ကဏ္ဍသစ်ဖွင့်လှစ်ခြင်း
Vol. 1-8 Ch. 77
ထိုစကားကိုကြားလိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။ ထို့ကြောင့် သူတို့မှာ ဇဝေဇဝါဖြစ်နေသော အမူအရာများဖြင့် ခေါင်းများ မော့ကြည့်လိုက်ကြ၏။ ထိုအခါ သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည့် ရုပ်သေးရုပ်ကြီးကို မြင်လိုက်ရသောကြောင့် သူတို့မှာ မျက်လုံးများ ပြူးသွားကြတော့သည်။ အစ်ကိုချန်ဟု အမည်ရသည့် လူငယ်လေးမှာ အံ့ဩမှင်တက်သွားပြီး သူနှင့် တစ်ပုံစံတည်း တူနေသော ရုပ်သေးရုပ်ကြီးကို စိုက်ကြည့်ရင်း ကြက်သေသေနေ၏။ ထို ရုပ်သေးရုပ်ကြီးမှာ သူ၏ရှေ့သို့ ရောက်ရှိလာပြီး တင်ပျဉ်ခွေထိုင်ချကာ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်သည်။
" မင်း ... "
သူ၏ရှေ့တွင် ရှိနေသောသူမှာ မည်သူဖြစ်စေ သူ၏အကြည့်မှာ အစ်ကိုချန်နှင့် ချွတ်စွပ်နီးပါး တူနေ၏။ ထို့ကြောင့် သူသည် တခဏမျှ တုံ့ဆိုင်းသွားရ၏။ သို့သော် သူ စကားမဆုံးခင်မှာပင် ရုတ်သေးရုပ်ကြီးက အေးစက်စက် ဆိုလိုက်၏။
" ငါက တာအိုဉာဏ် အလင်းပွင့်နေတာ "
ထိုစကားကြောင့် အစ်ကိုချန်မှာ ထခုန်လုမတတ် ဖြစ်သွား၏။ ၎င်းမှာ တာအိုအလင်းဆောင်ဌာန၏ လက်သုံးစကားဖြစ်ပြီး အခြားသူများကို ထိုကဲ့သို့ စဉ်ဆက်မပြတ် လိုက်ပြောခဲ့ကြသည် မဟုတ်ပါလော။ ထို့ကြောင့် သူနှင့် တစ်ပုံစံတည်း တူနေသည့် လူတစ်ယောက် ပေါ်ပေါက်လာပြီး ထိုစကားအား ပြောနေသည်ကို မြင်လိုက်ကြားလိုက်ရသောအခါ သူသည် ဒေါပွသွားရတော့သည်။
ထိုမြင်ကွင်းမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှသောကြောင့် သူသည် ပင့်သက်ရှိုက်မိသွားပြီး ၎င်းမှာ အလွန် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ ဘေးပတ်ပတ်လည်ရှိ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာလည်း အံ့ဩတုန်လှုပ်နေကြပြီ ဖြစ်သည်။ သူတို့မှာ အစ်ကိုချန်ကို ကြည့်လိုက်၊ သူနှင့် တစ်ပုံစံတည်း ဖြစ်နေသည့် ရုပ်သေးရုပ်ကိုကြည့်လိုက် ဖြစ်နေကြပြီး သူတို့၏ရှေ့ရှိ မြင်ကွင်းကြီးမှာ ထူးဆန်းနေကြောင်း တွေးနေမိတော့သည်။
" ဝမ်ပေါင်လဲ့။ ဒါ မင်းလက်ချက်ပဲ ဖြစ်ရမယ် "
အစ်ကိုချန်မှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားသဖြင့် မတ်တတ်ထရပ်ကာ ထိုရုပ်သေးရုပ်ကြီးကို အသံအကျယ်ကြီး မြည်အောင် ကန်ကျောက်လိုက်၏။ သို့သော် ၎င်းမှာ အနည်းငယ်မျှပင် ထိခိုက်ပျက်စီးသွားခြင်း မရှိပေ။ အစ်ကိုချန်သာလျှင် ခြေထောက်ကြွက်တက်သွားသဖြင့် နာကျင်စွာ ညည်းညူလိုက်ရ၏။ ထိုရုပ်သေးရုပ်ကြီးမှာ အလွန် မာကျောနေသည်။
ထို့အပြင် ထိုကဲ့သို့ ကန်ကျောက်ခံလိုက်ရပြီးနောက် ထိုရုပ်သေးရုပ်ကြီးမှာ အစ်ကိုချန်အား ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်ပြန်သည်။
" ငါက တာအိုဉာဏ် အလင်းပွင့်နေတာ "
" မင်းညီမရဲ့ တာအိုဉာဏ်ကိုပဲ သွားအလင်းပွင့်လိုက်။ ဝမ်ပေါင်လဲ့။ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အလွဲသုံးစားလုပ်တဲ့ လုပ်ရပ်က ဟာသလုပ်စရာ မဟုတ်ဘူးနော်။ နှစ်စဉ်နှစ်တိုင်း သန်းပေါင်းများစွာသော မိသားစုတွေက အဲ့ဒုက္ခကို ခံစားနေရတာကွ "
အစ်ကိုချန်မှာ ဒေါသတစ်ကြီး ကြိမ်းဝါးလိုက်ပြီး ဘေးပတ်ပတ်လည်ရှိ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများကလည်း သူ့အား ကူညီပေးရန် မတ်တတ်ထလာကြသည်။ သို့သော် ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ လူအုပ်ကြီးထဲမှ နောက်ထပ်လူရိပ်ဆယ်ခုမှာ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာကြပြန်သည်။ ၎င်းတို့မှာ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများနှင့် တစ်ပုံစံတည်း ဖြစ်နေကြသော ရုပ်သေးရုပ်များ ဖြစ်ကြ၏။
ထို ရုပ်သေးရုပ်များထဲမှ လေးရုပ်မှာ အစ်ကိုချန်၏ ဘေးနားတစ်ဝိုက်ရှိ လူများနှင့် ချွတ်စွပ်တူနေကြသည်။ တာအိုအလင်းဆောင်ဌာနမှ ထိုကျောင်းသားများမှာ သူတို့ဆီသို့ ချဉ်းကပ်လာနေကြသော ရုပ်သေးရုပ်များကို သေသေချာချာ ကြည့်ရှုလိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားကာ ဆွံ့အသွားရတော့သည်။
ဝမ်ပေါင်လဲ့မှာ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများကို နှိမ်နင်းရန်အတွက် ရှဲ့ဟေးရန်ဆီမှ ပစ္စည်းအမြောက်အမြား ဝယ်ယူခဲ့၏။ ထိုပစ္စည်းများ အားလုံး၏ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိပင်။
ရှဲ့ဟေးရန်မှာ တာအိုအလင်းဆောင်ဌာနကို ရန်မစချင်ပါသော်လည်း ရောင်းဝယ်ဖောက်ကားမှု လုပ်ရသည်ကို နှစ်သက်သူတစ်ယောက် ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများကို အာရုံလွှဲနိုင်ခဲ့သည် ဖြစ်သောကြောင့် သူတို့နှစ်ယောက်ကြားမှ ရောင်းဝယ်ဖောက်ကားမှုမှာ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့၏။
ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများကို ရရှိသောအခါ ကြိုးစားအားထုတ်၍ ထိုရုပ်သေးရုပ်များကို သန့်စင်ကာ အမိန့်ပေးကမ္ဗည်းစာလုံးများကို ဖန်တီး၍ ၎င်းတို့အား သူတို့နှင့်တူသော လူအစစ်များ၏ နောက်သို့ မခွာတမ်းလိုက်ရန် စေခိုင်းခဲ့၏။ ယခုတွင် ထို ရုပ်သေးရုပ်များမှာ တာအိုအလင်းဆောင်ဌာနမှ ၎င်းတို့နှင့် ပုံစံတူသော လူအစစ်များကို မြင်တွေ့သွားကြပြီဖြစ်ရာ ပြေးလာကြပြီး သူတို့၏ ရှေ့တွင်ရပ်ကာ စိန်းစိန်းဝါးဝါး စိုက်ကြည့်၍ အသံကုန် အော်ဟစ်နေကြတော့သည်။
" ငါက တာအိုဉာဏ် အလင်းပွင့်နေတာ "
ထိုမြင်ကွင်းကြောင့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ အသားများပင် တုန်ရီလာတော့သည်။ သူတို့မှာ တစ်စုံတစ်ယောက်က သူတို့ကိုစိုက်ကြည့်၍ ဉာဏ်အလင်းပွင့်ရန် ကြိုးစားသည့် ထူးဆန်းသော ဖြစ်ရပ်မျိုးနှင့် တစ်ခါမှ မကြုံခဲ့ဖူးသည် မဟုတ်ပါလော။
ထို့အပြင် ထိုပြဿနာမှာ အလွယ်တကူ ပြေလည်သွားမည့်ပုံ မပေါ်ပေ။ သူတို့မှာ ထိုကဲ့သို့ ရူးသွပ်လုမတတ် နှိပ်စက်ညှဥ်းပန်းခံနေရပြီးနောက် နောက်ထပ် ရက်အနည်းငယ်အကြာတွင် ဓမ္မလက်နက်ဌာနထဲရှိ တာအိုအလင်းဆောင်ဌာနမှ အခြားကျောင်းသားများသည်လည်း ဓမ္မလက်နက်တောင်ထိပ်ပေါ်တွင် သူတို့နှင့် တထေရာတည်းတူသော ရုပ်သေးရုပ်များနှင့် ကြုံလိုက်ရပြန်သည်။
ထို ရုပ်သေးရုပ်များမှာ သူတို့နှင့် ချွတ်စွပ်တူသော လူအစစ်များကို ရှာတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် သူတို့၏နောက်သို့ မခွာတမ်း လိုက်သွားကြ၏။ လူအစစ်များမှာ မည်သည့်နေရာသို့သွားသည်ဖြစ်စေ ၎င်းတို့မှာ နောက်မှလိုက်ကာ သူတို့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြ၏။ ထို လူအစစ်များ အိပ်နေသည့်အချိန်တွင် ၎င်းတို့မှာ အိပ်ရာများ၏ ဘေးတွေရပ်ရင်း ဉာဏ်အလင်းပွင့်နေသည့် အကြောင်းများကို ရံခါဖန်ခါဆိုသလို အော်ဟစ်နေကြသည်။
ထို့ကြောင့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ ရူးသွပ်လုမတတ် ဖြစ်နေကြတော့သည်။ ထို့အပြင် ထိုရုပ်သေးရုပ်များမှာ မာကျောလှသောကြောင့် ၎င်းတို့ကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်ပေ။ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ တချိန်လုံး အားနည်းသူများကို အနိုင်ကျင့်ခဲ့ကြသည်ဖြစ်ပြီး ယခုတွင်မူ သူတို့အားလုံး မျက်ရည်စက်လက်နှင့် ရူးသွပ်သွားတော့မည့်အလား ခံစားနေရတော့သည်။
" ငါတို့တွေ ရှုံးသွားလို့မဖြစ်ဘူး။ ဒါ ဝမ်ပေါင်လဲ့ရဲ့ တန်ပြန်တိုက်စစ်ပဲ။ သူက ငါတို့ကို တွန်းလှန်ဖို့ ကြိုးစားနေတာ။ အားလုံး။ တောင့်ထားကြဟေ့ "
" ဟုတ်တယ်။ ငါတို့ ဝမ်ပေါင်လဲ့အစစ်ကို တွေ့အောင်ရှာပြီးတော့ မြင့်မြတ်တဲ့ တာအိုအလင်းဆောင်ဌာနကို ရန်စလို့မရဘူးဆိုတာ သူ့ကိုသိအောင် ပြရမယ် "
တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ အံကြိတ်၍ ပုံစံတူ ရုပ်သေးရုပ်များ၏ စိုက်ကြည့်မှုကို ကျင့်သားရသွားအောင် အကောင်းဆုံး ကြိုးစားလိုက်ကြသည်။ သူတို့မှာ ဆုတ်ခွာမသွားကြသည့်အပြင် သူတို့၏ တိုက်ခိုက်လိုသည့် စိတ်ဓာတ်များပင် မြင့်တက်လာကြ၏။
ထိုအပြောင်းအလဲများကြောင့် တာအိုကျောင်းတစ်ကျောင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ပါမောက္ခကြီးပင် ရံခါဖန်ခါဆိုသလို ထိုကိစ္စအပေါ် အာရုံစိုက်နေ၏။ အခြားဌာနများမှာလည်း ထိုအကြောင်းကို အားကြိုးမာန်တက် ငြင်းခုံဆွေးနွေးနေကြသလို ဝိညာဉ်ကွန်ရက်ကြီးမှာလည်း ပေါက်ကွဲတော့မည့်အလား ဖြစ်နေ၏။
" ဝမ်ပေါင်လဲ့နဲ့ တာအိုအလင်းဆောင်ဌာနရဲ့ကြားက ရန်ပွဲက နောက်ထပ် အဆင့်တစ်ဆင့်ကို တက်သွားပြန်ပြီတဲ့ဟေ့ "
" တာအိုအလင်းဆောင်ဌာနက ကျောင်းသားတွေရဲ့ ပုံစံတူ ရုပ်သေးရုပ် တစ်ရာနီးပါး ဓမ္မလက်နက်ဌာနထဲမှာ ပေါ်လာတာတဲ့ဟ။ အခု အဲဒီအရုပ်တွေက သူတို့ရဲ့ ပုံစံတူ လူအစစ်တွေကို စိုက်ကြည့်နေပြီးတော့ ဉာဏ်အလင်းပွင့်ဖို့အတွက် ကြိုးစားနေကြတာတဲ့ "
" ဟားဟား။ သိပ်ကောင်းတယ်။ ဝမ်ပေါင်လဲ့က တကယ်ပဲ ဒီလို ဗျူဟာမျိုးကို စဉ်းစားနိုင်ခဲ့တာပဲ "
လူတိုင်း ထိုပွဲကြီးကို ဂရုတစိုက် ကြည့်ရှုနေကြစဉ် ထောင်ချောက်ဌာနမှာလည်း အံ့ဩတုန်လှုပ်သွားပြီး ပွဲကြည့်ရန်အတွက် ချက်ချင်းပင် ရောက်ရှိလာ၏။ သူတို့မှာ ရုပ်သေးရုပ်သန့်စင်ခြင်းပညာရပ်ကို အထူးစိတ်ဝင်စားကြသည် မဟုတ်ပါလော။
တာအိုကျောင်းတစ်ကျောင်းလုံး အံ့ဩတုန်လှုပ်နေကြစဉ် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများ၏ ဒေါသမီးတောက်များမှာမူ တစ်စတစ်စ ကြီးထွားလာ၏။ သို့သော် သူတို့မှာ ထိုဒေါသစိတ်များကို ဖြေဖျောက်နိုင်မည့် နည်းလမ်း မရှိဘဲဖြစ်နေရသည်။ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ ဆုတ်ခွာသွားမည့် အရိပ်အယောင် မရှိသည်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ နောက်ဆုံးဗျူဟာကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့သည်။
" အချိန်မလောက်လို့ပေါ့ကွာ။ မဟုတ်ရင် မင်းတို့တစ်ယောက်ချင်းစီအတွက် ငါက ရုပ်သေးရုပ်တစ်ရုပ်စီ လုပ်ပေးချင်တာ။ ငါ့ဆီမှာ ရုပ်သေးရုပ် တစ်ရာတိတိ မရှိပေမဲ့ ဒီလောက်ဆိုရင်ကို လုံလောက်ပါတယ် "
" ဒီရုပ်သေးရုပ်တွေကို တာအိုအလင်းဆောင်ဌာနဆီ ပို့ပြီးတော့ ရုန့်ရင်းဆန်ခတ်ဖြစ်အောင် လုပ်ခိုင်းတာတို့ တခြားလူတွေကို နှောင့်ယှက်ပြီးတော့ သူတို့အကြောင်းတွေကို သွားပုတ်လေလွင့်ပြောခိုင်းတာတို့က လက်သီးပုန်းတိုက်ကွက်တွေပါ။ အဲဒီလိုနည်းတွေသုံးရင် အပြစ်မရှိတဲ့လူတွေကို ထိခိုက်စေသလို ငါ့ရဲ့ နာမည်လည်း ပျက်တယ် "
" ငါက ငါ့ကို ရန်စခဲ့တဲ့လူတွေကိုပဲ သက်သက်ရွေးပြီးတော့ သူတို့ကို တစ်သက်လုံး နောင်တရသွားအောင် လုပ်ချင်တာ "
သူသည် မိုးသစ်တောထဲရှိ သနားစရာကောင်းသော ဝတ်ရုံနက် လူကြီးအကြောင်းကို ပြန်၍ တွေးမိခဲ့၏။ သူသည် သဘောထားသေးသိမ်သော လုပ်ရပ်များကိုမလုပ်ရန် ဆုံးဖြတ်ထားခဲ့ပါသော်လည်း တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ စက်ဆုပ်ရွံရှာဖွယ် ကောင်းနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများမှာ အရောင်လက်သွားပြီး သူတို့အား သူတို့၏ လုပ်ရပ်အတိုင်း ပြန်ခံစားအောင် လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
" ညည်းသံ ပုံစံ … စတင်စေ "
ဝမ်ပေါင်လဲ့က ညာလက်ကိုမြှောက်လိုက်သောအခါ သူ၏ လက်ဖဝါးပေါ်တွင် အဝိုင်းပြားတစ်ခု ပေါ်လာ၏။ ၎င်းကို အသုံးပြု၍ ထိုရုပ်သေးရုပ်များကို ထိန်းချုပ်လိုက်သည်။ သူသည် ၎င်းအား လိုသလို ချိန်ညှိလိုက်သောအခါ ထိုအဝိုင်းပြားလေးမှာ တောက်ပလာ၏။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့ ဖန်တီးခဲ့သော ပုံစံတူ ရုပ်သေးရုပ်များထဲတွင် မိမိနှင့်တူသော ရုပ်သေးရုပ် မပါဘဲ လွတ်မြောက်ခဲ့သည့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ သူတို့ကိုယ်သူတို့ ကံကောင်းသည်ဟု မှတ်ယူထားကြသလို ဝမ်ပေါင်လဲ့ကိုလည်း အထင်သေးနေကြ၏။ ၎င်းမှာ မိမိနှင့် ပုံစံတူ ရုပ်သေးရုပ်တစ်ရုပ်က မိမိအား စိုက်ကြည့်နေရုံမျှသာ ဖြစ်သည်ဟု သူတို့က မှတ်ယူထားကြသည်။
ဝမ်ပေါင်လဲ့၏ အသုံးချခံ ဖြစ်သွားခဲ့ရသည့် လူများမှာလည်း သူတို့နှင့် ပုံစံတူ ရုပ်သေးရုပ်များ နောက်မှ မခွာတမ်း လိုက်လာကြသည်ကို ကျင့်သားရနေကြပြီ ဖြစ်သည်။ တချို့ဆိုလျှင် ၎င်းတို့မှာ သူတို့၏ ဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်ကို ပို၍လွယ်ကူအောင် ကူညီပေးနေသည်ဟု စနောက်ကာ ပြောဆိုနေကြ၏။
သူတို့မှာ ထိုအခြေအနေကြီးကို ကျင့်သားရသွားပြီဟု မှတ်ယူလိုက်ကြသည့် အချိန်မှာပင် သူတို့ဘေးရှိ ရုပ်သေးရုပ်များ၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွား၏။ ထို့နောက် ၎င်းတို့မှာ လူအစစ်များကို စိုက်ကြည့်ကာ ချစ်စိတ်မွှန်နေသည့် အမူအရာများဖြင့် ပါးစပ်များဟကာ ညှုတုတု ညည်းသံများကို ထုတ်လွှတ်လိုက်ကြတော့သည်။
ထိုအသံများကြောင့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားအားလုံး ချက်ချင်းပင် မှင်တက်သွားကြ၏။ သူတို့မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ကြက်သီးမွေးညှင်းများထကာ ဦးရေခွံများ ပေါက်ကွဲလုမတတ် ဖြစ်သွားတော့သည်။ သူတို့အားလုံးမှာ ဆွံ့အသွားကုပြီး တချို့မှာ ကြောက်ရွံ့လွန်းလှသောကြောင့် အသားများတုန်ရီကာ ဒယိမ်းဒယိုင်နှင့် နောက်သို့ဆုတ်ခွာသွားကြ၏။
" ဒါ... ဒါက ဘာကြီးလဲ "
" ဘုရားရေ။ အခုထိ ညည်းနေတုန်းပဲ။ ဘာသံကြီးလဲကွ။ ဝမ်ပေါင်လဲ့။ ချက်ချင်းပိတ်လိုက်စမ်း "
" ဒီ... ဒီအရုပ်က ငါ့ကို တကယ်ကြီး တယုတယ ညည်းပြခဲ့တာပဲ "
ပုံစံတူ ရုပ်သေးရုပ်များ လုပ်ခံခဲ့ရသည့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ မည်သို့မည်ဖုံ ပြမူရမှန်း မသိလောက်အောင် ဖြစ်သွားကြတော့သည်။ သူတို့အားလုံးမှာ အလွန် ကြောက်ရွံ့ကာ ယမ်းပုံမီးကျ ဒေါသထွက်သွားကြ၏။ ထိုညည်းသံများကို နားထောင်ရင်း စိုက်ကြည့်ခံနေရသည့် ခံစားချက်ကြီးကြောင့် သူတို့မှာ ရူးသွပ်ကာ အသိစိတ်များ ပျောက်လုမတတ် ခံစားနေကြရပြီ ဖြစ်သည်။
" ဒီ သောက်အရုပ်ကြီးကို ပါးစပ်ပိတ်ပစ်စမ်းကွာ။ ပါးစပ်ပိတ်ထားစမ်း "
" ဆက်ပြီးတော့ မညည်းပါနဲ့တော့ကွ "
အစ်ကိုချန်မှာ ပို၍ပင်ဆိုး၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ရုပ်သေးရုပ်ကို အနုစိတ် ဖန်တီးပေးခဲ့သည့်ပုံပင်။ သူ့ရုပ်သေးရုပ်၏ အသံမှာ အလွန် ကျယ်လောင်နေ၏။
ပုံစံတူ ရုပ်သေးရုပ် အလုပ်မခံခဲ့ရသော တာအိုအလင်းဆောင်ဌာနမှ အခြားကျောင်းသားများမှာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပင့်သက်များရှိုက်သွားကြတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား အထင်မသေးရဲကြတော့ဘဲ ကံကောင်းသည်ဟုသာ မှတ်ယူလိုက်ကြ၏။ ထို ကနွဲ့ကလျညည်းသံများမှာ အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေ၏။
တာအိုကျောင်းတစ်ကျောင်းလုံး ထိုဖြစ်ရပ်ကြီးကို အနီးကပ် စောင့်ကြည့်နေသည်ဖြစ်ရာ ပို၍ပင်ဆိုးနေ၏။ ထို ရုပ်သေးရုပ်များထံမှ ညည်းသံများ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် တာအိုကျောင်းတစ်ကျောင်းလုံးမှာ ဆူညံသွားကြပြီး ဝိညာဉ်ကွန်ရက်တစ်ခုလုံးသာမက ဌာနတိုင်းကပါ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။
" ဝမ်ပေါင်လဲ့က ဗျူဟာအကြီးကြီးတစ်ခု ထုတ်သုံးလိုက်ပြီဟေ့။ သောက်ကျိုးနဲ ဒီ ဗျူဟာကြီးက တကယ့်ကို ပြိုင်စံရှားပဲ "
" ပြီးတော့ တာအိုအလင်းဆောင်ဌာနရဲ့ ညည်းသံလေးတွေကို ကြားရတာ တော်တော်ကို စိတ်နှလုံးလှုပ်ရှားဖို့ ကောင်းတယ်ကွ။ ဝမ်ပေါင်လဲ့ရဲ့ ရုပ်သေးရုပ်တွေက တကယ်ကို လူအစစ်နဲ့ တူတာပဲ "
" ကျောင်းသားခေါင်းဆောင်ပေါင်လဲ့ရေ။ ရုပ်သေးရုပ်တွေ ရောင်းဖို့ရှိလားဗျ။ ကျနော် တစ်ရုပ်လောက် ဝယ်ချင်လို့ပါ "
ဝိညာဉ်ကွန်ရက်ပေါ်တွင် ထိုရုပ်သေးရုပ်များကို ဝယ်ယူရန် အကြောင်းများကိုပင် ပြောဆိုနေကြသည့် လူများရှိနေသည်ကို မြင်လိုက်ရသောအခါ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ ကျောချမ်းသွားကြတော့သည်။ ပုံစံတူ ရုပ်သေးရုပ်များ မရှိကြသေးသည့် လူများမှာ ချီတုံချတုံ ဖြစ်သွားကြပြီး တချို့မှာ ဆုတ်ခွာချင်စိတ်များပါ ပေါက်လာကြတော့သည်။ သူတို့မှာ အမှန်တကယ် ကြောက်ရွံ့နေကြပြီဖြစ်ပြီး သူတို့ အတန်းဖော်များ၏ စိတ်ဆင်းရဲစရာ ပုံစံများကိုကြည့်ကာ သင်ခန်းစာ ရနေကြပြီဖြစ်သည်။ ထို့အပြင် အကယ်၍ လူတစ်ယောက်ကသာ သူသဘောကျနှစ်သက်သော ရုပ်သေးရုပ်တစ်ရုပ်ကို ဝယ်ယူသွားမည်ဆိုလျှင် ထိုကိစ္စကြီးမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေမည်ဖြစ်သောကြောင့် သူတို့မှာ စိတ်ကူးနှင့်ပင် မတွေးရဲတော့ပေ။ ထို့ကြောင့် တခဏအကြာတွင် လူပေါင်းများစွာမှာ ဓမ္မလက်နက်ဌာနမှ ဆုတ်ခွာသွားရန် ဆုံးဖြတ်လိုက်ကြတော့သည်။
သူတို့က ထိုကဲ့သို့ ဆုတ်ခွာနိုင်ပါသော်လည်း တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ သူတို့ကိုကြည့်၍ ညည်းပြနေကြသော ရုပ်သေးရုပ်များကိုကြည့်ကာ ကြောက်ရွံ့နေကြသဖြင့် လက်မြှောက်အရှုံးပေးရန် ဆန္ဒမရှိကြပေ။ သူတို့ထဲမှ တချို့မှာ ထွက်ပြေးသွားကြပါသော်လည်း မျက်ထောင့်နီကြီးများဖြင့် ဝမ်ပေါင်လဲ့ကို ရှာဖွေရန် ထွက်သွားကြသည့် လူများစွာလည်း ရှိနေသေးသည်။
ရုပ်သေးရုပ်များမှာ ဉာဏ်အလင်းပွင့်မည့်အကြောင်းများ အော်ဟစ်ကာ ညည်းညူ၍ သူတို့၏နောက်တို့ လိုက်လာကြပါသော်လည်း သူတို့မှာ သည်းညည်းခံ၍ အရူးများကဲ့သို့ ရှာဖွေနေကြ၏။
" ဝမ်ပေါင်လဲ့။ ထွက်ခဲ့စမ်း "
" မင်း သတ္တိရှိတယ်ဆိုရင် ပုန်းမနေနဲ့လေ။ အပြင်ထွက်လာပြီးတော့ ငါတို့နဲ့ ရင်ဆိုင်လိုက်စမ်းပါ "
သူတို့မှာ အလွန် ခေါင်းမာနေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ ဒေါသထွက်သွားရ၏။
" မင်းတို့က တောင်းဆိုနေမှတော့ကွာ။ နှာဗူးပုံစံ … စတင်စေ "
ဝမ်ပေါင်လဲ့မှာ အံကြိတ်၍ သူ၏ ဓမ္မအဝိုင်းပြားကို ထုတ်ယူကာ ဖိချလိုက်တော့သည်။