ ဒီသရဖူက သူ့ရဲ့သစ္စာတရားကိုဖော်ပြနေတဲ့အရာပါပဲ။ သူက မက်ဒါနာကို ဘုရင်မတစ်ပါးလိုချစ်ခင်ပြီး အမြဲတမ်း လက်ပါးစေအနေနဲ့ နေထိုင်မယ့်အကြောင်း ဖော်ပြလိုက်တာပါပဲ။

“ကြည့်ရတာ လူစုံနေပြီဆိုတော့ စားဖို့ကိစ္စ စကြတော့မလား။”

ဖရာလီတာက လက်အိတ်ကို ချွတ်လိုက်ရင်း ပြောပါတယ်။ အချိန်ပိုင်းအလုပ်ကနေ ပြန်လာကတည်းက သူအတော်ဗိုက်ဆာနေပြီလေ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ညင်သာတဲ့ ဂစ်တာသံကို ကြားလိုက်ရလို့ မက်ဒါနာ လှည့်ကြည့်လိုက်တော့ ဒယိမ်းဒယိုင်ခြေလှမ်းတွေနဲ့ ပါတီပွဲထဲဝင်လာတဲ့ အိုလီဗာကို တွေ့လိုက်ရရော။

“နင်တို့တွေက ဒီအန်တီလေးကို ပါတီပွဲဆီဖိတ်ဖို့ မေ့နေကြတာလား။ ပါတီပွဲဆိုတာ အတီးလေးအဆိုလေးနဲ့မှ လိုက်ဖက်တာဟဲ့။”

ဟယ်ရီကတော့ သောက်ကျိုးနည်းပြီဆိုတဲ့အကြည့်နဲ့ အန်တီလေးအိုလီဗာကို ကြည့်လိုက်ပြီး ပြုံးနေရာကနေ မဲ့သွားတယ်။ တကယ်တော့ မက်ဒါနာက အိုလီဗာကို ဖိတ်ချင်ပေမဲ့ ပါတီရှိတဲ့အကြောင်းမပြောတာက ဟယ်ရီပါ။ အကြောင်းပြချက်ကိုတော့ မေးဖို့လိုမယ်မထင်ဘူး။

“တီတီလေးရေ၊ ဒီက ဆိုဖီယာက ကိုယ်တိုင်ချက်ထားတဲ့ အရက်ရှိတယ်တဲ့။ မြည်းကြည့်မလား။”

မက်ဒါနာကတော့ အကြံကြီးကြီးတစ်ခုရလာပြီး ဆိုဖီယာရဲ့ပျားအရက်ပုလင်းအဖုံးကိုဖွင့်လိုက်တယိ။ နောက်တော့ အိုလီဗာကို မမှောက်မချင်း ခွက်ထဲအရက်ဆက်တိုက်ငှဲ့ပေးပြီး သောက်ခိုင်းတော့တာ။

“နင်တို့တွေ... ကျောင်းဝင်းထဲမှာ အရက်ချက်တာ ဥပ​ဒေနဲ့ညီလို့လား....” ချီလုလုက မေးခွန်းထုတ်ပေမဲ့ အားလုံးက သူ့ကိုလစ်လျူရှုထားတယ်။ ခဏကြာတော့ ပျားအရက်တွေကြောင့် အိုလီဗာမှောက်သွားပြီး ပါတီဝိုင်းတော်သားတွေအားလုံး သက်ပြင်းချလိုက်ကြတယ်။

“အနည်းဆုံးတော့ နားဒုက္ခအပေးမခံရတော့ဘူးပဲ။ ဟူး....” လေဒီဘက်တာဖလိုင်းက သူ့မျက်လုံးတွေကို ချာချာလည်အောင် လှည့်လိုက်ရင်း ပြောလိုက်တယ်။

“မယ်ရီခရစ်စမတ်။”

နောက်တော့ သူတို့တစ်ယောက်နဲ့တစ်ယောက်က ဆုတောင်းပေးလိုက်ကြပြီး ပျားအရက်ကို မျှဝေသောက်ကြပါတယ်။ ဖလေရာကတော့ သူ့ယုံကြည်ချက်အတိုင်း ကိုယ်ပိုင်ဝိုင်ကိုပဲ ကုန်အောင် သောက်နေပေမဲ့ပေါ့။

“မက်ဒါနာ... ပွဲအချိန်မှာအလုပ်ကိစ္စအကြောင်း မပြောသင့်ဘူးထင်ပေမဲ့... ဒီနေ့ပြီးသွားတာနဲ့ ငြိမ်းချမ်းရေးစာချုပ်က သက်တမ်းကုန်သွားပြီ။ ပြီးတော့ ပိုးကောင်ဘုရင်မကလည်း အရွယ်ရောက်လာတော့မှာ။ နောက်ဆုံးစစ်ဆေးမှုကို ဘယ်လိုလုပ်မယ်လို့ စဥ်းစားထားလဲ။”

ဖလေရာက မေးလိုက်တော့ မက်ဒါနာက ပခုံးတွန့်ပြလိုက်ပြီး “မီးစင်ကြည့်ကတာပေါ့။ နောက်မှ ဖရန့်ကိုရှာပြီး နောက်ဆုံးစစ်မေးမှုကိုစတင်ဖို့ ပြောလိုက်တော့မယ်။ မနက်ဖြန်မတိုင်ခင်အထိတော့ ဒီကိစ္စက အနာဂတ်ပြဿနာပါပဲ။”

“ဟုတ်တယ်၊ အခုတော့ ပျော်ပျော်နေကြတာပေါ့။” ဖလေရာလည်း သဘောတူလိုက်ပါတယ်။

All Chapters