လက်ကောက်
Vol. 11 Ch. 165
“ဟီးဟီး စတာ”
မိန်းကလေးနှစ်ယောက် ဒေါသထွက်လာတာကိုမြင်လျှင် စုရှောင်ရှန် ကြောက်သွားတော့သည်။
ထို့နောက် အဖြူရောင်ကျောက်တုံးကို လေထဲပစ်ပြီး ပြန်ဖမ်းလိုက်သည်။ ဒီဘာမှ မထူးခြားတဲ့ကျောက်တုံးက ထိုရေတံခွန်မှာ ဓားအိမ်နဲ့ နှိုင်းယှဉ်နိုင်တဲ့ ရတနာဖြစ်မည်ဟု မထင်ထားပါချေ။
သူ့လက်ထဲက စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ထည့်တွက်လိုက်လျှင် သူတွေ့ဖူးတာ ရတနာ (၃) ခုရှိပြီဖြစ်၏။
ထျန်းရွှမ်တံခါးတစ်ခုလုံးမှာ ဤသို့ ရတနာ (၁၂) ခုရှိလောက်မယ်ဟု သူတွေးလိုက်သည်။ ထိုထဲမှ လေပုံတစ်ပုံက သူ့လက်ထဲမှာရှိ၏။ ထျန်းရွှမ်တံခါးပိတ်ဖို့လည်း တစ်ရက်တောင်ကျန်သေးရာ နောက်ထပ် ရတနာတစ်ခုကို ယူနိုင်လောက်မယ်လို့ တွက်လိုက်လေသည်။
“ဆိုတော့ ဒါနဲ့ ဘယ်လိုလုပ်ရမှာ။ ဒီကျောက်တုံးက ချိတ်ပိတ်ခြင်း စွမ်းရည်ရှိတယ်ဆိုပေမယ့် အဲ့ဒီ မီးခိုးမြူပုံရိပ်လို ချိတ်ပိတ်ခြင်း ဆရာတစ်ဆူကို ချိတ်ပိတ်နိုင်ပါ့မလား”
“မပိတ်နိုင်ဘူး။ အလွန်ဆုံး နိုးထလာတာကို နှောင့်နှေးအောင်ပဲရမယ်။ ဒါ့အပြင် ဒါကို သုံးဖို့ဆို အရင်ဆုံး အရည်ကျိုပြီး ပုံသွင်းရဦးမယ်”
မိုမို သက်ပြင်းချလိုက်သည်။ ထျန်းရွှမ်တံခါးထဲမှာ အရည်ကျိုဖို့အိုးကို ဘယ်ကနေ သွားရှာရမှာလဲ။
ထျန်းရွှမ်တံခါးကနေ အဲ့ဒီကျောက်တုံးနဲ့ ထွက်သွားနိုင်ရင်တောင် အကြီးအကဲတွေကို အကူအညီတောင်းဖို့ ဘယ်ဖြစ်နိုင်ပါ့မတုန်း။ ပြောရရင် သူမက ထိုကျောက်တုံးကို ခိုးယူလာခြင်းဖြစ်ပါသည်။ လူသိထင်ရှား ခိုးရာပါပစ္စည်းကို ဖော်ပြလို့တော့မရဘူးမလား။
သို့ဖြင့် ချိတ်ပိတ်ခြင်းကျောက်တုံးကို အသုံးပြုပြီး မီးခိုးမြူပုံရိပ်ကို ချိတ်ပိတ်ထားဖို့က မဖြစ်နိုင်တော့ပေ။
စုရှောင်ရှန်ကို ဒီတိုင်း ပေးဖို့ ရွေးချယ်လိုက်ရတာကလဲ ထိုအရာ အိပ်မောကျနေတုန်းမို့ ပေးရဲခြင်းဖြစ်သည်။ ထိုအရာသာ သူမလက်ထဲဆက်ရှိနေပါက တကယ် ကပ်ပျက်ကြီးတစ်ဖြစ်လာပေမည်။
“အရည်ကျိုတယ်” ငရဲမီးတောက်ကောင်းကင်မီးလျှံကို စဉ်းစားမိပြီးနောက် စုရှောင်ရှန် စိတ်၀င်စားသွားပြီး “ဘယ်လိုလုပ်ပေးရမှာလဲ”
မိုမိုခေါင်းကိုခါရမ်းလိုက်ကာ “ဒီမှာ လုပ်လို့ရတဲ့အရာမဟုတ်ဘူး။ ဒီလိုလုပ်ဖို့ အထူးနည်းလမ်းလိုရုံမကဘူး အရမ်းအပူချိန်မြင့်တဲ့ မီးလျှံတွေလဲလိုသေးတယ်...”
သို့ပြောပြီး မီးခိုးမြူပုံရိပ်နှင့် ချတုန်းက သစ်တောတစ်ခုလုံးကို လောင်ကျွမ်းလိုက်သော စုရှောင်ရှန်၏ မီးလျှံများကို သတိရသွားသည်။
ရှဲ...။
စုရှောင်ရှန် သူ့လက်ကိုဖြန့်ထုတ်လိုက်သော် ငရဲမီးတောက်ကောင်းကင်မီးလျှံတို့က ချိတ်ပိတ်ခြင်းကျောက်တုံးကို စတင်လောင်ကျွမ်းကြတော့၏။
“ငါကြွားတာတော့မဟုတ်ဘူး။ ဒါပေမယ့် မီးအရာမှာ ငါ့ထက်တော်တာ လူနှစ်ယောက်ပဲရှိတယ်လို့ပြောရဲတယ်။ ကျန်တဲ့လူတွေအားလုံးက ငါက နံပါတ်(၂) ပါဆို ဘယ်သူမှ သူတို့ကိုယ်သူတို့ ပထမလို့ပြောရဲမှာမဟုတ်ဘူး”
မုကျစ်ရှီ ခေါင်းကိုကုတ်လိုက်ကာ “နှစ်ယောက်တောင်လား။ ဆရာတစ်ယောက်တည်းဖြစ်ရမှာမဟုတ်ဘူးလား”
ဘုတ်...။
စုရှောင်ရှန် သူမကို ခေါင်းထုလိုက်ပြီး စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။ “နင့် ဆရာဘိုဘေးကို မေ့နေတာလား။ မသိတာလား”
မုကျစ်ရှီ ဘာမှ မပြောတော့ပေ။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်၏ လက်ဖဝါးကို အချိန်အတော်ကြာအောင် ကြည့်မိပြီးနောက် မိုမို စိတ်ဝိညာဉ်အာရုံဖြင့် ဆန်းစစ်ကြည့်လိုက်သည်။ သို့သော် စိတ်ဝိညာဉ်အာရုံတောင်လောင်ကျွမ်းသွားသလို ကျစ်ကျစ်တောက် ပူလောင်မှုကြီးကို ခံစားလိုက်ရ၏။
“နင်တကယ် ချိတ်ပိတ်ခြင်းကျောက်တုံးကို အရည်ကျိုနိုင်တာပဲ” သူမ၏ မျက်၀န်းများတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်သွားပြီး အသံတောင် မြင့်သွားသည်။
“ဒါပေါ့”
စုရှောင်ရှန် ဆက်လိုက်ကာ “နင်ပြောတဲ့ အထူးနည်းလမ်းဆိုတာဘာလဲ..”
စုရှောင်ရှန် သူ့ပါရမီနှင့်သူ စိတ်ခုသွားသည်။ ထိုအရာက နားလည်ရခက်ပြီး သာမန်မဟုတ်ဘူးဆိုပါက သူ့အနေနဲ့ ဘာမှလုပ်ပေးနိုင်မည်မဟုတ်ပေ။
“စိတ်မပူပါနဲ့ အဲ့တာက ငါလုပ်လို့ရတယ်” မိုမိုပြုံးကာဆိုလိုက်သည်။
“အဲ့အရာကိုပဲ အရည်ကျိုပြီး ပုံသွင်းပေး ကျန်တဲ့ ချိတ်ပိတ်တာကို ငါလုပ်လိုက်မယ်”
“အဆင်ပြေတယ်” စုရှောင်ရှန် ထိုအရာကိုကြားရတာ စိတ်ချမ်းသာသွားသည်။ ထို မီးခိုးမြူပုံရိပ်ကို စောစော မနိုးထလာအောင် ချိတ်ပိတ်ထားနိုင်လေလေ သူစိတ်အေးအေးထားနိုင်လေလေဖြစ်သည်။ မဟုတ်ပါက ထျန်းရွှမ်အပြင်ဘက်သို့ ရောက်မှ သူနှင့် စာရင်းလာရှင်းလျှင် ပြဿနာတက်နေမည်။
သူတို့ထွက်သွားခဲ့ရင် အကြီးအကဲစန်းနှင့် တခြားသူများရှိနေဦးမည်ဖြစ်တာကြောင့် ထိုအရာ မလုပ်ရဲလောက်ဟုတော့ ကောက်ချက်ချလိုက်သည်။
သို့သော် ပေါ်တင်လုပ်တယ်ဆိုတာထက် ချောင်းမြောင်းတိုက်ခိုက်လာလျှင်ဘယ်လိုလုပ်မလဲ။ ဓားပြထက် သူခိုးက ပို၍ ကြောက်စရာကောင်းသည်မဟုတ်ပါလား။
“အဲ့ပြဿနာကို လုံးလုံးဖြေရှင်းလိုက်ဖို့နည်းလမ်းမရှိဘူးလား။ ဥပမာ နင့်လက်ထဲကနေ အပြီးအပိုင်ဖယ်ထုတ်လိုက်တာမျိုးပေါ့” စုရှောင်ရှန် မေးသည်။
“ရှိပါစေလို့ ငါလည်း မျှော်လင့်တာပေါ့...” မိုမို့ မျက်နှာလေး မဲ့ရွဲ့သွား၏။
“ထားပါ စောစောနိုးထမလာအောင် ချိတ်ပိတ်တာက ဘာမှ မလုပ်တာထက်တော့ ပိုကောင်းနေပါပြီ။ တစ်လှမ်းချင်းစီပေါ့” စုရှောင်ရှန်လည်း ဖြေရှင်းချက်တစ်စုံတစ်ရာကို မမျှော်မှန်းထားပါချေ။ ထိုမျှလောက် အမြစ်ဖြတ်ရလွယ်နေရင် မိုမို လုပ်ပြီးတာကြာနေလောက်ပြီ။
သူ့လက်ထဲမှ ကျောက်တုံးကို ကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး “ဆိုတော့ အရည်ကျိုတဲ့ဖြစ်စဉ်က ဘယ်လိုလုပ်ရမလဲ”
“နင်တတ်နိုင်သလောက်သာ အဲ့တာကို အရည်ဖြစ်သွားအောင်လုပ်လိုက်။ အဆိုင်အခဲအခြေအနေပြန်မရောက်သွားခင်မှာ ချိတ်ပိတ်တဲ့ ပညာရပ်တွေကို အဲ့ထဲ ငါထည့်လိုက်မယ်” မိုမိုဖြေသည်။
“ငါ့အကူအညီလိုသေးလား” သူတို့နှစ်ယောက်အကြားသာ အပြန်အလှန်ပြောနေကြပြီး သူမကို လစ်လျူရှူထားကြတာ မခံနိုင်တော့သော မုကျစ်ရှီ ကြားဝင်ပြောလိုက်သည်။
စုရှောင်ရှန် ခြေတစ်လှမ်းဆုတ်ကာ ဆေးမီးဖိုအိုးကြီးကို ထုတ်ယူလိုက်သည်။ ထို့နောက် မြေပြင်က တွင်းတစ်ခု၏ထိပ်၀၌ တေ့ပြီး မုကျစ်ရှီကို ကြည့်ကာ အလေးအနက်ဆိုလိုက်၏။ “နင်လုပ်လို့ရတာ တစ်ခုရှိတယ်”
“ဘာလဲ ဘာလဲ” သူမကို လိုတယ်ဆိုတာ ကျေနပ်သွားပြီး မုကျစ်ရှီ နှစ်မြွှာကျစ်ဆုံမြှီးကို နောက်ပစ်ပြီး မေးလိုက်သည်။
စုရှောင်ရှန် သူမ၏ ခေါင်းအပေါ်လက်သီးဖြင့် ဖိလိုက်ပြီး “ဘေးမှာသွားရပ်နေ လာမရှုပ်နဲ့”
အားးး...။
မုကျစ်ရှီ ဒေါသတကြီး မြေပြင်ကို ဆောင့်ကြီးအောင့်ကြီး ဖနောင့်တစ်ချက်ပေါက်လိုက်၏။
ကံကောင်းစွာ စုရှောင်ရှန်က အမျှော်အမြင်ကြီစွာဖြင့် သူမ၏ ခေါင်းကိုဖိထားလို့ သူ့ကို ဘာမှ မလုပ်နိုင်လိုက်ပါပေ။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“ကောင်းပြီ သွားတော့”
မုကျစ်ရှီကို တွန်းထုတ်ပြီး သူတို့အကြားတွင် စုရှောင်ရှန် ဆေးမီးဖိုအိုးကြီးထားလိုက်သည်။ ထို့နောက် သူ့လက်ထဲက ကျောက်တုံးကို ပင့်ပြလိုက်ကာ သူ့တွင်အလုပ်ရှိသေးကြောင်း ပြသလိုက်၏။
မုကျစ်ရှီ နှုတ်ခမ်းကြီးစူလိုက်ပြီး အသံတိုးတိုးလေးဖြင့် ပွစိ ပွစိ ပြောနေတော့၏။ စုရှောင်ရှန် သူ့အသိပေးချက်ဖန်သားပြင်ကိုကြည့်လိုက်သောအခါ တွေ့လိုက်ရသော မြင်ကွင်းကြောင့် ရယ်ချင်သွားတော့သည်။
“ငါတို့စလို့ရပြီလား” စုရှောင်ရှန် မိုမို့ကိုကြည့်ရာ မိုမိုခေါင်းကညိတ်ပြ၏။
စုရှောင်ရှန် မီးတောက်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီး ဆေးမီးထိုအိုးကြီးအောက်၌ ထားလိုက်၏။ ထို့နောက် အဖြူရောက်ကျောက်တုံးကို ဆေးမီးဖိုအိုးကြီးထဲပစ်ထည့်လိုက်သည်။
“လုံလုံ လောက်လောက်မပူသေးဘူး” မိုမို အပူချိန်ကို စစ်ကြည့်ပြီး ပြောလိုက်သည်။
“ဟုတ်သား ကျောက်တုံးက ဆေးပင်တွေလိုမှ မပျော့တာ...” စုရှောင်ရှန် တွေးမိပြီး အပြင်ဘက်မီးအလွှာကို ရုတ်သိမ်းလိုက်ရာ အပူချိန်က တန်းပြီး ထိုးထောင်တက်သွားသည်။
ရှဲ ရှဲ...။
အဖြူရောင်ဆေးမီးဖိုအိုး ချက်ခြင်း အနီရောင်ပြောင်းသွားပြီး အထက်ရှိ လေကိုတောင် ရှုံ့တွသွားစေ၏။ သို့သော် ကျောက်တုံးကတော့ အရည်မပျော်ကျသေးပါချေ။
“ရတနာဆိုတဲ့အတိုင်း မာကျောပါပေတယ်”
ထို့နောက် မီးတောက်အစေ့ကို မီးဖိုအိုးထဲပစ်ထည့်လိုက်ရာ ကျောက်တုံးက စတင်၍ တုန်ခါလာတော့သည်။
ရွှစ်...။
နောက်အစေ့ တစ်စေ့ ပစ်ထည့်လိုက်သည်။
အပူဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး ချိတ်ပိတ်ခြင်းကျောက်တုံးစတင်၍ အက်ကွဲလာခဲ့၏။
မိုမို လုံးလုံး အံ့အားသင့်သွားသည်။ အရည်ကျိုသည့်ဖြစ်စဉ်က စုရှောင်ရှန်အတွက် ဤမျှလောက် လွယ်လင့်တကူရှိနေလိမ့်မည်ဟု မထင်ရပါ။ အချိန်ဘယ်လောက်မှတောင်မကြာသေး ကျောက်တုံးက အက်ကွဲကြောင်းများပေါ်ပေါက်လာတော့၏။
ထို့နောက် အေးဆေးသက်သာ ဖြစ်နေသေးသော စုရှောင်ရှန်ကိုကြည့်လိုက်ရာ သူ့အကန့်အသတ်ကိုတောင် မရောက်သေးတာ သိလိုက်ရသည်။
“သူတကယ် ပိုပြီး အစွမ်းထက်လာပြီ...”
မိုမို စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထို မီးခိုးမြူပုံရိပ်ကြောင့်သာမဟုတ်ပါက စုရှောင်ရှန်၏ တိုးတက်မှုများနောက်လိုက်နိုင်မည်မဟုတ်ဘဲ သူမ နောက်ကျကျန်ခဲ့မည်ဆိုတာကို သိသည်။
မဟုတ်ဘူး။
‘အဲ့ဒီအရာကြောင့်သာမဟုတ်ရင် စိတ်ဝိညာဉ်နန်းတော်ကိုတောင်ငါ၀င်နိုင်ခဲ့မှာမဟုတ်ဘူး။ ဒီလိုဆို သူနဲ့တောင် သိမှာမဟုတ်ဘူး’ မိုမိုတွေးလိုက်သည်။
စုရှောင်ရှန်ကို မိုမိုကြည့်နေသည့် အကြည့်နှင့်ပတ်သက်ပြီး တစ်စထက် တစ်စ ထူးဆန်းလာတာကို မုကျစ်ရှီ ခံစားမိလေသည်။
နေပါဦး။ အဟွတ် အဟွတ်။
မုကျစ်ရှီ ပါးစပ်ကိုကာပြီး ချောင်းဟန့်သံ ပေးလိုက်သည်။
“နင့်လည်ချောင်းနာနေတာလာ” စုရှောင်ရှန် သူမကို ကြည့်ပြီး မေးလိုက်သည်။
“…”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်စွံ့အသွားရ၏။ ကောင်းလိုက်တာ ဒီကောင်မလေး သူဘာလုပ်လုပ်ကို ကျိန်ဆဲနေတော့တာပဲ။ သူဘာများလုပ်မိလို့လဲ။
‘နင်က အဆဲဘုရင်မလေး များလား’ စိတ်ထဲမှ ပြောလိုက်၏။
မုကျစ်ရှီ၏ ချောင်းဟန့်သံကြောင့် မိုမို အသိပြန်လည်လာခဲ့သည်။ သို့မှ စုရှောင်ရှန်ထံမှ အကြည့်လွှဲပြီး ကျောက်တုံးစီကို အာရုံပြန်လွှဲလိုက်သည်။
“အပူချိန်ကို လျော့ပြီး စိတ်ဝိညာဉ်အနှစ်တွေကို အပေါ်တင်လိုက်။ အရည်ပျော်တော့မယ်”
“ကောင်းပြီ” စုရှောင်ရှန် တုန့်ပြန်လိုက်ပြီး အရည်ကျိုသည့်ဖြစ်စဉ်တစ်ခုလုံး ပြီးမြောက်သွားတော့သည်။
အဆုံးမှာ ဆေးဖော်စပ်ရတာထက် ကျောက်တုံးတစ်တုံးကို အရည်ကျိုရတာက ဘယ်ခက်လိမ့်မလဲ။ ဆေးပင်တွေပေါင်းပြီး မည်သို့ အကျိုးသက်ရောက်မည်၊ မည်သို့ ဆေးလုံးအဖြစ် ပုံသွင်းရမည်ကို တွေးနေစရာမလိုပေ။ သူလုပ်ဖို့လိုအပ်သည်က ဆေးအိုးထဲပစ်ထည့်ပြီး စွပ်ပြုတ်လို အပူပေးလိုက်ရုံသာ။
‘စွပ်ပြုတ်လုပ်နေတာမဟုတ်လို့ပေါ့။ နို့မို့ဆိုရင် ဆေးပင်တွေတောင် ငါပစ်ထည့်ပြီးလောက်ပြီ’
ကျောက်တုံးတစ်ခုလုံးနောက်ဆုံးတော့ မွမွကြေသွားပြီး အဖြူရောင်အရည်အဖြစ်ကို ပြောင်းသွားကြသည်။
မိုမို သူမ၏ လက်ချောင်းများကို ရစ်နှောင်ပြီး လက်ကွက်များစွာ လုပ်လိုက်သည်။ ထို့နောက် ထိုအရည်ဖြစ်နေသော ကျောက်တုံးအတွင်းကို ထည့်လိုက်သည်။
“အမြန် ပုံဖော်လိုက်” သူမ၏ အသံက အလျင်လိုနေ၏။
“ဘာပုံလဲ” စုရှောင်ရှန် မှင်တက်သွားသည်။
မိုမိုသူမ၏ ညာလက်နှင့် ကျောက်တုံးအရွယ်စားကိုကြည့်လိုက်သည်။ မီးခိုးမြူပုံရိပ်ကို ချိတ်ပိတ်ဖို့ လက်တစ်ခုလုံးစာအတွက်တော့ ပုံသွင်းနိုင်မည်မဟုတ်ပေ။
“လက်ကောက်ဆိုရော”
“ဘာကြီး” မုကျစ်ရှီ၏ မျက်၀န်းများပြူးကျယ်သွားပြီး မိုမို့ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။
ထိုသို့ပြောပြီးမှ စုရှောင်ရှန်ကို သူမအတွက် လပ်ကောက်တစ်ခုလုပ်ခိုင်းတာက မှားနေကြောင်းကို မိုမို သိလိုက်ရသည်။ ထိုအရာက လက်ထပ်လက်ဆောင်ပေးနေတာနဲ့မတူပေဘူးလား။
မိုမို့မျက်နှာလေး ရှက်သွေးဖြန်းသွားပြီး မုကျစ်ရှီကို လှည့်ကြည့်လိုက်ကာ “ငါအဲ့လိုသဘောနဲ့ ပြောတာမဟုတ်ဘူး”
“အဲ့တာဆို ဘာသဘောနဲ့ ပြောတာလဲ” မိုမို့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မုကျစ်ရှီ မေးလိုက်သည်။
“…”
ထို့နောက် မိုမို့ကို ဘာမှ မသိသလို မုကျစ်ရှီ လက်ဝေ့ရမ်းပြလိုက်ပြီး “နင်အထင်မှားနေတာ နေပါမယ်”
သို့မှ မိုမို စိတ်သက်သာရာရစွာ သက်ပြင်းမောကြီးချနိုင်လိုက်၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် စွံ့အသွားရသည်။ သူ့ကိုဆဲလိုက်တာ ဘယ်သူလဲဆိုတာ စုရှောင်ရှန် ဝေခွဲမရဖြစ်သွားသည်။ သို့သော် နောက်ထပ် အသိပေးချက်ကြောင့် ဘယ်သူလဲဆိုတာ သိလိုက်ရတော့၏။
[မနာလို၀န်တိုခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် + ၁]
‘အေးးးး... မိန်းမတွေ ဘာမှ ဂရုမစိုက်သလို ဟန်ဆောင်တာ တကယ် တော်တာပဲ’ စိတ်ထဲမှ ဆို၏။
“နင်ဘာတွေလျှောက်တွေးနေတာလဲ။ ကျောက်တုံးက အဲ့လောက်လေးကြီးတာ လက်ကောက်ကလွဲပြီး ဘာလုပ်လို့ရမှာမလို့လဲ” သူ မုကျစ်ရှီကို သဘောမတူသလို အကြည့်မျိုး ပေးလိုက်သည်။
“ငါက ဘာပြောနေလို့လဲ” မုကျစ်ရှီခါကိုထောက်ပြီး စူပုတ်ပုတ် ပြောလိုက်သည်။
‘ငါတောင်ဘာမှ မပြောရသေးဘူး ငါ့ကိုလာပြီး ပစ်မှတ်ထားနေပြီ’ စိတ်ထဲမှ ပြောလိုက်သည်။
[ပြန်အပြောခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[အငြိုးထားခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“အေး အေး” မုကျစ်ရှီကို စုရှောင်ရှန် ဘာမှ ဆက်မပြောလိုက်ပါချေ။
‘အစ ကတည်းက ကိုယ့်ဟာကိုယ် လျှောက်လျှောက်တွေးပြီးတော့ ဘာမှ မပြောဘူး လုပ်သေးတယ်။ ခုပေါ်တော့ လာပြီး ရှက်ရမ်း ရမ်းနေသေး။ အငြိုးကထားလိုက်သေးတယ်တဲ့။ နောက်ထပ်ဘာများထပ်ပြီး ပွစိပွစိလုပ်ဦးမလဲမသိဘူး’
“ငါသိပါတယ် နင့်အသက်အရွယ်နဲ့ မလိုက်တာတွေ လျှောက်တွေးနေတာ မဟုတ်လား” မုကျစ်ရှီကို စုရှောင်ရှန် ပြောင်စပ်စပ်မေးလိုက်သည်။
ဘယ်လို ချေပရမလဲဆိုတာ မသိတော့သော မုကျစ်ရှီ ခေါင်းကိုသာ ငုံ့ထားလိုက်တော့သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်...