လင်းရီကို အထင်မသေးနဲ့
Vol. 87 Ch. 1292
“ မင်း ... မင်း …”
ယာမာဇူကီ မစ်ဆူ၏ ခန္ဓာကိုယ်သည် ပို၍ပင် တုန်ခါလာခဲ့တော့၏။
မူလကတော့ သာမန် ရိုးရှင်းသည့် ယာဉ်တိုက်မှု တစ်ခုဟုသာ ထင်မှတ်ထားခဲ့သော်လည်း လင်းရီ တမင်တကာ စီစဉ်ထားသည့် အစီအစဉ် ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
အချင်းများနေစဉ် သူက သူ့လူများကို ဟိုတယ်ထဲသို့ ဝင်ရောက်ခိုင်းထားပြီး အသင့်နေရာယူခိုင်းထားခဲ့၏။
ယာမာဇူကီ မစ်ဆူ ပို၍ တွေးမိလေလေ သူ့စိတ်ထဲ တုန်လှုပ်လာလေလေပင်။ လင်းရီသည်ကား အနက်ရောင် တွင်းနက်ကြီးကဲ့သို့ ဖြစ်ပြီး တွေးတော၍ ဉာဏ်မမှီလောက်အောင် ခက်ခဲနက်နဲနေတော့သည်။
ဒီလိုလူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…
“ ဒါပေမယ့် အဲ့လိုဆိုတိုင်း မင်း ပေါလ်ကို ကိုင်တွယ်နိုင်တယ်လို့မှ မဆိုလိုတာ… ပေါလ်ရဲ့ လူတွေဆိုတာ ဘာကိုမှ ဂရုမစိုက်တဲ့ ကြေးစားအုပ်စု… မင်းခေါ်လာတဲ့လူတွေက သူတို့ပြိုင်ဘက် ဘယ်လိုလုပ်ပြီး ဖြစ်နေနိုင်မှာ..”
ဤသည်က ယာမာဇူကီ မစ်ဆူ၏ နောက်ဆုံးသော မေးခွန်းပင်။
ရွှေနက်ကော်ပိုရေးရှင်းနှင့် ပေါလ်၏ ခွန်အားက သာမန်လူတို့ထက် ကျော်လွန်နေသည်ကို သူသိထားသည်။ လင်းရီ မည်မျှ သန်မာအားကောင်းနေပါစေ၊ ပေါလ်၏ ဘက်လူ မဖြစ်နိုင်ချေ။
ဆိုလျှင် သူ မည်သို့ ပြုလုပ်လိုက်သနည်း။
လင်းရီ တံခါးနားရှိ နံရံကိုမှီလျက် လက်ကိုပိုက်ကာ တည်ငြိမ်သည့် လေသံဖြင့် “ ကြည့်ရတာ အယ်လက်ဆာကို ဘယ်သူသတ်သွားလဲဆိုတာ ခင်များ မသိသေးဘူးနဲ့တူတယ်…”
“ ဟင်… မင်း ဘာစကားတုန်း…”
“ ကျုပ်သာ အယ်လက်ဆာကို သတ်နိုင်တယ်ဆိုရင် ပေါလ်ကို ဖယ်ရှားနိုင်တဲ့ အစွမ်းအစ ရှိနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား.. အဲ့လောက်လေးတောင် နားမလည်ဘူးဆိုမှတော့ ဒီလိုဖြစ်တာတောင် နည်းတယ် ပြောရမလားပဲ…” လင်းရီ ယာမာဇူကီ မစ်ဆူကို စေ့စေ့ကြည့်လိုက်ကာ “ ပြီးတော့ ကျုပ်က ခင်များတို့ရဲ့ လှည့်ကွက်သေးသေးလေးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီးသား…. လုံးဝ ယုံကြည်ချက် အပြည့်မှမရှိရင် ကျုပ် ဒီကိုတောင် မလာဘူး…”
“ မင်း တကယ်ကြီး အယ်လက်ဆာကို သတ်ခဲ့တယ် ဟုတ်လား…”
ယာမာဇူကီ မစ်ဆူ နှလုံး ကဆုန်စိုင်းသွားခဲ့ပြီး လည်ချောင်းဝမှ ခုန်ပေါက် ထွက်လာမှာကိုတောင် စိုးရိမ်နေရသည်။
ယခင်တုန်းက သူ လင်းရီကို ဖမ်းဆီးချင်ရုံမျှဖြင့် ယိုးစွပ်ခဲ့ခြင်းဖြစ်၏။ သို့သော် ၎င်းက အမှန်တရား ဖြစ်နေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
မစ်ဆူမိသားစုမှာ သူ့လက်တွင်း၌ တစ်ဖန် ရှုံးခန်း ဝင်ရပြန်လေပြီ။
ချွေးအေးတို့က ယာမာဇူကီ၏ နောက်ကျော တစ်ပြင်လုံးတွင် စိုရွှဲနေတော့၏။
လင်းရီ၏ အလိမ္မာဉာဏ်သည် သူ့ကို ဖိန့်ဖိန့်တုန်အောင် ဖြစ်သွားစေခဲ့သည်။
သူသည်လည်း လင်းရီကို အထင်သေးနေမိခဲ့ဆဲပင်။
လင်းရီသည် သာမန်ညောင်ည စီးပွားရေး သမား မဟုတ်ပါဘဲ သူ့နောက်တွင် ရွှေနောက်ကော်ပိုရေးရှင်းလောက်ကို အင်အားကြီးမားသည့် ကျောထောက်နောက်ခံ အဖွဲ့အစည်း တစ်ခု ရှိနေသည်။
ဤတစ်ကြိမ်တွင်တော့ မစ်ဆူမိသားစုသည် အပြတ်သတ် ရှုံးနိမ့်သွားပြီ ဖြစ်၏။
ထို့ပြင် လူငယ်လေးတစ်ယောက်ထံ၌ ရှုံးနိမ့်ခဲ့ရခြင်းပင်။
ရှယ်ဖွယ်… လုံးဝကို ရှက်ဖွယ်လိလိပင်။
လင်းရီ လျှောက်လှမ်းလာ၍ ယာမာဇူကီ မစ်ဆူ၏ ပခုံးကို ပုတ်ကာ “ တာခါယာ မစ်ဆူ ဘယ်မလဲ.. ဒီဟာသပြဇာတ်ကြီးကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ…”
“ သူ… သူ မိသားစု အိမ်တော်မှာ…”
“ ဒါဆိုလည်း ခင်များကို အတူလိုက်ခဲ့ပေးဖို့ ဒုက္ခပေးရတော့မှာပဲ…”
………………………
မစ်ဆူမိသားစု အိမ်တော်။
ဆိတ်သုဉ်းသည့် ညတစ်ညတွင် အိမ်တော်ရှိ မီးအလင်းရောင်များက မှေးစက်ခြင်း မပြုသည့် မြို့တော်တစ်ခုကဲ့သို့ ဖြစ်နေသည်။
တာခါယာမစ်ဆူသည် သူ၏ စာကြည့်ခန်းထဲတွင် ရှိနေပြီး အရှေ့အာရှနှင့် မြောက်အာဖရိကရှိ ရင်းနှီးမြုပ်နှံမှု ပရောဂျက်များအား ကြည့်ရှုနေလျက် ရှိသည်။
ချလပ်…
စာကြည့်ခန်း တံခါး ပွင့်ဟလာပြီး အာယာနဲ မစ်ဆူသည် ဒေါသထောင်းနမောင်းထွက်နေသည့် အမူအရာဖြင့် ဝင်လာခဲ့သည်။
တာခါယာမစ်ဆူသည်လည်း မည်သူရောက်လာကြောင်းကို မကြည့်ဘဲ တန်းသိလိုက်၏။ အာယာနဲ မစ်ဆူသာလျှင် သူ့စာကြည့်ခန်းထဲသို့ တံခါးမခေါက်ဘဲ ဝင်ထွက်ဝံ့ခြင်းပင်။
“ ဘာဖြစ်တာလဲ.. တစ်ခုခု မကျေနပ်လို့လား…” တာခါယာမစ်ဆူ မျက်မှန်ကို ချွတ်၍ အာယာနဲအား မေးလိုက်သည်။
“ အဖေ ဒါ ဘာသဘောလဲ..” အာယာနဲ မစ်ဆူ မေးခွန်းထုတ်လိုက်ပြီး “ သမီးကို ထိန်းချုပ်ထားတယ်ဆိုတာ အဖေ့ရဲ့ အကြံအစည်တွေ ပျက်စီးမှာစိုးလို့ ဟုတ်တယ်မလား… ပြီးတော့ ဖုန်းကိုလည်း သိမ်းသွားတယ်… သမီးဆီကနေ သတင်းတွေ ပေါက်ကြားမှာကို အဖေ စိုးရိမ်နေတယ်မလား…”
“ အဖေလည်း ရွေးချယ်စရာ မရှိလို့ပါကွယ်…” တာခါယာမစ်ဆူ သက်ပြင်းချသံဖြင့် ပြော၏။
“ သမီးလည်း လင်းရီ ဘယ်လိုလူစားမျိုးမှန်း သိနေတာပဲ မဟုတ်ဘူးလား… အဖေစိတ်ချရအောင် လုပ်လိုက်တာကို သမီး စိတ်မဆိုးနဲ့… ဒီကိစ္စပြီးရင် အပြင်ပြန်ထွက်ခွင့်ပေးမယ်…”
“ အဓိပ္ပာယ်မရှိတာ….”
အာယာနဲ မစ်ဆူ ကယောင်ချောက်ချား ဖြစ်စွာဖြင့် အော်ဟစ်လိုက်၏။
အမြဲတစေ သိမ်မွေ့ပြီး တည်ငြိမ်လေ့ရှိသည့် သူမ၏ အမူအကျင့်သည့် ယခုလိုမျိုး တစ်ခါမျှ ဖြစ်ဖူးခဲ့ခြင်း မရှိပါချေ။
“ လင်းရီ ဘယ်လိုလူစားမျိုးမှန်း သိနေလို့ အဖေ့လုပ်ရပ်တွေကို ဆန့်ကျင်နေတာလေ…”
“ နားလည်တယ်… သမီးပြောမှာ လင်းရီလက်ထဲမှာ အဖေတို့ ဆန့်ကျင်လို့မရတဲ့ မရေမတွက်နိုင်တဲ့ ဝှက်ဖဲတွေ ရှိတယ်လို့ ပြောတော့မှာမလား… ဒါပေမယ့် သမီးသိထားရမှာ နည်းဗျူဟာကသာ အရာရာကို ဖြေရှင်းနိုင်နေမယ်ဆိုရင် ခွန်အားဆိုတာလည်း လိုအပ်လာမှာတောင် မဟုတ်ဘူး… ” တာခါယာမစ်ဆူ ပြောလိုက်ပြီး “ 1991, Gulf War… 2003, Bashra War… ယူအက်စ်က အကျိုးသင့် အကြောင်းသင့် ရှိတာ မြင်ဖူးလား… အင်အားကြီးမားတဲ့သူ တစ်ယောက်ရဲ့ လုပ်ရပ်မှာ အကြောင်းပြချက်ဆိုတာ မလိုဘူး… အဆင့်အတန်းချင်း တူတဲ့လူတွေနဲ့သာ လှည့်ကွက်တွေထုတ်ကစားဖို့ အရည်အချင်း မှီလိမ့်မယ်… မဟုတ်ရင် ပုရွက်ဆိတ်လေးလို ဖိချေခံလိုက်ရမှာပဲ… ခု လင်းရီနဲ့ အဖေလိုမျိုးပေါ့..”
“ ဟမ့်… အဖေ အရင်ရက်တုန်းကလည်း အဲ့လို ပြောခဲ့တာပဲ… ရလဒ်က စိတ်ကျေနပ်ဖို့ ကောင်းရဲ့လား.. “ အာယာနဲ မစ်ဆူ နှာခေါင်းရှုံ့၍ ပြောဆိုလိုက်သည်။
“ လင်းရီရဲ့ အစွမ်းအစနဲ့ဆို အချိန်တိုအတွင်း ထောင်တက်လာနိုင်တယ်ဆိုတာ အဖေဝန်ခံတယ်… လီတိုဂရပ်ဖီစက် ကိစ္စမှာ ရှုံးနိမ့်ခဲ့တာလည်း အဖေ ဝန်ခံတယ်.. ဒါပေမယ့် အမြဲတမ်း ရှုံးနိမ့်လျက်ချည်း ဆိုတာ မရှိဘူး.. အဖေတို့ကြားမှာရှိတဲ့ အင်အားကွာဟမှုက အခရာ ဖြစ်လာလိမ့်မယ်…”
“ ဒါပေမယ့် လင်းရီရဲ့ အင်အားကလည်း သူ့ရဲ့ နည်းဗျူဟာတွေကြောင့် ကန့်သတ်မခံထားရဘူးဆိုတာ သမီး သတိပေးလိုက်မယ်… သူ့ရဲ့ အရည်အချင်းတွေဆိုတာ မစ်ဆူ မိသားစုတောင်မှ ယှဉ်ပြိုင်နိုင်တဲ့ အရာ မဟုတ်ဘူး….”
“ စိတ်ချစမ်းပါ… အဖေတို့ဘာမှ မလုပ်ပါဘူး.. ရွှေနက်ကော်ပိုရေးရှင်းကို ဓားငှားလိုက်တယ်… “ တာခါယာ မစ်ဆူ ပြောလိုက်ပြီး “ သမီးလည်း သူတို့နဲ့ အရင်က ဆက်သွယ်ဖူးတယ်မလား.. ပေါလ်ဆို သမီးသိပါတယ်…”
“ ပေါလ် ဒီရောက်နေတာလား…”
ပေါလ်၏ နာမည်ကို ကြားတော့ အာယာနဲ မစ်ဆူ၏ အမူအရာသည် မည်းမှောင်သွားခဲ့တော့၏။
ရွှေနက်ကော်ပိုရေးရှင်းတွင် အရည်အချင်းရှိသည့် ဂျင်မီနှင့် အယ်လက်ဆာပင် ပေါလ်နှင့်ယှဉ်ပါက လိုအပ်ချက် ရှိနေဆဲပင်။
အကယ်၍ သူသာ ဤရောက်လာပြီဆိုပါက ပြဿနာမှာ ပိုကြီးလေပြီ။
“ အင်း…. အဖေတို့ သူ့ကို တိတ်တိတ်လေး ဆယ်သွယ်ခဲ့တာ… လင်းရီရဲ့ အဆင့်အတန်းက ဟွာရှမှာ သိပ်မြင့်တော့ အဖေတို့အနေနဲ့ ကိုယ်တိုင် လှုပ်ရှားလို့ အဆင်မပြေဘူး… ခုလိုကျတော့ ဘယ်လို အန္တရာယ်မျိုးကို မဆို ရှောင်ရှားပြီးလည်းဖြစ်… ဒါကြောင့်မို့ သမီးကို ကန့်သတ်ထားရတာ .. “
“ အဖေက လင်းရီကို ဒီလောက်လေးနဲ့ ဖြေရှင်းနိုင်ပြီ ထင်နေတယ်ပေါ့..”
“ သူက ဘာတတ်နိုင်မှာမို့လို့…” တာခါယာမစ်ဆူ မေးခွန်းထုတ်လိုက်ပြီး “ သူ လေယာဉ်ပေါ်က ဆင်းပြီး ဆိုကတည်းကရင် မျက်လုံးဒေါက်ထောက် ကြည့်နေတာ ပေါလ်ကလည်း သူ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ အဆင်သင့်ပဲ… ပြောစမ်းပါ.. သူ အခု ဘာများ တတ်နိုင်ဦးမှာမိုလို့…”
“ မသိဘူး…” အာယာနဲ အေးစက်သည့် မျက်နှာထားဖြင့် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် အရင်တစ်ခေါက်တုန်းကလည်း ဒီလိုပဲ… အဖေ့ဘက်က အောင်နိုင်ပြီလို့ ထင်နေချိန်မှာ သူ့ဘက်က အောင်အောင်မြင်မြင်နဲ့ တန်ပြန်တိုက်ခိုက်ပြသွားခဲ့တယ်… ဒီ တစ်ကြိမ်လည်း ထူးမခြားနားပဲ… လင်းရီက မှတ်ကျောက်တင်ခံထိုက်တဲ့ လူတစ်ယောက်… သူက ဘယ်တော့မှ မရှုံးဘူး… အဖေနဲ့ ရင်ဆိုင်ရတယ်ဆိုတောင်မှ ရလဒ်က အတူတူပဲ ဖြစ်မှာ… ဒီတော့ ပြင်ဆင်ထားလိုက်… သူက အဖေထင်သလို အားနည်းနေတာမဟုတ်ဘူး…”
“ စောင့်ကြည့်တာပေါ့… အဖေလည်း သူ့ဘက်က အံ့အားသင့်စေလောက်မယ့် စပရိုက်လေးတွေ မျှော်နေတာပါ…”
တာခါယာမစ်ဆူ အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်ပြီး သူ၏ စာကြည့်မျက်မှန်အား ပြန်လည်တပ်ဆင်လိုက်၏။ “ တကယ်လို့ တခြား ဘာမှ မရှိတော့ဘူးဆိုတော့ ပြန်သွားတော့… အဖေ့မှာ တခြားလုပ်စရာတွေရှိတယ်…”
အာယာနဲ မစ်ဆူ ‘ဟမ့်’ ခနဲသာ ပြုပြီး သူမ အဖေနှင့် ဆက်လက် ရန်ဖြစ်လိုစိတ် မရှိတော့ချေ။ သူမ နောက်သို့လှည့်ပြီး ထွက်ခွာသွားခဲ့၏။
သို့သော် သူမ ထွက်ခွာတော့မည့် ဆဲဆဲမှာပဲ သူမတို့၏ အိမ်တော်ထိန်းအိုကြီးမှ အလျင်စလို ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
“ သခင်ကြီး… လင်းရီ ရောက်လာပါတယ်..”
“ သူ ဒီရောက်လာတယ်…”
အာယာနဲ မစ်ဆူ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့၏။ သူမ တာခါယာမစ်ဆူကို လှောင်ပြောင်ထေ့ငေါ့စွာ ကြည့်လိုက်၏။
“ သမီးမိုက်ကတော့..”
တာခါယာမစ်ဆူ ပြုံးလိုက်ပြီး “ သမီးအန်ကယ်ကို ဒီခေါ်လာဖို့ ပြောလိုက်တာ… လင်းရီကို ကိုင်တွယ်ပြီးရင် သူ ဒီခေါ်လာခဲ့မှာ… သူ့မှာ တကယ်ကြီး ရွှေနက်ကော်ပိုရေးရှင်းကို ကိုင်တွယ်နိုင်တဲ့ အစွမ်းအစရှိတယ် ထင်နေလား… မတုံးအစမ်းပါနဲ့…”
ပြောပြီးနောက် တာခါယာမစ်ဆူ စာကြည့်မျက်မှန်ကို ချွတ်၍ မတ်တပ်ရပ်လိုက်သည်။
“ မင်း သူ့ကို အရမ်းတွေ ယုံကြည်ချက် ရှိနေခဲ့တာ မဟုတ်ဘူးလား.. အဖေနဲ့လိုက်ခဲ့… သမီးရင်ထဲမှာ အမြဲမြင့်မြင့်မှန်းထားတဲ့လူက ခု ဘယ်လို အခြေအနေရောက်နေလဲဆိုတာ သမီးဘာသမီး လိုက်ကြည့်…”
“ သ…သခင်ကြီး… သခင်ကြီး ထင်သလို မဟုတ်ဘူး… လင်းရီက ဒုတိယ သခင်ကြီးကို ဓားစာခံလို ဖမ်းလာပြီးတော့ သူ …. သူ့ပုံစံက မှဲ့တစ်ပေါက်တောင် မစွန်းလာခဲ့ပါဘူး… အောက်ထပ်က ဆိုဖာပေါ်မှာ ထိုင်ပြီး သခင်ကြီးကို စောင့်နေပါတယ်…”