← Chapters

အသင်းသားလား ဒါမှမဟုတ် ကိုယ်လုပ်တော်လား

Vol. 87 Ch. 1294

အသင်းသားလား ဒါမှမဟုတ် ကိုယ်လုပ်တော်လား

Vol. 87 Ch. 1294

မနက်ခင်း သုံးနာရီတွင် လင်းရီ၏ လေယာဉ်သည် ရန်ကျင်းလေဆိပ်သို့ ဆိုက်ရောက်လာခဲ့၏။

ပေါလ်နှင့် ကျန်သူများလည်း လိုက်ပါလာသည့် အတွက်ကြောင့် စစ်တပ်အရာရှိများမှ လေဆိပ်တွင် လင်းရီတို့အား ကြိုဆိုရန် အသင့်စောင့်ဆိုင်းနေလေသည်။

“ ကြည့်ဦး…”

ဟိုတယ်သို့ ပြန်သည့်လမ်းတွင် နင်ချဲ့မှ သူမဖုန်းကို လင်းရီထံ ကမ်းပေးလိုက်၏။

“ ဘာကိုလဲ…”

“ နင် ကြည့်ရင် သိပါလိမ့်မယ်…”

လင်းရီ ဖုန်းကို ယူကြည့်လိုက်တော့ မစ်ဆူမိသားစုမှ ထုတ်ပြန်ထားသည့် သတင်းတစ်ပုဒ်ကို မြင်တွေ့သွားခဲ့သည်။

တာခါယာ မစ်ဆူက ဥက္ကဌရာထူးမှ အနားယူပြီး သမီးဖြစ်သူ အာယာနဲ မစ်ဆူထံ လွှဲပြောင်းပေးအပ်လိုက်ခြင်းပင်။

လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့၏။ တာခါယာဆိုသည့် အဘိုးကြီးက ဉာဏ်များသည့် မြေခွေးအိုကြီး ဖြစ်ကြောင်းကို သူ ဝန်ခံရလိမ့်မည်။

မစ်ဆူ ဘဏ္ဍာရေး အုပ်စုက မကောင်းသတင်းများ ပျံ့နှံ့နေပြီးဖြစ်ရာ သူတို့ဘက်က အပြည့်အဝ တာဝန်ယူမှု တာဝန်ခံမှုကို ပြုသင့်၏။ သို့သော် ဤမျှ မြန်မြန်ဆန်ဆန်ကြီး ရာထူးလွှဲပြောင်းပေးစရာတော့ မလိုအပ်သေးချေ။

တစ်နည်းဆိုသော် အကယ်၍ အဘိုးကြီးသာ ထိုင်ခုံနေရာကို ဆက်လက်သိမ်းပိုက်ထားချင်သေးသည် ဆိုပါက မည်သူကမျှ ၎င်းကို စောဒကတက်ကြလိမ့်မည် မဟုတ်ချေ။

သို့သော် အခြားသော အရေးကြီးသည့် အချက်တစ်ခုကလည်း ရှိနေသေး၏။ ယင်းက TV ဌာနသို့သွားပြီး လူသိရှင်ကြား တောင်းပန်မှုပင်။

အကယ်၍ သူကသာ Tv ပေါ်တွင် ဟွာရှ ကုမ္ပဏီတစ်ခုအား တောင်းပန်လိုက်မည် ဆိုပါက ဂျပန်တစ်မျိုးသားလုံးသည် ကျိန်းသေပေါက်ကို ပေါက်ကွဲ ဒေါသထွက်ကြမည်မှာ သံသယရှိနေစရာ မလိုပေ။

ထိုလုပ်ရပ်၏ အကျိုးဆက်က ခန့်မှန်း၍ပင် ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အဘိုးကြီးက အာယာနဲ မစ်ဆူကို ရှေ့ထုတ်လိုက်ခြင်းဖြစ်၏။

သူနှင့် အာယာနဲတို့၏ ရင်းနှီးပတ်သက်မှုတို့အရ လင်းရီသည် သဘာဝအလျောက် သူမကို လူရှေ့သူရှေ့ တောင်းပန်ရန် အကြပ်ကိုင်လိမ့်မည် မဟုတ်ချေ။

ဤသို့ဖြင့် ကပ်ဘေးကိုလည်း အလိုအ‌လျောက် ရှောင်ကြဉ်ထားပြီးဖြစ်၏။

သောက်အဘိုးကြီးက မစ်ဆူအုပ်စုကို နှစ်ပေါင်းများစွာ ဦးဆောင်လာနိုင်ခဲ့တာ မဆန်းတော့ပါဘူး… တကယ့်ကို မြေခွေးအိုကြီးပါလား…

“ အဆင်ပြေပါတယ်… ရေးကြီးခွင်ကျယ် လုပ်မနေစမ်းပါနဲ့…” လင်းရီ သာမန်လျှံကာသာ ပြောလိုက်သည်။

“ ဒါပေမယ့် ဒီလိုသတင်းမျိုးကို အလျင်အမြန်ပဲ လွင့်လိုက်တယ်ဆိုတော့ တာခါယာမစ်ဆူက တော်တော် ဉာဏ်များတယ် ပြောရမယ်… အဲ့လောက်ကြီးတဲ့ အင်ပါယာကြီးကို ဒီတိုင်းလွင့်ပစ်လိုက်တယ်ဆိုတော့ တကယ့်ကို မဆင်မခြင်နိုင်တဲ့ ဘိုးတော်ပဲ..”

နင်ချဲ့ သူမဖုန်းကို ပြန်ယူလိုက်ရင်း “ ငါ‌တော့ နင် သူ့ကို ဘာပြောလိုက်လဲပဲ သိချင်တာ… သူ့ကြည့်ရတာ အရမ်းရှော့ခ်ရသွားတဲ့ ပုံကြီး ဖြစ်သွားလို့လေ….”

“ ငါ သူ့ကို အာထရာမန်းက အပြင်မှာ တကယ်မရှိဘူးပြောလိုက်တာ သူ့စိတ်လည်း ကယောင်ချောက်ချားတွေ ဖြစ်ကုန်ရော...."

“ ဖူး… ဟားဟား…”

သန်းခေါင်ကျော်သည့် စကော်စက အချိန်အခါဖြစ်၏။ သို့သော် မည်သူကမျှ အိမ်သို့ မပြန်ကြဘဲ ထိုအစား ဟိုတယ်တစ်ခုရှာ၍ ထိုနေရာတွင် အိပ်စက်လိုက်ကြသည်။

အပြင်လူများလည်း ရှိနေသဖြင့် နင်ချဲ့မှာ အရင်လို လင်းရီအခန်းထဲ မဝင်တော့ဘဲ အခန်းသပ်သပ် ယူ၍ သီးသန့် အနားယူလိုက်၏။

နောက်တစ်နေ့ နံနက်တွင် လင်းရီနှင့် ကျန်သူများအားလုံး ကျုံးဝေ့တပ်ဖွဲ့ထံ ထွက်လာခဲ့ကြသည်။

ကျူးကျွင်းချီနှင့် ဝေ့ရွှယ်တို့မှာမူ အစောကြီးကတည်းက ထွက်ခွာသွားခဲ့လေပြီ။

“ မင်းတို့ လုပ်တာ မဆိုးဘူး… ဒီတစ်ကြိမ် ငါမင်းတို့ကို တတိယအဆင့် သူရသတ္တိတံဆိပ် တောင်းထားပေးတယ်…”

သူတို့ ပြန်လာသည်ကို မြင်တော့ လျိုဟုန်မှ တဟားဟားရယ်ရင်း ပြောသည်။

“ လင်းရီကိုပဲ ကျေးဇူးတင်လိုက်… ကျွန်မတို့က ဘာမှလုပ်ရတာလဲ မဟုတ်ဘူး… ဒီတိုင်း ကူညီပေးရုံလောက်ရှိတာ..” ချိုးယွီလော့ ပြောလိုက်၏။

“ သူက တာဝန်ခံဆိုပေမယ့် မင်းတို့ အကူအညီမပါရင်လည်း ဒီမစ်ရှင်ကို အဲ့လောက် ချောချောမွေ့မွေ့နဲ့ ပြီးစီးနိုင်မှာ မဟုတ်ဘူးလေ… မင်းတို့လည်း ထိုက်တန်ပါတယ်…”

ပြောပြီးနောက် လျိုဟုန် စာရွက်စာတမ်း တစ်ထပ်လိုက်ကြီးအား ကောက်ပစ်ပေးလိုက်ရင်း “ ဒါ လူရွေးပွဲ ရလဒ်ပဲ… လူ ဘယ်လောက်လိုချင်လဲ မင်း ဘာမင်းဆုံးဖြတ်…”

လင်းရီ မှတ်တမ်းကို မယူဘဲ ထိုအစား ချိုးယွီလော့နှင့် နင်ချဲ့တို့ဘက် လှည့်၍ “ စွေ့ချန်နဲ့ ယွီစီယင်က ငါ့အသင်းထဲဝင်မှာ… ဒီတော့ မင်းတို့အရင် ရွေးလိုက်ကြ…”

“ မရဘူး… အဲ့နှစ်ခုက မတူတဲ့ကိစ္စ…” နင်ချဲ့ ပြောလိုက်ပြီး “ နင့် အသင်း ၁ က အထူးတာဝန်တွေကို ထမ်းဆောင်ရမှာ… ဒီတော့ အလားအလာကောင်းတဲ့ လူတွေကို ရွေးချယ်ရမှာ သဘာဝပဲ… ခုအချိန်က နိမ့်ချနေရမယ့် အချိန်မဟုတ်ဘူး… မြန်မြန်ရွေးလိုက်တော့..” “ ဒီလိုအသေးမွှားကိစ္စလေးကို ငြင်းမနေစမ်းနဲ့… ဘာတွေ အချိန်ဆွဲနေတာ.. မြန်မြန်ရွေးတော့လေ…”

“ လင်းရီကိုယ်တိုင်က တောင်းဆိုလာပြီဆိုမှတော့ မင်းတိုနှစ်ယောက် အရင်ရွေးလိုက်…” လျိုဟုန် မတ်တပ်ရပ်၍ ပြောလိုက်ပြီး “ ငါ မင်းတို့နှစ်ယောက်ကို မမျှမတ မလုပ်ပါဘူးကွာ…”

“ အိုကေလေ… ဒါဆိုလည်း အားနာမနေတော့ဘူးနော်…”

နင်ချဲ့ နာမည်စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး “ လူရွေးပွဲမှာပါတာ ၃၀၀ ကျော်တယ် မဟုတ်ဘူးလား… ဘာလို့ ခု အယောက် ၁၂၀တည်း ကျန်တော့တာ…”

“ ငါ သူတို့ကို ကျုံးဝေ့တပ်ဖွဲ့ရဲ့ သမိုင်းနဲ့ အန္တရာယ်များတဲ့ မစ်ရှင်တွေအကြောင်း ရှင်းပြလိုက်တော့ အဲ့ ၂၀၀ ကျော်က ကြောက်လန့်ကုန်ပြီး နေရာမှာတင် လူရွေးပွဲကနေ ထွက်ကုန်ကြတာပဲ..”

“ အဲ့လိုဆိုရင်တော့ ဒီလောက်ကိုပဲ ကျေနပ်သင့်ပြီ.. အနည်းဆုံးတော့ သုံးပုံတစ်ပုံလောက် ကျန်သေးတာပဲ…” နင်ချဲ့ ပြောလိုက်ပြီး “ အရင်တစ်ခေါက် လူရွေးပွဲတုန်းကဆို ၁၀ ရာခိုင်နှုန်းလားပဲ မသိဘူး ကျန်ခဲ့တာ…”

“ အမှန်ပဲ… ဒီလူတွေကလည်း ရန်ကျင်းက လူငယ်တွေထက် သန်မာတယ်.. ငါတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူခေါ်ဖို့ ရွေးချယ်လိုက်တာကို သိပ်အားရတယ်…”

“ ဒါဆိုလည်း စရွေးစို့လေ… ပိုပြီး တုံ့ဆိုင်းနေစရာတောင် မလိုသေး…”

နင်ချဲ့ သူမ အကန့်အသတ် သူမသိပြီး အကောင်းဆုံး ဆိုသည့်လူများအား မရွေးချယ်သွားခဲ့ချေ။

သူမ ထိပ်တန်း ငါးဆယ်အတွင်း ဝင်သည့် လူ သုံးပုံတစ်ပုံလောက်ကို ကျပန်း ရွေးချယ်သွားခဲ့လေသည်။ ထို့နောက် ချိုးယွီလော့မှ လူ ရွေးချယ်သည်။ သို့သော် နင်ချဲ့ထက်တော့ မဆိုသလောက်လေး နည်း၏။

အဆုံးတွင် နှစ်သင်းလုံးက လူ အယောက် သုံးဆယ်ခန့်စီ ရွေးချယ်လိုက်ကြသည်။

ထိုစဉ် ထင်မှတ်မထားစွာဖြင့် လင်းရီကတော့ လူရှစ်ယောက်သာလျှင် ရွေးချယ်သွားခဲ့လေသည်။

စွေ့ချန်နှင့် ယွီစီယင်အပြင် သူရွေးချယ်မှု ပြုသွားခဲ့သည့် လူခြောက်ယောက်က မတူကွဲပြားသည့် အားသာချက် အရည်အချင်းတို့ ကိုယ်စီ ရှိနေကြသည်။

လျိုဟုန် ဘာမျှ မပြောပေ။ ဤသည်က လင်းရီ၏ ပုံစံနှင့်လည်း ကိုက်ညီသည်။

ယင်းက ဘာကြောင့်လဲဆိုတော့ အမျိုးသမီး အသင်းဝင် နှစ်ယောက်လုံးက D cup ဖြစ်နေသောကြောင့်ပင်။

“ လင်းရီ… ငါနင့်ကို ဝေဖန်ချင်တာတော့ မဟုတ်ဘူးနော်… ဒါပေမယ့် နင်က အသင်းသားရွေးနေတာလား ဒါမှမဟုတ် ကိုယ်လုပ်တော် ရွေးနေတာလား… လူရွေးပွဲ လာပြိုင်တဲ့ မိန်းကလေးတွေထဲမှာမှ ဒီနှစ်ယောက်က အလှဆုံးပဲ… နင်က အဲ့နှစ်ယောက်လုံးကို ချက်ချင်း ရွေးပစ်လိုက်တယ်…”

“ အလှဆုံးတင် မဟုတ်ဘူး… ဆိုဒ်လည်း အကြီးဆုံး…” နင်ချဲ့ ပြောလိုက်၏။

“ ငါက အသက်ကိုရင်းပြီး နောက်ဆုံးကျမှ အသင်းခေါင်းဆောင် ဖြစ်လာခဲ့တာ ခု ငါ့မှာ အာဏာနဲ့ လုပ်ပိုင်ခွင့်တစ်ချို့ ရှိလာပြီဆိုမှတော့ အသုံးချရမှာပေါ့ကွ… ပေးထားတာကို မသုံးရင် ငါ အရူးမဖြစ်သွားဘူးလား..”

လျိုဟုန် ဆွံ့အစွာ ရယ်မောမိလိုက်သည်။

“ မင်းလိုကောင်က ဒီရာထူးမှာ သုံးလထက် ပိုခံမယ့်ကောင် မဟုတ်ဘူး… အကျင့်ပျက်ခြစားမှုနဲ့ အထုတ်ခံရမယ့်ကောင်…”

လင်းရီ အညောင်းဆန့်လိုက်ရင်း “ ခင်များက ကျုပ်ကို မြင့်မြင့်မှန်းနေတာပဲ.. ကျုပ်ကိုယ်ကျုပ်တောင် တစ်လခံမလား မသေချာဘူး… ဘာပဲပြောပြော ကျုပ်က ဖျားယောင်းသွေးဆောင်မှုတွေကို ခံနိုင်ရည် မရှိတဲ့လူလေ….”

“ မင်း ခွေးသူတောင်းစားကတော့….”

ရယ်ရင်း မောရင်းဖြင့် အသင်းသားများ ရွေးချယ်ပြီးနောက် တရားဝင် လူသစ်ခေါ်ယူပွဲ အခမ်းအနား ကျင်းပရမည့် အချိန်ခါသမယပင်။

ဤအပိုင်းက ကျုံးဝေ့တပ်ဖွဲ့၏ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများအပေါ် မူတည်ထားသည်။ ယင်းက လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်၏။

သို့သော် ဤအပိုင်းတွင်မှ လူတစ်ချို့ နှုတ်ထွက်သည်များလည်း ရှိကောင်းရှိလာနိုင်သည်။

အချိန်တို့ ကြာလာသည်နှင့်အမျှ ကျုံးဝေ့တပ်ဖွဲ့ဟူသည် မည်သို့သော နေရာမျိုးဖြစ်ကြောင်းကို သူတို့တတွေ နက်နက်ရှိုင်းရှိုင်း နားလည်လာကြလိမ့်မည်။

ကြောက်ရွံမှုက နှလုံးသားကို ခြောက်လှန့်လာပြီး ၎င်းမှတဆင့် စွန့်ခွာမည့် အတွေးတို့က ဖြည်းဖြည်းချင်း လှိုက်စားလာလိမ့်မည်။

လူသစ် ခေါ်ယူပွဲ အခမ်းအနားကို လင်းရီ တက်ရောက်မည့် ရည်ရွယ်ချက် မရှိချေ။ သို့သော် အသင်းချစ်ကြည်ရေးပွဲကျလျှင်တော့ တက်ရောက်မည်ဟု သူ ကြေညာလိုက်၏။

အသင်းချစ်ကြည်ရေးပွဲက ဘာမှန်း ဘယ်သူမှ မသိသော်လည်း လင်းရီ ရွေးချယ်ထားသည့် အသင်းဝင် ရှစ်ယောက်တို့မှာတော့ မျှော်တလင့်လင့်နှင့် ဖြစ်ကုန်ကြတော့၏။

ကျုံးဝေ့တပ်ဖွဲ့၏ ဖွင့်ပွဲအခမ်းအနားကို အခွင့်ကောင်းယူ၍ လင်းရီ ရှန်းရှုရီ၏ နေရာထံ ရောက်ချလာခဲ့သည်။

“ ကျုံးဝေ့တပ်ဖွဲ့ ကိစ္စတွေ ပြီးခဲ့ပြီလား…”

လင်းရီ ဝင်လာသည်ကို မြင်တော့ ရှန်းရှုရီမှ လုပ်လက်စ အလုပ်များကို အောက်ချ၍ မေးလိုက်သည်။

“ ဆိုပါတော့… ကျွန်တော် ခုလေးတင်မှ ဂျပန်က ပြန်ရောက်လာခဲ့တာ…”

“ ဂျပန်… ဟုတ်လား… နင် မစ်ဆူမိသားစုကို သွားဖြေရှင်းနေတာလား…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ ကျွန်တော် အန်တီရှန်း ကြိုက်မယ့် ပစ္စည်းတစ်ချို့လည်း ယူလာခဲ့တယ်… ဘယ်လိုလုပ်ချင်လဲ ဆိုတာကတော့ အန်တီရှန်း သဘောပဲ…”

“ ဘာတွေများ ယူလာခဲ့လို့ ဒီလောက်တောင် ဆန်းကြယ်တဲ့ ပုံစံတွေ ဖမ်းနေရတာလဲ ဟမ်… “

လင်းရီ သူ့အိတ်ကပ်ထဲရှိ USB ကို ထုတ်၍ ရှန်းရှုရီ အရှေ့ ချပေးလိုက်၏။

USB ကို ကွန်ပျူတာထဲ ဖွင့်ကြည့်လိုက်တော့ မူလက သာမန်လျှံကာ ပြုမူနေသည့် ရှန်းရှုရီသည် ချက်ချင်းဆိုသလို အေးခဲသွားခဲ့တော့၏။

“ ဒါ.. ဒါ မစ်ဆူ အကြီးစားစက်မှုလုပ်ငန်းရဲ့ အဓိက နည်းပညာတွေမလား…”

All Chapters