အချစ်တစ်ခုတည်းနဲ့ ဘယ်သူကများ ဟူဂျီတောင်ကို ပိုင်နိုင်ခဲ့လို့လဲ
Vol. 87 Ch. 1293
“ မဖြစ်နိုင်တာ…”
“ သူ ပေါလ်ကို အနိုင်ယူလိုက်နိုင်တယ်ပေါ့… “
တာခါယာ မစ်ဆူ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့၏။ ယခုလို ဖြစ်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။ ဤသည်က သူစိတ်ကူးထားသည်နှင့် တက်တက်စင်အောင် လွဲချော်နေသည်။
ပေါလ်နဲ့ တွေ့တာတောင်မှ သူ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်ခဲ့တာလဲတဲ့.....
“ သူတို့ ခြံထဲကို ကားမောင်းဝင်လာတော့ ဒုတိယသခင်ကြီးက ကြိုးတုပ်လျက်သား ပါလာပါတယ်… သူတို့က ခြံထဲက လူတွေ အကုန်လုံးကို အမှောက်သိပ်ပြီး ယုံကြည်ချက် အပြည့်နဲ့ သခင်ကြီးကို တွေ့ချင်တယ်ပြောပါတယ်…”
“ ငါ သွားပြီး တစ်ချက်ကြည့်လိုက်မယ်..”
တာခါယာမစ်ဆူ မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အောက်သို့ အရေးတကြီး ပြေးဆင်းလာခဲ့တော့၏။
အာယာနဲမစ်ဆူနှင့် အိမ်တော်ထိန်းသည်လည်း သူ့အနောက်မှ ကပ်လျက် လိုက်ပါလာသည်။
သုံးယောက် အောက်ထပ်ကို ရောက်တော့ လင်းရီမှာ စင်အောင် ဆေးကြောထားသည့် ပန်းသီးတစ်လုံးကို လက်တွင်ကိုင်ထားပြီး ကိုက်စားနေကြောင်း မြင်တွေ့လိုက်ရ၏။
“ ခင်များတို့ သူဌေးတွေကို သောက်ရမ်း အားကျတယ်ဗျာ…. ဘဝကို ဘယ်လို ဇိမ်ရှိရှိနေရမလဲ အတော်သိကြတာပဲ… ဒီ ပန်းသီးဆို ကျုပ် စိုက်တဲ့ အသီးလောက်ကို အရသာရှိတယ်…”
“ မင်း…. ဒီကို ဘယ်လိုရောက်လာတာလဲ..”
“ ယာမာဇူကီနဲ့ အတူ လာတာလေ… သူ ကျုပ်ကို ဒီခေါ်လာခဲ့ပေးတာ……၊ ဒါပေမယ့် ခင်များ မေးချင်တာ အဲ့တာတော့ မဟုတ်လောက်ဘူးလို့ ကျုပ်ထင်တယ်… ခင်များ သိချင်နေတာ ကျုပ် ဘာလို့ ကောင်းကောင်းမွန်မွန်နဲ့ ဒီရောက်လာတာလဲလို့ သိချင်နေတာမလား…”
တာခါယာ မစ်ဆူ နှုတ်ဆိတ်နေ၏။ ယင်းက လင်းရီပြောသည်ကို ထောက်ခံနေခြင်းပင်။
“ ကျုပ်က ခင်များတို့ အကြံအစည်ကို ကြိုမြင် ကြိုတွေးမိပြီး ကြိုတင် ပြင်ဆင်ခဲ့ရုံပါပဲ.. ပေါလ် လှုပ်ရှားတဲ့ ခြေလှမ်းတိုင်းကို ကျုပ်သိနေတယ်… ခင်များတို့ မစ်ဆူ မိသားစု ရွှေ့တဲ့ အကွက်လေးက တကယ်တော့ ရယ်ချင်စရာကြီး…”
“ မဖြစ်နိုင်တာ…” တာခါယာမစ်ဆူ အော်ဟစ်ပြောဆိုလိုက်ပြီး “ မင်းက ပေါလ်ရဲ့ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
“ အဖြေက ရှင်းပါတယ်…” လင်းရီ ခြေတင်ချိတ်လိုက်ပြီး တာခါယာ မစ်ဆူကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်ကာ “ ခင်များတို့က အင်အားကြီး စီးပွားရေး မိသားစု တစ်ခုတင် မဟုတ်သလိုမျိုး ကျုပ် လင်းရီကလည်း ဒီတိုင်း ကုမ္ပဏီ အသေးစားလေးရဲ့ သူဌေးတစ်ယောက် မဟုတ်ဘူးလေ…”
“ မင်း တကယ်….”
“ ဟဲဟဲ…”
လင်းရီ ပြုံးလိုက်ပြီး “ နောက်ဆုံးကျတော့ ခင်များက ကိုယ့်ကိုယ်ကို အရမ်းတွေ အထင်ကြီးပြီး ကျုပ်ကို အထင်သေးခဲ့တယ်… ခင်များသမီးရဲ့ အကြံပြုချက်ကိုသာ နားထဲသွင်းခဲ့ရင် ဒီလိုအခြေအနေမျိုးတောင် ရောက်လာခဲ့မှာ မဟုတ်ဘူး… ကံဆိုးချင်တော့ ခင်များမှ နားမထောင်ခဲ့တာ…”
လင်းရီ အတန်ငယ်ကြာအောင် ရပ်တန့်ပြီးနောက် ဆက်လက်၍ “ ခင်များက တချို့ ကဏ္ဍတွေမှာ အာယာနဲ လောက်ကို မတော်ဘူးလို့တော့ ပြောရမယ်… ဉာဏ်ရှိတဲ့လူက အခြေအနေကို ကြည့်ပြီး လိုက်လျောညီထွေ ဖြစ်အောင် ပြုမူကျင့်သုံးတယ်… ခင်များက ဒီရဲ့ ဟွာရှစကားပုံကို ခင်များသမီးလောက်တောင်မှ နားမလည်ပဲကိုး…”
တာခါယာ မစ်ဆူ၏ မျက်နှာသည် ဥဿုံ ဖွေးလျော်နေပြီး စိတ်ခံစားချက်တို့ကလည်း အမျိုးမျိုး ရောပြွမ်းနေခဲ့သည်။
သူ ဤကဲ့သို့ အနုစိတ်သည့် အကြံအစည်ကို ချမှတ်ထားသည်တောင်မှ လင်းရီကို ရှုံးနိမ့်ခဲ့ရသည်လော။
နိုင်ငံတကာ ဘဏ္ဍာရေး ဈေးကွက်တွင် သူသည် အောင်ပွဲအလီလီကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် ယနေ့ သူ တကယ်ကြီး နှစ်ဆယ်ကျော် အရွယ် ကောင်လေးတစ်ယောက်ထံတွင် လက်မှိုင်ချရချေပြီ။
ဤသည်ကို သူ၏ စိတ်က လက်မခံနိုင်ခဲ့ချေ။
ဆေးရုံသွားပြီး ဆေးကုသည့် လူနာတစ်ယောက်ကဲ့သို့ ဆရာဝန်မှ လူနာထံတွင် ကင်ဆာရှိပြီဟူ၍ ပြောလာသည့် အခါတွင် နေရာ၌ ချက်ချင်း လဲပြိုသွားသကဲ့သို့ဖြစ်၏။
တစ်ခါတစ်ရံတွင် တဒင်္ဂသော အခိုက်အတန့်သည်လည်း လူတစ်ယောက်၏ တစ်သက်တာ ကျရှုံးခြင်းနှင့် အောင်မြင်ခြင်းကို အဆုံးဖြတ်ပေးတတ်၏။
ဤသည်က ယခု တာခါယာမစ်ဆူ ကြုံတွေ့နေရသည့် အခြေအနေ အတိအကျပင်။ သို့သော် အဆိုပါ ခံစားချက်တို့က စက္ကန့်အနည်းငယ်မျှသာ ဖြစ်ပေါ်လိုက်ပြီး အဆုံးတွင် မြုပ်နှံခြင်း ခံလိုက်ရ၏။
ဤကိစ္စက မပြီးသေးမှန်းကို သူသိသည်။ သူ ကိုင်တွယ်ရမည့် ကိစ္စရပ်များကလည်း များစွာ ကျန်ရှိနေသေးသည်။
လင်းရီ ဆိုဖာပေါ်တွင် ထိုင်နေပြီး တာခါယာ မစ်ဆူအား ပြုံးပြလိုက်၏။
“ ခင်များ ဘာသိချင်သေးလဲ… ကျုပ် အားလုံး ဖြေပေးလို့ရတယ်… ကျုပ်လည်း အားနေတာနဲ့ အတော်ပဲ… “
“ လင်းရီ… စိတ်လျှော့ပါဦး… ဒါ ငါ့အဖေရဲ့ အမှားဆိုတာ မှန်တယ်… ငါတို့ ဒီအတွက် ပြန်ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်…”
အာယာနဲ မစ်ဆူ ကြားဝင် ပြောဆိုလာခဲ့သည်။
သူမ လင်းရီ၏ စရိုက်ကို နားလည်ပေသည်။ သူ့အား ယခုလို ပြုမူပြီးနောက်တွင် မစ်ဆူမိသားစုကို ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိချေ။
“ ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး..” လင်းရီ နူးညံ့စွာ ပြောလိုက်၏။
အမှန်လည်း လမ်းတွင် ယာမာဇူကီထံမှ အာယာနဲမစ်ဆူ၏ လတ်တလော အခြေအနေကို သူ ကြားသိပြီးချေပြီ။
ဤကိစ္စတွင် သူမအား အပြစ်တင်လို့ မရချေ။
“ ငါ အရင်က မင်းကို ကတိပေးထားခဲ့တဲ့ အချက်သုံးချက်ကို ဖြည့်ဆည်းပေးမယ်…”
မစ်ဆူ အုပ်စု၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် တာခါယာမစ်ဆူသည် အကျိုးအပြစ်ကို ချိန်ဆကာ သူ၏ အတွေးများအား ထုတ်ဖော်ပြောဆိုလာခဲ့၏။
“ ဒီနေ့ သောက်ပြဿနာတွေကြောင့်သာ မဟုတ်ရင် ကျုပ်တို့ရဲ့ အပေးအယူက အဆင်ပြေတယ်… ဒါပေမယ့် ဒီလိုတွေ ဖြစ်ပြီးမှတော့ ဖြစ်နိုင်တော့မယ်လို့ ခင်များထင်လား…” လင်းရီ ပြောလိုက်ပြီး “ ဒီ အခြေအနေမျိုးမှာ ကျုပ်က အဲ့ဒီ တောင်းဆိုမှု သုံးရပ်ကို သဘောတူပေးမယ်လို့ ထင်နေရင် ခင်များ ကျုပ်ကို အထင်သေးလွန်းနေပြီ… “
“ ဒါဆို မင်းက ဘာဖြစ်ချင်တာ…”
“ ဟဲဟဲ.. ဒီအကြောင်း မပူပါနဲ့.. ကျုပ်တို့ အေးဆေးလေး ပြောကြမယ်.. လာပါ ထိုင်ပါ….”
………………………
တစ်နာရီကြာပြီးနောက် လင်းရီသည် မစ်ဆူ မိသားစု၏ ဗီလာထဲမှ ထွက်ခွာလာခဲ့သည်။
သူတို့ ဘာတွေ ညှိနှိုင်းဆွေးနွေးဖြစ်ခဲ့လဲ ဆိုတာတော့ မည်သူမျှ အတိအကျ သိရှိခြင်း မရှိချေ။
သို့သော် တာခါယာမစ်ဆူ၏ မှိန်ပျပျ မျက်ဝန်းတို့အား ကြည့်ရုံမျှနှင့် ယေဘုယျ အခြေအနေကို နားလည်သုံးသပ်နိုင်သည်။
မစ်ဆူ ဘဏ္ဍာရေးအုပ်စုမှ ၎င်းတို့ တောင့်ခံနိုင်သည်ထက် ဆုံးရှုံးသွားခဲ့ပုံရ၏။ မည်သို့ပင်ဆိုစေ ၎င်းတို့က လင်းရီအပေါ် စတင် မှားယွင်းသူများ ဖြစ်ကြပြီး ထိုက်တန်သည့်အလျောက် ပြန်လည် ပေးဆပ်သင့်လေသည်။
သို့သော် ဗီလာထဲမှ တစ်ကိုယ်တည်း ထွက်လာခဲ့ခြင်း မဟုတ်ဘဲ သူ့အား လိုက်ပို့ပေးမည့် အာယာနဲ မစ်ဆူလည်း လိုက်ပါလာသည်။
တတိယဘီး အဖြစ်မှ ရှောင်ကြဉ်ရန်အလို့ငှာ ချိုးယွီလော့နှင့် နင်ချဲ့တို့သည် လေဆိပ်တို့ ကိုယ့်ဘာကိုယ် မောင်းသွားကြ၏။
ထိုစဉ် လင်းရီကိုတော့ အာယာနဲမစ်ဆူမှ ကိုယ်တိုင် လိုက်မောင်းပို့ပေးသည်။
ယခုလို ကိစ္စများ ဖြစ်ပျက်ပြီးနောက်တွင် သူမ လင်းရီနှင့် တစ်ဖန်ပြန်တွေ့ဆုံနိုင်ပါဦးမည်လားဆိုတာ မရေရာပေ။
ထို့ကြောင့် ယခုလို အခွင့်အရေးမျိုးအား သူမ လက်မလွှတ်ချင်ခဲ့ပေ။
“ လင်းရီ … ငါတောင်းပန်ပါတယ်.. ငါလည်း အကောင်းဆုံးကြိုးစားခဲ့တာပဲ… ဒါပေမယ့် အဖေ့ကို မရပ်တန့်နိုင်ခဲ့ဘူး…” အာယာနဲ မစ်ဆူသည် ညင်သာစွာ ပြောလာခဲ့၏။
“ ငါသိတယ်… ဒါမင်းနဲ့ မဆိုင်ဘူးဆိုတာ…”
လင်းရီ ထိုင်ခုံနောက်သို့ မှီလိုက်ရင်း စိတ်ထဲတွင် သက်တောင့်သက်သာ ခံစားနေရ၏။
လီတိုဂရပ်ဖီစက် ကိစ္စသည် အဆုံး၌ ပြီးဆုံးသွားခဲ့လေပြီ။
“ ဒါပေမယ့် ငါတို့တွေ နောင်လည်း သူငယ်ချင်းကောင်းတွေအဖြစ်နဲ့ ရှိနေနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်…”
အာယာနဲ မစ်ဆူသည် မစ်ဆူမိသားစု၏ ငယ်ရွယ်သည့် သခင်မလေး တစ်ယောက် မဟုတ်တော့ဘဲ လင်းရီနှင့် မခွဲနိုင် မခွာရက် ဖြစ်နေသည့် စွဲလမ်းရူးသွပ်နေသည့် အမျိုးသမီးတစ်ယောက်နှင့် ဆင်တူနေတော့၏။
သူမ လင်းရီထံမှ ဂရုစိုက်မှု စိုးစဉ်းလေးမျှ ရရှိနိုင်လျှင် မည်မျှကောင်းလိမ့်မည်နည်း။
“ မင်း လာချင်တဲ့အချိန် လာလို့ရနေတာပဲ… လေယာဉ်တွေမှ ပေါလို့… ကြိုက်တဲ့အချိန်လာခဲ့…”
အာယာနဲ မစ်ဆူ နှုတ်ခမ်းကို ကိုက်ထား၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ကြားနိုင်ရုံမျှ အသံလေးဖြင့် “ အဲ့လိုမျိုး တွေ့နိုင်တာမျိုးကို ပြောချင်တာ မဟုတ်ဘူး……”
“ ဟူး…”
လင်းရီ အသက်ပြင်းပြင်း ရှူသွင်း၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ငါ သိပ်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ကြည့်ဖို့ အကြံပြုလိုက်မယ်.. နာမည်က ‘ ဟူဂျီတောင်အောက်မှာ ‘ တဲ့… ပြန်ရောက်တဲ့အချိန် နားထောင်ကြည့်ကြည့်.. “
“ အမ်… အိုကေလေ…”
ထိုအချိန်မှစ၍ ကားလေးသည်လည်း တိတ်ဆိတ်သွားခဲ့ပြီး လင်းရီ လေဆိပ်သို့ ရောက်သည့် အချိန်ထိဖြစ်၏။
နှစ်ဦးမှာ တိတ်ဆိတ်မှုဖြင့်သာ ခွဲခွာခဲ့ကြသည်။ နောက်ဆုံးသော လက်ဆောင်မွန်ကတော့ နွေးထွေးဟန်ရသည့် ပွေ့ဖက်မှုတစ်ခုမျှပင်။
မီးတို့လည်း လင်းနေသည်။ သန်ခေါင်ယံထက်လည်း ညဉ့်နက်နေပြီးဖြစ်၏။
ကောင်းကင်ယံမှ မိုးများ တဖြာက်ဖြောက်ကျဆင်းလာခဲ့ပြီး တိုကျို အပြင်ဘက်လမ်းများသည် အဖော်မဲ့ အထီးကျန်ဆန်လွန်းလှသည်။
အာယာနဲ မစ်ဆူ ဖြည်းညင်းစွာ မောင်းနှင်လာရင်း လင်းရီ ပြောသည့် သီချင်းကို ဖုန်းထဲတွင် တွေ့ရှိသွားခဲ့၏။
သာယာနာပျော်ဖွယ် တေးသွားများနှင့် ဂီတသံက အာယာနဲမစ်ဆူကို အခြားသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားစေသည်ဟု ထင်ရ၏။
“ တဖျောက်ဖျောက် ကျနေတဲ့မိုးတွေရယ်…
တဖွဲဖွဲ ကျနေတဲ့ နှင်းတွေရယ်…
အခုချိန် မင်းလေး အေးများနေမလား… ဒါမှမဟုတ် ငိုကြွေးလို့များ နေမလား…
မသက်ဆိုင်တော့ပြီ ဆိုပေမယ့် ခုထိ စိတ်ပူနေမိတုန်းပဲ…
တစ်သက်တာဆိုရင်လည်း စောင့်နိုင်တယ်… ချစ်သောမင်း တစ်နေ့ ပြန်လာမယ့် အချိန်ကိုပေါ့…
ပိုင်ဆိုင်နိုင်ဖို့အတွက် လူတစ်ယောက်ဟာ ဆုံးရှုံးခြင်းဆိုတဲ့ သဘောတရားကို လက်ခံနိုင်ရမယ်…
နှင်းဖွေးတဲ့ လမ်းကလေးကို မှန်မှန် လျှောက်ရင်း နှင်းမှုန်လေးတွေလည်း ကျီစယ်တတ်တယ် တူပါရဲ့…
မျက်ရည်တွေက သူ့အလိုလို ကျဆင်းလာမိတယ်…
ချစ်မေတ္တာတစ်ခုတည်းနဲ့ ဘယ်သူကများ ဟူဂျီတောင်ကို ပိုင်ဆိုင်နိုင်မှာမို့လဲ… “
ဂီတသံက အဆုံးသတ်သို့ ရောက်ရှိလာသည်နှင့် သံလိုက်ဓာတ်ပါသည့် အသံက အာယာနဲ မစ်ဆူကို ရှုပ်ထွေးသည့် ဇာတ်လမ်းတစ်ခုအတွင်း နစ်မြောသွားစေသည်။
ပြတင်းပေါက် အပြင်ဘက်ရှိ မိုးများက သည်းသထက် သည်းထန်လာခဲ့၏။ အာယာနဲ ဘရိတ်ပေါ်တွင် နင်းလိုက်ပြီး စတီယာရင်ဘီးကို လက်နှစ်ဖက်မှ တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ သူမခေါင်းကို နစ်မြုပ်ထား၏။ ထို့နောက် ငိုညဉ်းရှိုက်သံတို့နှင့် မျက်ရည်စက်တို့က မျက်နှာထက် တသွင်သွင် စီးကျလာလေတော့သည်။
(T/N- ဟင်း... အချစ်ဆိုတာ မီးပဲ။ ပူလောင်တယ် ရောင်းရင်းတို့ရာ။ ဘယ်လိုပူလောင်လဲဆိုတော့ ခံစားချက်တွေနဲ့ ပူလောင်ရတယ်။ အဲ့ဒီ ခံစားချက်တွေကြောင့်လည်း လူဟာ ဒုက္ခရောက်ရတယ်။ ဖြတ်တောက်နိုင်အောင် ကြိုးစားကြပါလေ... )