အသက်ရှိုက်စာ (၆၇၀၀)ကြောင့် တုန်လှုပ်သွားခြင်း
Vol. 22 Ch. 295
ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့ပြီး လူတိုင်းက မယုံကြည်နိုင်စွာဖြင့် ဇူယွမ်၏ ပုံရိပ်ကို ကြည့်နေခဲ့ကြပေသည်။ သိသာစွာပင် လူတိုင်းက အသက်ရှိုက်စာ(၆၀၀၀)ကျော် ကြာချိန်အတွက် တုန်လှုပ် နေခဲ့ကြပေသည်။
ထိုအရာက အသက်ရှိုက်စာ (၆၇၀၀) ကြိမ်ဖြစ်သည်။
မူလသူတော်စင် တောင်ထွတ်၏ သမိုင်းကြောင်းရှိ အလွမ်းမိုးနိုင်ဆုံးသော တပည့်ပင်လျှင် ပထမဆုံး အကြိမ်တွင် အသက်ရှိုက်စာ (၅၈၀၀)ကြိမ်အထိသာ ကြာမြင့်ခဲ့ပေသည်။
ဇူယွမ်က ထိုမှတ်တမ်းကို တစ်ထောင်နီးပါး အသာဖြင့် ဖြတ်ကျော် ခဲ့ပေသည်။
ဘယ်လောက်တောင် သောက်ကျိုးနည်းအောင် သူလုပ်ခဲ့တာလဲ။
လူတိုင်းက မယုံကြည်နိုင်ခဲ့ကြသေးပေ။
ဇူထိုက်၊ ကျန့်ယန်နှင့် ခရမ်းရောင်ခါးစည်း တပည့်အုပ်စုပင်လျှင် ကြောင်အ နေခဲ့ကြပေသည်။ ထိုနံပါတ်က ဘာကို ကိုယ်စားပြုသလဲဆိုသည်ကို သူတို့နားလည်ပေသည်။ ထိုအ ယ်မှာ မူလစဦးအဆင့်တွင် ဇူယွမ်၏ ကျင့်ကြံမှုနှုန်းမှာ သူတို့အားလုံးထက် သာလွန်မည် ဟူ၍ ဖြစ်ပေသည်။
အဘယ်ကြောင့် ဆိုသော် အကြိမ်တိုင်းတွင် ဇူယွမ်က မူလစဦးချီများကို သူတို့ထက် ပိုမို သယ်ဆောင် လာနိုင်သောကြောင့် ဖြစ်ပေသည်။
“ညီတော် ဇူယွမ်က တော်တော်လေးကို ထူးခြားတယ်။ ဆရာစိန်းက သူ့ကို မြင့်မားစွာ မျှော်လင့်ထားတာ အဆန်း မဟုတ်ဘူးပဲ” ဇူထိုက်က တော်တော်လေး ဝမ်းသာမိပေသည်။ သူတွင် လူကြီးလူကောင်း ဆန်ပြီး ပွင့်လင်းသော သဘာ၀ ရှိသည့်အတွက် ဇူယွမ် ပြသလိုက်သော အလားအလာက သူ့အား ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။ ထို့ပြင် မူလ သူတော်စင် တောင်ထွတ်၌ ထိုကဲ့သို့ အံ့မခန်း တပည့်တစ်ယောက် ပေါ်ထွက်လာခြင်းကို အမှန်တကယ် ပျော်ရွှင်မိပေသည်။
သို့သော်လည်း သိသာစွာပင် တပည့်တိုင်းတွင် ထို့သို့သော တူညီသော ခံစားချက် ရှိမနေပေ။ အနည်းဆုံး အနေဖြင့် ချောင်းစူည်မှာ အတက်အကျ တည်ငြိမ်ခြင်းမရှိသော အမူအရာဖြင့် ဇူယွမ်၏ ပုံရိပ်ကို စိုက်ကြည့်နေခဲ့ပေသည်။
သူအနေဖြင့် ယခုလက်ရှိတွင် ရှိနေသော မူလသူတော်စင် တောင်ထွတ်၏ အခြေအနေကို များစွာ တွေးတောခြင်း မရှိပေ။ သူ၏ ထင်မြင်ချက်တွင် ထိုကိစ္စများမှာ အကြီးအကဲ စိန်းနှင့် အခြား အကြီးအကဲများ၏ ပြဿနာများ ဖြစ်ပြီး သူနှင့် သက်ဆိုင်ခြင်း မရှိပေ။ သူက ရွှေရောင် ခါးစည်းအဆင့် တပည့်တစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း ဇူယွမ်၏ ပေါ်ထွက်လာမှုက ချောင်းရှိုး၏ အဆင့်အတန်းကို ထိရောက်မှု ရှိလာခဲ့ပေသည်။ ဇူယွမ်က သူမျက်စိကျနေသော ရွှေရောင် မူလဂူနန်းကိုသာ ယူဆောင် သွားရုံမျှမက မှုလအစတွင် သူထိုင်နေခဲ့သော ရွှေရောင်ခါးစည်း တပည့်များ၏ တတိယနေရာကိုပင် ယူဆောင် သွားသေးသည်။
ထိုအချက်များက သူ့ကို အလွန်အမင်း ဒေါသ ထွက်စေခဲ့ပေသည်။ သူ့၏ အမြင်တွင် ဇူယွမ်မှာ မည်မျှပင် အရည်အချင်းနှင့် ပါရမီရှိပါစေ၊ မည်မျှပင် အလားအလာရှိပါစေ နောက်ဆုံးတွင် တပည့်အသစ် တစ်ယောက်သာ ဖြစ်ပေသည်။ အဘယ်ကြောင့် သူ၏ ခေါင်းပေါ်သို့ ပေးတက် ရမည်နည်း။
တကယ်တော့ အဓိက အကြောင်းပြချက်မှာ သူ၏ မနာလိုသော စိတ်ထားကြောင့် ဖြစ်သည်။
မူလသူတော်စင် တောင်ထွတ်ဆီသို့ သူရောက်ချိန်မှစပြီး သာမန်တပည့် တစ်ယောက် အနေကနေ သည်နေ့ အခြေအနေသို့ ရောက်အောင် သူ၏ လမ်းကြောင်းပေါ်တွင် အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ သိုသော် ဇူယွမ်ကတော့… အတွင်းတောင်ဆီသို့ ရောက်သည်နှင့် ကောင်းကင်သို့ ခြေတစ်လှမ်းတည်းဖြင့် တက်လှမ်းခဲ့ပေသည်။ ထိုကြောင့် ချောင်းစူည်၏ နှလုံးသားမှာ အဘယ်ကြောင့် တည်ငြိမ်နိုင်မည်နည်း။
သည်ကမ္ဘာကြီးတွင် မိမိကိုယ်ကို ပြန်လည် ဆန်းစစ်မည့်အစား အခြားသူတစ်ယောက်၏ အပြစ်ကို အရင်ရှာမည့် သူများမှာ အမြဲတမ်းရှိပေသည်။
ထိုအချိန်တွင် တပည့်များက ချောင်းစူည်အား ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ တကယ်တော့ သူက ဇူယွမ်အား ပထမဆုံး လှောင်ပြောင်ခဲ့သူပင် ဖြစ်ပေသည်။ ဇူယွမ်တန်ပြန် ပြသခဲ့သော အလားအလာက အညှာအတာ ကင်းမဲ့လှပြီး သူ့အား ကြယ်တွေကိုပင် မြင်သွားစေပေလိမ့်မည်။
ထိုအကြည့်များက ချောင်းစူည်၏ အမူအရာကို ပိုမိုဒေါသ ထွက်စေခဲ့ပြီး အလွန်အမင်း အရှက်ရမှုနှင့် ခံပြင်းမှုဒေါသကို ဖြစ်ပေါ်စေပေသည်။
သူက တစ်စုံတစ်ခုကို ပြောဆိုရင် ပြင်လိုက်သော်လည်း အဆုံးတွင် စကားလုံးများက သူ့လည်ချောင်းမှ ပြန်လည် မျိုချ လိုက်ရလေသည်။ သူက ဇူယွမ်ကို အေးစက်စက် စိုက်ကြည့် လိုက်ပြီးနောက် အံ့ကြိတ်ကာ မိမိကိုယ်ကို တီးတိုး ပြောလိုက်သည် “ကလေး၊ မင်းကိုငါ အခုပျော်ခွင့် ပေးထားလိုက်မယ်။ ငါးရက်ကြာပြီးရင်တော့ သည်နေရာမှာ ရှိနေတဲ့ စည်းမျဉ်း စည်းကမ်းတွေကို မင်းနားလည် သွားအောင် ငါလုပ်ပေးမယ်”
မူလစဦးချီများကို ပြန်လည် သယ်ဆောင်လာသော အချိန်က လူတိုင်းကို အံ့အားသင့် စေသွားခဲ့သော်လည်း ဘာဖြစ်သနည်း။ ဇူယွမ်မှာ မူလစဦး ဒုတိယ အဆင့်သာ ရှိနေပေသေးသည်…
ချောင်းစူည် ဆိုတဲ့ငါက မူလစဦး ပဉ္စမအဆင့်တွေကြားမှပင် ထူးချွန်တဲ့ သူတစ်ဦးပဲ…
ငါတို့နှစ်ယောက်ကြား ကွာခြားချက်က ကြီးမားတယ်…
ထိုကြောင့် ချောင်းစူည်က ဇူယွမ်တွင် မည်မျှပင် အလားအလာ ရှိစေကာမှု ပညာပေးရန် စီစဉ်နေပေသည်။ ယခုလက်ရှိအချိန်တွင် ဇူယွမ်မှာ သူနှင့် ရင်ဆိုင်ရန် အရည်အချင်း မရှိပေ။
“မင်းမှာ ဘယ်လောက်ပဲ အလားအလာရှိနေပါစေ။ မင်းရဲ့ အလားအလာတွေကို နောက်ပိုင်းကျမှ မင်းရဲ့ သန်မာမှုအဖြစ် ပြောင်းနိုင်မှာ။ အခုတော့ မင်းကိုမင်း ပိုကောင်းအောင် လုပ်ထားဦးပေါ့”
များစွာသော တုန်လှုပ်နေသော အကြည့်များ၏ စုဝေးမှုအောက်တွင် ဇူယွမ်မှာ မျက်လုံးဖွင့်လိုက်ပြီး သူ၏ ချီသိုလှောင်ခန်းထဲတွင် ပြည့်နေသော မူလချီများက မူလချီကြယ်ပွင့်များ အဖြစ် ပြောင်းလဲသွားကာ တမှုထူးခြားသော လှိုင်းများ ထုတ်လွှတ်နေသည်ကို ခံစားနေပေသည်။
ယခုချိန်တွင် သူ၏ ချီသိုလှောင်ခန်း အတွင်းမှ မူလချီကြယ်ပွင့် အရေအတွက်မှာ (၄၀၀) ကျော်နေခဲ့ပြီး သူ မှုလစဦးအဆင့်ကို ပထမဆုံး တက်ရောက်ခဲ့သော အချိန်ကထက် လွန်စွာ များပြားနေပြီ ဖြစ်သည်။
သည်တစ်ခေါက် သယ်ဆောင်ခဲ့သော မူလစဦးချီများမှာ ကြယ်(၁၀)ပွင့် နီးပါးကို ဖြစ်ပေါ်စေသည့် အတွက် လေ့ကျင့်မှုက မည်မျှပင် အကျိုးသက်ရောက်မှု ရှိသည်ကို ဖော်ပြနေပေသည်။
ဇူယွမ်၏ မျက်လုံးအစုံတွင် ကျေနပ်ခြင်းများ တည်ရှိနေပေသည်။ သည်နှုန်းနှင့်ဆိုပါက မူလစဦး တတိယ အဆင့်သို့ ချိုးဖောက် ဝင်ရောက်ရန် အချိန်သိပ်မလိုတော့ပေ။
“ငါမှုလစဦးချီတွေကို ပြန်လည် သယ်ဆောင်ခဲ့တာ အနည်းဆုံး အသက်ရှိုက်စာ (၆၇၀၀)ကြိမ် ကြာခဲ့တယ်”
“မူလစဦး ကျောက်ထရံနဲ့ အချိန်မဲ့ဖျာတို့ကိုပဲ အသုံးပြုခဲ့ရင် အသက်ရှိုက်စာ (၆၀၀၀)ကြိမ်ပဲ ကြာခဲ့မှာဆိုတော့ သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးက အသက်ရှိုက်စာ (၇၀၀)ကြိမ်အထိ ထပ်ပြီး ကြာစေခဲ့တာပေါ့”
စိတ်ဝိညာဉ်သလင်းကျောက်မှာ ထိုသို့သော စွမ်းရည်မျိုး ရှိနေသဖြင့် ဇူယွမ်မှာ များစွာ အံ့ဩမိပေသည်။ ထိုသို့သော အရာမျိုးကို မှုလအစက မသိကျိုးကျွံ ပြုထားခဲ့မိပေသည်။ ကြည့်ရသည်မှာ သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးက မူလစဦး ကျောက်ထရံနှင့် အချိန်မဲ့ ဖျာတို့အောက် မနိုမ့်သော ကျင့်ကြံရေး ရတနာတစ်ခု ဖြစ်ပေသည်။
ဇူယွမ်၏ စိတ်ပြန်လည် တည်ငြိမ်ပြီးသွားသည့် နောက်တွင် သူ၏ ခေါင်းအား မော့ကြည့် လိုက်သည်နှင့် သူ့အား အံ့ဩတုန်လှုပ်စွာ ကြည့်နေသော အကြည့်များကို တွေ့လိုက်ရလေသည်။
သူ၏ အမူအရာက တော်တော်လေး အေးဆေး တည်ငြိမ်နေခဲ့သည်။ တကယ်တော့ သည်လိုမျိုး အခြေအနေအား အပြင်ဘက်တောင်တွင် သူ့တွေ့ကြုံခဲ့ရဖူးပြီ ဖြစ်သည်။
ဇူယွမ်၏ အကြည့်နှင့် တွေ့ဆုံသော အချိန်တွင် ခန်းမအတွင်းရှိ တိတ်တဆိတ်မှုမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ပေသည်။ သို့သော်လည်း ထိုအချိန်တွင် စီနီယာ တပည့်များက ဇူယွမ်အား သေချာစွာ ကြည့်နေကြဆဲ ဖြစ်သည်။
အစောပိုင်းတွင် ဆရာစိန်းထိုက်ယွမ်၏ မျှော်လင့်ချက်မှာ မှားယွင်းသည်ဟု ခံစားရကာ သူတို့အားလုံး ဇူယွမ်ကို သံသယ ဝင်ခဲ့ကြပေသည်။
သို့သော်လည်း ယခုချိန်တွင် ဇူယွမ်မှာ သူ၏ အလားအလာကို ပြသခဲ့သည်။ မူလစဦး ချီများကို ပြန်လည် သယ်ဆောင်လာသော ပမာဏက အရာအားလုံးကို အဆုံးအဖြတ် မပေးနိုင်သော်လည်းပဲ သူ့တွင် ထူးခြားသော အရည်အချင်း ရှိသည်ကို လူတိုင်းအား သက်သေ ပြနိုင်ခဲ့သည်။
“ဇူယွမ် မင်းကောင်းကောင်း လုပ်ခဲ့တယ်”
ထိုအချိန်တွင် စကားသံတစ်ခုကို ကြားလိုက်ရသည်။ များစွာသော တပည့်များက အပေါ်သို့ ကြည့်လိုက်လျှင် တောက်ပသော မျက်လုံးများဖြင့် ဇူယွမ်အား ကြည့်နေခဲ့သော စိန်းထိုက်ယွမ်အား တွေ့ရှိခဲ့ရပြီး ပုံမှန်အားဖြင့် တင်းမာနေသော သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ် နေပေသည်။
သိသာစွာပင် ဇူယွမ်၏ လုပ်ဆောင်မှုက သူအား အလွန်အမင်း ကျေနပ်စေခဲ့ပေသည်။
“ပြီးတော့ ပထမဦးဆုံးအကြိမ် မူလစဦးကျောက်ထရံနဲ့ အချိန်မဲ့ဖျာကို အသုံးပြုပြီး မူလစဦးချီ ပြန်လည် သယ်ဆောင်တဲ့ ကြာချိန်မှာ စံချိန်အားလုံးကို ချိုးဖြတ်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ်” စိန်းထိုက်ယွမ်က ရယ်ရယ်မောမောနှင့် ပြောဆိုပြီး နံရံအား လက်ညိုး ထိုးပြလိုက်သည်။
မူလစဦး ကတည်းက မှတ်တမ်းတင်ထားခဲ့သော စာများ၏ ပထမဆုံး အတန်းတွင် အလင်းများ တောက်ပနေခဲ့ပြီး စာတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဇူယွမ် အသက်ရှိုက်စာ (၆၇၄၃)ကြိမ်”
ဇူယွမ်မှာ မတော်တဆ စံချိန်များအား ချိုးဖြတ် ခဲ့မိသောကြောင့် အံ့အားသင့်နေမိခဲ့ပေသည်။
ဇူယွမ်မှာ ထိုအရာတွင် ကျေနပ်နေကာ တိုးတက်မှုများ ဆုတ်ယုတ်သွားမည် စိုးသောကြောင့် စိန်းထိုက်ယွမ်က ချက်ချင်းပင် သတိပေးလိုက်လေသည် “ဒါနဲ့ပဲ ကျေနပ်ရောင့်ရဲ မနေနဲ့။ သည်မှတ်တမ်းက အားပေးတာတစ်ခုပဲ မင်းရဲ့ အနာဂတ် အောင်မြင်မှုအတွက် အာမခံချက် တစ်ခုမဟုတ်ဘူး။ မင်းအနေနဲ့ ကြိုးစားရဦးမယ်”
“တပည့်နားလည်ပါတယ်” ဇူယွမ်မှာ ရယ်မောကာ ပြောလိုက်သည်။ ထိုအရာမှာ မှတ်တမ်းတစ်ခုမှ လွဲပြီး မည်သည်မှ မဟုတ်မှန်းသိသောကြောင့် ဇူယွမ်အား ထိုမှတ်တမ်းက ပျော်ရွှင်စွာ ရယ်မောရုံသာ ဖြစ်စေပေသည်။ တကယ့်ကိုပင် မူလစဦးချီများ ပိုမိုသယ်ဆောင် နိုင်ခြင်းက သူ၏ အနာဂတ် အောင်မြင်မှု ကြီးမားလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ လျှောက်လမ်းရန်မှာ သတ္တိရှိရှိနှင့် မည်သည့် အရာကိုမဆို ရင်ဆိုင်ဖို့ သတ္တိရှိရန် လိုအပ်ပေသည်။ အချိန်နှင့်အမျှ ကြိုးစားနေမှာသာလျှင် အနာဂတ်တွင် အောင်မြင်မှု ရလဒ်များကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည်။
စိန်းထိုက်ယွမ်မှာ ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် ဇူယွမ်အား ပိုပိုပြီး သဘောကျ လာခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်မှာ မိုးကောင်းကင်က သူတို့၏ မူလသူတော်စင် တောင်ထွတ်အား မစွန့်ပစ်သေးပေ။ အံအားသင့်ဖွယ် ပါရမီ အရည်အချင်းနှင့် တပည့်တစ်ယောက်ကို သည်ကဲ့သို့ စိတ်ပျက်စရာ ကောင်းသော အချိန်တွင် ကြိုဆိုခွင့် ရရှိခဲ့ပေသည်။
သို့သော်လည်း သူက နောက်ငါးရက်တွင် ယှဉ်ပြိုင်မည့် ဇူယွမ်နှင့် ချောင်းစူည်တို့အကြားက ပွဲကို အမှတ်ရလိုက်သည်။ တခဏမျှ တုံ့ဆိုင်းနေပြီးနောက် စိန်းထိုက်ယွမ်က ပြောလိုက်သည် “မင်းမှာ ကြီးမားတဲ့ အလားအလာရှိတယ်။ ဒါကြောင့် တခြားသူတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် အခုချိန်မှာ အလောမကြီးလည်း ရတယ်”
ထိုစကားလုံးများ သူ၏ နှုတ်မှ ထွက်လာချိန်တွင် ချောင်းစူည်၏ အကြည့်များက လင်းလက်သွားပြီး ရုတ်တရက် ဖြတ်ပြောလိုက်သည် “စိတ်မပူပါမဲ့ ဆရာစိန်း ဇူယွမ် ရှုံးနိမ့်သွားရင်တောင်မှ ခရမ်းရောင် မူလဂူနန်း ကိစ္စကို ငါတို့ အဆုံးသတ်လို့ ရပါတယ်။ အခြားသော တပည့် ညီအစ်ကိုတွေကလည်း ကန့်ကွက်မှာ မဟုတ်ပါဘူး။ ဒီကတပည့်က ညီတော်ဇူယွမ်အတွက် ထိုအရာကို ရဖို့ စွန့်လွှတ်ပေးလိုတဲ့ ဆန္ဒရှိပါတယ်”
သူ၏ ရက်ရောသော စကားလုံးများက တပည့်များကို အံ့ဩသွားစေခဲ့ပေသည်။ ဇူယွမ်အား အမြဲတမ်း ခက်ခဲအောင် လုပ်နေခဲ့သော သူမှ ရုတ်တရက်ကြီး အရှုံးခံရန် ရွေးချယ်လိုက်ခြင်းက လူတိုင်းကို အံ့အားသင့်သွား စေပေသည်။
သို့သော်လည်း ချောင်းစူည်၏ လုပ်ရပ်က အချို့သော စီနီယာ တပည့်များကို ဆရာစိန်းက မျှတခြင်း မရှိဟု ခံစားစေပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားကြပေသည်။ ထိုအရာက သူတို့အား သူ့ကို သနားကရုဏာ သက်စေပြီး ဇူယွမ်အပေါ်တွင် အမြင်မကြည်မလင် ဖြစ်သွားစေခဲ့ပေသည်။
ပြီးတော့ များစွာသော တပည့်များက ဇူယွမ်မှာ အကျိုးကျေးဇူးများစွာ ရရှိနေသည်ဟု ခံစားစေပြီး ထိုအကျိုးကျေးဇူးများမှာ သူတို့ကဲ့သို့ စီနီယာ တပည့်များက ခွဲဝေပေးနေရသည်ဟု ထင်မှတ် သွားစေပေသည်။
ချောင်းစူည်၏ ရက်ရောမှုနှင့် ဖြောင့်မတ်နေသည့်ဟန်ကို ဇူယွမ်က အေးဆေးစွာ ကြည့်နေခဲ့ပြီး ထိုသူ၏ ရည်ရွယ်ချက်ကို တွေးတောနေပေသည်။ ချောင်းစူည်မှာ ဆရာစိန်း၏ အမိန့်ကို လိုက်နာသလိုနှင့် အခြားသူများက ဇူယွမ်အား ဝေဖန်စေပြီး သူ့အား သနားအောင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းမှာ သံသယရှိစရာပင် မလိုပေ။
ကြည့်ရသည်မှာ ချောင်းစူည်၏ နည်းလမ်းက အကျိုးရှိခဲ့ဟန်ရသည်။ တကယ်တော့ ဇူယွမ်တွင် လက်ရှိ သည်နေရာ၌ မည်သည့် သြဇာလွှမ်းမိုးမှုမှ မရှိသည့်အတွက် အခြားသူများအား စိုးမိုးနိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် သူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဆရာစိန်း ယှဉ်ပြိုင်ပွဲက သတ်မှတ်ပြီးပြီ ဆိုမှတော့ ပုံမှန်အားဖြင့် သည်အရာကို ပြောင်းလဲလို့ ဘယ်ရမလဲ။ မဟုတ်ရင် တပည့်တွေက သည်နေရာမှာ သူတို့ကိုယ်သူတို့ ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ဘူး။ ”
ထိုကဲ့သော ကိစ္စမျိုးကို ပြီးဆုံးခဲ့သော နေ့ရက်များတွင် အများအပြား တွေ့ဆုံ ခဲ့ဖူးသောကြောင့် ထိုကိစ္စများက သူ့အား စိတ်အနှောင့်အယှက်များစွာ မဖြစ်စေနိုင်ပေ။ နောက်ငါးရက် အကြာ၌ ချိန်းဆိုထားသော ယှဉ်ပြိုင်ပွဲတွင် ဇူယွမ်အနေဖြင့် ချောင်းစူည်အား မျှော်လင့်ချက် ပျက်သုဉ်းခြင်း၏ အဓိပ္ပာယ်အား သင်ပေးရပေလိမ့်မည်။
ထိုစကားကို ကြားချိန်တွင် စိန်းထိုက်ယွမ်မှာ ထိုကိစ္စနှင့် ပတ်သက်ပြီး ထပ်မံပြောဆိုခြင်း မရှိတော့ပဲ ခေါင်းသာ ညိတ်နေခဲ့သည်။
“သည်နေ့အတွက် မနက်ခင်း သင်ခန်းစာ ပြီးပြီး။ လူတိုင်း သွားလို့ရပြီး”
များစွာသော တပည့်များက တစ်ယောက်ပြီး တစ်ယောက် အရိုအသေပြုပြီး ထွက်ခွာ သွားတော့သည်။
ချောင်းစူည်မှာလည်း သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ပြီး အရိုအသေ ပြုလိုက်သည်။ သို့သော်လည်း သူ၏ ခေါင်းအား ညွတ်လိုက်ချိန်တွင် ဇူယွမ်အား မျက်လုံး ထောင့်ကပ်၍ ကြည့်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် သရော်သော အပြုံးတစ်ခု ထွက်ပေါ် လာပေသည်။
မင်းမှာ အလားအလာ ရှိတော့ ဘာဖြစ်လဲ။ အခုလက်ရှိမင်းကို ရင်ဆိုင်ဖို့ကတော့ ငါ့ရဲ့လက်ကို လှန်လိုက်ရသလိုပဲ လွယ်ကူတယ်။
နောက်ငါးရက် အကြာမှာ မင်းရှုံးနိုမ့်သွားတာနဲ့ ဆရာစိန်းနဲ့ အခြားတပည့်တွေ ဘယ်လောက် စိတ်ပျက် သွားမလဲဆိုတာ ငါမြင်ချင်နေပြီ။