မူလစဦးနံရံ
Vol. 21 Ch. 293
စိန်းထိုက်ယွမ် စကားပြော၍ ပြီးဆုံးသွားသည်နှင့် ခန်းမအတွင်းရှိ အနေအထားမှာ တော်တော်လေး အဆင်မပြေ ဖြစ်သွားခဲ့သည်။ တပည့်အသစ်များက တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်လိုက်ကြပြီး စီနီယာ တပည့်များ၏ အမှုအယာမှာ တော်တော်လေး ပျက်ယွင်းနေပေသည်။
သည်ကိစ္စက တော်တော်လေး အရှက်ရစရာ ကိစ္စဖြစ်သည်။
တောင်ထွတ်တစ်ခုဆီမှ တပည့်ခေါင်းဆောင်များသာ ပိုင်ဆိုင်ခွင့်ရသည့် အလွန်တန်ဖိုးရှိသော ကျင့်စဉ်မှာ ယခုအချိန်တွင် ရွေးချယ်ခံတပည့်ဆယ်ယောက်လုံး ပိုင်ဆိုင်ခွင့်ရသော ကျင့်စဉ်တစ်ခု ဖြစ်နေပေသည်။
သို့သော်လည်း သူတို့၏ စိတ်အတွင်း၌ မည်မျှပင် အရှက်ရနေပါစေ သည်အခြေအနေနှင့် ပတ်သတ်ပြီး သူတို့အားလုံး အကူအညီမဲ့နေကြပေသည်။ တကယ်တော့ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်အချို့မှာ အခြားသော တောင်ထွတ်ခြောက်ခုမှ သူများနှင့် နှိုင်းယှဉ်လျှင် တော်တော်လေးကို ချို့တဲ့ပေသည်။ မဟုတ်လျှင် သူတို့၏ မူလသူတော်စင်တောင်ထွတ်မှာ ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်နေရာတွင် တစ်နေရာမျှပင် မရပဲ နေလိမ့်မည် မဟုတ်ပေ။
သူတို့အနေဖြင့် သည်တစ်ခေါက် မျိုးဆက်တွင် တပည့်ခေါင်းဆောင် မရွေးချယ်ရသေးသော်လည်းပဲ…
ကန်ရွှမ်းကလန်၏ များစွာသော အတွင်းတောင် တပည့်များကြားတွင် ပြောနေကြသည့် ဟာသတစ်ခု ရှိပေသည်။
မျိုးဆက်တိုင်းတွင် ကြီးမြတ်သော အရွေးချယ်ခံဆယ်ယောက်၏ ပထမဆုံး လုပ်ဆောင်ရမည်မှာ မူလသူတော်စင်တောင်ထွတ်ကို သွားရောက်စိန်ခေါ်ပြီး အလုံးစုံသော သူတော်စင်ဝိညာဉ် ဝိဇ္ဖာပညာကို ယူဆောင်ခြင်း…
ထို ဟာသအရ မူလသူတော်စင်တောင်ထွတ်မှာ မည်မျှ သနားစရာကောင်းသည်ကို လူတိုင်း သိနိုင်ပေသည်။
ခန်းမ၏ အမြင့်ဆုံးတွင် တည်ရှိသော စိန်းထိုက်ယွမ်၏ အမှုအယာမှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာခဲ့သည်။ ထိုအရာက ရှက်စရာဖြစ်သော်လည်းပဲ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူအနေဖြင့် ကျင့်သားရကာ ထုံနေပြီဖြစ်သည်။
သို့သော်လည်း စိန်းထိုက်ယွမ်တွင် ထိုအခြေအနေအား ပြောင်းလဲပစ်ရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ ထိုအပြင် ကန်ရွှမ်းကလန်မှ အခြားသော အကြီးအကဲများနှင့် ဆုံတွေ့ပါက သူ့တွင် မည်သည့် ဂုဏ်ယူစရာမျှ မရှိဟု ခံစားနေရပေသည်။
ထိုကြောင့် သူက ဇူယွမ်အား လွန်စွာ တန်ဖိုးထားနေခြင်း ဖြစ်သည်။
တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံတစ်ယောက်က သူတို့၏ မူလသူတော်စင်တောင်ထွတ်ကို လာရောက်ရန် မလွယ်ကူပေ။ စိန်းထိုက်ယွမ်က ဇူယွမ်မှာ ချူးချင်းလောက် အံအားသင့်စရာကောင်းအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု မမျှော်လင့်သော်လည်း အနည်းဆုံးတော့ သူတို့ မူလသူတော်စင်တောင်ထွတ်၏ အလုံးစုံသော သူတော်စင်ဝိညာဉ် ဝိဇ္ဇာပညာအား အခြား အရွေးချယ်ခံများ လွယ်ကူစွာ ယူဆောင်မသွားနိုင်အောင် စွမ်းဆောင်နိုင်ရန်တော့ မျှော်လင့်ပေသည်။
စိန်းထိုက်ယွမ်က ဇူယွမ်ကို နက်နက်ရှိုင်းရှိုင်းကြည့်နေခဲ့ပြီး သူ၏ ဆိုလိုရင်းမှာ အလွန့်ကို ထင်ရှားပေသည်။
ကလေး… ငါမင်းကို အများကြီး မျှော်လင့်ထားခဲ့တာ…
စိန်းထိုက်ယွမ်၏ အကြည့်ကို မြင်သောအချိန်န်တွင် ဇူယွမ်၏ မျက်လုံးထောင့်စွန်းမှာ တွန့်သွားခဲ့သည်။ ကျွန်တော် ဒီကိုလာခဲ့တာက မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း ချိတ်ပိတ်ထားခဲ့တဲ့ ဒုတိယမြောက် သူတော်စင်စာလုံးကို ရယူဖို့ပဲ။ ကျွန်တော်ကို ဖိအား အများကြီး မပေးလို့ ရမလား…
သို့သော်လည်း သူက မည်သည်မှတော့ မပြောပေ။ သူ့အနေဖြင့်လည်း အလုံးစုံသော သူတော်စင်ဝိညာဉ် ဝိဇ္ဇာပညာရပ်အား တော်တော်လေးကို စိတ်ဝင်စားပေသည်။
ထိုကျင့်စဉ်မှာ ကန်ရွှမ်းကောင်းကင်ဒေသတွင် အဆင့်မြင့် ကောင်းကင်အဆင့်ကျင့်စဉ် ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ထိုအရာကို သင်ယူရန် အတော်လေးကို စိတ်ဝင်စားပေသည်။
တကယ့်ကိုပင် သူ၏ နှလုံးသား၏ နက်ရှိုင်းသော တစ်နေရာ၌ သေးငယ်သော ငွေမျှင်ရောင် စိတ်ဆန္ဒလေး ရှိပေသည်။ ထိုဝိဇ္ဇာပညာရပ် ခုနှစ်ခုအား ပေါင်းစပ်ပြီးမှ ရလာသော သူတော်စင်အဆင့် မူလကျင့်စဉ်မှာ မည်သို့သော စွမ်းအားမျိုး ရှိမည်နည်း…
သို့သော်လည်း ထို ဝိဇ္ဇာပညာရပ်ခုနှစ်ခုကို ပေါင်းစပ်ရန်မှာ လွန်စွာ ခက်ခဲသော အလုပ်ဖြစ်ပေသည်။
ကြားရသလောက်ဆိုလျှင် ကြီးမြတ်သော ရွေးချယ်ခံဆယ်ယောက်၏ ထိပ်ဆုံးတွင် ရှိသော ချူးချင်းပင်လျှင် ယခုထိ ဝိဇ္ဇာပညာရပ် ငါးခုသာ ရရှိသေးသည် မဟုတ်ပါလော။ သူထင်တာမမှားဘူးဆိုလျှင် ကျန်သော နှစ်ခုမှာ ဓားကပ်ဘေးတောင်ထွတ်နှင့် နှင်းပဒုမ္မာတောင်ထွတ်မှ ဖြစ်ရပေမည်။
ထိုတောင်ထွတ်နှစ်ခု၏ တပည့်ခေါင်းဆောင်များမှာ ဒုတိယနေရာမှာ ခုန်းစိန်နှင့် တတိယနေရာမှာ လီချင်းချန်ဖြစ်သည်။
သူတို့နှစ်ယောက်၏ အံ့မခမ်း သန်မာမှုနှင့် ချူးချင်၏ သန်မာမှုကြားတွင် ကွာခြားမှု အနည်းငယ်ရှိမည်မှာ မှန်သော်လည်း စိန်ခေါ်ခံရသူများ၏ အားသာချက်ဖြစ်သော မိမိတောင်ထွတ်တွင် လက်ခံယှဉ်ပြိုင်ရခြင်းကြောင့် ရရှိမည့် မူလချီစွမ်းအားက သူတို့အကြားရှိ ကွာခြားချက်ကို ကောင်းစွာ ဖြည့်စည်းပေးရန် လုံလောက်ဟန်ရသည်။
ထိုကြောင့် ချူးချင်းက ခုန်းစိန်နှင့် လီချင်းချန်တို့အား အနိုင်မယူနိုင်သေးခြင်း ဖြစ်ရပေလိမ့်မည်။
ရည်မှန်းချက် မီးတောက်များက ဇူယွမ်၏ မျက်ဝန်းတွင် စတင်ပြီး တဖြည်းဖြည်း တောက်လောင်လာခဲ့သည်။ ဝိဇ္ဇာပညာရပ်ခုနှစ်ခုအား စုစည်းရန်မှာ ဝေးကွာလွန်းသော်လည်း ယခုအချိန်တွင် သူ့အတွက် လုပ်ဆောင်ရန် လိုအပ်သည်မှာ တစ်လှမ်းချင်း တက်လှမ်းရန်ဖြစ်သည်။
“ဟုတ်ပြီ နောက်နေ့တွေမှာလည်း ဒီလိုဆွေးနွေးမှုတွေကို ဆက်လုပ်သွားမှာ ဆိုတော့ ဒီနေ့ရဲ့ မနက်ခင်း အတန်းကို စလိုက်ကြရအောင်”
စိန်းထိုက်ယွမ်က ခန်းမတစ်ခုလုံးကို ဖြတ်ကြည့်လိုက်သောကြောင့် ဆူညံသံများ ဆိတ်သုန်းသွားပြီးနောက် သူက တပည့်အသစ်များထံသို့ လှမ်းကြည့်လိုက်သည်။ “မကြာသေးခင်ကမှ ငါတို့နဲ့ ပူးပေါင်းခဲ့သူများအတွက်တော့ မနက်ခင်း အတန်းကို ကောင်းကောင်း အသုံးချသင့်တယ်။ သည်လေ့ကျင့်ချိန်က မင်းတို့အားလုံးကို တော်တော်လေး အကျိုးရှိစေလိမ့်မယ်။”
သူ၏ စကားများ အဆုံးသတ်သွားသည်နှင့် အနားသတ်မဲ့သော မူလချီများက စိန်းထိုက်ယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်မှာပဲ ဇူယွမ်တို့လူစုက များစွာသော အလင်းတန်းများက ရှေးဟောင်းဖျာများမှ ထိုးတက်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို လွှမ်းခြုံသွားသည်ကို ခံစားမိလိုက်သည်။
“ဒါက…” ဇူယွမ်က အလင်းတန်းထဲတွင် ပါဝင်နေခဲ့သည့် ထူးခြားသော စွမ်းအင်တစ်မျိုးကို အာရုံခံနိုင်ခဲ့ပေသည်။ ထိုအရာမှာ အလွန်နည်းပါးသော်လည်းပဲ စိတ်ဝိညာဉ်စွမ်းအားနှင့် အနည်းငယ် ဆင်တူပေသည်။
တပည့်အသစ်များက ထိုမြင်ကွင်းက ဘာလဲဆိုသည်ကို သိချင်စိတ် ပြင်းပြနေခဲ့ကြသည်။
အရှေ့တွင် ရှိနေသည့် စီနိယာတပည့်များကတော့ သူတို့၏ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် သူတို့၏ မျက်ခုံးနှစ်ခုအကြားရှိ စိတ်ဝိညာဉ်များမှာ တောက်ပလာခဲ့တော့သည်။ သူတို့အားလုံးက ကျင့်ကြံချင်းအခြေအနေသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့ပြီး မူလစဦး ကောင်းကင်ဆီသို့ ဦးတည်ကာ မူလစဦးချီများကို ပြန်လည် သယ်ယူနေကြသည်။
“လူတိုင်းရဲ့ စိတ်ဝိညာဉ်ကို အားဖြည့်ပြီး မြှင့်တင်ပေးနေတာပဲ…” ဇူယွမ်က စိတ်ထဲမှ အံ့အားသင့်စွာ မှတ်ချက်ချလိုက်သည်။ စီနီယာတပည့်များက သူတို့၏ စိတ်ဝိညာဉ်များကို နိူးဆွနေစဉ်တွင် ဇူယွမ်မှာလည်း သူ၏ စိတ်ဝိညာဉ်မှာ တက်ကြွလာသည်ကို ခံစားမိလိုက်သည်။
ဇူယွမ်သည် ခဏမျှ တွေးတောနေခဲ့ပြီးနောက် ခဏအကြာတွင် သူ၏မျက်လုံးကို မှိတ်လိုက်သည်နှင့် မဆိုင်းမတွပင် သူ၏ စိတ်ဝိညာဉ်မှာ တုန်ခါလာခဲ့သည်။
သူ၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး လေထဲသို့ ထိုးတက်သွားခဲ့သည်။ ထိုနောက် ချက်ချင်းပင် အံ့အောတုန်လှုပ်ဖွယ်ကောင်းစွာဖြင့် မူလစဦးကောင်းကင်ဆီသို့ တက်လှမ်းသွားခဲ့သည်။
မူလစဦးကောင်းကင်သည် မူလစဦးချီနှင့်တူသည့် ကမ္ဘာကြီး၏ အဆီအနှစ်များနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း သူ၏ စိတ်ဝိညာဉ်ကို ဆုတ်ဖြဲမည့် နက္ခက်တာယာ လေပြင်းများလည်း ရှိနေခဲ့သည်။
ဇူယွမ်၏ စိတ်ဝိညာဉ်မှာ လေထဲတွင် ရပ်တန့်လိုက်ပြီး သူ၏ လက်များက အပေါ်သို့ မြောက်တက်လာခဲ့သည်။ သူ၏ စိတ်ဝိညာဉ်ပတ်ပတ်လည်တွင် မသဲကွဲသော အလင်းများ ဝန်းရံနေသည်ကို တွေ့လိုက်ရပြီး ထိုအလင်းများက သူစိတ်ဝိညာဉ်ကို အားဖြည့်ပေးနေရုံမျှမက မူလစဦးကောင်းကင်ထဲရှိ နက္ခက်တာယာ လေပြင်းများထံမှလဲ ကာကွယ်ပေးနေပေသည်။
“ဒါဆို မူလစဦးကျောက်ထရံကြီးနဲ့ ဖျာတွေက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို တိုးစေပြီး အကာအကွယ်ပေးနိုင်တဲ့ မူလရတနာတွေပေါ့။ သည်အရာတွေက ငါတို့ကို မူလစဦးကောင်းကင်မှာ အချိန်ကြာကြာနေနိုင်စေပြီး မူလစဦးချီအများအပြားကိုလဲ ပြန်လည်သယ်ဆောင်သွားစေနိုင်တယ်။ ”
ဇူယွမ်က လျှင်မြန်စွာ နားလည်သဘောပေါက်သွားပြီးနောက် ပျော်ရွင်သွားခဲ့သည်။ ဒါက မနက်ခင်း အတန်းရဲ့ အကျိုးကျေးဇူးတွေလား။ သည်လိုသာ ဆိုပါက မူလစဦးချီများကို ပိုမိုသယ်ဆောင်လာနိုင်တော့မည် ဖြစ်သည်။
ထိုသို့ တွေးပြီးသည်နှင့် သူမှာ နောက်ထပ်တုန့်ဆိုင်း မနေတော့ပေ။ အတွေးတစ်ချက်နှင့်အတူ စိတ်ဝိညာဉ်စွမ်းအားများမှာ အပြင်သို့ ထွက်လာပြီး ကြီးမားသော လက်ကြီးများအသွင်သို့ ပြောင်းလဲကာ ပတ်ဝန်းကျင်ရှိ မူလချီများကို ဆွဲယူလိုက်တော့သည်။
သူ၏ စိတ်ဝိညာဉ်အားများ များစွာတိုးပွားလာခြင်းက ဇူယွမ်ကို ပိုမိုထိရောက်စေခဲ့သည်။ မူလစဦးချီများကို တမျှင်ပြီး တစ်မျှင် စုဆောင်းလာခဲ့ပြီးနောက် သူ့စိတ်ဝိညာဉ်နံဘေးရှိ စွမ်းအင်စီးကြောင်းမှာ တိုးပွားလာခဲ့ပြီး ဖြည်းဖြည်းချင်း မုန်တိုင်းအသွင်သို့ ပြောင်းလဲလာခဲ့သည်။
ထိုအမြန်နှုန်းက ဇူယွမ်ကို လန်းဆန်းစေခဲ့သည်။
“ဒီတစ်ခေါက်မှာ နောက်ဆုံးအချိန်ထိ အသက်ရှိုက်စာ အကြိမ်ဘယ်လောက်များများ မူလစဦးချီတွေကို သယ်ဆောင်နိုင်မလဲ သိချင်မိတယ်။”
အပြင်ဘက်တောင်တွင် မုလစဦးချီများကို ဇူယွမ်ပထဆုံးအကြိမ် ပြန်လည်သယ်ဆောင်သော အချိန်တွင် အသက်ရှိုက်စာ အကြိမ် (၂၃၀၀) ကျော်အထိ ကြာမြင့်ခဲ့ပေသည်။ သူ့အနေဖြင့် ပိုမိုကျွမ်းကျင်လာသည်နှင့်အမျှ နောက်ဆုံးတစ်ခေါက်တွင် အသက်ရှိုက်စာ (၃၀၀၀) အထိ ကြာမြင့်ခဲ့ပေသည်။
သည်တစ်ခေါက် စိတ်ဝိညာဉ်၏ သန်မာမှုနှင့်ဆိုလျှင် မူလစဦးချီများကို ဘယ်လောက်အသက်ရှိုက်စာအထိ သယ်ဆောင်နိုင်မလဲဆိုသည်ကို သိချင်နေသည်မှာ တရွရွပင် ဖြစ်နေပေသည်။
…
ခန်းမတစ်ခုလုံး ငြိမ်းချမ်းစွာ တိတ်ဆိတ်နေပေသည်။
များစွာသော တပည့်များသည် သူတို့၏ မျက်လုံးများကို မှိတ်ကာ ကျင်ကြံနေကြပြီး သူတို့မျက်ခုံးကြားရှိ စိတ်ဝိညာဉ်မှာလည်း တောက်ပနေပေသည်။ ထိုသင်္ကေတမှာ သူတို့အားလုံး မူလစဦးကောင်းကင်မှ မူလချီများကို သယ်ဆောင်နေကြခြင်းပင် ဖြစ်ပေသည်။
အထက်တွင်ရှိနေသော စိန်းထိုက်ယွမ်က အားလုံးကို လိုက်ကြည့်နေခဲ့ပြီးနောက် ဇူယွမ်ထံသို့ အရောက်တွင် သူ၏ အကြည့်များမှာ ရပ်တန့်သွားခဲ့သည်။
“မူလစဦးကျောက်ထရံနဲ့ အချိန်မဲ့ဖျာ တို့ရဲ့ အားဖြည့်ပေးမှုကနေ သည်ကောင်လေး မူလစဦးချီ ဘယ်လောက်များများး ပြန်သယ်လာနိုင်မလဲ ငါတကယ်သိချင်မိတယ်”
တစ်ခေါက်တွင် မူလစဦးချီ များများ သယ်ဆောင်လာနိုင်လေ လူတစ်ယောက်က မူလစဦးအဆင့်တွင် လျှင်မြန်စွာ တိုးတက်လေဖြစ်သည်။ ဤသည်မှာလည်း လူတစ်ဦးတစ်ယောက်၏ အလားအလာကို ဆုံးဖြတ်နိုင်သော တစိတ်တပိုင်းဖြစ်သဖြင့် ထိုအခွင့်အရေးကို အသုံးချက ဇူယွမ်ကို စစ်ဆေးလိုခြင်း ဖြစ်ပေသည်။
ထိုအရာပေါ်အခြေခံ၍ အားလုံးကို ဝေဖန် မသုံးသပ်နိုင်သော်လည်း အနည်းဆုံးတော့ ဇူယွမ်၏ အလားအလာမှာ အထွတ်အထိပ်တွင်ရှိမလား သိနိုင်ပေသည်။
စိန်းထိုက်ယွမ်က တောက်ပနေသော ခန်းမ၏ နံရံများဆီသို့ လှမ်းကြည့်ရှုလိုက်သည်။ ထိုအရာကို အနီးကပ်ကြည့်ပါက ထိုအပေါ်တွင်ရှိနေသော နာမည်များကို တွေနိုင်မည်ဖြစ်သည်။
ထိုအရာကို မူလစဦးနံရံများဟုခေါ်ပြီး များစွာသော မူလသူတော်စင် တောင်ထွတ်မှ တပည့်များ၏ မူလစဦးကျောက်ထရံနှင့် အချိန်မဲ့ဖျာကို အသုံးပြုကာ ပထမဆုံးအကြိမ်တွင် မူလစဦးချီများ အသက်ရှိုက်စာ အချိန်ဘယ်လောက် ကြာအောင် သယ်ဆောင်နိုင်သလဲဆိုသည်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
စိန်းထိုက်ယွမ်၏ မှတ်ဉာဏ်ထဲတွင် များစွာသော အံ့မခမ်းတပည့်များ ထွက်ပေါ်လာခဲ့သည့် မူလသူတော်စင်တောင်ထွတ်၏ ရွှေရောင်အချိန်များ ပြန်လည် ပေါ်လာခဲ့သည်။ နံရံပေါ်မှ ပထမတပည့် ဆယ်ယောက်သည် အနည်းဆုံး အသက်ရှိုက်စာ (၆၀၀၀) နီးပါးအချိန်အထိ ကြာမြင့်ခဲ့ပေသည်။
သို့သော်လည်း မူလသူတော်စင်တောင်ထွတ်အဆင့်၏ အဆင့်အတန်းမှာ နောက်ပိုင်းတွင် ကျဆင်းလာခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ ပထမဆယ်နေရာသို့ မဝင်ရောက်ခဲ့သည့်… တော်တော်လေး အဆင်မပြေခဲ့သော အခြေအနေဖြစ်သည်။
စိန်းထိုက်ယွမ်မှာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီးနောက် ဇူယွမ်ကို အားတင်းကာ ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။
“ဇူယွမ်။ ဒီတစ်ခေါက် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံက ဘယ်လောက် အစွမ်းအစရှိကြောင်း ပြစမ်းပါကွာ…”