← Chapters

ချစ်သူ သို့မဟုတ် တစ်သက်တာ အဖော်အပေါင်းအသင်း

Vol. 87 Ch. 1302

ချစ်သူ သို့မဟုတ် တစ်သက်တာ အဖော်အပေါင်းအသင်း

Vol. 87 Ch. 1302

နှစ်နာရီခန့် ကြာပြီးနောက် လင်းရီ ဝမ်ရင်း၏ ရုံးခန်းထဲမှ လန်းဆန်းမှုအပြည့်ဖြင့် ထွက်လာခဲ့သည်။ သူ ကျီချင်းရန်အတွက် ဆန်မုန့်လုံး တချို့ သွားဝယ်လာပြီး ရုံးခန်းထဲ ပြန်ရောက်လာသည်။

မွန်းလွဲ လေးနာရီကျော်တော့ ကျီချင်းရန်၏ အလုပ်များအားလုံး ပြီးစီးသွားပြီး လင်းရီနှင့် နှစ်ကိုယ်တူ အချိန်ဖြုန်းရန် ပြင်ဆင်ချေတော့သည်။

“ ဒီနေ့ အပြင်မှာ မစားနဲ့တော့… အိမ်မှာ ဟင်းချက်စရာတွေ သိပ်မကျန်တော့ဘူး.. စူပါးမားကတ်ကို သွားစို့…. နင်က အိမ်သိပ်ကပ်တာ မဟုတ်တော့ ငါလည်း ဗီလာမှာ မနေဖြစ်တာတောင် ကြာပြီ..”

“ ကောင်းပြီလေ.. ဒါဆိုလည်း ပိုဝယ်ပြီး အနာဂတ် ယောက္ခမလောင်းကြီးအိမ် ယူသွားကြတာပေါ့… ဘာပဲဖြစ်ဖြစ် သူ့ဆီမှာ ရက်ကြာကြာလေး နေရဦးမယ်မလား.. အိမ်မှာ ထားလည်း အလကားပဲ…” လင်းရီ ပြောလိုက်ပြီး “ ကိုယ့်ပစ္စည်းနဲ့ ကိုယ်သွားတော့ လာပြီး ဂုံးဆင်းနေတယ်လို့ ပြောလို့မရတော့ဘူးပေါ့…”

“ အွန်း အွန်း အွန်း.. အမေ ငါ့ကို အဲ့အကြောင်း ပြောသေးတယ် သိလား…”

“ သူတို့ပြောတာ ငါက ကိုယ့်ဟာကိုယ် မစားဘဲ သူတို့ ရေခဲသေတ္တာကိုပဲ လာလာပြီး ဓားပြ တိုက်နေတယ်တဲ့… ဒီတစ်ခါတော့ ငါတို့ ကိုယ့်ဟာကိုယ်ယူပြီး သူတို့ဟာ မစားဘူး.. ငါတို့လည်း ဂုဏ်သိက္ခာနည်းနည်းတော့ ရှိဖို့ လိုတယ်လေ…”

“ အင်း… သွားစို့…”

ကျီချင်းရန် လင်းရီ၏ လက်မောင်းအား တွယ်ဖက်ထားရင်း ကားပါကင်ဆီသို့ ထွက်လာခဲ့ကာ တိုင်းစကွဲ စူပါမားကတ်၏ မြေအောက် ကားပါကင်သို့ ထွက်လာခဲ့၏။

သူတို့နှစ်ဦး၏ ထွက်ပေါ်လာမှုက လူလွတ် အပျို လူပျိုလေးများအား အတော်အတန် ဆွဲဆောင်သွားခဲ့သည်။

နှစ်ယောက်က စုံတွဲမှန်း သူတို့သိကြသော်လည်း မျက်လုံးက မနေနိုင်။ သုံးလေးကြိမ်ခန့် ခိုးကြည့်မိကြ၏။

“ ဒီည စတိတ်ခ် စားကြမလား…”

“ ငါ့ ဟင်းချက်စကေးက အကောင်းကြီး မဟုတ်ဘူးဆိုပေမယ့် အနောက်တိုင်း အစားအသောက်တော့ ရသေးတယ်… ဖြစ်ချင်တော့ အိမ်မှာ ဝိုင်နီလည်း ရှိတာနဲ့ အတော်ပဲ… နည်းနည်းသောက်လို့ ရတာပေါ့…”

“ တစ်ခွက်သောက်ပြီး မူးနေတဲ့ သူကများ သောက်မယ့်အကြောင်းတွေ လာပြောရဲနေတယ်ပေါ့…”

“ ဟွန့်… တစ်ခါတစ်လေ နင်မရှိတဲ့ အချိန်ကျရင် ငါနဲ့ ယွမ်ယွမ်နဲ့ နည်းနည်း သောက်ဖြစ်ပါတယ်နော်.. ခု ကျွမ်းသွားပြီ.. နည်းနည်းသောက်လို့ ပြဿာနာ မရှိတော့ဘူး…”

“ ဟင်းဟင်းဟင်း…”

လင်းရီ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးလျက် “ မင်းကတောင် ပြောလာပြီဆိုမှတော့ ဒီည မူးအောင်တိုက်ရမယ်… နောက်မှာမှ အခွင့်ကောင်းက လာမှာ..”

“ အဓိပ္ပာယ် မရှိတာ… နင်က မကောင်းတဲ့ ဉာဏ်နီဉာဏ်နက်တွေချည်းပဲ… “ ကျီချင်းရန် လင်းရီ၏ လက်မောင်းကို ရိုက်နှက်လိုက်ပြီး လတ်ဆတ်သည့် အသားတန်းသို့ ဆွဲခေါ်သွားတော့သည်။

“ A 5 အမဲသားရှိလား…”

“ ဟုတ်ကဲ့ ရှိပါတယ်… ဒီနေ့မှ ရောက်တာပါ…”

“ အင်း….” သူမ မပြောခင် စက္ကန့်အတော်ကြာ စဉ်းစားနေပြီး “ ဆယ်ခုထုပ်ပေး…”

“ ခင်ဗျာ... ဆယ်ခု ဟုတ်လား…”

စာရေးမှ အနည်းငယ် ကြက်သေသေသွားခဲ့ကာ “ အစ်မ … ကျွန်တော်တို့က အရည်အသွေးမြင့် A5 အမဲသားပဲ ရောင်းတာပါဗျ… ပုံမှန်ဈေးက တစ်ခုကို ယွမ် ၂,၀၀၀ ပါ… ဆယ်ခု ယူမှာ သေချာပါတယ်နော်…”

“ အင်း… ဆယ်ခု ထုပ်ပေး..”

“ ဟုတ်ကဲ့ ဟုတ်ကဲ့… ခဏလေးပါ..”

ကျီချင်းရန်ကဲ့သို့ လက်ဖွာသူအား တွေ့ရသည်က ရှား၏။ ထို့ကြောင့် စာရေးမှာ စိတ်အားထက်သန်မှု အပြည့်ဖြင့် ဆယ်ခု ထုတ်ကာ အားလုံးပေါင်းပြီး ထုပ်ပေးလိုက်၏။

အမဲသား ဝယ်ပြီးနောက် နှစ်ယောက်သား အခြား အတန်းများသို့ သွားကာ အများအပြား ဝယ်ခဲ့လေသည်။ သို့သော် အများစုကတော့ ကျီချင်းရန်အကြိုက် မုန့်ပဲသရေစာများသာ ဖြစ်၏။

တစ်နာရီကြာပြီးနောက် လင်းရီ စူပါမားကတ်ထဲမှ ကျန်ကျောင်းအိတ်ကြီးနှစ်လုံးနှင့် ထွက်လာခဲ့ကာ ကားထဲဝင်၍ ကျီချင်းရန်၏ အိမ်ထံ ဦးတည်လိုက်သည်။

.............

“ ဟော့တော်.. နှစ်ယောက်က လာမယ်ဆိုလည်း ကြိုမပြောဘူး… ဒီက ဘာမှကို မချက်ရသေးတာ..”

စုန့်မင်ဟွေ့မှ နှစ်ယောက်ကို စောဒကတက်ရင်းဖြင့် အထဲသို့ ကြိုဆိုလိုက်၏။

“ ကျွန်တော်တို့က ဒီကို ပစ္စည်းလာပို့တာပါဗျာ… မစားတော့ပါဘူး.. ခဏဆို ပြန်တော့မှာ…”

“ အယ် ဘာလုပ်တာတုန်း…. ဒါနဲ့ နင်တို့က ဘယ်လဲ သွားကြမလို့…”

“ လင်းရီက သန်ဘက်ခါဆို ယွီဟန်မြို့ကို သွားတော့မှာ… ပြီးတော့ သူက အချိန်တစ်ခုလောက်အထိ ပြန်လာနိုင်မှာ မဟုတ်ဘူး… ဒါကြောင့်မို့ သမီးတို့က ပစ္စည်းတွေ ဝယ်ပြီး ဒီမှာ လာလှောင်ထားတာ… အမေတို့ကို အလကား လာစားနေတယ်လို့ ပြောမရတော့ဘူး.. ဟမ့် ဟမ့် ဟမ့်…”

စုန့်မင်ဟွေ့ ချစ်သမီး ကျီချင်းရန်အား မျက်လုံသာ လှန်ကြည့်လိုက်သည်။ “ ညဉ်းကများ ပြောရတယ် ရှိသေး… ကိုယ်ဝယ်ခဲ့တာ ကိုယ်ပြန်ကြည့်လိုက်စမ်း…. ဒီ အမဲသားကလွဲရင် အကုန်လုံးက မုန့်တွေချည်းပဲ…”

ပြောပြီးနောက် စုန့်မင်ဟွေ့ လင်းရီကို ပြန်ကြည့်လိုက်ကာ “ နင်သူ့ကို အလိုလိုက်လွန်းနေပြီ.. သရေစာတွေ အများကြီးစားတာက မကောင်းဘူး..”

လင်းရီ ရယ်သွမ်းလိုက်ရင်း “ နည်းနည်းချင်း စားလို့လည်း ရပါတယ်ဗျာ….”

“ တွေ့လား… လင်းရီကတောင် ပြောနေပြီ .. နည်းနည်းချင်းစားလို့ အဆင်ပြေတယ်တဲ့… သူက ဒေါက်တာလေ… သူပြောတာက အမှန်…” ကျီချင်းရန် ခါးထက် လက်တင်လျက် ဝင့်ကြွားစွာ ပြောလိုက်၏။

“ အတောင်တွေက အတော်လေးမာလာပြီဆိုတော့ ညဉ်းကိုတော့ ငါမနိုင်တော့ဘူး…”

ထိုစကားကြားတော့ ကျီချင်းရန်မှာ ခေါင်းကို ပိုလို့ပင် မော့သွားခဲ့တော့၏။

“ ကဲပါ ကဲပါ.. နင်တို့နှစ်ယောက်ကို စိတ်ပူပေးမနေတော့ပါဘူး… နင်တို့ လုပ်စရာရှိတယ်ဆိုလည်း လုပ်ကြ.. နင်တို့ကို ညစာ အတင်းမစားခိုင်းတော့ဘူး..” စုန့်မင်ဟွေ့မှ ပြောသည်။

“ ဟုတ် အန်တီ… ဒါဆို ကျွန်တော်တို့ အခုပဲ ပြန်လိုက်ပါဦးမယ်..”

ပစ္စည်းများအား နေရာချပေးပြီးနောက် နှစ်ယောက်မှာ ကျိုကျုံးဗီလာသို့ ပြန်ရန် ကားထဲသို့ ပြန်ရောက်လာခဲ့ကြ၏။

“ နင် ဒီနေ့ မဆိုးဘူး…”

လင်းရီ၏ ပခုံးကို ကျေနပ်နေသည့် အမူအရာဖြင့် လေးလေးနက်နက် ပုတ်ရင်း ကျီချင်းရန်မှ ပြောသည်။

“ နောင်လည်း ဒီလိုမျိုး ကြိုးစားတာပဲ မြင်ချင်တယ်.. အဲ့လိုဆို နင် အကျိုးအမြတ်တွေ အများကြီးရမယ်…”

“ မင်းက ပြောလာပြီ ဆိုမှတော့ ငါတို့ ခြောက်ကိုးအနေအထား စသင့်ပြီလို့ ထင်တယ်..”

“ ခြောက်ကိုး အနေအထား .. ဟုတ်လား…”

သိသာစွာဖြင့် သူမလေးမှာ အဆိုပါ ပြက်လုံးကို နားဝေတိမ်တောင် ဖြစ်လို့နေသည်။

“ တွေးကြည့်လေ.. ဘယ်လို အနေအထားမျိုးက ငါတို့ နှစ်ယောက်ကို ခြောက်ကိုးပုံစံ ဖြစ်စေမလဲ…”

ကျီချင်းရန်၏ လှပသည့် မျက်ဝန်းတို့မှ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့ပြီး လျင်မြန်စွာဖြင့် လင်းရီဆိုလိုချင်နေသည်ကို နားလည်သွားခဲ့တော့သည်။

“ အမ်ဟမ့်… အဲ့လိုကိစ္စမျိုးကို နင့်ကို ခုချိန် မပေးနိုင်သေးဘူး… ဒါပေမယ့် စိတ်မပူနဲ့… နင်သာ ကောင်းကောင်း ကြိုးစားမယ်ဆို နင့် ဆန္ဒတွေကို တစ်နေ့ ဖြည်းဆည်းပေးမယ်လေ…”

“ တစ်နေ့ ဆိုတာကြီးက တော်တော်ကြီးကို တာသွားတာနော်.. ဘယ်တော့မှ မဖြစ်နိုင်တာမျိုးလည်း ဖြစ်သွားနိုင်တာပဲ….”

ကျီချင်းရန် လင်းရီကို ကလူမြူစွယ်စွာဖြင့် မြေခွေးမလေးသဖွယ်ကြည့်လျက် “ ဘာလဲ… နင်က စောဒကတက်ချင်တာလား…”

“ မဟုတ်တာတွေ.. ဘယ်လောက်ပဲ ကြာကြာ ငါက စောင့်နိုင်ပြီးသား… ငါ့လို ဖြူစင်တဲ့လူက အရိုးခံ တဏှာမပါတဲ့ မေတ္တာကိုပဲ အလေးထားတယ်…. ခန္ဓာနှစ်ခု သွေးသားစပ်ယှက်တယ်ဆိုတာ ငါ စက်ဆုပ်တဲ့ အမှုပဲ…”

“ နင်ပြောချင်တာကို ငါနားလည်တယ်… အဲ့တော့ နင်ငါ့ပေါ် ထားတဲ့ မေတ္တာစိတ်တွေ ဆက်ပြီး ကြီးထွားခွင့် ပြုပေးလိုက်မယ်…”

လင်းရီ “ ….. ”

သူ အားတင်းပြုံး၍ အိမ်သို့ မောင်းလာခဲ့လိုက်၏။

အမှန်တော့ လင်းရီစိတ်ထဲ စနိုးစနှောင့်ဖြစ်နေသည့် အရာတစ်ခု ရှိလို့နေသည်။

ကျီချင်းရန် သူ့အား ဤကိစ္စ ခွင့်မပြုနိုင်သည်မှာ သူမ ရင်ဘက်ထဲတွင် အနှောင်ထုံး တစ်ခု ရှိနေသောကြောင့်လော…. သို့မဟုတ် လီချူးဟန်နှင့် ကိစ္စကို ယခုထိ လက်မလွှတ်နိုင်သေးသောကြောင့်လောဟု လင်းရီ ဒွိဟ ဖြစ်နေမိသည်။

အကယ်၍ ပထမ တစ်ခု ဆိုလျှင်တော့ ပြဿနာ သိပ်ရှိမည် မဟုတ်။ သို့သော်ငြား အကယ်၍ အခြားတစ်ခု ဖြစ်လာပြီဆိုလျှင်တော့ ဖြေရှင်းရ လက်ဝင်လာပေလိမ့်မည်။

လူတစ်ဦး၏ ရင်တွင်း အထုံးကို ဖြေရသည်ထက် ခက်သည့် အရာ ရှိနိုင်မည်လော။

“ အား.... နောက်ဆုံးတော့ အိမ်ပြန်ရောက်လာပြီ…”

အိမ်ထဲသို့ ဝင်သည်တွင် ကျီချင်းရန် ဒေါက်မြင့်ဖိနပ်များအား ဖြစ်ကတတ်ဆန်း လွင့်ပစ်၍ ဆိုဖာပေါ်သို့ သက်တောင့်သက်သာ ဖြစ်နေသည့် အမူအရာဖြင့် တစ်ကိုယ်လုံး ပစ်တင်လိုက်သည်။

“ ဆိုဖာလေးကသာ ကမ္ဘာပေါ်မှာ သက်တောင့်သက်သာ အရှိဆုံးပဲ.. ဟိဟိ…”

“ မင်း လှဲနေလိုက်ဦး… ငါ သွားပြီး ချက်ပြုတ်လိုက်ဦးမယ်….”

“ ဘာလို့ အဲ့လိုလုပ်ရမှာ… ငါ ဒီည ချက်ကျွေးမယ်လို့ ကတိပေးထားပြီးသား မဟုတ်ဘူးလား..” ကျီချင်းရန် မတ်တပ်ရပ်ပြီး “ နင်က သန်ဘက်ခါ သွားတော့မှာဆိုတော့ နောက်နှစ်ရက်အတွက် အစားအသောက်ကိစ္စ ငါနဲ့ လွှဲထားလိုက်… ဒါမှ နင် အပြင်ရောက်ရင် ငါ့လက်ရာကို လွမ်းလှပါချည်ရဲ့ဆိုပြီး ဖြစ်နေတော့မှာ…”

ကျီချင်းရန် လင်းရီကို ဆိုဖာပေါ် ဆွဲခေါ်လာပြီး အပေါ်ထပ်သို့ တက်သွားခဲ့၏။ သူမ၏ ညအိပ်ဝတ်စုံနှင့် ညှပ်ဖိနပ်စီးပြီးနောက် ညစာ ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

ကျီချင်းရန်မှ အရာအားလုံးကို လိုလေသေးမရှိ ပြုစုနေသဖြင့် လင်းရီကတော့ တစ်ချိန်လုံး အားလပ်နေသည်။

ဟင်းများ အသင့်ဖြစ်တော့ ကျီချင်းရန် ဝိုင်နီနှစ်ခွက် ယူလာ၍ လင်းရီနှင့်အတူ ဖယောင်းတိုင်များထွန်းညှိရင်း ရိုမန်တစ်ဆန်သည့် အငွေ့အသက်များအား ဖန်တီးလိုက်တော့သည်။

ညစာ စားပြီးတော့ နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်၍ TV ကြည့်သည်။ ထိုစဉ် ကျီချင်းရန်ကတော့ လင်းရီ၏ ပေါင်တွင် မှေးစက် အနားယူနေသည်။

ဘဝ၏ အနှစ်သာရရှိဆုံး နေ့ရက်များကို လက်ညိုးထိုးပြပါဟု ဆိုလျှင် သူတို့နှစ်ယောက် တစ်ယောက်ကိုယ် တစ်ယောက် တွယ်မှီရင်း အချင်းချင်း အဖော်ပြုပေးခဲ့သည့် နေ့ရက်များသာ ဖြစ်ပါလိမ့်မည်။

လင်းရီသည် ယခုလို ဘဝမျိုး၌ နှစ်သက်မွေ့လျော်သည်။ သူ့အား စစ်မှန်မှုဟူသည့် ခံစားချက်မျိုးအား ပေးစွမ်းနေတော့၏။

အသွင်တူမှသာလျှင် အိမ်သူ ဖြစ်သည်ဆိုသည့် စကားအတိုင်း ကျီချင်းရန်သည်လည်း ယခုကဲ့သို့ ဘဝမျိုးအား ခုံမင်နှစ်သက်မိသည်။

တစ်ချိန်တည်းတွင်….

သူမဘေးရှိ အမျိုးသားလေးအားလည်း နှစ်နှစ်ကာကာ ချစ်မြတ်နိုးမိနေပါတော့သည်…..။

All Chapters