← Chapters

ဒေါသထွက်တတ်တယ်

Vol. 001 Ch. 28

ဒေါသထွက်တတ်တယ်

Vol. 001 Ch. 28

နှင်းပွင့်များက ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏အနားတွင် ပျံဝဲနေကြဆဲဖြစ်သည်။

ဟွာဂျီယူက ရီဖူရှင်းအတွက် ရပ်တည်ပေးမည်ဟု မည်သူကမှ မထင်မှတ်ခဲ့ကြပေ။ အထူးသဖြင့် သူမက ရီဖူရှင်းအား ကာကွယ်သည်သာမက ရီဖူရှင်းအတွက် ကျောင်းတော်၏ ကျောင်းအုပ်ထဲမှ တစ်ယောက်အား တိုက်ရိုက်အားဖြင့် ခြိမ်းခြောက်လိုက်သေးသည်။

ကျောင်းသားအများစုမှာ အသည်းကွဲကြလေ၏။ သူတို့က ဒိတ်လုပ်ပြီးနေပြီလား...။ တစ်ယောက်နှင့်တစ်ယေက် ချစ်နေပြီလား... စသော အတွေးများစွာက သူတို့၏ စိတ်နှလုံးများအား ညှိုးနွမ်းစေသည်။

သို့သော်လည်း သူတို့၏ အမြင်များကား အနည်းငယ် ပြောင်းလဲခဲ့ပြီဖြစ်သည်။ သူတို့က ဟွာဂျီယူ အတွက် စိတ်မကောင်း မဖြစ်ကြတော့ပေ။ အမှန်တကယ်တွင်လည်း ရီဖူရှင်းသည်သာ သူမနှင့်ထိုက်တန်သော တစ်ဦးတည်းသောသူ ဖြစ်သည်ကို သူတို့ နားလည်နေကြပြီ ဖြစ်သည်။

သူတို့ မသိလိုက်စဉ်မှာပင် တိုက်ပွဲအပြီးတွင် ရီဖူရှင်းအပေါ် သူတို့၏အမြင်မှာ လုံးဝ ပြောင်းလဲခဲ့ပြီဖြစ်သည်။ သူကား အခုအချိန်တွင် သူတို့၏အတွေးထဲမှ ထူးချွန်သော ပါရမီမြင့်သော သင်္ကေတ တစ်ခု ဖြစ်နေပေပြီ။

ရီဖူရှင်းအား အထင်သေးခဲ့ကြသော ယန်ဇူနှင့် လင်းရှာတို့ပင်လျှင် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့ သရော်ခဲ့ဖူးသော ရယ်မောခဲ့ဖူးသောသူမှာ ယခုတွင် မှော်ထိန်းချုပ်သူအား တိုက်ခိုက်အနိုင်ယူပြီး ကျောင်းတော်၏အရေးပေးမှုကို ငြင်းပယ်ကာ တရားဝင် ကျောင်းသားဖြစ်ရန် ငြင်းဆန်ခဲ့သူဖြစ်သည်။ သူကား သူတို့ကို မည်သည့်အချိန်ကမှ အလေးထားခဲ့ဟန် မတူပေ။

ဖန်းရှင်းဇွီကလည်း ရီဖူရှင်းနှင့် ဟွာဂျီယူအား စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများကား စိုစွတ်နေပုံရသည်။ ရီဖူရှင်းကဲ့သို့ ထူးချွန်သောသူမှာလည်း ကျောင်းတော်၏ အလှနတ်ဘုရားမလေး ဟွာဂျီယူနှင့်သာလျှင် ထိုက်တန်သည်ဟုလည်း သူမက တွေးလိုက်သည်။ ယခုကား သူမက ရီဖူရှင်းအတွက် မသင့်တော်သလို ခံစားရကာ ဝမ်းနည်းသောစိတ်အား ထိန်းချုပ်မရတော့ပေ။

ရှီဇောင်ကလည်း ဟွာဂျီယူက ရီဖူရှင်းအတွက် ရပ်တည်ပေးမည်ဟု မည်သို့မျှ မထင်မှတ်ခဲ့ပေ။ သည်ကောင်လေးအတွက် သူမက သူ့အားပင်လျှင် ခြိမ်းခြောက်လိုက်သေးသည်။ သူကား စိတ်အနည်းငယ် လှုပ်ရှားသွားကာ တံတွေးတစ်ချက် မျိုလိုက်သည်။ သံသယဖြစ်စရာ မလိုအောင်ပင် လူငယ်များအကြားမှ ချစ်ခြင်းမေတ္တာမှာ ဟွာဂျီယူကဲ့သို့ ညဏ်ကောင်းသည့် မိန်းကလေးကိုပင် ဘာမှ မမြင်အောင် ဝါးမျိုသွားနိုင်ပေသည်။

"ဟွာဂျီယူ... ဒါကမင်းနဲ့ ဘာမှ မဆိုင်ဘူး... ဘေးဖယ်နေ..." ရှီဇောင်က သူမအား ညင်သာစွာ ပြောလိုက်သည်။ သည်ကောင်မလေးနှင့် သူမ၏မိသားစု မည်မျှ အင်အားကြီးသည်ကို သူသိသည် ထို့ကြောင့် ခြိမ်းခြောက်ခံခဲ့ရသည့်တိုင် သူက သူမအား ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံရဲပေ။

"ရှင် ကျွန်မပြောတာ နားမလည်ဘူးမလား..." သူမ၏အသံများက တဖြည်းဖြည်း အေးစက်လာသည့် တိုင်အောင် လှပစွာ ပြုံးထားဆဲပင်။ သူမကား ရှီဇောင်ကို လူပုံအလယ်တွင် အမှန်ပင် အရှက်ခွဲနေခြင်း ဖြစ်သည်။

ရှီဇောင်ကား ပိုမို၍ပင် စိတ်ပျက်လာကာ ထိုခံစားချက်များအား ထပ်မံ၍ ဖုံးကွယ်ရန် မကြိုးစားတော့ပေ။ သည်မိန်းကလေးမှာ မည်မျှပင် တစ်မူထူးနေပါစေ သူကား ကျောင်းတော်၏ ကျောင်းအုပ် တစ်ယောက်ပင် ဖြစ်သည်။ သည်နေရာတွင် သူက လူကြီးဖြစ်သည်။ သူ၏စိတ်ပျက်မှုများကား ကျောင်းသား အများအပြား၏ရှေ့တွင် ဤငယ်ရွယ်သော မိန်းမပျိုတစ်ဦး၏ ခြိမ်းခြောက်မှုကို နှစ်ကြိမ်ခံရခြင်းမှ လာသည်။

"နားထောင်စမ်း... ဒီကိစ္စက ကျောင်းတော်က ဖြေရှင်းရမည့် ကိစ္စပဲ... နင့်အဖေတောင် ဝင်စွက်ဖက်လို့မရဘူး..." ရှီဇောင်၏အသံက အနည်းငယ် မာကျောလာသည်။

ဟွာဂျီယူကား အနည်းငယ်မျှပင် နောက်ဆုတ်မည့်ပုံ မပေါ်ပေ။ သူမက ဆက်ပြောလိုက်သည်..." ဒါဆို ရှင်က ရှင့်ရဲ့ဆုံးဖြတ်ချက်ကို လုံးဝနောင်တမရဘူးဆိုတဲ့ သဘောလား... ဟုတ်လား..."

"သေချာတာပေါ့..." ရှီဇောင်က ပြန်ပြောလိုက်သည်။ "ရီဖူရှင်းက ဒီကျောင်းတော်မှာ ပျိုးထောင်ခဲ့တဲ့ ပါရမီနဲ့ ဒီကျောင်းတော်ကို သစ္စာဖောက်ခဲ့တယ်... သူက တကယ်လို့ ဟိုင်ရန်ကျောင်းတော်ကို တက်ရောက်ပြီး ဒီကို ပြန်လာတိုက်ခိုက်ရင် ထိခိုက်ပျက်စီးမှုများမှာပဲ... ငါတို့ ကြိုတင်ကာကွယ်ဖို့ လိုတယ်..."

+

ဟွာဂျီယူကား ရှီဇောင်၏စကားများအား ရယ်ချင်သည်။ သူတကယ် ပြောနေတာလား... သူမက တွေးလျက် ရယ်ချင်သော အမူအရာကိုပင် ထိန်းချုပ်ရန် မကြိုးစားတော့ပေ။

"ကျွန်မက ရှင့်ကို အမှားပြင်ဖို့ အခွင့်အရေးပေးခဲ့တယ်... ဒါပေမဲ့ အခုမရတော့ဘူး..." သူမက မိမိကိုယ်ကို ရေရွတ်လိုက်သည်။ သူမက ထိုသို့ ပြောပြီးသည်နှင့် သူမ၏ပတ်ဝန်းကျင်ရှိ နှင်းပွင့်များ ရုတ်တရက် အေးခဲသွား၏။ ထိုပတ်ဝန်းကျင်ရှိလေများ ပို၍ ပြင်းထန်စွာ တိုက်ခိုက်လာနေသည်။ လူတိုင်းက အေးစက်သော ခံစားချက်အား ခံစားလိုက်ရသည်။ လူတိုင်းက ထိုအခြေအနေမှာ ဆိုးရွားသော ရာသီဥတုအား အပြစ်တင်နိုင်သော်လည်း သည်ခံစားချက်မှာ အမှန်တကယ်ကား သည်လှပသော မိန်းမပျိုကလေး၏ ဒေါသကြောင့် ဆိုသည်ကို သိကြသည်။

"ဘယ်သူ့စွမ်းအင်ကို မင်းက ဖယ်ရှားချင်တာလဲ..."

ထိုစဉ် အဝေးတစ်နေရာမှ အေးစက်သော လေသံ တစ်သံ ထွက်လာသည်။ မျှော်ကြည့်လိုက်လျှင် နှင်းခဲများ ဖုံးလွှမ်းသောကြောင့် ဆွတ်ဆွတ်ဖြူနေသော သစ်ပင်များအကြားမှ လမ်းကလေးတစ်လမ်း ရှိသည်။ ထိုလမ်းကလေးမှ တစ်စုံတစ်ယောက်က သူတို့ထံ လှမ်းလာနေသည်။

ထိုလူကား အဖြူရောင်သိုးမွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များက သူ၏ ပခုံးတစ်ခုလုံးကို ပြန့်ကျဲနေသည်။

ထို သက်လတ်ပိုင်း လူကား စာပေသမားနှင့်တူကာ အလွန် ချောမောခန့်ညား၏။ သူကား ဖြည်းညင်းစွာ လှမ်းလာနေသော်လည်း သူ၏ခြေလှမ်းများမှာ ထိုပတ်ဝန်းကျင်မှ လူများအားလုံးကို မှော်ဆန်စွာ ညှို့ယူစေနိုင်ပုံ ရလေသည်။

အမှန်တကယ်ကား သူကား သူ၏ခြေလှမ်းများက နှေးသလို ထင်ရသော်လည်း အလွန် မြန်ဆန်သည်ကို တွေ့ရသည်။ ခဏအတွင်းမှာပင် သူကား လူအုပ်ကြီး အနီးသို့ ရောက်လာကာ လူတိုင်းက သူ၏ရုပ်သွင်အား ရှင်းလင်းစွာ ကြည့်ခွင့် ရလေသည်။

"ဒီလူကြီးမင်းက ကမ္ဘာပေါ်မှာတော့ ပြိုင်ဘက်ကင်း ဖြစ်မယ်..." လူတိုင်းက ထိုလူ၏ အလွန် ချောမော ခန့်ညားသော ရုပ်သွင်အား အထင်တကြီး ကြည့်မိကြသည်။ သူ၏ ရုပ်ရည်သွင်ပြင်နှင့် အမူအရာမှာကား အလွန်ပြည့်စုံလှသည်။ သူကား ငယ်ရွယ်စဉ်က မိန်းကလေးများစွာ၏ စိတ်ကူးယဉ်သောသူ ဖြစ်မည်မှာ သေချာ လှပေသည်။

"ဟွာဆရာ..." ကျောင်းတော်၏ ကျောင်းအုပ်များ။ ခေါင်းဆောင်များ အားလုံးက နှုတ်ဆက်လိုက်ကြသည်။ သို့သော် ရှီဇောင်ကား ထိုလူရောက်လာသည်ကို စိတ်ပျက်သွားပုံရ၏။

ချင်းကျူကျောင်းတော်မှ ကျောင်းသားများမှာ ကျောင်းအုပ်များ ကိုယ်တိုင်က လေးစားစွာဖြင့် ဟွာဆရာဟု ခေါ်သည်ကို မြင်ကာ အံ့အားသင့် သွားကြသည်။ သူကား မည်သူနည်း။

"အဖေ..." ဟာဂျီယူက နှုတ်ဆက်လိုက်သည်။ ကျောင်းသားများက ဟွာဂျီယူမှာ အဘယ်ကြောင့် ကျောင်းတော်၏ ကျောင်းအုပ် တစ်ယောက်ကိုပင် ခြိမ်းခြောက်နိုင်ရအောင် ကျောင်းတော်အတွင်း အရှိန်အဝါကြီးသည်ကို ရိပ်မိလိုက်ကြသည်။ ကျောင်းအုပ်များကပင် သူမ၏အဖေအား လေးလေးစားစား နှုတ်ဆက်ရသည်ကို ကြည့်ကာ သိပ်ထူးဆန်းပုံ မရတော့ပေ။

ထို့အပြင် သူ၏မျက်နှာကို ကြည့်ကာ ဟွာဂျီယူ၏ လှပချော့မွေ့မှုမှာ မည်သည့်နေရာက လာသည်ကို ရှင်းပြစရာပင် မလိုတော့ပေ။

ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရှီဇောင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်... "အခု ငါ့ကို ဖြေတော့..."

"ဟွာဆရာ... ဒါက နားလည်မှု မှားတာပါ... ခင်ဗျားသမီးကို ကျုပ်က ဘယ်တော့မှ ထိခိုက်အောင် မလုပ်ရဲပါဘူး... မိန်းကလေးဟွာကို ဘာမှ မလုပ်ရသေးပါဘူး..." ရှီဇောင်က ယဉ်ကျေးစွာပင် ပြန်ပြောလိုက်သည်။

"ကျုပ်သိတယ်..." ဟွာဖန်းလူက ရှီဇောင်မှာ သူ၏သမီးအား ခြိမ်းခြောက်ရန် သတ္တိမရှိသည်ကို နားလည်သည်။ သူက ရီဖူရှင်းအား လှည့်ကြည့်လိုက်သည်..." ဒါဆို သူက ခင်ဗျားရဲ့ ပစ်မှတ်ပေါ့ ဟုတ်လား..."

ရှီဇောင်က ခေါင်းညိတ်လျက် ရီဖူရှင်းကို လက်ညှိုးထိုးလိုက်သည်... "ဟွာဆရာ... ဒီကောင်လေးက ချင်းကျူ ကျောင်းတော်က ကျောင်းသားပါ...သူက ကျောင်းကို ကလန်ကဆန်လုပ်ပြီး ကျောင်းတော်က ထွက်သွားတော့မယ် လုပ်နေတာပါ... ဒါတင်မက သူက ရန်သူကျောင်းကိုပါ ဆက်သွယ်ဖို့ ကြံစည်နေတာပါ... ဒါကြောင့် အနာဂတ်မှာ ထိခိုက်မှုမရှိရအောင် သူ့ရဲ့ စွမ်းရည်နဲ့ ပါရမီတွေကို ဖျက်ဆီးပစ်ရပါမယ်... ဂျီယူက အကြောင်းပြချက်မရှိဘဲ ကျုပ်ကို ရပ်ခိုင်းနေတာ ကျုပ် နားမလည်ပါဘူး..."

"သူပြောတာမှန်လား..." သူက ကောင်လေးအား မေးလိုက်သည်။

"ဆရာ... ဒါက ဘယ်လိုလုပ် မှန်နိုင်ပါ့မလဲ..." ရီဖူရှင်းက ခေါင်းခါလျက် ပြုံးလိုက်သည်။ သူ၏ဆရာကား အကြောင်းစုံ သိပြီးသည်ကို သူနားလည်သည်။

"ဆရာ..." ရှီဇောင်က ထိုအခေါ်အဝေါအား ကြားသည်နှင့် ထိတ်လန့်သွားကာ သူ၏မျက်နှာက ပြာနှမ်းသွားသည်။

ရီဖူရှင်းမှာ ဟွာဖန်းလူ၏ တပည့်ဖြစ်ပြီး ဟွာဖန်းလူမှာ သူ၏သမီးအတွက် လာသည် မဟုတ်ဘဲ ရီဖူရှင်းအတွက် ရောက်လာသည်ကို သူ နားလည်လိုက်သည်။

ရှီဇောင်ကား ယခု အလွန်အေးစက်သော ခံစားချက်များအား ရနေပေပြီ။ သို့သော် သူ၏ကျောကား ချွေးများ စို့နေလေ၏။ သူ၏ပတ်ဝန်းကျင် အနီးတစ်ဝိုက် အပူချိန်များ တဖြည်းဖြည်း လျော့ကျနေပြီး သူ၏သိုင်းအဆင့်ဖြင့်ပင် အမှန်တကယ် အေးစက်သော ခံစားချက်အား သူရနေသည်။

+

"ကျုပ်တပည့်က ချင်းကျူ ကျောင်းတော်ရဲ့ဂုဏ်သိက္ခာအတွက် အခုပဲ တိုက်ခိုက်ခဲ့တယ်... အခု ခင်ဗျားက သူ့ရဲ့ သိုင်းအားတွေကို ဖျက်ဆီးပစ်ချင်တယ်... ဟုတ်လား..." ဟွာဖန်းလူ၏အသံက အေးဆေးလှသည်။ သို့သော် သူ၏ဒေါသကို ချုပ်တည်းထားသည်ကို လူတိုင်းက သိသည်။ သူက ရှီဇောင်ရှိရာသို့ အနည်းငယ် လှမ်းသွားလိုက်သည်။ ရှီဇောင်ကား အမှန်တကယ် တုန်လှုပ်နေလေပြီ။

ဟွာဖန်းလူက သက်ပြင်းချလိုက်သည်... "ကြည့်ရတာ ခင်ဗျားက မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ်အနေနဲ့ နေရတဲ့အချိန် လုံလောက်နေပြီ ထင်တယ်..."

သူ၏လှပသော မျက်လုံးများက ရုတ်တရက် အဖြူရောင်အဖြစ် ပြောင်းသွားကာ အရောင်တစ်ချက် လက်သွားသည်။ ထို့နောက် သူ၏မျက်လုံးအစုမှ ကြောက်မက်ဖွယ် အလင်းတန်းများ ထွက်ပေါ်လာ၏။ သူ့ကြောင့် ဖြစ်ပေါ်လာသော လေပြင်းများကြောင့် သူ၏ဆံပင်များက သူ၏ပခုံးပေါ်တွင် ပျံဝဲနေကြသည်။ ထိုလေပြင်းများက နောက်ဆုံးတွင် လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှီဇောင်ထံသို့ ရုတ်တရက် တိုးဝင်သွားလေသည်။

ရှီဇောင်ကား ရွေးချယ်စရာမရှိဘဲ ခုခံရန် ကြိုးစားလိုက်သည်။ သူက မြေဓာတ်သဘာဝ စွမ်းအင်များအား ခေါ်လိုက်ကာ ဟွာဖန်းလူ၏ တိုက်ခိုက်မှုအား ခုခံရန် မြေဓာတ်တံတိုင်းတစ်ခု ဖန်တီးလိုက်သည်။

သို့သော်လည်း ထိုတံတိုင်းက အမှန်တကယ်ကား ထူးခြားမှုမရှိပေ။ ထိုခဏတွင်ပင် ထိုတံတိုင်းမှာ ပြိုလဲပျက်စီးသွားပြီး ဟွာဖန်းလူ၏လက်က ရှီဇောင်ထံသို့ ရောက်လာသည်။ လေဓာတ်များက သူ၏ကိုယ်တွင် မျက်စိဖြင့် မမြင်ရသော လက်တစ်ဖက်အနေဖြင့် ဖြစ်ပေါ်လာပြီး ရှီဇောင်၏လည်ပင်းအား ဆုပ်ကိုင်လိုက်ကာ လေထဲသို့ မြှောက်ထားလိုက်လေသည်။

"ဟွာဆရာ... ခွင့်လွှတ်ပါ... သူက ခင်ဗျားရဲ့ တပည့်ဆိုတာ မသိခဲ့လို့ပါ..." ရှီဇောင်ကား အသနားခံနေသည်။ သို့သော် လည်ပင်းအား ညှစ်ခံထားရသောကြောင့် သူ၏အသံများကား တဖြည်းဖြည်း တိုးဝင်သွားသည်။

"အခု ခင်ဗျားသိပြီလား..." ဟွာဖန်းလူကား ထိန်းချုပ်နိုင်တော့ဟန် မတူပေ။ သူ၏မျက်လုံးများက အဖြူရောင် အလင်းတန်းများကား ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက ရှီဇောင်၏ကိုယ်အား မြေကြီးသို့ ပြင်းထန်စွာ ကိုင်ပေါက်လိုက်သည်နှင့် ဝုန်းခနဲမြည်သံနှင့်အတူ ရှီဇောင်၏နာကျင်စွာ အော်ဟစ်လိုက်သော အသံကိုပါ ကြားလိုက်ကြရသည်။

တခြား ကျောင်းအုပ်များမှာကား ရှီဇောင်မြေကြီးပေါ်တွင် ထိုသို့ အကြိမ်ကြိမ် ရိုက်နှက်ခံရသည်ကို မည်သို့မျှမတတ်နိုင်ဘဲ ကြည့်နေကြရလေသည်။ ထိုအခိုက်မှာပင် ရှီဇောင်၏မြေကြီးနှင့် ထိရိုက်သံ။ သူ၏နာကျင်စွာ အော်ဟစ်သံများ ထိုပတ်ဝန်းကျင် တစ်ခုလုံးအား ပျံ့နှံ့နေလေသည်။ လူတိုင်းက ရှီဇောင်အား သနားမိရုံအပြင် မတတ်နိုင်ပေ။ ကျောင်းအုပ်တစ်ယောက် ဖြစ်သည့်တိုင် ရှီဇောင်က ဟွာဖန်းလူကဲ့သို့ စွမ်းအားကြီးသောသူကို သွား၍ မထိသင့်ပေ။

အတန်ကြာသောအခါ နှိပ်စက်မှုကား ရပ်တန့်သွားသည်။ မြေကြီးကား ဆက်၍ လှုပ်ခတ်ခြင်း မရှိတော့ပေ။ ဟွာဖန်းလူက သူ၏လက်များအား ပြန်၍ ချထားလိုက်သည်။ သူ၏မျက်လုံးများက ပြန်လည်၍ တည်ငြိမ်သွားကာ အေးချမ်းသောပုံစံ ဖြစ်သွားလေသည်။ သူက လက်ရှိ အဖြစ်အပျက်များအား အံ့အားသင့် မှင်တက်လျက် ကြည့်နေကြသော သူများအား ပြောလိုက်သည်... "ခွင့်လွှတ်ပါ...ကျုပ်က ဒေါသထွက် လွယ်တတ်တယ်..."

ရီဖူရှင်း၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ဆရာအား ကြည့်လိုက်သည်။ သူ၏ဆရာကဲ့သို့ အေးဆေးသိမ်မွေ့လှသော လူကြီးလူကောင်း တစ်ယောက်က သည်မျှ ကြမ်းတမ်းလိမ့်မည်ဟု သူ လုံးဝမထင်ခဲ့ပေ။ သို့သော်လည်း တကယ့်ယောက်ျား တစ်ယောက် အနေဖြင့် တည်ငြိမ်ခြင်းနှင့် ကြမ်းတမ်း ခက်ထန်ခြင်းအား ထိုသို့ပြောင်းလဲနိုင်ခြင်းကား အရမ်းမိုက်သည်ဟု သူတွေးလိုက်သည်။

တခြားသော ကျောင်းအုပ်များကား မချိပြုံးပြုံးနေကြသည်။ လင်ရှန်းဖန်က စပြီး ပြောလိုက်သည်... "ဟွာဆရာ... ကျုပ်တို့ရဲ့အမှားအတွက် တကယ် စိတ်မကောင်း ဖြစ်ရပါတယ်... အနာဂတ်မှာ ကျုပ်တို့ရဲ့ လွဲမှားမှုတွေအတွက် ရီဖူရှင်းကို ဖြေရှင်းချက် ကောင်းကောင်း ပေးပါ့မယ်..."

"အနာဂတ်... အနာဂတ်ဆိုတာ မရှိဘူး..." ဟွာဖန်းလူက အေးဆေးစွာပင် ပြောလိုက်သည်... "ဒီကျောင်းတော်က သူ့ကို လက်ခံဖို့ မထိုက်တန်ဘူး..."

လင်ရှန်းဖန်က ဆက်၍ မပြောတော့ပေ။ ဟွာဖန်းလူက ရီဖူရှင်းအား တပည့်အနေဖြင့် လက်ခံပြီးပါက ရီဖူရှင်းအတွက် ကျောင်းတော်၏ တရားဝင်ကျောင်းသားဖြစ်ခြင်း မဖြစ်ခြင်းမှာ ထူးခြားမှုမရှိတော့ပေ။ ထို့အပြင် ရီဖူရှင်းမှာလည်း ကျောင်းတော်ကို သစ္စာဖောက်သည့် လုပ်ရပ် ရှိတော့မည် မဟုတ်ပေ။

ရီဖူရှင်းက သူ၏တပည့် မည်သည့်အချိန်က ဖြစ်သွားသည်ကိုသာလျှင် သိချင်မိကြသည်။

မကြာမီ လင်ရှန်းဖန်က လွန်ခဲ့သော နှစ်လခန့်က အဖြစ်အပျက် တချို့အား အမှတ်ရလာသည်။ ရာသီကုန် စာမေးပွဲမတိုင်မီ တီအန်ယွာ တောင်တန်းပေါ်တွင် နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ သူတို့က ကျောင်းသားတစ်ဦးမှာ တောင်၏အနက်ပိုင်း နေရာအထိ သွားရောက်ခဲ့ပြီး ထိုနဂါး၏ တိုက်ခိုက်မှုအား ခံခဲ့ရကြောင်း ကြားသိခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုကျောင်းသားကို ဟွာဖန်းလူက ခေါ်ဆောင်သွားခဲ့သည်။ လူတိုင်းက ထိုညနက်နက်တွင် နဂါးအား ရင်ဆိုင်ရန် အာရုံစိုက်နေကြရာ ထိုတိုက်ခိုက်ခံရသော ကျောင်းသားအား အာရုံမစိုက်မိကြပေ။

အချိန် အတော်ကြာခဲ့ပြီ ဖြစ်သောကြောင့် လူအတော်များများမှာ ထိုအဖြစ်အပျက်အား မေ့နေကြပြီဖြစ်သည်။ ယခုကား ရီဖူရှင်းမှာ ထိုနဂါး တိုက်ခိုက်ခံရသော လူငယ်ဖြစ်ကြောင်း သိလိုက်ကြသည်။

"သွားမယ်..." ဟွာဖန်းလူက ပြောလိုက်သည်။

"အင်း..." ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဟွာဂျီယူ ယူချင်းနှင့် သူက ဟွာဂျီယူ၏နောက်မှ လိုက်ပါသွားကြသည်။

"ဒါ အရမ်းမိုက်တာပဲဆရာ... ဘာလို့ခေါ်လဲ... မှော်သိုင်းလား... ရိုးရိုးသိုင်းလား... အရင်က ကျွန်တော် ဘာလို့ မမြင်ဖူးတာလဲ..." ရီဖူရှင်းက မေးလိုက်သည်။

"အနာဂတ်မှာ မင်း သိလာလိမ့်မယ်..." ဟွာဖန်းလူက ပြုံးလျက် ပြောလိုက်သည်။

ရီဖူရှင်းကား သိလိုစိတ်ကို ထိန်းမရပေ။ သူက ဟွာဂျီယူအား ကြည့်လိုက်ပြန်သည်... "မြေခွေးမ... ငါ့ကို ပြောပြလို့ရလား..."

ဟွာဂျီယူက သူ့အား ပြန်ပြုံးပြလိုက်သည်... "စိတ်မကောင်းပါဘူး... မပြောတတ်ဘူး..."

"ဟူး..." ရီဖူရှင်းက သက်ပြင်းချလျက် ရေရွတ်လိုက်သည်... "ငါထင်တာကတော့ နင် ငါ့အတွက် ရှေ့က ကာကွယ်ပေးတော့ နင် ငါ့ကို ကြိုက်နေတယ်လို့ ထင်ခဲ့တာ... ငါများ မှားနေတာလား..."

+

သူမ၏မျက်နှာမှ အပြုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူမက ရီဖူရှင်းအား မျက်စောင်းတစ်ချက် ထိုးကာ သူမ၏အဖေနောက်သို့ ပြေးသွားလေသည်။

သို့သော်လည်း ယူချင်းက ရီဖူရှင်းအား အထင်ကြီး လေးစားစွာဖြင့် ကြည့်လိုက်သည်။ သည်ကောင်ကား သူ့ဆရာ၏သမီးအားပင် ကလူကျီစယ်နေသည်။ သူ၏ဆရာမှာ နောင်တွင် သူ၏ ယောက္ခမ ဖြစ်လာလိမ့်မည်ဟု သူတွေးလိုက်သည်။

All Chapters