လင်းရီကို ထောင်ချောက်ဆင်မယ်ဟုတ်လား
Vol. 87 Ch. 1299
ရန်စီ ပိုင်ရွှမ်းအား နှင်ထုတ်လိုက်သည့် မြင်ကွင်းကို မြင်တော့ ရိုက်ကူးရေး ဝန်ထမ်းများအားလုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။
ဝ မရှိဘဲ ဝိ လုပ်ချင်တဲ့ လူတွေ ဒီလိုမျိုး ဆက်ဆံခံရသင့်တယ်…
ဖြစ်တာတောင် နည်းသေး…
အသေးမွှား ကိစ္စလေးတစ်ခု အဆုံးသတ်တော့ ရန်စီ လင်းရီကို ဘေးသို့ ဆွဲခေါ်လာခဲ့သည်။
“ နင် ဒီကို ဘယ်တုန်းက ရောက်လာခဲ့တာ…”
“ နေ့တစ်ဝက်လောက်တောင် ရှိတော့မယ်… ခုလေးတင် ဖန်လုံအိမ်ထဲက အလုပ်တွေ ပြီးခဲ့တာပဲ..”
“ ကြည့်စမ်း… ဒါဆို နင်က အခု ပြန်တော့မှာပေါ့…”
“ ကျိုးဟိုင်မှာ ကိစ္စလေး တစ်ခု ရှိလို့ ခု ပြန်ရတော့မှာ…”
“ ပြီးရော… ငါက နင် ဒီနေ့ည မပြန်တော့ဘူးလား ထင်နေတာ…”
လင်းရီ ရန်စီ၏ မျက်နှာအား ဖျစ်ညစ်လိုက်၏။
“ ဒီနေ့က တကယ်ကြီး ကိစ္စရှိလို့ပါကွာ.. အချိန်ရရင် လာခဲ့ပါ့မယ် ဟုတ်ပြီလား…”
“ ကျစ်… ဂရုမစိုက်ပေါင်… နင်လုပ်ချင်သလိုသာလုပ်…” ရန်စီ စိတ်ဆိုးသွားသည့်ဟန်ဖြင့် မျက်နှာလွှဲပြီး ပြောလိုက်သည်။
“ နင် တခြား ဘာမှ မရှိတော့ဘူးဆို ပြန်တော့… ငါ ဒီမှာ အလုပ်များနေတယ်… နင့်ကို လိုက်မပို့တော့ဘူး….”
“ အင်းပါ… တကယ်လို့ ပြဿနာ တစ်ခုခုကြုံရင် ငါ့ကို ခေါ်လိုက်… ဟုတ်ပြီလား..”
“ အွန်း…”ရန်စီ လင်းရီကို တွန်းထုတ်လိုက်ကာ “ သွား သွား…”
သူ့တွင် လုပ်စရာ ကိစ္စက အများအပြား ရှိနေသဖြင့် လင်းရီ ရန်စီနှင့် စကားကောင်းမနေတော့ဘဲ ကျိုးဟိုင်သို့ မောင်းလာခဲ့လိုက်သည်။
တစ်နာရီကြာပြီးနောက် လျန်ရူရွှယ်၏ ရုံးခန်းရှေ့သို့ ရောက်ရှိလာသည်။
သို့သော် မလိုလားအပ်သည့် သတင်းများနှင့် သံသယများ ကင်းဝေးစေရန်အတွက် လင်းရီကားကို ရှေ့ မီတာ ဒါဇင်လောက်အထိ မောင်းနှင်ပြီးမှ ရပ်တန့်လိုက်၏။
လျန်ရူရွှယ် ဆင်းအလာကို စောင့်ဆိုင်းနေချိန်တွင် သူသည်လည်း ငြိမ်ငြိမ်ထိုင်မနေချေ။
အနီးတွင် ဟွာရှ တိုင်းရင်းဆေးဆိုင် တစ်ဆိုင်ကို မြင်၍ သူ၏ ဂျင်ဆင်းနှင့် လင်ဇီးကို သယ်ဆောင်ကာ ထိုဆိုင်သို့ ထွက်လာခဲ့သည်။
ဆိုင်က ဆေးခန်းနှင့် တွဲလျက် ဖြစ်ပြီး လူက တော်တော်လေး ကျနေသည်။ ကျန်းမာရေး ကိစ္စများ ဆွေးနွေးရန်အတွက် ခန်းမအလယ်တွင် ဟွာရှန့် တိုင်းရင်းဆေး ဆရာဝန်တစ်ဦးမှ ထိုင်နေလျက် ရှိသည်။ စောင့်ဆိုင်းသည့် နေရာတွင်တော့ လူအယောက် နှစ်ဆယ်ကျော်ခန့် တန်းစီနေပြီး အကုန်လုံးက ဆေးပြရန် စောင့်ဆိုင်းနေကြခြင်းပင်။
လင်းရီလည်း ဘာမျှ လုပ်စရာ မရှိသဖြင့် တိုင်းရင်းဆေးဆရာဝန်၏ လူနာအား ညွှန်ကြားနေသည်များကို ခေတ္တမျှ ထိုင်နားထောင်ပြီး ခေါင်းညိမ့်လိုက်၏။
ဒီဘဲက ရမ်းကုပဲ…
“ သူဌေး… ခင်များမှာ ဒီ ဆေးဝါးတွေ ထည့်သိမ်းလို့ရတဲ့ သေတ္တာရှိလား…”
လင်းရီ သူနှင့် မဆိုင်သည့် ကိစ္စရပ်များတွင် ဝင်ပါမနေတော့ဘဲ လာရင်းရည်ရွယ်ချက်ကို ကြားကာလတွင် မေးမြန်းလိုက်သည်။
ဟွာရှန့်တိုင်းရင်းဆေးဆိုသည်မှာ ထင်ရှားသိသာသည့် အရေးသာမှုများ ရှိပြီး တစ်စုံတစ်ယောက်ကို ပျောက်ကင်းသည်အထိ ကုသရန်က အရည်အချင်း တစ်ချို့လိုအပ်သည်။ အနောက်တိုင်း ဆေးပညာရပ်ကို ကျွမ်းကျင်ရသည်က ပို၍ပင် စိန်ခေါ်မှုများလေသည်။
သို့သော် တစ်စုံတစ်ယောက်ကို မတော်တဆ သတ်မိလိုက်ရန်က လွယ်ကူသည့် အလုပ်တော့မဟုတ်ချေ။
ဤနေရာသို့ ဆရာဝန်လာပြကြသူများထဲတွင်လည်း နွမ်းပါးဟန် ရှိသည့်လူကလည်း တစ်ယောက်မျှမပါ။
ထို့ကြောင့် လင်းရီ ဝင်ရောက်စွက်ဖက်မနေတော့ချေ။
“ ငါ့ညီ .. မင်းပြောတာ ဘာ သေတ္တာလဲ..”
ဆေးဆိုင် ပိုင်ရှင်က အဖြူရောင်ကုတ်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်၏။ သူက လင်းရီကို တည့်တည့်ကြည့်နေလျက်ရှိကာ ပြောသွားသည့် စကားကို နားဝေတိမ်တောင် ဖြစ်နေသည့်ပုံ ပေါက်နေလေသည်။
“ ကျုပ် ဂျင်ဆင်းနဲ့ လင်ဇီးကို သိုလှောင်ချင်လို့ ဆေးသေတ္တာ တစ်ခုလိုချင်တယ်… လှပြီး ဆန်းသစ်တာလေးဆို ပိုကောင်းမယ်.. ကျုပ် လက်ဆောင်ပေးတဲ့နေရာမှာ သုံးမလို့…”
“ ငါ့မှာ သေတ္တာအလွတ်တွေတော့ မရှိဘူး… ဒီလို အသင့်ထည့်ပြီးသားတွေပဲ ရှိတယ်…”
သူ၏ ကိုယ်ပိုင် ပစ္စည်းများအား ကြေညာရန်အတွက် ဆိုင်ပိုင်ရှင်သည် ဂျင်ဆင်းနှင့် လင်ဇီး တစ်သေတ္တာကို ထုတ်လာခဲ့၏။
“ ကြည့်စမ်းပါဦး… တုံးပေက ဂျင်ဆင်းရိုင်းစစ်စစ်… ဝိုင်နဲ့ရောပြီး ဆေးဝိုင်သာ ဖောက်လိုက်လို့ကတော့ အာနိသင် ထက်လိုက်မယ့်ဖြစ်ခြင်း…”
“ ကျုပ်မှာ အဲ့တာတွေ ရှိပြီးသား … သေတ္တာ နှစ်ခုလောက်ပဲ လိုချင်တာ… “
“ ဟင်… မင်းမှာ ဂျင်ဆင်းနဲ့ လင်ဇီးတွေ ရှိတယ်ပေါ့… မင်း ဘယ်က ဝယ်လာခဲ့တာ… မင်း အလိမ်ခံရမယ်နော်… လူလိမ်တွေက ခပ်ပေါပေါနဲ့ .. ” ဆိုင်ပိုင်ရှင်မှ နွေးထွေးသည့် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ အကြံပေးလိုက်သည်။
ထို့နောက် သူက ဆက်လက်၍
“ ကျိုးဟိုင်က ဟွာရှန့် တိုင်းရင်းဆေး ရောင်းတဲ့ ဆိုင်တွေထဲမှာ ငါ့ဆိုင်က ပစ္စည်းကသာ စိတ်အချရဆုံးပဲ ညီလေး…”
“ အစ်ကိုကြီး… ခင်များ အကြီးကြီးတွေနဲ့ သိပ်မပြောနဲ့… ကိုယ့်ကိုယ်ကို အရှက်ခွဲသလို ဖြစ်နေမယ်နော်..” လင်းရီ ပြုံးလိုက်သည်။
“ ငါ့ညီ… သူဌေးဝမ်က ကြွားပြောတာ မဟုတ်ဘူးဟ… သူ့ ပစ္စည်းတွေက တကယ်ကြီး အရည်အသွေးကောင်းတယ်… ဒီလောက်ကောင်းတဲ့ ဆိုင်မျိုး မင်း ကျိုးဟိုင်မှာ နောက်တစ်ဆိုင် ထပ်ရှာလို့ တွေ့မှာမဟုတ်ဘူး…”
ပြောလိုက်သူကတော့ စောင့်ဆိုင်းသည့်နေရာတွင် ထိုင်စောင့်နေသည့် လူတစ်ယောက်ပင်။ သူက အပြုံးလေးဖြင့် “ ငါ ဒီလာပြီး ဆေးပြဖို့ကို တစ်ပတ်ကြိုတင် တိုကင်ယူရတယ်… သူတို့က တစ်နေ့ကို လူနာ အယောက်ငါးဆယ်ပဲ ကြည့်ပေးတာ.. ကျွမ်းကျင်မှု လယ်ဗယ်က so high ပဲ…”
ထိုင်နေသည့် သမားတော်ကြီးမှာတော့ မုတ်ဆိတ်ကြီး တသပ်သပ်နှင့် အင်မတန် ကျေနပ်နေသည့် မျက်နှာထားမျိုး ဖြစ်နေသည်။
လင်းရီ ထိုလူ့စကားကို ပြုံးမိလိုက်သည်။ “ ဟုတ်လားဗျ…”
“ ညီလေး… ငါ့မှာ လွတ်နေတဲ့ သေတ္တာတော့ မရှိဘူးကွာ.. တကယ်လို့ မင်း ဝယ်မယ်ဆိုရင် တခြားဆိုင်တွေ သွားမေးလိုက်ပါလား…”
“ ရပြီ… ဒီ သေတ္တာ နှစ်ခုလည်း ဆိုးပုံ မပေါ်ပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ဆေးနဲ့ သေတ္တာကို ဘယ်လောက်ကျလဲ…”
“ မင်း အကုန် ဝယ်မလို့လား…”
ဆိုင်ပိုင်ရှင်မှာ ပီတိဝေဖြာသွားပြီး အပြုံးလေးဖြင့် “ ငါ့ညီက တည့်သမားဆိုတာ ငါသိတယ်.. ဒီတော့ စကားအများကြီး မပြောတော့ဘူး… ဒီ နှစ်ခုကို ယွမ် ၃,၈၀၀ ပဲ ပေးလိုက်…”
“ ကောင်းပြီလေ…”
ဟွာရှန့်တိုင်းရင်းဆေးများအကြောင်း လင်းရီ ကောင်းကောင်းသိသည်။ အရောင်အဆင်းကို ကြည့်ရုံမျှဖြင့် လူလုပ် စိုက်ပျိုးထားခြင်း ဖြစ်ကြောင်းကို ပြောပြနိုင်သည်။
ဂျင်ဆင်းနှင့် လင်ဇီး နှစ်ခုပေါင်းမှ အလွန်ဆုံးရှိလှ ယွမ် ၈၀၀၊ ၉၀၀ မျှပင်။ သေတ္တာရောဆိုမှ ၁,၀၀၀ သာသာလောက် ရှိ၏။ သို့သော် လေကုန်ခံပြီး ဈေးဆစ်ရမည်ကို ပျင်းရိလို့နေသည်။
ငွေချေပြီးနောက် လင်းရီ ဂျင်ဆင်းနှင့် လင်ဇီးကိုထုတ်၍ သူ ကိုယ်တိုင် စိုက်ပျိုးထားသည့် ဂျင်ဆင်းနှင့် လင်ဇီးကို ဂရုတစိုက်ဖြင့် ထည့်လိုက်သည်။
မည်သို့ပင်ဆိုစေ လက်ဆောင်ပေးမည် ဆိုမှတော့ လက်ဆောင်နှင့် တူအောင်တော့ ပြုသင့်လေသည်။
“ ဟင်…”
လင်းရီ ထုတ်လာခဲ့သည့် ဂျင်ဆင်းကို မြင်တော့ ဆေးဆိုင်ပိုင်ရှင်၏ မျက်လုံးတို့ ဘလင်းဘလင်း ဖြစ်သွားခဲ့ပြီး မျက်လုံးကြီးများ ပြူးကျမတတ် ဖြစ်လာခဲ့သည်။
အရောင်အဆင်း ကြည့်ရုံမျှဖြင့် တောထဲတွင်သာ ရှာတွေ့နိုင်သည့် ပစ္စည်းကောင်းဖြစ်ကြောင်း သိသာလေသည်။
ယခုလို ဂျင်ဆင်းမျိုးကို ဈေးကွက်ထဲတွင် ကြုံရာကျပန်း ရှာဝယ်လို့ မရချေ။ အကယ်၍ ရှာဝယ်နိုင်ခဲ့လျှင်ပင် ဈေးနှုန်းက မိုးတမျှ မြင့်နေမည်မှာ ကျိန်းသေသည်။ သာမန်လူတို့ မသုံးဆောင်သည့် အရာတစ်ခုပင် ဖြစ်သည်။
သို့သော် ဤလူငယ်လေးက ထိုမျှ တန်ဖိုးကြီး ပစ္စည်းကို မည်သို့ ပိုင်ဆိုင်နေရသနည်း။
တစ်ချိန်တည်း၌ ဆေးဆိုင်ပိုင်ရှင်မှာ သမားတော်၏ အကြည့်ကို ခံစားမိပြီး မည်သည်ကို ဆိုလိုချင်နေမှန်း နားလည်လိုက်သည်။
“ ညီငယ်လေး.. မင်းက နှမ်းစေ့ကောက်ဖို့ ဖရဲသီးကို လွင့်ပစ်နေတာပဲကွာ….” ဆေးဆိုင်ပိုင်ရှင်မှ သက်ပြင်းချကာ ဆိုသည်။
“ ဟင် .. ဘာလို့…”
“ မင်း အလိမ်ခံလိုက်ရတယ်ဆိုတာ အသိသာကြီးကို အခု မင်းက တကယ်ကြီး သေတ္တာဝယ်ပြီး တယုတယနဲ့ ထည့်သိမ်းနေလိုက်သေးတယ်… မင်းကွာ…”
“ ကျုပ် ပစ္စည်းတွေက အတုပါလို့ ခင်များ ပြောချင်နေတာလား…”
“ လုံးဝ အတုကြီးတော့ ဘယ်ဟုတ်မှာ… ဒါပေမယ့် အရည်အသွေးကို ကြည့်လိုက်ရင် ကန့်ကျောက်နဲ့ မှိုင်းတိုက်ထားတယ်ဆိုသာ အသိသာကြီး… ပြီးတော့ အမြစ်တွေတောင် ရှိနေလိုက်သေး… မင်း ပစ္စည်းနှစ်ခုပေါင်းလို့ အလွန်ဆုံးရှိ ယွမ် ၁,၀၀၀ လောက်ပဲဆိုတာ ငါပြောရဲတယ်.. ငါ့နားက ဝယ်သွားခဲ့တဲ့ ပစ္စည်းတွေလောက် မကောင်းဘူး..”
“ ဒါတွေက တောရိုင်းထဲမှာ စိုက်ပျိုးထားတာတွေနော်…”
ဂျင်ဆင်းနှင့်လင်ဇီး၏ မူလဇစ်မြစ်ကို လင်းရီ ကောင်းစွာ သိသည်။
စိုက်ပျိုးရေး သုတေသန စင်တာမှ လျန်ရူရွှယ် ယူလာပေးခဲ့ခြင်း ဖြစ်ပြီး ရွှေရောင် မြေစေး၏ အဆီအာဟာရတို့ကိုဖြင့် ပျိုးထောင်ခြင်း ခံခဲ့ရကာ ဤသို့သော ဂျင်ဆင်းက သောက်ကျိုးနည်း အတုဖြစ်နိုင်မည်နည်း။
ဒီ သောက်ရူးနှစ်ယောက်ကတော့ ငါ့ကို နှစ်ပေါက်တစ်ပေါက် ရိုက်ချင်နေကြတယ်နဲ့တူတယ်…
“ ကြည့်.. မင်း ဘာစဉ်းစားနေလဲ ငါနားလည်တယ်..” ဆိုင်ပိုင်ရှင်မှ ပြောလိုက်ပြီး “ ဒီဘက်ခေတ် နှလုံးသား ညစ်ထေးတဲ့ ကုန်သည်တွေကတော့ သူတို့ရဲ့ လူလုပ်ဂျင်ဆင်းတွေကို ဂျင်ဆင်းရိုင်းပါဆိုပြီး အရှက်မရှိ ဈေးတင်ရောင်းနေကြတာပဲ.. ငါ့လိုမျိုး ပွင့်ပွင့်လင်းလင်းရှိတဲ့ ဆိုင်ရှင်တွေဆိုတာ တော်တော်ကို ရှားကုန်ပြီ… မင်းတော့ အကြီးကြီး ဆုံးရှုံးလိုက်ရပြီပဲ…”
“ အဲ့လိုလား… ကြည့်ရတာ ကျုပ်တော့ အမှားကြီး မှားခဲ့တယ်နဲ့ တူပါတယ်ဗျာ…” လင်းရီ သက်ပြင်းချလျက် စိတ်ဓာတ်ကျနေသည့်ဟန်ဖြင့် ပြောလိုက်၏။
“ ဘယ်လိုတောင် နှမြောဖို့ ကောင်းလိုက်လဲ…” ဆိုင်ပိုင်ရှင်မှ ထိခိုက်ကြေကွဲနေဟန်ဖြင့် “ ညီလေး … မင်းကြည့်ရတာ သိပ်ကြွယ်ဝတဲ့ပုံလည်း မပေါ်ဘူး… မင်း ဒုက္ခရောက်မှာကို ငါမကြည့်ရက်ဘူးကွာ.. မင်း ဘယ်လောက်နဲ့ ဝယ်ခဲ့လဲ.. ငါ မူရင်း ဈေးအတိုင်း ပြန်ဝယ်ပေးမယ်… ဘာပဲ ဆိုဆို ငါ့အနေအထားနဲ့ အဆင်ပြေတယ်လေ…. ဒီလိုဆို မင်းလည်း မဆုံးရှုံးရတော့ဘူးပေါ့…”
“ အစ်ကိုကြီး… ခင်များ သေချာပါတယ်နော်…”
ဆိုင်ရှင်မှ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိမ့်ပြလိုက်၏။
“ ဒါပေါ့… ကောင်းတဲ့ ကမ္မမျိုးစေ့ စိုက်တယ်လို့ပဲ သဘောထားလိုက်မယ်… ငါက ဗုဒ္ဓဘာသာဝင်လေ..”
“ ကောင်းဗျာ… ကျုပ် ဒီ နှစ်ခုကို ယွမ် ဆယ်သန်းပေးပြီး ဝယ်ခဲ့တာ… ချက်ခ်လေးနဲ့ လုပ်ပါလား…”
ဖူး….
“ မင်း ဘာပြောတယ်… ဆယ်သန်း ဟုတ်လား…”
“ အမှန်ပဲ… အဲ့တာဈေးနှုန်းပဲ… အစ်ကိုကြီး ယူဦးမယ်မလား…”
ဆယ်သန်းဆိုသည့် ဈေးနှုန်းက အခန်းထဲရှိ လူတိုင်းအား ရှော့ခ်ရသွားစေခဲ့သည်။
သူတို့အဖို့ ယင်းက မြင်းမိုရ်တောင်လောက်ကြီးသည့် ပမာဏကြီးပင်။
ဒီသောက်ကလေးက ချမ်းသာတဲ့ ငတုံးပဲ…
“ သွားပြီ… မင်းတော့ လုံးဝလုံးဝကို အလှည့်စားခံလိုက်ရပြီ…” ဆိုင်ပိုင်ရှင်မှ ပြောလိုက်ပြီး “ ဒါလေးတွေက အလွန်ဆုံးမှ ယွမ် ၁,၀၀၀ လောက်တန်တာ… ငါမင်းကို ယွမ် ၁၀,၀၀၀ ပေးလိုက်မယ်ကွာ… ဘယ်လို သဘောရလဲ…”
“ ရတာပေါ့…”
ခရိတ်ခ်…
လင်းရီ စကားဆုံးအောင် မပြောရသေးခင်မှာပဲ ဆေးဆိုင်တံခါး ပွင့်ဟလာခဲ့ပြီး လျန်ရူရွှယ် အိတ်ကို လွယ်လျက် အထဲရောက်လာသည်။
“ နင် ဒီမှာ ဘာလုပ်နေတာလဲ…”