← Chapters

စိတ်ကူးယဉ်ဆန်တဲ့ အတွေး

Vol. 87 Ch. 1295

စိတ်ကူးယဉ်ဆန်တဲ့ အတွေး

Vol. 87 Ch. 1295

“ အင်း… တာခါယာ မစ်ဆူနား တခြား ပစ္စည်းတွေလည်း ယူလာခဲ့သေးတယ်.. အသုံးဝင်မယ် ထင်တာနဲ့ အကုန်လုံး မ,လာခဲ့လိုက်တာပဲ…”

“ နင် ယူလာခဲ့တာတွေက ပိုက်ဆံနဲ့တောင် တိုင်းတာလို့ မရတဲ့ဟာတွေနော်.. နင်အဲ့တာကို သိရဲ့လား…”

လင်းရီ ရယ်သွမ်းလျက် “ အန်တီရှန်းအတွက် အသုံးဝင်တယ်ဆိုရင် ပြီးတာပါပဲဗျာ…”

“ ဒီ အရာတွေရဲ့ တန်ဖိုးက တိုင်းတာလို့ မရအောင်ကိုပဲ.. နင်သာ ဒီ ဥစ္စာတွေကို အထက်အကြီးအကဲ လက်အပ်လိုက်မယ်ဆိုရင် ခေါင်းဆောင်ကြီးတွေရဲ့ နင့်အပေါ် အမြင်တွေ ကျိန်းသေပေါက် တိုးတက်လာခဲ့တော့မှာ..”

ထိုနေရာရောက်တော့ ရှန်းရှုရီ စကားကို အတန်ငယ်ကြာအောင် ရပ်တန့်သွားခဲ့ပြီး သူမ၏ ပုံစံက ချီတုံချတုံ ဖြစ်နေဟန်ရကာ

“ အခု နင့်မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်… ငါ ဒီဥစ္စာတွေကို နင့်ကိုယ်စား အကြီးအကဲလု လက်ထဲ အပ်ပေးမယ်… ဒီလိုဆိုရင် ကျုံးဝေ့တပ်ဖွဲ့ထဲမှာ နင့်ရဲ့ ပြောရေးဆိုခွင့်နဲ့ လုပ်ပိုင်ခွင့်တွေက ကြီးထွားလာပြီးတော့မှ အာဏာစက်ဝိုင်းထဲကို ခြေလှမ်းကြီးကြီး ထပ်လှမ်းလို့ရမယ်… နင့်အရင် ရထားတဲ့ ဒုတိယအဆင့် သူရသတ္တိ တံဆိပ်နှစ်ခုနဲ့ဆိုရင် ကျုံးဝေ့တပ်ဖွဲ့မှာ အကြီးအကဲလုကလွဲရင် လူတိုင်းနင့်ကို ရိုကျိုးရတော့မှာ…”

“ ဒုတိယ တစ်ခုက ဘာများတုန်းဗျ…”

“ နင် ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက် နှစ်ယောက်ကို ဒီလမ်းကြောင်း ယူခိုင်းလိုက်လို့ရတယ်… ပြီးရင် နင်က နောက်ကွယ်ကနေ အရာအားလုံးကို လွှမ်းမိုးဖြန့်ကျက်ထားလို့ရပြီ… အဲ့ပုံစံက နင့်အတွက် နည်းနည်းလည်း လွတ်လပ်မယ်….”

ထိုသို့ ပြောပြီးနောက် ရှန်းရှုရီ ခေတ္တမျှ စဉ်းစားလိုက်ကာ “ ငါ့ တစ်ဦးတည်း အမြင်အရဆိုရင်တော့ နင် ပထမ တစ်ခုကို ရွေးချယ်လိုက်ရင် ကောင်းမယ်… ဒါပေမယ့် နင့် သဘောပါပဲ…”

“ ကျွန်တော်ကတော့ ဒုတိယ ရွေးချယ်စရာက ပိုကောင်းမယ်လို့ ထင်တယ်…”

“ ဘာလို့…”

“ ဒီအရာတွေကိုသာ လျန်မိသားစုကနေတဆင့် လုမိသားစု လက်ထဲကို အပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့က အကျိုးအမြတ်ကို လွှဲပြောင်းပေးလိုက်သလို ဖြစ်သွားလိမ့်မယ်… ကျွန်တော် သဘောထားသေးသိမ်တာတော့ မဟုတ်ပေမယ့် တကယ်လို့ အဲ့လိုဖြစ်သွားမယ်ဆိုရင် လျန်မိသားစုအဖို့ နောက် ဆယ်စုနှစ် နှစ်ခုလောက်အထိ လုမိသားစုကို ကျော်တက်နိုင်မှာ မဟုတ်တော့ဘူး…”

“ နင် တကယ့်ကို….”

လင်းရီ၏ စကားလုံးများက ရှန်းရှုရီကို ရှော့ခ်ရသွားစေခဲ့သည်။

လျန်မိသားစုရှိ လူတိုင်းက ၎င်းတို့၏ လက်ရှိ အဆင့်အတန်းနှင့် ကျေနပ်နေကြပြီး အာဏာချိန်ခွင်လျှာကို ဖျက်စီးရန် အစီအစဉ်မရှိကြပေ။

သို့သော် လင်းရီမှာမူ သိပ်ပြီး စိတ်ကျေနပ်သေးပုံမရ။

“ ကျွန်တော်က ပြောရုံတင် ပြောပြတာပါဗျာ… လျန်မိသားစု ဘယ်အခြေအနေထိ တိုးတက်ချင်လဲ ဆိုတာကတော့ အန်တီရှန်း သဘောပါပဲ…”

ဤတစ်ကြိမ်တွင်တော့ ရှန်းရှုရီသည် အချိန်အတော်ကြာသည်ထိအောင် တိတ်ဆိတ်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် သူမ ယိမ်းထိုးလှုပ်ရှားသွားခဲ့သည်ကို ဝန်ခံရမည်။

သူမ၏ ခွန်အားများ အလုံးစုံ မယုတ်လျော့သေးခင်အထိ သူမ၏ ဆန္ဒများအား ချုပ်တီးကန့်သတ်ထားနိုင်လိမ့်မည် မဟုတ်ကြောင်းကိုလည်း ဝန်ခံရလိမ့်မည်။

“ နင် ဒုတိယတစ်ခုကို ရွေးချင်တယ်ဆိုရင် နင့်မှာ သင့်တော်တဲ့ အရွေးချယ်ခံက ရှိလို့လား..” ရှန်းရှုရီ မေးလိုက်ပြီး “ နင် လူသုံးလေးယောက်လောက် ဖိတ်ခေါ်လို့ရတယ်… ဒါကို ခုချက်ချင်း စီစဉ်ပေးဖို့ နင့် ဦးလေးလျန်ကို ခိုင်းလိုက်မယ်.. ပြီးရင် ငါတို့ ကျန်တာကို ဆက်လုပ်လို့ရပြီ…”

“ ဟုတ်ကဲ့…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ကျွန်တော့်အထင် ကျိုးဟိုင် လက်ထောက် အတွင်းရေးမှူးက မဆိုးဘူးလို့ထင်တယ်… သူက ရိုးသားတယ်… ကြင်နာတယ်.. ပါရမီပါတယ်.. အရည်အချင်းရှိတယ်… လှလည်းလှတယ်.. ပျိုးထောင်ပေးလို့ အကောင်းဆုံးပဲ…”

“ ကျိုးဟိုင်က……..”

ရှန်းရှုရီ ရေရွတ်ပြီးနောက် လင်းရီ၏ စကားကို ကြက်သေသေသွားခဲ့တော့၏။ ထိုကောင်စုတ်လေး ပြောနေသည့်လူက ဘယ်သူများလဲလို့ သူမမှာ တော်တော်လေး စဉ်းစားယူလိုက်ရလေသည်။ အဆုံးတွင်မှ သူမ၏ သမီးမိုက်လေးအကြောင်း ပြောနေမှန်း သတိထားမိသွားခဲ့သည်။

“ နင် အကောင်စုတ်လေးကတော့… ငါတို့က လေးလေးနက်နက် စကားပြောနေတာနော်.. နင် ရွှတ်တီးရွှတ်နောက် လျှောက်မလုပ်နဲ့…”

“ ကျွန်တော်လည်း လေးလေးနက်နက် ပြောနေတာပါဗျာ… သူနဲ့ တကယ်ကြီး သင့်လျော်တယ် ထင်လို့ပါ..”

“ သူက ငယ်သေးတယ်..”

“ ဒါပေမယ့် ကျွန်တော်ဆိုလည်း အသက် နှစ်ဆယ်ကျော်လောက် ရှိသေးတာလေ.. ပြီးတော့ ကျွန်တော့်အနားမှာ သင့်တော်တဲ့လူဆိုလို့ သူကလွဲရင် ဘယ်သူမှ မရှိဘူး….”

လင်းရီ သေသေချာချာကို ဂရုတစိုက်နှင့် တွက်ချက်ပြီးမှ ထိုစကား ပြောထွက်ခဲ့ခြင်းပင်။ သူ့အနားတွင် လိုအပ်ချက်နှင့် ကိုက်ညီသည့်လူက သုံးယောက်သာလျှင် ရှိ၏။

ရှန်းထျန်းကျိုး၊ ဝမ်ထျန်းလုံ၊ စွန်းဖုယွီ။

ဒါရိုက်တာရှန်းက လင်းယွင်အုပ်စု၏ မဏ္ဍိုင်ဖြစ်သည့်အတွက် လင်းရီသူ့အား လက်လွှတ်လိုက်၍ မဖြစ်ပေ။

ဝမ်ထျန်းလုံးနှင့် စွန်းဖုယွီတို့အတွက်ကျပြန်တော့လည်း တစ်ယောက်မှာ ဟိုတယ်ကို စီမံခန့်ခွဲရင်း၊ တစ်ယောက်က ကုတ်များ ရေးသားရင်းဖြင့် ၎င်းတို့၏ ကြီးမားသော အားသာချက်ကိုယ်စီများကို ပြသနေကြသည်။

လက်ရှိ ရာထူးနှင့် အစေးကိုက်ညီလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် လျန်ရူရွယ်မှတပါး သူ့အတွက် သင့်လျော်သူ မည်သူမျှ မကျန်တော့ချေ။

သို့သော် လင်းရီ ပြောဆိုပြီးနောက်တွင် ရှန်းရှုရီသည် သူမ၏ အတွေးအမြင်များကို ထုတ်ဖော်မလာခဲ့ပေ။

'တစ်တော့ တစ်တော့' နှင့် နာရီလက်တံ လည်ပတ်သည့် အသံကိုသာ ကြားနေရပြီး နှစ်ဦးလုံးသည် နှုတ်ဆိတ်နေကြသည်။

ယခု နေရာအတွက် လျန်ရူရွှယ်က အသင့်တော်ဆုံး ဆိုသော်ငြားလည်း ဤသည်က လင်းရီအတွက် စမ်းသပ်မှုတစ်ခုဆိုလည်း မမှားချေ။

ရှန်းရှုရီသည် သူနှင့် ကျီချင်းရန်ကြား ပတ်သက်ဆက်နွယ်မှုကို ကျိန်းသေပေါက် သိထားပေလိမ့်မည်။ ထို့ကြောင့် သူနှင့် လျန်ရူရွှယ်ကြား မပြတ်မသားဖြစ်နေသည့် ဆက်ဆံရေးကိုလည်း သူမ သတိထားမိမည်မှာ ကျိန်းသေသည်။

ယခုတော့ သူမ ဆုံးဖြတ်ချက် တစ်ခု ချမှတ်ရန် အချိန်ကာလကား ကျရောက်လို့လာခဲ့ရပြီ။

အကယ်၍ ရှန်းရှုရီသာ သဘောတူညီသည် ဆိုပါက သူမ မျက်စိမှိတ်ထားပေးပြီး လင်းရီတို့၏ ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။

အကယ်၍ ငြင်းဆန်ခဲ့မည် ဆိုလျှင်တော့ ဆိုလိုသည်မှာ သူမသည် သူနှင့် လျန်ရူရွှယ်တို့၏ ဆက်ဆံရေးတွင် ဆူးညှောင့်ခလုတ်ဖြစ်လာပေလိမ့်မည်။

“ ဒီဥစ္စာတွေ ငါနဲ့ အရင်ထားခဲ့လိုက်… ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး… ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတွေက အများကြီး … ငါပြန်ပြီး စဉ်းစားဦးမယ်…”

“ ဒါပေါ့… ကျွန်တော်လည်း အလျင်မလိုပါဘူး..” လင်းရီ ဘာမျှ မသိဟန်ဆောင်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒါဆိုလည်း ကျွန်တော် ပြန်တော့မယ်… အန်တီရှန်းကို မနှောင့်ယှက်တော့ပါဘူး..”

“ ကောင်းပြီလေ… ငါ လိုက်ပို့ပေးမယ်…”

“ အန်တီရှန်း လိုက်ပို့ပေးမှာကို မခံယူဝံ့ပါဘူးဗျာ… ကိုယ့်ဘာကိုယ်ပဲ ပြန်လိုက်ပါ့မယ်…”

လင်းရီ စပ်ဖြီးဖြီးဖြင့် ရှန်းရှုရီ၏ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ သူ တော်တော်လေးကို စိတ်ကောင်းဝင်နေသည်။

ဤခက်ခဲသည့် ပုစ္ဆာကို ရှန်းရှုရီက ချက်ချင်း မဖြေလိုက်ဘူးဆိုတော့ တစ်နည်းအားဖြင့် ကောင်းသည့် လက္ခဏာ တစ်ရပ်ဟု မှတ်ယူ၍ရ၏။

စဉ်းစားဦးမည်ဆိုသည်က ညှိနှိုင်းဆွေးနွေး၍ ရသေးသည်ဟူသည့် သဘောမျိုးပင်။

အကယ်၍ သူသာ နောင်အနာဂတ်တွင် ကြိုးစားမည်ဆိုပါက ဤကိစ္စကို ဖြေရှင်းနိုင်ပြီး လျန်ရူရွှယ်ကို သူ့အနား တရားဝင် ခေါ်ထားနိုင်ပေလိမ့်မည်။

သို့ဖြစ်သည့်တိုင်အောင် ရှန်းရှုရီသည် အထက်တန်းလွှာ အသိုင်းအဝိုင်းမှ ဖြစ်နေသည်ကို လင်းရီ ကြိတ်၍ ဝမ်းသာမိ၏။

သာမန်လူတို့၏ အမြင်တွင်တော့ ယခုလို လုပ်ရပ်က နားလည်ခွင့်လွှတ်ပေးနိုင်စရာ မရှိသည့် လုပ်ရပ်ကြီးပင်။

သို့သော် အထက်တန်းလွှာ အသိုင်းအဝိုင်းတွင်တော့ ဤသို့သော ကိစ္စမျိုးက တော်တော်လေးကို သာမန်ဆန်သည့် အရာဟု ပြော၍ရ၏။ သို့သော် ဂုဏ်သတင်းပိုင်းတော့ အနည်းငယ် ထည့်ပြောစရာ ရှိသည်။

သို့ပေမယ့် ထွေထူးကိစ္စတော့ မရှိ။ ထိုအချင်းအရာများက နောင်တွင် ကြုံရမည့် ကိစ္စများသာ ဖြစ်သည်။ ယခု လျန်မိသားစု ကိစ္စကို သူ စိတ်ချလိုက်၍ ရလေပြီ။ ကျန်ရစ်သည်က သူ ကျီချင်းရန်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာလေးပင်။

စဉ်းစားမိတော့ လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခပ်ကြမ်းကြမ်း ကုတ်လိုက်မိသည်။

သူနှင့် လီချူးဟန်တို့၏ ကောလဟာလ ဆက်ဆံရေးကို မြင်တွေ့စဉ်အခါကပင် သူမ၏ တုံ့ပြန်မှုက တော်တော်ကြီးကို ကြမ်းတမ်းခဲ့၏။

ထို့ကြောင့် လွယ်ကူမည် မဟုတ်သည်ကိုတော့ သူ ကောင်းကောင်းကြီး သိနေခဲ့သည်။

သို့ဖြစ်သော်ငြား ၊ သူ၏ အကောင်းမွန်ဆုံးသော အားသာချက်မှာ သူ၏ အာရုံစူးစိုက်မှုကို မည်သို့ အသုံးချရမလဲ ဆိုတာပင်။ သူ နားမလည်နိုင်သည့် အရာများပေါ်တွင် တစ်နေကုန် ထိုင်တွေးနေလေ့ မရှိချေ။

မည်သို့ပင်ဆိုစေ ယခု လျန်မိသားစု ကိစ္စကတော့ ရှင်းလင်းသွားပြီဖြစ်၏။

“ ကျွတ် ကျွတ် ကျွတ်…. ဒီညတော့ ကောင်းကောင်းသောက်ပြီး spa လေးဘာလေး သွားဦးမှပါ…”

မွန်းလွဲလေးနာရီတွင် ကျုံးဝေ့တပ်ဖွဲ့၏ လူသစ်သွင်းခြင်း အခမ်းအနားသည်လည်း ပြီးဆုံးသွားခဲ့သည်။

သုံးယောက်သား ကိုယ်စီ အသင်းများကို ဦးဆောင်၍ တစ်ယောက်အကြောင်း တစ်ယောက်မိတ်ဆက်ရင်း ထမင်းအတူစားလိုက်ကြ၏။

မည်သို့ပင်ဆိုစေ အကုန်လုံးက အနာဂတ်တွင် ပခုံးချင်းယှဉ်၍ တိုက်ခိုက်ရမည့် ရဲဘော်ရဲဘက်များ ဖြစ်သဖြင့် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးထားသည်က ပိုကောင်း၏။

ညစာစာပြီးနောက် လင်းရီ စွေ့ချန်၊ ယွီစီယင်နှင့် ကျန်သူများကို ရွှေကော်ထန်ချွမ်သို့ ခေါ်လာခဲ့ပြီး VIP အသစ် ရေပူစမ်း အရသာကို ခံစားကြည့်ခိုင်းလိုက်၏။ လင်းရီကတော့ ဤသည်ကို အသင်းချစ်ကြည်ရေးပွဲဟု နာမည်ပေးထားလေသည်။

သူ အစက တွေးထားသည်မှာ အသင်းထဲရှိ အမျိုးသားများက ယခုလိုပွဲမျိုးကို ပျော်ရွှင်ကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် အထင်နှင့် ဆန့်ကျင်စွာ မိန်းကလေးများက ပိုပျော်နေကြပြီး လင်းရီအပေါ် ခုန်အုပ်လုနီးပါးပင်။

ယွီစီယင်ကတာ့ ဣန္ဒြေရရနှင့် ရှိသည်။ သူမက သူမကိုယ်သူမ ထိန်းချုပ်နိုင်ပုံရ၏။ သို့သော် လော့ချီနှင့် ရှောင်ပင်းတို့ကတော့ သူမတို့၏ လျှာကို တစ်သပ်သပ်နှင့် လင်းရီအား စားသောက်ချင်နေသည့် ပုံစံများပင်။

ထိုကောင်မလေးနှစ်ဦးကလည်း ခေတော့မခေ။ အားသာချက် ကိုယ်စီရှိကြ၏။

လော့ချီ၏ စတိုင်က ယွီစီယင်နှင့် အနည်းငယ်ဆင်တူသည်။ သူမက အစ်မကြီးတစ်ယောက်ကဲ့သို့ နွေးထွေးမည့် ပုံစံရှိပြီး အပြင်လူများ ရှေ့တွင်တော့ ရေခဲတုံးနှယ် အေးစက်စက်နိုင်လှသည်။ သို့သော် လင်းရီရှေ့မှောက်တွင်တော့ စားစော်ကြီးတစ်ယောက်ပုံစံ ဖြစ်နေသည်။

တစ်ဖက်ရှိ ရှောင်ပင်းမှာမူ ဘေးချင်းကပ် အခန်းရှိ ချစ်စဖွယ် ညီမငယ်လေး တစ်ယောက်၏ အသွင်နှင့် ဆင်တူပါသည်။ သူမက ဒေါင်ကောင်းကောင်း မဟုတ်သော်ငြား ခန္ဓာကိုယ် အချိုးအစား တည်ဆောက်ပုံကတော့ ထူးကဲသာလွန်လှသည်။ အထူးသဖြင့် ခါးနှင့်တင် အချိုးအစားက လော့ချီလို မိန်းကလေးချင်းတောင် မလွန်ဆန်နိုင်အောင် ဖြစ်နေစေတော့၏။

“ မင်းတို့နှစ်ယောက် နည်းနည်းလေး ချုပ်တည်းထားလို့ မရကြဘူးလား… ဘာပဲ ပြောပြော သူက ငါတို့ ခေါင်းဆောင်လေ.. မင်းတို့ သူ့ကို အခြေခံ လေးစားသမှုလေးတော့ ရှိသင့်တာပေါ့…” အခြားသော အသင်းဝင်တစ်ယောက်ဖြစ်သည့် ကျန်းချောင်ယွဲ့မှ မနေနိုင် မထိုင်နိုင် ပြောလိုက်သည်။

“ ခေါင်းဆောင်လင်းရဲ့ ဝမ်းဗိုက်ကြွက်သားကြီးတွေက အဖုအထစ်တွေ သိပ်လှတာကို ဘယ်သူက ထိန်းချုပ်နိုင်မှာလဲ…” လော့ချီမှ ပြောလိုက်၏။

“ မင်းတို့နှစ်ယောက်က ဒီလောက် အားနည်းတာ ခေါင်းဆောင်လင်းကို ညတစ်ဝက်တောင် ဖျော်ဖြေပေးနိုင်မှာ မဟုတ်ဘူး…. ဒီတော့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေ ထားမနေနဲ့…” ကျန်းချောင်မှ ပြောလိုက်သည်။

All Chapters