ကစားပွဲထဲက ချင်းလင်အားဖြည့်လက်ဖက်ရည်! လှည့်စားတယ်၊ဆေးသုံးတယ်! ၂
Vol. 39 Ch. 582
သူက လက်ရှိနိုင်ငံအတွင်း အဆင့်အမြင့်ဆုံး ကြက်တောင်ကစားသမားဖြစ်သော်လည်း ကမ္ဘာ့အဆင့် ၆ သာရှိသေးသည်။ သူ့ပြိုင်ဘက်ဂျပန်ကစားသမား Kento momota က ကမ္ဘာ့အဆင့် ၂။
ထို့ကြောင့် ပုံမှန်အခြေအနေအရ ဒီပြိုင်ပွဲက သူ့အတွက်အလွန်ခက်ခဲလိမ့်မည်။ သူ့အရည်အချင်းက သူ့ပြိုင်ဘက်လောက်မကောင်းခြင်းကြောင့်မဟုတ်၊ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက မလိုက်နိုင်ခြင်းဖြစ်သည်။
သူကနောက်နှစ်အနားယူတော့မည့်သူဆိုသော်လည်း သူ့ပြိုင်ဘက်က တက်လူဖြစ်သည်။ ဖြစ်ချင်တော့ ကြက်တောင်မှာ သူ့နေရာကိုလက်လွှဲယူနိုင်မည့်သူက နိုင်ငံထဲမရှိသေး။
သူတို့ကိုဗိုလ်လုပွဲမတက်နိုင်အောင်ဖြုတ်ချမည်ဟူ၍ ဂျပန်မီဒီယာကအသံလွှင့်ထားသည်ကိုလည်း သူကြားသည်။
ဒါကြောင့်လည်း သူစိတ်ဖိအားများလာသည်။
အရင်ကမ္ဘာ့ချန်ပီယံရှစ်ပွဲစဉ်မှာ ထိခိုက်ဒဏ်ရာကြောင့် ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရသဖြင့် အင်တာနက်ပေါ်တွင် ရစရာမရှိအောင်အပြောခံခဲ့ရသည်။ ဒီပွဲကိုထပ်ရှုံးရင် အင်တာနက်ပေါ်ကလူတွေ သေချာပေါက်လာချဲကြလိမ့်မည်။
အရင်က သူဘယ်လောက်ဂုဏ်ဆောင်ပေးခဲ့လဲ သတိမရကြ၊ ပြီးတော့ သူအနားယူတော့မည်ဆိုတာလည်း သတိမရကြ။ ရှုံးတာနဲ့ အင်တာနက်ပေါ်ကလူတွေက အထက်စီးနဲ့ပြောကြတော့မည်။
ဒါကလည်း အားကစားသမားအတော်များများရင်ဆိုင်ရသော အစွန်းနှစ်ဖက်ပင်။ အနိုင်ရလျှင် မိုးထိအောင်မြှောက်ပြီး အရွယ်ရလာ၍ရှုံးမည် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမည်ဆိုပါက အပြစ်သားနှယ်အပြောခံရသည်။
နိုင်ငံ့ဂုဏ်ကိုအကြိမ်ကြိမ်ဆောင်ပေးခဲ့သော တဖေး၊တယောင်တို့လိုကစားသမားများတောင် ဒါကိုမရှောင်လွှဲနိုင်ပေ။
''ရှန်လုံ... သိပ်ဖိအားမများနဲ့... သူကငယ်တယ်... ဒါပေမဲ့ တို့မှာလည်း ချင်းလင်အားဖြည့်လက်ဖက်ရည်ရှိပါတယ်''
နည်းပြက ချင်းလင်အားဖြည့်လက်ဖက်ရည်ပုံးနှင့်လျှောက်လာသည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုထုပ်ပိုးထားပုံမှာ အရင်ကနှင့်လုံးဝမတူ။ 'နိုင်ငံ့အသင်း' ဟူသော အသစ်စက်စက်စာလုံးများနှင့်။
တကယ်တော့ အာဆီယံပွဲအတွက် စပွန်ဆာပေးသည်ဆိုသော်လည်း ချင်လင်၏ခွင့်ပြုချက်ရပြီး လွန်ခဲ့သောလဝက်ကတည်းကစ၍ တန့်ကွမ်းကအများကြီးပို့ထားသည်။
ထို့ကြောင့် လဝက်လောက်ကတည်းက ဝင်ပြိုင်သောကစားသမားအားလုံး ချင်းလင်အားဖြည့်လက်ဖက်ရည်၏ခွန်အားပြန်ပြည့်နိုင်စွမ်းကို ခံစားသိရှိပြီး ပြိုင်ပွဲတွင်ဘယ်လောက်အကျိုးရှိမည်ဖြစ်ကြောင်းသိထားကြသည်။
ရှန်လုံက ချင်းလင်အားဖြည့်လက်ဖက်ရည်ပုံးကိုကြည့်ပြီး ပြုံးလိုက်သည်။
''သွားစို့... ကွင်းထဲဝင်မယ်!''
နည်းပြလည်း ရှန်လုံကိုခေါ်လိုက်သည်။
ရှန်လုံကခေါင်းညိမ့်ပြီး ပြိုင်ပွဲနေရာဝင်ပေါက်ဆီလျှောက်လာသည်။
နည်းပြလည်း နည်းပြခုံတွင်ထိုင်ပြီး ချင်းလင်အားဖြည့်လက်ဖက်ရည်ပုံးဖွင့်ထားသည်။ ဒါမှ ရှန်လုံလိုအပ်တဲ့အချိန် အသင့်ပေးနိုင်မည်။
သူတို့နှင့်ဆန့်ကျင်ဘက်တွင် ဂျပန်အသင်းရှိသည်။ အသင်းနည်းပြက ဒီအတိုင်းလုပ်နေသည်ဆိုသော်လည်း သူတို့ပေးသောအားဖြည့်အချိုရည်က ဂျပန်နိုင်ငံမှနာမည်ကြီးယွမ်ထန်ပဲနီလေးလက်ဖက်ရည်ဖြစ်သည်။
သို့ရာတွင် ယွမ်ထန်ပဲနီလေးလက်ဖက်ရည်ဖြစ်စေ၊ ချင်းလင်အားဖြည့်လက်ဖက်ရည်ဖြစ်စေ၊ အာဆီယံပွဲဖြစ်မြောက်ရေးကော်မတီသို့တင်ပြထားပြီးဖြစ်သည်။
တစ်နည်းဆိုသော် အားကစားသမားများမှာ ပြိုင်ပွဲအတွင်း သူတို့ကိုအစီရင်ခံထားသောဖျေည်ရည်များကိုသာ သောက်ခွင့်ရှိသည်။ နောက်ပြီး ပြိုင်ပွဲထဲယူလာသောအခါ အစစ်အဆေးခံရမည်။
ကွင်းထဲတွင် ရှန်လုံနှင့် Kento Momota က သွေးပူအောင်လုပ်နေသည်။
ထို့နောက် ပွဲမစခင် နည်းပြက နောက်ဆုံးနည်းဗျူဟာညွှန်ကြားသည်။
Kento Momota က ရှန်လုံကိုတစ်ချက်ကြည့်ပြီး နည်းပြဆီလျှောက်သွားသည်။ သူက ရှန်လုံအကြောင်းသိပ်တွေးမနေ။ လက်ရှိတစ်ခုတည်းသောသူ့ရည်ရွယ်ချက်က ကမ္ဘာ့နံပါတ်တစ်ကစားသမားဖြစ်လာဖို့။
ဂျပန်နည်းပြမှာ Yamada huiichiro ဖြစ်ပြီး သူ့မှာ နည်းဗျူဟာတစ်ခုသာရှိသည်:
''ပြိုင်ဘက်ကအသက်ကြီးပြီ... သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက မင်းလောက်မကောင်းဘူး... အဲဒီတော့ ကွင်းထဲရောက်တာနဲ့ အပြင်းအထန်စတိုက်ပြီး သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကျအောင်လုပ်နိုင်ရင် ပြိုင်ဘက်ကိုအသာလေးနိုင်လိမ့်မယ်''
Kento momota ခေါင်းညိမ့်လိုက်သည်။ တကယ်တော့ သူလည်းဒီအတိုင်းတွေးထားသည်။
မကြာမီ ပွဲစသည်။ ဆာဗင်ပေးပြီးနောက် Kento momota က အလွန်ခြေကုန်လက်ပမ်းကျစေသော အပြင်းဆုံးအားနှင့်စတိုက်သည်။
သို့သော် တစ်ချိန်တည်းမှာ သူအားကုန်သလောက် သူ့ပြိုင်ဖက်လည်းအားကုန်လာလိမ့်မည်။
ရှန်လုံလည်း မဖြစ်မနေလိုက်ပြေးရသည်။ မြန်မြန်သွက်သွက်ပြေးခြင်းကြောင့် အားယုတ်လာ၏။ တစ်ဖက်က သူအားကုန်အောင်ဘာကြောင့်လုပ်ချင်လဲ သူချက်ချင်းသဘောပေါက်သည်။
ပြိုင်ပွဲကြည့်နေသူများလည်းခံစားမိသည်။ လူငယ်က လူကြီးကိုအနိုင်ကျင့်နေပြီ။
ရှန်လုံမှာ အစပိုင်းသွက်သွက်လက်လက်လိုက်နိုင်သော်လည်း ပွဲတစ်ဝက်လောက်တွင် သူ့ဇရာကကိုယ်ထင်ပြလာသည်။
"ရှန်လုံ!"
ဘေးမှနည်းပြက လှမ်းအော်သည်။
ရှန်လုံသဘောပေါက်သည်။ ဘေးချော်သွားကြက်တောင်ကိုအခွင့်ကောင်းယူပြီး နည်းပြပေးသောချင်းလင်အားဖြည့်လက်ဖက်ရည်ကို အပြေးသွားယူကာ တစ်ငုံသောက်လိုက်သည်။
တခဏချင်း သူ့ခန္ဓာကိုယ်အင်အားနှင့်ခွန်အားက ပြန်ပြည့်လာသလိုခံစားရသည်။
စက်ခလုတ်နှိပ်လိုက်သလို အံ့ဩစရာကောင်းသောခံစားချက်မျိုးဖြစ်သည်။ သို့ရာတွင် ချင်းလင်အားဖြည့်လက်ဖက်ရည်ကို ပွင့်လင်းမြင်သာစွာအသိအမှတ်ပြုထားပြီး တရားမဝင်ပါဝင်ပစ္စည်းတွေ့ရခြင်းမရှိပေ။
လိုင်းပေါ်မှပြိုင်ပွဲကြည့်နေသူများမှာ ရှန်လုံချင်းလင်လက်ဖက်ရည်သောက်နေပုံကိုမြင်သွားကြသည်။
ဤသည်က ချင်းလင်အားဖြည့်လက်ဖက်ရည်အတွက်အကောင်းဆုံးကြော်ငြာဖြစ်သလို တစ်ချိန်တည်းမှာ ချင်းလင်အားဖြည့်လက်ဖက်ရည်၏အာနိသင်ကိုသိသူများကလည်း တစ်စခန်းထလာသည်။
''ကွင်းထဲမှာ ချင်းလင်အားဖြည့်လက်ဖက်ရည်! ဟား ဟား... ဒါညစ်တာမလား?''
''ချင်းလင်အားဖြည့်လက်ဖက်ရည်ရဲ့အာနိသင်ကို ငါစမ်းဖူးတယ်... တစ်ဖက်က အားကုန်အောင်တိုက်နေတာဆိုရင်တော့ ဆုံးဖြတ်ချက်မှားပြီပဲ''
''ချင်းလင်အားဖြည့်လက်ဖက်ရည်က လုံးဝမျက်လှည့်လိုလက်ဖက်ရည်ပဲ... ပြီးတော့ စည်းကမ်းဖောက်ဖျက်ရာမကျဘူး''
''ဟား ဟား... အခုပြောင်ညစ်တော့မယ်... တချို့နိုင်ငံ့ကစားသမားတွေလို ပန်းနာရင်ကြပ်ရှိချင်ယောင်ဆောင်ပြီး ပန်းနာဆေးသောက်စရာမလိုတော့ဘူးပေါ့''
“…”
ကွင်းထဲတွင် ပွဲပြန်စနေပြီ။
Kento momota က ရှန်လုံကိုအားကုန်အောင်လုပ်မည်ဆိုသောရည်ရွယ်ချက်နှင့် အပြင်းအထန်ဆက်တိုက်နေသည်။ သို့သော် တစ်ခုခုတော့မဟုတ်မှန်း သူသဘောပေါက်လာသည်။
စောစောကပဲ ရှန်လုံကအားကုန်တော့မလိုလိုနဲ့ ဘာလို့ရုတ်တရက်ကြီး ဒီလောက်ဖျတ်လတ်လာတာလဲ?
ပထမအချီပြီးခါနီးတွင် သူအားကုန်စပြုလာသည်။ သို့သော် သူ့ပြိုင်ဘက်က သူ့ထိုးစစ်ကိုအမှီလိုက်နိုင်နေဆဲ။ ထို့ကြောင့် သူနည်းနည်းပျာလာသည်။ ရှန်လုံကအခွင့်ကောင်းယူပြီး ပထမအချီတွင် သူ့ကိုအနိုင်ပိုင်းပစ်လိုက်သည်။
''ဘယ်လိုဖြစ်တာလဲ?''
Kento momota က နည်းပြခုံပြန်လာပြီး မျက်မှောင်ကြုတ်ကာပြောသည်_
''ပြိုင်ဘက်ရဲ့ကြံ့ခိုင်မှုက ကျွန်တော်ထင်တာထက်ပိုကောင်းနေတယ်''
Yamada က သူ့ကိုချက်ချင်းနှစ်သိမ့်လိုက်သည်_
''စိတ်မပူပါနဲ့... သူအားကုန်သုံးထားတာဖြစ်မယ်... သူ့အရွယ်နဲ့ နောက်နှစ်ချီမခံတော့ဘူး''