← Chapters

စည်းကမ်းမရှိသည့် လူနာ ဆွေမျိုးများ

Vol. 87 Ch. 1304

စည်းကမ်းမရှိသည့် လူနာ ဆွေမျိုးများ

Vol. 87 Ch. 1304

ဆွေးနွေးခန်းထဲရှိ အသံများက ကျယ်လောင်လွန်း၍ အပြင်ဘက်၌ တန်းစီနေသည့် လူများပင် ရှင်းလင်း ပြတ်သားစွာ ကြားနိုင်သည်။

သူတို့အားလုံး ခေါင်းများ ပြူ၍ အထဲတွင် ဘာဖြစ်နေလဲဆိုတာ သိချင်စိတ် ပြင်းပြနေကြတော့၏။

ဤသည်က ဘာကြောင့်လဲဆိုတော့ ဟွာရှန်းဆေးရုံ၏ ဒါရိုက်တာလီမှာ သမားကောင်း တစ်လက်ဖြစ်ကြောင်းကို လူတော်တော်များများက သိထားကြသောကြောင့်ပင်။ သူမ၏ ဆေးပညာ အရည်အချင်းကသာ ထူးချွန်သည်မဟုတ်ဘဲ ကြင်နာတတ်သည့် ဆရာမလေးဖြစ်၏။ လူနာနှင့် စကားပြောရာတွင် စိတ်မရှည်သံ၊ ဒေါသသံဆိုသည်မှာ သူတို့ မကြားဖူးသည့် အရာများဖြစ်လေသည်။ ထိုတစ်ချက်တော့ အခြား စိတ်မရှည်တတ်သည့် ဆရာဝန်တစ်ချို့နှင့်ကွာဟ၏။

“ ရှင်တို့က လူနာကို ဒီပို့လိုက်တယ်… ဒါပေမယ့် ဆေးဖိုးကျ မပေးဘူး… ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရှင့် အဖေကို ကုသမပေးနိုင်ဘူး..” လီချူးဟန် ပြောလိုက်သည်။

“ ငါတို့ ဆေးဖိုး မပေးဘူးလို့ ဘယ်တုန်းက ပြောလဲ.. ဒီတိုင်း ပိုက်ဆံ သွားထုတ်မလို့ အချိန်နည်းနည်းကြာသွားတာကို ခု ငါ့အဖေရဲ့ အခြေအနေက ဆိုးရွားနေပြီ… နင်တို့ ဆေးရုံက ဒီအတွက် တာဝန်ယူရမယ်..”

“ ကျွန်မ ရှင်တို့အဖေကို ကြည့်ပေးထားတယ်… ဒါပေမယ့် ရှင်တို့က ပိုက်ဆံသွားထုတ်တာ သုံးနာရီတောင်မှ ကြာတယ်… ရှင်တို့ ဘယ်သွားပြီး ထုတ်နေလဲ ကျွန်မလဲ မသိဘူး..”

“ ငါတို့ ဘယ်သွားလဲ မင်းကို သံတော်ဦးတင်နေရဦးမှာလား… မင်းတို့ ဆရာ၀န်တွေမှာ ကိုယ်ကျင့်တရားဆိုတာ မရှိဘူးလား… မင်းတို့က မင်းတို့ရှေ့မှာ လူနာတစ်ယောက် သေသွားမှာကို ထိုင်ကြည့်နေတော့မယ်ပေါ့ … ဟမ်…”

“ ကျွန်မ စိတ်မကောင်းပါဘူး.. ဆေးရုံရဲ့ စည်းမျဉ်းတွေအရဆိုရင် ရှင်တို့ မိသားစုက ခွဲစိတ်ခ မပေးသေးသရွေ့ ကျွန်မတို့ဘက်က ဘယ်လို ကုသမှုမျိုးမှ လုပ်ပေးလို့ မရပါဘူး… နောက်ပြီး ကျွန်မဘက်က ဆေးရုံကို အကြိုကုသခွင့်တောင် လျှောက်ထားပေးသေးတယ်… ရှင်တို့ လာပြီး ဝေဖန် ပိုင်ခွင့် မရှိဘူး…”

“ ဟမ့်… နောက်ဆုံးတော့လည်း ဒီဘူတာဆိုက်တာပဲ… မင်းတို့က ခေါင်းရှောင်နေတာ … မင်းတို့မှာ ဆေးပညာ ကျင့်ဝတ်သိက္ခာဆိုတာ မရှိဘူး.. ဒီကိစ္စ အဆုံးထိလိုက်မယ်…”

အထဲရှိ အငြင်းအခုန် ဖြစ်နေသည့်အသံများကို ကြားတော့ လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းမိလိုက်သည်။

ဒီလိုကိစ္စတွေက ဘယ်တော့မှ ပြီးဆုံးတယ်ရယ်ကို မရှိပါလား....

ချလပ်…

လင်းရီ တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့တော့ အထဲရှိ ငြင်းခုန်သံများလည်း ရပ်တန့်သွားခဲ့ကြသည်။

လီချူးဟန်နှင့် ချောင်ရှင်းအပြင် အထဲတွင် လူလေးယောက် ရှိနေသည်။ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက်ဖြစ်ပြီး လင်မယား ကိုယ်စီ ဖြစ်ကြလောက်၏။ ဒါမှမဟုတ် မောင်နှမများလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ကျန်သည့် နာ့စ်နှစ်ယောက်မှာတော့ အငြင်းအခုန် ဖြစ်ပွားသည်ကို ကြားမှ ဖြန်ဖြေရန် ကြိုးစားနေသည့် မျက်နှာထားများပင်။

“ အစ်ကိုရီ…”

လင်းရီ ဝင်လာသည်ကိုမြင်တော့ ချောင်ရှင်းမှာ သိသိသာသာကြီး အံ့အားသင့်သွားခဲ့၏။

လီချူးဟန်သည်လည်း အံ့အားသင့်သွားခဲ့သည်။ သို့သော် သူမ မျက်နှာထက်တွင်တော့ အမူအရာကို သိပ်မပြသချေ။ သူမလည်း လင်းရီ ယခုလို အချိန်မျိုးတွင် ရောက်ချလာလိမ့်မည်လို့ မျှော်လင့်မထားသည်မှာ မှန်သည်။

“ ဒါရိုက်တာလင်း .. ရောက်လာပြီလားရှင့်…” နာ့စ် နှစ်ယောက်သည်လည်း နှုတ်ဆက်လာခဲ့သည်။

လင်းရီ ခေါင်းညိမ့်ပြလိုက်၏။ “ မင်းတို့နှစ်ယောက် ထွက်သွားနှင့်ကြ… ငါ ဒီကိစ္စ ဖြေရှင်းလိုက်မယ်…”

“ ဟုတ်ကဲ့…”

လင်းရီသည် ဟွာရှန်းဆေးရုံမှ နှုတ်ထွက်သွားခဲ့ပြီး ဖြစ်သော်လည်း သူ၏ ဩဇာလွှမ်းမိုးမှုတို့ကတော့ ကျန်ရှိနေဆဲပင်။ ထို့ကြောင့် နာ့စ် နှစ်ဦးမှ ဆွေးနွေးညှိနှိုင်းခန်းထဲမှ နေပြီး နာခံစွာဖြင့် ထွက်ခွာသွားခဲ့ကြ၏။

နာ့နှစ်ယောက် ထွက်ခွာသွားတော့ မိသားစုဝင် လေးဦးသည် လင်းရီအား စိုက်ကြည့်လာကြ၏။

“ နင်က ဒီဆေးရုံရဲ့ ဒါရိုက်တာလား…”

“ ဟုတ်တယ်… အဆင်မပြေတာရှိရင် ငါ့ကို ပြောလို့ရတယ်…”

“ နင်တို့ ဆေးရုံက ဘယ်လိုတွေလဲ… ငါတို့က ဆေးကုချင်လို့မှ လူနာကို ဒီခေါ်လာခဲ့ပါတယ်ဆိုမှ နင်တို့က ဆေးကုမပေးဘူး.. ခု ငါ့အဖေရဲ့ အခြေအနေက ပိုဆိုးသွားခဲ့ပြီ.. ယွမ် သုံးလေးထောင်နဲ့ ကုသလို့ ရတဲ့ ရောဂါက အခု ယွမ်လေးငါးသောင်းနဲ့မှ ဖြစ်တော့မယ်… မင်းတို့ ဆေးရုံက ဒီအတွက် တာဝန်ယူပေးရမယ်..”

“ အစ်ကိုရီ… သူတို့ ပေါက်ကရပြောတာတွေကို နားထောင်မနေနဲ့… “ ချောင်ရှင်း ပြောလိုက်ပြီး “ သူတို့က အကြွေးထားပြီး ပြေးချင်နေတဲ့ လူတွေ.. သူတို့က ယွမ်တစ်ထောင်ပေးပြီးတော့ လူနာကို ထားပြီး ထွက်သွားခဲ့ကြတာ… တကယ်လို့ ဆေးရုံကသာ သူတို့ ပိုက်ဆံမပေးရင် လူနာသေပြီလို့မှ မက်ဆေ့ချ်မပို့ရင် သူတို့ ရောက်လာကြမှာတောင် မဟုတ်ဘူး…”

“ မင်း ဘယ်သူ့ကို အကြွေးထားပြီး ပြေးချင်နေတဲ့လူလို့ လာပြောနေတာလဲ… မင်း စကားကို ကြည့်ပြောစမ်း ကလေးမ…” ထိပ်ပြောင်ပြောင်နှင့်လူမှ ချောင်ရှင်းကို လက်ညိုးလိုးပြီး ဆူငေါက်လိုက်၏။

ဘန်း…

လင်းရီ သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး “ ဆင်ဆင်ခြင်ခြင် ပြုမူ… ဒီနေရာက မင်းတို့ ဝုန်းဒိုင်းကျဲလို့ ရတဲ့ နေရာ မဟုတ်ဘူး…”

လင်းရီ အားကိုးရှိသည်နှင့် ချောင်ရှင်းလည်း မည်သည်ကိုမျှ ကြောက်ရွံ့မနေတော့ချေ။

“ နင်တို့က ပိုက်ဆံသွားထုတ်တာကို သုံးနာရီလောက်ကြာတယ်… ပြီးတော့ ဖုန်းဆက်တာလည်း မကိုင်ဘူး… ဒါကိုမှ အကြွေးထားပြီး ပြေးတယ်လို့ မသတ်မှတ်ရင် နင်တို့က ဘယ်လိုလူတွေလဲ…”

“ ပေါက်တတ်ကရ… ဆေးရုံဆိုတာ လူနာတွေကို အသက်ကယ်ပေးတဲ့ နေရာ… ခုငါ့အဖေက သေအံ့မူးမူး ဖြစ်နေတာကို မင်းတို့က ဒီတိုင်း ထိုင်ကြည့်နေတော့မယ်ပေါ့… မင်းတို့ ဒါ သဘောတုန်း..”

ထိပ်ပြောင်နှင့် လူကြီးမှ ကျယ်လောင်စွာဖြင့် အသံကုန်ဟစ်နေပြီး “ မင်းတို့မှာ လူသားချင်း စာနာစိတ် နည်းနည်းလေးမှ မရှိဘူးဆိုရင် ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်က မင်းတို့နဲ့ မကိုက်ညီဘူး…”

“ မှန်တယ်… ဆေးရုံဆိုတာ တကယ်ပဲ သေခါနီး လူနာတွေကို ကယ်တင်ပြီး ရောဂါတွေကို ကုသပေးတဲ့ နေရာ… ဆရာဝန်တွေမှာ ဆရာဝန် ကျင့်ဝတ်ဆိုတာ ရှိရတယ် … မင်း အဲ့ဒီထိ မှန်တယ်… ဒါပေမယ့် မင်းတို့ မသိသေးတာလည်း ရှိသေးတယ်…” လင်းရီ ပြောလိုက်ပြီး “ ငါတို့ ဆေးရုံက အလကား ကုသပေးတဲ့ လူနာတွေလည်း ရှိတယ်… ဒါပေမယ့် တစ်ယောက်ချင်းစီ ကုသပေးရမှာဆိုတော့ မင်းအဖေက တိုကင်ယူပြီး စောင့်ရမယ်… တကယ်လို့ သူသာ မာတယ်ဆိုရင် အသက်ကယ်လို့ ရမှာပေါ့ကွာ… အလှည့်ကျတဲ့ထိမှ မစောင့်နိုင်ဘူးဆိုလည်း သေရုံပေါ့.. မဟုတ်လည်း မင်းတို့ တခြား ဆေးရုံ သွားပြကြပေါ့… ဒီ‌တော့ မင်းတို့ကောင်တွေ လာပြီး ပြဿနာရှာစရာ အကြောင်း မရှိဘူး .. ဟုတ်တယ်မလား… ပိုက်ဆံ မတတ်နိုင်လို့ ဆေးကုသမှာ စောင့်ဆိုင်းနေတဲ့ လူနာတွေမှ အများကြီးပဲ… ငါတို့က ဘာမို့လို့ မင်းတို့အဖေကို အရင် ကုသပေးရမှာ… “

မိသားစုဝင် လေးယောက်လုံး ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့ကြ၏။

“ ငါတို့ ယွမ် တစ်ထောင် ပေးထားခဲ့တယ် မဟုတ်ဘူးလား… မင်းတို့ ငါ့အဖေကို အရင်ဆုံး ကုသပေးသင့်တာပေါ့…”

“ ငါ့အထင်တော့ မင်း အဖေရဲ့ ရောဂါက သိပ် မဆိုးရွားလောက်ဘူး… မင်း ဦးနှောက်ကိုမှ ကုသပေးသင့်တာ…”လင်းရီ ပြောလိုက်ပြီး “ ပိန်းတဲ့ ရောဂါက ပျံ့နှံ့တတ်တယ်… သတိထားတာ အကောင်းဆုံးပဲ…”

“ မင်း ဘယ်ကောင့်ကို လာပြောနေတာတုန်းကွ…” ထိပ်ပြောင်ကြီးမှ လင်းရီအား လက်ညိုးထိုး၍ ကျိန်ဆဲတော့သည်။

ဖြောင်း

လင်းရီ သူ၏ လက်ကို သာမန်လျှံကာ မြှောက်၍ ဖြတ်ရိုက်လိုက်၏။

ထို့နောက် ရင်ဘက်ကို ဆောင့်ကန်လိုက်သည်။

ဆွေးနွေးညှိနှိုင်းခန်း တံခါးပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့လေသည်။

လင်းရီ၏ ကြမ်းတမ်းခက်ထန်မှုကို မြင်တွေ့လိုက်ရတော့ ကျန်သူများလည်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့သွားခဲ့ကြသည်။ ငယ်ရွယ်သည့် ဒေါက်တာလေးက လက်ပါတတ်လိမ့်မည်လို့ သူတို့ ထင်မထားခဲ့ချေ။

“ ချောင်ရှင်း…”

“ ရှိတယ် အစ်ကိုရီ..”

“ သူ့ကို အရိုးကုသမှု ဌာနဆီ ပို့ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်… ပြီးရင် ဒါရိုက်တာလျိုကို သူ့ရဲ့ ဒီလ KPI ကို ကူပြီး ဖြည့်စွက်ပေးလိုက်တယ်လို့ ပြောလိုက်..”

“ အိုး…. သူက အရိုးအက်သွားတာလား…”

“ နံရိုးသုံးချောင်း..”

“ ဝါး… အစ်ကိုရီက အမေးဇင်းပဲ…”

“ နင်တို့ ဒါ ရာဇဝတ်မှု ကျူးလွန်နေတာပဲ… ဒီအတွက် အရေးယူခံရမယ်…”

သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးမှ လင်းရီကို လက်ညိုးထိုး၍ ပြောလိုက်၏။ သူမ၏ အမူအရာ ကြည့်ရသလောက်တော့ အရိုက်ခံလိုက်ရသူ၏ ဇနီး ဖြစ်နေသည့် ပုံပင်။

“ ဒါဆိုလည်း မြန်မြန် ရဲခေါ်စမ်းကွာ…” လင်းရီ စိတ်မရှည်ဖြစ်နေသည့် လေသံဖြင့် “ ငါ့အသက် ၂၀ ကျော်လေးနဲ့ ဒါရိုက်တာ ဖြစ်လာခဲ့တာ ငါ့ကို မပိုင်တဲ့ကောင်လို့များ ထင်နေတာလား… မင်းတို့ကောင်တွေကို ဒီတိုင်း ကန်လိုက်တာက ပေါ့ပါးတဲ့ ပြစ်ဒဏ်လေးပဲ ရှိတယ်… ငါသာ အဲ့လောက်ထိ ကပ်တွက်နေမယ့်ကောင်ဆိုရင် မင်းတို့ကို ချက်ချင်း အချုပ်ထဲ ထည့်လိုက်လို့ရတယ်..”

လေးယောက်သား ရှော့ခ်ရသွားခဲ့ကြ၏။ ထိုအခါကျမှ လင်းရီ၏ အထောက်အထားသည် မရိုးရှင်းသည်ကို သတိရသွားခဲ့ကြလေသည်။

မည်သို့ပင်ဆိုစေ ဤသည်က နိုင်ငံတွင်းရှိ အကောင်းဆုံး ဆေးရုံတစ်ခုအနက်မှ တစ်ခုဖြစ်သည့် ဟွာရှန်း ဆေးရုံပင်။ အကယ်၍ တစ်စုံတစ်ယောက်က ဌာန ဒါရိုက်တာ ဖြစ်လိုသည်ဆိုပါက အရည်အချင်းသာလျှင် မဟုတ်ပါဘဲ ကောင်းမွန်သည့် အဆက်အသွယ်ကောင်းများလည်း ရှိရန် လိုအပ်သေး၏။

သူ့ကြည့်ရသည်မှာ တော်တော်လေးလည်း ငယ်ရွယ်ပြီး အရည်အချင်းကလည်း ရှိမည် မထင်။ ထို့ကြောင့် အဆက်အသွယ်ကောင်းများ ရှိနေသည့်အချက်က ပိုပြီး ဖြစ်နိုင်ပေသည်။

ယခုလို အခြေအနေဖြင့် ရဲထံ တိုင်ကြားခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းဖြစ်၏။

ထို့ပြင် သူတို့ အဖေကို မနေ့က ဒီလာပို့စဉ်အခါကလည်း အမှန်ပင် ပိုက်ဆံပေးမည့် အကြောင်းကို စဉ်းစားမထားခဲ့ချေ။ လူ အလစ်တွင် ကုသပြီးသည့် သူတို့အဖေကို ခေါ်ပြီး ဆေးရုံကဆင်းရန် မောင်းတင်ထားခဲ့၏။

“ ခု မင်းတို့က ငါလခွီးတွေ လုပ်နေတာလား… မင်းတို့ ကြွဖို့ ထမ်းစင် ခေါ်ပေးစေချင်နေတာလား ဟုတ်လား..”

လေးယောက်သားလုံး လင်းရီကို သတိထားသည့် အကြည့်ဖြင့် ကြည့်၍ စိတ်ပျက်အားငယ်စွာဖြင့် ထွက်ခွာသွားခဲ့ကြလေသည်။

“ ဟူး…. ဒီလိုလူတွေနဲ့တော့ တကယ့်ကို ခေါင်းကိုက်တယ်… ဆေးကျကုချင်တယ်… ပိုက်ဆံကျတော့ မသုံးချင်ဘူး.. ဒါတောင် ပြဿနာရှာပြီး ဆေးရုံကနေ ပိုက်ဆံ ပြန်လာတောင်းချင်နေတယ်… သူတို့ကို ရိုက်ပစ်တာတောင် နည်းသေးတယ် ပြောရမယ်…” ချောင်ရှင်း ပြောလိုက်၏။

“ သမုဒ္ဒရာထဲမှာ ငါးအစုံရှိတာ ပုံမှန်ပါပဲ… နောင်ကျ ဒီလို အခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင် လုံခြုံရေးတွေ ခေါ်ပြီး ချက်ချင်းမောင်းထုတ်ပစ်လိုက်…. အဲ့ဒါကိုမှ ဆက်ပြီး ပြဿနာ ရှာနေသေးရင် ငါ့ကို ဖုန်းဆက်လိုက်…”

ချောင်ရှင်း ရယ်မောလိုက်ပြီး “ ဒါက ဆေးရုံတစ်ခုလုံးအတွက်လား… ဒါမှမဟုတ် ဒါရိုက်တာလီအတွက်ပဲ အထူးသီးသန့်လား…”

“ မင်းက ဘယ်လိုထင်လို့ ဟမ်…”

ချောင်ရှင်း တခစ်ခစ် ရယ်မောရင်း လီချူးဟန်ဘက်သို့ လှည့်ကြည့်၍ “ ဒါရိုက်တာလီ… အစ်ကိုရီက ဒီရောက်လာပြီဆိုတော့ ရှင်တို့တွေ တစ်နေရာမှာ စကားပြောနှင့်ကြဦး… ညီမတော့ ဒီနေရာကို သန့်ရှင်းရေး အရင်လုပ်လိုက်ဦးမယ်…”

“ သူများကို ခိုင်းလိုက်ပါ… ငါ ခဏဆို ပြန်လာခဲ့မယ်..”

“ သွား သွား…”

လီချူးဟန် ခေါင်းညိမ့်၍ လင်းရီနှင့်အတူ ဘာမျှ မဖြစ်ထားသကဲ့သို့ ထွက်ခွာလာခဲ့သည်။ နှစ်ယောက်လုံးက ပရော်ဖက်ရှင်နယ် လုပ်ဖော်ကိုင်ဖက်များနှယ် ပြုမူနေပြီး ပစ္စည်းများ သိုလှောင်သည့် မျက်နှာချင်းဆိုင် အခန်းထဲ ရောက်ရှိလာသည်။

“ နင် လာမယ်ဆိုလည်း ကြိုပြောတာ မဟုတ်ဘူး… ငါ တခြားတစ်ယောက်နဲ့ ဂျူတီချိန်းလိုက်မှာပေါ့…” လီချူးဟန် ညင်သာစွာ ပြောလာခဲ့သည်။

All Chapters