ပိုးကောင်မျိုးနွယ်စု၏အမှန်တရား
Vol. 11 Ch. 39
ယင်ကောင်က တင်းတင်းကျပ်ကျပ်ပိတ်ထားတဲ့ တံခါးရှေ့မှာ ရပ်လိုက်တယ်။ တံခါးရဲ့ဘေး တစ်ဖက်တစ်ချပ်စီမှာ တော်ဝင်နားကျယ်ကောင် အစောင့်တပ်တွေရှိနေပေမဲ့ ပိုးကောင်အင်ပါယာရဲ့ ဒုတိယမြောက်ဩဇာအာဏာအကြီးဆုံးပုဂ္ဂိုလ် ဝန်ကြီးချုပ်ယင်ကောင်ကိုတော့ တားဆီးမယ့်ဟန် မပြကြပါဘူး။
ဒေါက်... ဒေါက်... ဒေါက်...
“အရှင်မ၊ ကျွန်တော်ဝင်လာခဲ့လို့ရမလား။”
ယင်ကောင်က ခွင့်တောင်းလိုက်ပေမဲ့ အထဲကနေပြီး ဘာသံမှ ထွက်မလာဘူး။ ယင်ကောင်က သက်ပြင်းချပြီး စိတ်ရှည်ရှည်ထားကာ နောက်ထပ်တံခါးခေါက်ပေမဲ့ အတူတူပါပဲ။
“အရှင်မ၊ ကျွန်တော်ဝင်လာခဲ့ပါမယ်။” အဲဒီနောက် စိတ်မရှည်တော့တဲ့ယင်ကောင်က တံခါးကိုအတင်းဆွဲဖွင့်တယ်။ တံခါးလိုက်ကိုင်က သူ့အားကြောင့် ပြုတ်ထွက်သွားပြီး တံခါးက အလိုလိုပွင့်လာတယ်။
ပိုးကောင်နန်းတော်က လူသားတွေရဲ့စံနှုန်းနဲ့ဆိုရင် အတော်လေးခမ်းနားတဲ့ နေရာတစ်ခုပါ။ ဘုရင်မရဲ့ ကိုယ်ပိုင်အခန်းက တော်ရုံဟိုတယ်တစ်ခုက ခန်းမတစ်ခုစာကျယ်တယ်။ အလယ်တည့်တည့်မှာ ကင်းဆိုက်ကုတင်တစ်လုံးရှိပြီး စာဖတ်ခန်းသီးသန့်လည်း အခန်းထဲမှာရှိနေတယ်။ ဒါပေမဲ့ မီးတွေအားလုံးကို ပိတ်ထားပြီး အလင်းရောင်ဆိုလို့ အခန်းထောင့်တစ်နေရာက ခပ်မှိန်မှိန် ခရမ်းနုရောင်အလင်းပဲရှိတယ်။ ပြီးတော့ အဲဒီအလင်းက မိမိကိုယ်ကိုယ် အလင်းရောင်တွေ ထုတ်လွှတ်နေတဲ့ တောင်ပံတွေနဲ့ဖုံးအုပ်ထားတဲ့ မိန်းကလေးဆီကနေ ထွက်ပေါ်လာနေတာ။
“အရွယ်ရောက်မှုကို တားဆီးဖို့ကြိုးစားတာပါလား အရှင်မ။ အရှင်မတောင်မှ ဒီသဘာဝတရားကို မတားဆီးနိုင်ပါဘူး။ ဖြစ်လာမှာက ဖြစ်လာမှာပါပဲ။”
ယင်ကောင်ရဲ့စကားကြောင့် ဥစာကီက မော့ကြည့်ပါတယ်။ သူ့မျက်တွင်းတွေက ချိုင့်ဝင်နေပြီး အရင်ကလို သန်မာတဲ့မိန်းကလေးပုံစံမပေါ်ဘူး။ အခန်းကြမ်းပြင်ပေါ်မှာ ဆေးပုလင်းပေါင်းစုံ ပြန့်ကျဲနေပြီး အများစုက အကိုက်အခဲပျောက်ဆေးတွေပါ။ ဥစာကီက ဆင့်ကဲပြောင်းလဲမှုနောက်တစ်ဆင့်ကို တက်ရောက်ဖို့ ငြင်းဆန်နေပြီး အဲဒီအတွက်နာကျင်မှုကို အပြင်းအထန် ခံစားနေရတယ်။
“အဲဒီအစား ငါက ဘာလုပ်ရမှာလဲ ယင်ကောင်... ငါ့ကိုဖြေစမ်းပါ။ ငါဒီစစ်ပွဲကို နိုင်သွားပြီး ငါချစ်တဲ့သူတွေကို ကာကွယ်ပေးနိုင်မယ်ဆိုရင်တောင် ငါ့အတွက် ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ သူတို့က ငါ့ကို လူသတ်ကောင်လို့ပဲ မြင်နေတော့မှာ။”
အဲဲဒီနောက်တော့ ဥစာကီက သူ့ရဲ့ဆံပင်တွေကို အရူးမတစ်ယောက်လို ဆောင့်ဆွဲလိုက်တယ်။ “အရာအားလုံးက ငါ့ရဲ့အမှားတွေပဲ။ ငါက လုံးဝ ရက်စက်နိုင်စွမ်းမရှိသလို လုံးဝ သနားကြင်နာတတ်သူလည်းမဟုတ်ဘူး။ အဲဲဒီအစား ဘယ်အရာမှာမှ မပြတ်သားနိုင်တဲ့ အလကားအသုံးမကျနိုင်တဲ့သူပဲ။”
တကယ်လို့ ဥစာကီသာ လူသားတွေနဲ့ရပ်တည်ပြီး ပိုးကောင်တွေထဲက နယ်ချဲ့လိုစိတ်ရှိသူတွေကို ဆန့်ကျင်ဖို့ကြိုးစားခဲ့ရင် ပိုးကောင်ပြည်တွင်းစစ် ဖြစ်လာမှာဖြစ်ပေမဲ့ အနည်းဆုံးတော့ မိရိုင်နဲ့တခြား လူသားမိတ်ဆွေတွေဆီကို သူပြန်သွားနိုင်ပါလိမ့်မယ်။
အကယ်၍ ဥစာကီသာ လူသားတွေကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ရင် ပိုးကောင်တွေရဲ့စစ်ယန္တရားကြီးက အကြီးအကျယ်အသက်ဝင်လာမှာဖြစ်ပြီး စစ်ပွဲကို အောင်နိုင်ဖို့ အခွင့်အရေးပိုများမှာပါ။
ဒါပေမဲ့ ဥစာကီက ပိုးကောင်တွေဘက်မှာ အပြည့်အဝ မရပ်နိုင်သလို လူသားတွေဘက်မှာလည်း အပြည့်အဝ မရပ်နိုင်ပြန်ဘူး။
ယင်ကောင်က ဘုရင်မရှေ့မှာ ဒူးတစ်ဖက်ထောက်ချပြီး ပခုံးပေါ်ကို လက်တင်လိုက်တယ်။
“ကိုယ်ကာကွယ်ချင်တဲ့အရာကို ကာကွယ်တာက မမှားပါဘူး။ အရှင်မချစ်တဲ့ လူတစ်စုကိုတောင် မကာကွယ်နိုင်ရင် ဘယ်လိုလုပ်ပြီး ပိုးကောင်မျိုးနွယ်ကြီး တစ်ခုလုံးကို ကာကွယ်နိုင်မှာလဲ။ လူသားတွေကို အမြစ်မဖြတ်ဘဲ အရှင်မရဲ့အုပ်ချုပ်မှုအောက်မှာ ထားရှိဖို့ကြိုးစားတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။”
ယင်ကောင်က ဥစာကီကို ဖျောင်းဖျဖို့ကြိုးစားပေမဲ့ ဥစာကီက ခေါင်းကိုခါယမ်းပြန်တယ်။ “ဒါပေမဲ့ သူတို့က ငါ့ရဲ့အုပ်ချုပ်မှုကို မခံလိုကြဘူးလေ။ ငါချစ်တဲ့သူတွေက ငါအဟောင်းကိုပဲ လိုချင်ကြတာ။ အခုလက်ရှိ ငါ့ကိုမဟုတ်ဘူး။ ဒီခန္ဓာကိုယ်ထဲမှာ ကပ်တွယ်နေတဲ့ ကပ်ပါးကောင်ကိုမဟုတ်ဘူး။”
“အဲဒါက အမှန်မဟုတ်ဘူး၊ အရှင်မကို သူတို့လက်ခံဖို့ ကြိုးစားခဲ့သေးတာပဲ။”
“ဒါပေမဲ့ အဲဒီအတွက် သူတို့က ငါ့ကိုပိုးကောင်တွေကို ကျောခိုင်းစေချင်ကြတယ်။”
ဥစာကီက ပိုးကောင်တွေနဲ့လူသားတွေကို တန်းတူတန်ဖိုးထားတယ်။ ဒီကနေတစ်ဆင့် သူကိုယ်တိုင် အဖြေရှာမရတဲ့ပြဿနာတွေ ဖြစ်လာတာ။
“ယင်ကောင်... ဖြစ်နိုင်မယ်ဆိုရင်... ငါလေ... စိန်ခေါ်ပွဲမှာ အရှုံးပေးလိုက်ချင်တယ်။ မင်းကတော့ လက်ကျန်ပိုးကောင်တပ်တွေကိုခေါ်ပြီး ဘေးကင်းရာကိုပြေးပါ။”
ဥစာကီက ယင်ကောင်ရဲ့ရင်ဘတ်ပေါ်ကို လက်တင်ပြီး တောင်းဆိုတဲ့အမူအရာနဲ့ပြောလိုက်တယ်။ ယင်ကောင်က ခေါင်းခါပြီး ငြင်းဆန်တယ်။
“အရှင်မ၊ ဒါက တကယ်တော့ အကျိုးမရှိတဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်။ ဘုရင်မတစ်ပါးသေသွားရင် နောက်ထပ်ဘုရင်မရွေးချယ်မယ့် ဖြစ်စဥ်က ပြန်စမှာပဲ။ ကမ္ဘာက တစ်ခဏတာငြိမ်းချမ်းသွားမှာဆိုပေမဲ့ နောက်ထပ်ဘုရင်မက အရှင်မလို ဒီနေရာကို တွယ်တာမယ့်သူမျိုးဖြစ်ပါ့မလား။ ကိုလိုနီပြုမယ့်အစား အလုံးစုံဖျက်ဆီးပြီး ပိုးကောင်မျိုးနွယ်ရဲ့အိမ်အဖြစ် ပြောင်းပစ်မှာပဲ။”
ယင်ကောင်ရဲ့အကြောင်းပြချက်ကို ကြားပြီးနောက် ရူးသွပ်လုနီးပါးဖြစ်နေတဲ့ ဥစာကီက လေထုထဲမှာ ကြောင်ကြောင်ကြီးစိုက်ကြည့်နေလိုက်တယ်။
“ဒါဆိုရင် ငါ့ဘာသာအသေခံတာလည်း အလုပ်မဖြစ်ဘူးပေါ့။”
ယင်ကောင်က ဥစာကီကို ပြုံးပြလိုက်တယ်။ သူ့သခင်မ အမှန်တရားကို သတိပြုမိသွားတဲ့အတွက် သဘောကျသွားပုံပဲ။
“အရှင်မအတွက် တစ်ခုတည်းသောမျှော်လင့်ချက်က စိန်ခေါ်ပွဲကို အနိုင်ရဖို့ပါပဲ။ ပြိုင်ဘက်ကို ရှင်းပစ်ပြီး ကမ္ဘာကိုကိုလိုနီပြု၊ လူသားတွေကိုအုပ်ချုပ်ပြီး ချစ်ခင်ရသူတွေကို ရှင်သန်ခွင့်ဆက်ပေးပါ။ သူတို့က အရှင်မကို မုန်းနေမယ်ဆိုရင်တောင် အဲဒီအမုန်းက အရှင်မသယ်ဆောင်ရမယ့် အပြစ်ကြွေးဖြစ်တယ်။ အရှင်မမသိပေမဲ့ ကျွန်တော်တို့ပိုးကောင်မျိုးနွယ်ဟာ အပြစ်ဒဏ်သင့်နေတဲ့ မျိုးနွယ်သာဖြစ်တယ်။ ဒါကြောင့် ဒီအလေးချိန်ကို ထမ်းထားနိုင်ရမယ်။”
ပြစ်ဒဏ်သင့်မျိုးနွယ်ဆိုတဲ့ အသုံးအနှုန်းက ဥစာကီ အရင်က မကြားဖူးတဲ့ စကားတစ်ခွန်းဖြစ်တယ်။ ယင်ကောင်ဟာ ပြီးပြည့်စုံလုနီးပါး ဆင့်ကဲပြောင်းလဲထားပြီးပြီမလို့ သူ့ဆီမှာ ဘိုးဘေးတွေရဲ့မှတ်ဉာဏ်စုံရှိနေပြီးသား။ တစ်ဖက်မှာတော့ ဥစာကီက အဲဒီလိုဟုတ်မနေဘူး။
“ယင်ကောင်၊ မင်းထပ်ပြီး ဆင့်ကဲပြောင်းလဲပြန်ပြီလား။”
“ဆုဗာနာတိုက်ပွဲနဲ့အတူ ပြန်ပါလာတဲ့လက်ဆောင်ပေါ့။”
နောက်တော့ ယင်ကောင်က သူ့နဖူးကို ဥစာကီရဲ့နဖူးနဲ့ ထိကပ်လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့အတွေးစိတ် လှိုင်းတွေက အချင်းချင်းပူးပေါင်းသွားပြီး ယင်ကောင်ရဲ့စကားလုံးတွေက ဥစာကီရဲ့စိတ်ထဲ တိုက်ရိုက်ဝင်ရောက်လာတယ်။
“ဟိုးလွန်ခဲ့တဲ့ခေတ်တွေတုန်းက... ခေတ်တွေအများကြီး ကြာခဲ့ပြီဖြစ်လို့ ပိုးကောင်အင်ပါယာရော ဖက်ဒရေးရှင်းပါ မရှိခင်ကာလတုန်းက သာမန်ဂြိုဟ်တစ်ခုမှာ သက်ရှိအရာတစ်ခု မွေးဖွားလာခဲ့တယ်။”
ဥစာကီက ပိုးကောင်နဲ့လူသားစပ်ကျထားတဲ့ မျိုးနွယ်စု ကလေးလေးတစ်ယောက် မွေးဖွားလာတာကို မျက်လုံးထဲမှာ မြင်နေမိတယ်။ ဒီဂြိုဟ်ကလူတွေက ပိုးကောင်နဲ့တူရုံကလွဲလို့ အားလုံးသာမန်ပါပဲ။ ဒါပေမဲ့ သာမန်မဟုတ်တာက အဲဒီကလေးပါ။
“အဲဒီကလေးမက လုံးဝသာမန်ဟုတ်မနေဘဲ အမြဲတမ်း ဆာလောင်နေခဲ့တာ။ တစ်နာရီခြားတိုင်း အစားတစ်ခါစားတယ်။ အသက်ငါးနှစ်အရွယ်မှာ ထမင်းတစ်နပ်တည်းနဲ့ နွားတစ်ကောင်စာနဲ့ညီမျှတဲ့ အစားအသောက်တွေကို တစ်ထိုင်တည်းစားနိုင်နေပြီ။ ကြာတော့ သူ့မိဘတွေက သူ့ကိုဆက်မကျွေးနိုင်တော့ဘဲ ကြောက်ရွံလာပြီး တောတွင်းတစ်နေရာမှာ စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့....”
တောတွင်းထဲက သွေးအိုင်ထဲမှာရပ်နေတဲ့ ကလေးမလေးကို ဥစာကီမြင်နေရတယ်။
“ကလေးက ဗိုက်ဆာလာတဲ့အခါ သူ့မိဘတွေကို စားဖြစ်လိုက်တယ်။”
အဲဒီနောက်တော့ ယင်ကောင်က ပိုပြီးကျယ်ပြန့်လာတဲ့ ဇာတ်လမ်းကို ဆက်ပြောပါတယ်။ “ကလေးက တောထဲမှာ လှည့်လည်နေရင်း ရှိသမျှသက်ရှိတွေကို စားသောက်တယ်။ တောထဲကသက်ရှိတွေကုန်တော့ လူတွေနေတဲ့ မြို့ရွာတွေဆီရောက်လာတယ်။ သက်ရှိတွေကို စားပြီးတိုင်း ပိုအင်အားကြီးလာသလို ပိုပြီးဆာလောင်စိတ်ပြင်းပြလာခဲ့တယ်။”
“သူတစ်မြို့လုံးကို စားခဲ့တယ်၊ အစားခံရတဲ့မြို့တွေက တဖြည်းဖြည်း များလာပြီး ဒေသတစ်ခုလုံး ဆုတ်သုန်းသွားတယ်။ နိုင်ငံစစ်တပ်က သူတို့ထဲကလူလို့ ပြောလို့မရတော့တဲ့ ကလေးမကိုသတ်ဖို့ကြိုးစားပေမဲ့”
ဥစာကီက ကုန်းမြေတစ်ခုလုံးမှာ ဘာသက်ရှိမှရှိမနေတော့တဲ့ မြင်ကွင်းတစ်ခုကို စမြင်ရတယ်။
“နိုင်ငံတစ်ခုလုံး အစားခံလိုက်ရတယ်။”
“နိုင်ငံပြီးတော့ ကုန်းမြေတိုက်တွေ၊ ကုန်းမြေတိုက်ပြီးတော့ အနီးအနားက ဂြိုဟ်တွေ၊ ဂလက်ဆီတွေ၊ ကလက်စတာတွေ... ကလေးမက အာကာသသက်ရှိကြီးဖြစ်လာပြီး အားလုံးကိုစတင်စားသောက်တယ်။ သူ့ကို လူတွေက ဒီလိုနာမည်တပ်ကြတယ်... အစားကြူးတဲ့ အပြစ်သားတဲ့။ အခုမျိုးဆက်တွေသိကြတဲ့အတိုင်းဆိုရင်တော့ အပြစ်သားသခင်ကြီးပေါ့။”
အပြစ်သားသခင်ကြီးဆိုတဲ့စကားက ဥစာကီကိုယ်တိုင် ရင်းနှီးတဲ့စကားပါ။ ဟီးရိုးလောကမှာ ပြန့်နှံနေတဲ့ ကောလာဟလတစ်ခုရှိပြီး အပြစ်သားသခင်ကြီးနဲ့ ပတ်သက်တဲ့ကျမ်းစာရှိတယ်ဆိုတာလေ။
“ကျွန်တော်ပြောနေတဲ့ အပြစ်သားသခင်ကြီးက ဒီကမ္ဘာက ကျမ်းစာလာ အပြစ်သားသခင်ကြီးမဟုတ်ဘူး။ ကျမ်းစာထဲက အပြစ်သားသခင်ကြီးက အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ တောင်ပံအနက်နဲ့လူသားတစ်ယောက်ဖြစ်တယ်။ ကျုပ်တို့ဘိုးဘေးအပြစ်သားသခင်ကြီးက အစားကြူးတဲ့ ကလေးမလေးဖြစ်တယ်။”
ဥစာကီက ခေါင်းညိတ်လိုက်တယ်။ အဲဒီတည်ရှိမှုနှစ်ခုက ဆင်တူပေမဲ့ တစ်ခုတည်းမဟုတ်ဘူးလို့ ခံစားရတယ်။ ယင်ကောင်ကတော့ သူ့ဇာတ်လမ်းကို ဆက်ပြောတယ်။
“စကြဝဠာတစ်ခုလုံးပျက်သုန်းခါနီးတော့ ဖန်ဆင်းရှင်ကိုယ်တိုင် ဝင်ပါလာခဲ့ပြီး အစားကြူးသူကို နှိမ်နင်းခဲ့တယ်။ သူသတ်လို့ရပေမဲ့ မသတ်ခဲ့ဘူး... အဲဒီအစား ချုပ်နှောင်ထားပြီး အိပ်မောကျစေခဲ့တာ။”
“ဒါပေမဲ့ ဘာကြောင့်လဲ... ဒီကပ်ဘေးကြီးကို သူအဆုံးသတ်နိုင်တာပဲဥစ္စာ။”
ယင်ကောင်က ဥစာကီရဲ့မေးခွန်းကြောင့် ခေါင်းခါပြတယ်။ “မသတ်တာက သတ်တာထက် အကျိုးရှိလို့နေမယ်။ ဘယ်သူက ဘုရားသခင်ရဲ့ဆုံးဖြတ်ချက်ကို နားလည်မှာလဲ။ သီအိုရီတွေပဲရှိတာ။”
နောက်တော့ ယင်ကောင်က လက်ညိုးတစ်ချောင်းထောင်ပြလိုက်ပြီး ဖြစ်နိုင်ခြေ သီအိုရီတစ်ခုကို ပြောပြလိုက်တယ်။
“ ဘိုးဘေးတွေကြားမှာ ကျော်ကြားတဲ့သီအိုရီတစ်ခုက အပြစ်သားကပ်ဘေးဆိုတာ စကြဝဠာတစ်ခု အဆုံးသတ်ချိန်မှာ ဖြစ်ကိုဖြစ်လာရမယ့် ကပ်ဘေးဖြစ်တယ်။ ဖန်ဆင်းသူကိုယ်တိုင် ဝင်ပါတာကလွဲလို့ ရှောင်လွဲဖို့ခဲယဥ်းတယ်။ ဝင်ပါခဲ့လို့ အပြစ်သားသခင်ကြီးအသက်ချုပ်ငြိမ်းသွားရင်တောင် နောက်အပြစ်သားသခင်ကြီး ပေါ်လာလိမ့်မယ်။ ဒါပေမဲ့ ကံကောင်းတာက အပြစ်သားသခင်ဟာ တစ်ချိန်တည်းမှာ နှစ်ယောက်မရှိနိုင်ဘူး။”
ဥစာကီလည်း တဖြည်းဖြည်းနားလည်သဘောပေါက်လာတယ်။
“တစ်နည်းအားဖြင့် ဖန်ဆင်းရှင်က လက်ရှိအပြစ်သားသခင်ကို မသတ်ဘဲ အိပ်ပျော်အောင် ထိန်းထားရင် နောက်ထပ်အပြစ်သားကပ်ဘေး မဖြစ်နိုင်တော့ဘူးပေါ့။”
ယင်ကောင်က ထိုင်နေရာကနေ ထရပ်လိုက်တယ်။ “အဲဒီလိုပဲ၊ ဒါပေမဲ့ အကျိုးဆက်အနေနဲ့ ကျုပ်တို့ဖြစ်တည်လာတာပဲ။”
ဒီတစ်ချက်ကိုတော့ ဥစာကီနားမလည်ပေမဲ့ ယင်ကောင်ကလည်း နားလည်ဖို့မျှော်လင့်ထားပုံ မပေါ်ပါဘူး။ သူက ဆက်ရှင်းပြတယ်။
“သက်ရှိအများစုက အိပ်မောကျရင် အိပ်မက်ဆိုတာ မက်တတ်တယ်။ အပြစ်သားသခင်ကြီးလို တည်ရှိမှုမျိုး အိပ်ပျော်တဲ့အခါ ဖြစ်လာတဲ့အိပ်မက်တွေက စကြာဝဠာ တစ်ခုလုံးကို သက်ရောက်စေတယ်။ ကျုပ်တို့က သူ့အိပ်မက်ထဲက အစာစားချင်စိတ်ကို ဖြည့်ဆည်းပေးနေတဲ့ အိပ်မက်နတ်ဆိုးလေးတွေပေါ့။”
ယင်ကောင်က မောဟိုက်သွားဟန်နဲ့ အသက်ကိုရှုထုတ်တယ်။ ဒါပေမဲ့ စကားက ဆုံးသေးဟန်မပေါ်။
“လူတွေက အိပ်မက်ဆိုးနဲ့ကြုံတဲ့အခါ လန့်နိုးလာတတ်တယ်။ ကျုပ်တို့ပိုးကောင်တွေက အပြစ်သားသခင်ကြီးရဲ့အိပ်မက်ထဲက လိုအင်ဆန္ဒကို မဖြည့်ဆည်းနိုင်ရင် အပြစ်သားသခင်ကြီးနိုးထလာလိမ့်မယ်။ ဒီတော့ သူ့အလိုဆန္ဒအတွက် အဆက်မပြတ်နယ်မြေချဲ့တွင်ပြီး အဖျက်အဆီးတွေကိုလုပ်ဆောင်နေရတာပဲ။ ဒါပေမဲ့ အိပ်မက်က သူကိုယ်တိုင်ထက်အားပျော့တော့ ဒီစကြဝဠာကို ဘယ်တော့မှ အမှန်တကယ်မသိမ်းပိုက်နိုင်သလို ဘယ်တော့မှလည်း စားသုံးနိုင်မှာမဟုတ်ဘူး။ ဒါက ဖန်ဆင်းရှင်ဖန်တီးခဲ့တဲ့ မျှခြေပဲ။ ဖက်ဒရေးရှင်းနဲ့ပိုးကောင်အင်ပါယာပေါ့။”
ဥစာကီက သူ့ကိုယ်သူ စစ်တုရင်ဘုတ်ပြားပေါ်က ဘုရင်မရုပ်တစ်ရုပ်လို စတင်ခံစားလာရတယ်။ ကစားနေသူတွေက အပြစ်သားသခင်ကြီးနဲ့ ဖန်ဆင်းရှင်ပေါ့။
“ဒါပေမဲ့ အခုဆိုရင် တခြားစကြဝဠာကလို့ ယူဆရတဲ့ အိုမီဂါဇစ်မြစ်တစ်ခုရောက်လာပြီ။ အဲဒီအရာကသာ အရှင်မကိုအနိုင်ရပြီး ပိုးကောင်မျိုးနွယ်ဆိုတဲ့ အိပ်မက်ကို ရပ်တန့်စေခဲ့မယ်ဆိုရင်...”
“အပြစ်သားသခင်ကြီး ပြန်နိုးထလာလိမ့်မယ်။”
ဥစာကီကိုယ်တိုင်လည်း ထရပ်လိုက်တယ်။ သူ့ကျောက အတောင်ပံတွေက ပိုလင်းလာတယ်။ သူ့ကိုယ်သူ ဆင့်ကဲပြောင်းလဲခြင်းကနေ တားဆီးမနေတော့ဘူး။ သူ့ခန္ဓာကိုယ်က ပိုမိုတောက်ပလာပေမဲ့ သူ့စိတ်အစဥ်က ပိုပြီးမှောင်မိုက်လာပါတယ်။
သူ့ကိုယ်သူ အသူရာချောက်နက်ထဲကနေ ချောက်ကမ်းပါးအပေါ်ကို လှမ်းကြည့်နေသူလိုမျိုး ခံစားမိတယ်။ သူ့ကို တွင်းနက်ထဲကနေ ကယ်ထုတ်မယ့်သူမရှိသလို တွင်းနက်ထဲကနေ တက်လို့ရမယ့် နည်းလမ်းလည်းရှိမနေပါဘူး။ သူဟာ တွင်းနက်ထဲမှာ ထာဝရတစ်ကိုယ်တည်းဖြစ်နေတော့မှာ။
“ချစ်ရသူတွေကို အပြစ်သားသခင်ကြီးရဲ့ဘေးကနေ ကာကွယ်ဖို့ဆိုရင်....”
ဥစာကီက အခန်းအပြင်ကို ခြေတစ်လှမ်းလှမ်းလိုက်တယ်။ “ငါအမုန်းခံရလည်း ထိုက်တန်ပါတယ်။”