အခန်း (၁၃၀၅)
Vol. 87 Ch. 1305
“ ငါ အလုပ်အသစ် တွေ့ထားတယ်… နွမ်းပါးမှု တိုက်ဖျက်ဖို့ ယွီဟန်မြို့ကို သွားရမှာ.. ဒီကို အချိန်အတော်ကြာလောက် ပြန်လာဖြစ်မယ် မထင်ဘူး… ဒါကြောင့်မို့ မသွားခင် မင်းကို လာနှုတ်ဆက်တာလေ…”
“ နင်က ယွီဟန်မြို့ကို သွားပြီး နွမ်းပါးသူတွေကို ကူညီပေးတော့မယ်…”
လီချူးဟန် ရေရွတ်လိုက်ပြီး “ နင်က တုံးစန်း ကောင်တီ အကြောင်း ပြောနေတာလား..”
“ အိုး… မင်းလည်း အဲ့နေရာကို သိနေတယ်…”
“ နင် မနှစ်က ဒီရောက်မလာခင် ဆေးရုံက အသင်းဖွဲ့ပြီး ကျေးရွာဘက်နဲ့ နေရာတော်တော်များများကို ခရီးထွက်ခဲ့တယ်လေ.. ငါကိုယ်တိုင်က တုံးစန်းကောင်တီဘက် မရောက်ဖြစ်လိုက်ဘူးဆိုပေမယ့် ပြန်ကြားရတာတော့ အဲ့က အခြေအနေတွေက တော်တော်ကြီးကို ဆိုးရွားနေတယ်ဆိုပဲ… အဲ့က မြို့တစ်ချို့ဆို ပေချောင်မြို့နဲ့ အတူတူပဲ… နင် သွားမယ်ဆို စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားသင့်တယ်နော်…” လီချူးဟန် ပြောလိုက်သည်။
“ မပူပါနဲ့… အခြေအနေဘယ်လိုမျိုးလဲ အကြမ်းဖျင်းတော့ နားလည်ပြီးသားပါ..”
“ ဒီတစ်ခေါက်ကော လမ်းနဲ့ အဆောက်အဦးတွေ ရင်းနှီးမြုပ်နှံဦးမလို့လား…”
“ မင်းထင်နေသလိုမျိုး မဟုတ်ဘူး..” လင်းရီ ပြောလိုက်ပြီး “ ငါက နွမ်းပါးမှု တိုက်ဖျက်ရေးဌာနရဲ့ လက်ထောက်ဒါရိုက်တာ ဖြစ်နေပြီ… ဒီတစ်ခေါက်က ကူညီပေးရုံတင်ပဲ မဟုတ်ဘူး… ဒီရဲ့ အခြေခံကျတဲ့ ပြဿနာကိုပါ ဖြေရှင်းပေးသွားမှာ….”
“ အိုး…”
လီချူးဟန် လင်းရီကို သူမ၏ ကြီးမားရွှန်းစိုနေသည့် မျက်လုံးကြီးများဖြင့် အချိန်အတော်ကြာအောင် စိုက်ကြည့်နေလျက်ရှိသည်။
“ ဒါပေမယ့် ဒါက နင်လုပ်နေသင့်တဲ့ အလုပ်မလုပ်ဘူးနော်… လွယ်တာမဟုတ်ဘူး…”
“ ငါသိပါတယ်.. ဒါပေမယ့် ငါက စိန်ခေါ်မှု တစ်ချို့ ရချင်ရုံပဲ… ဒီတိုင်း ငွေပစ်ပေးလိုက်တာက ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘူးလေ…”
“ နင်ပြောတာလည်း ဟုတ်တာပဲ…” လီချူးဟန် နာရီကို ငုံကြည့်လိုက်ရင်း “ နင် နေ့လည်စာ တစ်ခါတည်း စားသွားမလား…”
“ မစားတော့ဘူး… နေ့လည်ကျ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ ရှိသေးတယ်… “
“ ဟင်… အိုကေလေ..”
“ ငါ အားရင် နင့်ဆီ လာခဲ့လို့ ရလား..”
“ ဘာတွေလာမေးနေတာ… ဘာလို့ မရရမှာလဲ…”
လီချူးဟန်သည် ငတုံးမလေး တစ်ယောက်နှယ် ပြုံးနေတော့သည်။
“ နင် နေ့လည်ကျ တစ်ယောက်ယောက်နဲ့ ချိန်းထားသေးတယ်မလား… ဒီနဲ့ ယွီဟန်ဆို နှစ်နာရီလောက် မောင်းရတယ်… ခု သွားတော့လေ… အချိန်ဆွဲမနေနဲ့တော့..”
လင်းရီ ခေါင်းညိမ့်ပြီး လက်ကို ဖြန့်၍ ရင်ဖွင့်ပေးလိုက်သည်။
“ မသွားခင် ငါ့ကို မဖက်တော့ဘူးလား..”
လီချူးဟန်၏ မျက်နှာ နီရဲသွားခဲ့တော့၏။ သူမ နှုတ်ခမ်းကို ဖိကိုက်ရင်း လင်းရီကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ ထို့နောက် လင်းရီနှုတ်ခမ်းကို ဖိကပ်လိုက်လေတော့သည်။
ထိုအခိုက်အတန့်တွင် သူမကိုယ်သူမ လွှတ်ပေးလိုက်သည့်ပုံပင်။
“ တော်ပြီ တော်ပြီ..”
မိနစ်ဝက်လောက်ကြာတော့ လီချူးဟန်သည် လင်းရီရင်ခွင်ထဲမှ အတင်းရုန်းထွက်လိုက်ပြီး သူမ၏ နူးညံ့သည့် မျက်နှာထက်တွင်တော့ နီရဲသည့် တိမ်စိုင်တို့ဖြင့်ပြည့်နှက်နေလေသည်။
“ ခုက ဆေးရုံ… နင် လျှောက်မလုပ်နဲ့..”
လီချူးဟန်၏ အသံမှာ အလွန်ကို တိုးညှင်းနေလျက်ရှိသည်။ လင်းရီ လက်သရမ်းထားသည့် အတွင်းခံကို ပြန်လည် ဆွဲတင်းရင်း အသိဉာဏ်ကို လေထိုးထားသည့် အသံဖြင့် ပြောလာခဲ့သည်။
လင်းရီ တဟားဟား ရယ်လျက် “ ဒါဆိုလည်း ဒီနေ့ ဒီလောက်နဲ့ တော်ကြတာပေါ့…”
“ အွန်း..”
လီချူးဟန် တိတ်တဆိတ် ခေါင်းညိမ့်လိုက်ပြီး “ ငါ နင့်ကို လိုက်ပို့ပေးမယ်…”
နှစ်ယောက်သား ဆေးရုံထဲမှ အတူထွက်လာခဲ့သည်။ လင်းရီ ကားထဲသို့ ဝင်၍ လီချူးဟန်မှာ သစ်ပင်ရိပ်အောက်တွင် လက်ဝှေ့ရမ်းပြရင်း သူ့အား ကျန်းမာရေး ဂရုစိုက်ရန် အော်ပြောနေသည်။
လင်းရီသည် နောက်ကြည့်မှန်မှတဆင့် အချိန်အတော်ကြာသည်အထိ ထွက်ခွာရန် ငြင်းဆန်နေသည့် အမျိုးသမီးလေးအား ကြည့်ရင်း သူ့ရင်ထဲ တော်တော်လေးကို ခံစားသွားခဲ့ရသည်။
ကလင် ကလင် ကလင် ….
သူ ထွက်လာပြီးနောက် မကြာမီမှာပဲ လင်းရီ၏ ဖုန်းသံ အသံမြည်လာသည်။ ယင်းက စွန်းကျန်းထံမှပင်။
“ ဘော့စ်… မင်း ဘယ်အချိန်ရောက်မှာ… ငါ ဒီမှာ အလုပ်ဆက်လုပ်ချင်စိတ်ကို မရှိတော့ဘူး…”
“ ငါ မင်းကို ရေပူစမ်း ခေါ်သွားမှာလည်း မဟုတ်ဘဲနဲ့ကို ဘာတွေ အဲ့လောက် စိတ်လှုပ်ရှားနေတာ…”
“ စဉ်းစားကြည့်ကွာ.. ငါတို့ချင်း မတွေ့ဖြစ်တာ ကျောင်းပြီးကတည်းကပဲ… သောက်ရမ်း သတိရနေတာ… “ စွန်းကျန်း ပြောလိုက်သည်။ ထို့နောက် ဆက်လက်၍ “ မင်း မှတ်မိသေးလား.. ငါ အရင်တစ်ခေါက် ရန်ကျင်းသွားတုန်းက ပိုက်ဆံအိတ်ပျောက်သွားလို့ မင်းနား ပိုက်ဆံ လှမ်းတောင်းတာ မင်း ငါ့ကို ယွမ် ၇၀၀ လွှဲပေးခဲ့တယ်လေ… ပြီးတော့ ပြန်လည်း မတောင်းဘူး.. ငါ ဒါတွေ အကုန်မှတ်မိတယ်..”
“ တောင်းရမယ့် လူတွေလားကွာ..” လင်းရီ ပြုံးလိုက်ပြိး “ ငါ ခုမှ ထွက်လာခဲ့တာ … နောက်နှစ်နာရီဆို ရောက်မယ်…”
“ ငါ… ငါတို့ ကုမ္ပဏီ လိပ်စာ ပို့ပေးလိုက်မယ်… အဲ့ကို လာခဲ့လိုက်… ပြီးရင် ဘာဘီကျူး သွားစားကြမယ်.. အရသာ သောက်ရမ်းမိုက်တာနော်…”
“ အိုကေ…”
“ ရုံးမှာ စောင့်နေလိုက်တော့…”
ဖုန်းချပြီးနောက် လင်းရီ လီဗာပေါ် နင်း၍ ယွီဟန်မြို့သို့ မောင်းထွက်လာခဲ့သည်။
…………..
ယွီဟန်မြို့၊ မိုးသစ်တော နည်းပညာ ကုမ္ပဏီ လီမီတက်။
“ စွန်းကြီး… မင်း ဒီတစ်မနက်လုံး ဂနာမငြိမ်ပါလားကွ… ဘာလဲ .. တစ်ယောက်ယောက်က ကြေးစား အသည်းခွဲသွားလို့ မင်း စိတ်ညစ်နေတာလား… ဟားဟား…”
ပြောလိုက်သူက ဖက်ရှင်ကျနသည့် အနက်ရောင်ဝတ်စုံနှင့် AJ1 ကို စီးနင်းထားသည့် အမျိုးသားတစ်ယောက်ပင်။ လည်ပင်းတွင်လည်း ငွေရောင် အဆင်တန်ဆာများအား ဝတ်ဆင်ထားလေသည်။ အဝတ်အစား ဒီဇိုင်းက အလန်းလွန်နေသော်လည်း သူ၏ ကိုယ်ပေါ်တွင်တော့ ရုပ်ရည်အား မထင်ပေါ်အောင် ပြုလုပ်နေသကဲ့သို့ ဖြစ်သွားခဲ့တော့သည်။
ထိုလူ၏ နာမည်က လီချင်းယွမ်။ သူက ဤကုမ္ပဏီ၏ အဓိက ရှယ်ယာပိုင်ရှင်ဖြစ်ပြီး ရှယ်ယာ ၇၀ ရာခိုင်နှုန်းကျော်ကို ကိုင်ဆောင်ထားလေသည်။ ကျန်သည့် လူသုံးယောက်၊ စွန်းကျန်း အပါအဝင် .. ထိုလူများကတော့ ကျန်သည့် သုံးဆယ် ရာခိုင်နှုန်းကို အညီအမျှ ပိုင်ဆိုင်ထားခဲ့သည်။
လီချင်းယွမ်၏ မိသားစုက ယွီဟန်မြို့တွင် အတော်လေး ထင်ပေါ်ကျော်ကြား၏။ သူ၏ ကိုယ်ပိုင် စီးပွားရေးကို တည်ထောင်ရန်အတွက် လီချင်းယွမ်သည် သူ၏ မိသားစုမှ နေ၍ ယွမ်ငွေ ရှစ်သန်းကို ခဏငှားခဲ့သည်။ သူပြောသည်ကတော့ သူနာမည်သူ ထွင်းမည်ဆိုပင်။
“ ဟေ့ကောင်.. ကောင်မလေးတောင် မရှိတဲ့လူက ဘယ်နားက လာအသဲကွဲရမှာတုန်း..”
“ ဒါဆိုလည်း မင်း ဘာဖြစ်နေတာ… မင်း အော်ပရေးရှင်း ပလန်တွေ စဉ်းစားပြီးပြီလား..”
“ တစ်ဝက်တော့ပြီးပြီ… ဘာပဲဖြစ်ဖြစ် အလျင်လိုစရာမှ မလိုသေးတာ.. မနက်ဖြန်မှ ဆက်ပြောကြတာပေါ့…”
“ ဒါ မင်းပုံစံ မဟုတ်သေးဘူးနော်.. မင်းက ပုံမှန်ဆို အလုပ်ကြိုးစားတဲ့လူ မဟုတ်ဘူးလား… ဘာလို့ ခုမှ အပျင်းတစ်နေရတာ.. “
ပြောလိုက်သူမှာတော့ အနည်းငယ် ဝဖိုင့်သည့် လူတစ်ယောက်ပင်။ သူက ၁.၇ မီတာခန့် အရပ်အမောင်းမြင့်မားပြီး ခေါင်းတုံးပေါက် ကေနှင့် လက်မောင်းတွင် တက်တူး ပန်းကနုပ်များလည်း ရေးဆွဲထားသေးသည်။
သူ့နာမည်က လျိုကွမ်းမင်။ သူက ကုမ္ပဏီ၏ technical manager တစ်ယောက်ဖြစ်၏။
“ ငါတို့ အခန်းခေါင်းဆောင်က ဒီနေ့ လာလည်မှာလေ.. သူနဲ့ မဆုံဖြစ်တာ ကျောင်းပြီးကတည်းကတည်းကွ… ခဏနေကျရင် သူနဲ့ ထမင်းသွားစားမလို့…”
“ ဒီလိုကြီး လုပ်မှ ဖြစ်မှာလားကွာ…. မင်းကိုယ်မင်း ဘယ်လောက်ထိ စိတ်လှုပ်ရှားနေလဲ ကြည့်စမ်း… ငါ ထင်တာ မင်း ကောင်မလေးနဲ့ သွားချိန်မယ်မလားပေါ့… လက်စသတ်တော့ အခန်းဖော်တဲ့လား…” လျိုကွမ်းမင် ပြောလိုက်သည်။
“ အဟုတ်ပဲ..” လီချင်းယွမ်လည်း ရယ်မောလျက် “ အရင်ဆုံး ရှင်းအောင် ပြောထားမယ်… တကယ်လို့ ကောင်မလေး လာလည်တာဆိုရင် ငါမင်းကို သုံးရက် ခွင့်ပေးမယ်… မဟုတ်ရင်တော့ မင်း မရဘူး… ဟားဟား…”
“ မိမိုက်သလို လုပ်မနေနဲ့… ငါ့ဘော့စ်ရောက်လာရင် မင်းတို့ကောင်တွေ သေမတတ် ကြောက်သွားလိမ့်မယ်…” စွန်းကျန်း ဆေးလိပ် တစ်လိပ်ထုတ်၍ မီးညှိပြီး ပြောလိုက်သည်။
“ သေမတတ် ကြောက်သွားမယ် … ဟုတ်လား…” လီချင်းယွမ်မှ “ မင်း ဘော့စ်က ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့မို့လား… သူက ငါတို့ကို သေအောင် ခြောက်လန့်နိုင်မှာတဲ့လား…”
“ ငါ ပြောမယ်… ငါ့ဘော့စ်က သောက်ရမ်းချမ်းသာတာနော်… သူက တစ်ဘီလီယမ်တန်တဲ့ ဗီလာကြီးမှာ နေတာ… Rolls Royce နဲ့ စူပါကားတွေပဲ မောင်းတယ်… ပြီးတော့ သူ့မှာ ကိုယ်ပိုင် ဆိပ်ကမ်းတစ်ခုလည်း ရှိသေးတယ်… မင်းတို့လို အမှိုက်တွေက ယှဉ်နိုင်မယ်များ ထင်လား…”
ကျန်းစုန့် ကျိုးဟိုင်လာစဉ်တုန်းက လင်းယွင်အုပ်စုမှာ ဆေက်လုပ်နေဆဲ ဖြစ်သဖြင့် သူ၏ ကုမ္ပဏီအကြောင်းကိုတော့ မသိရှိသွားခဲ့ချေ။ လင်းရီ ဆိပ်ကမ်းတစ်ခု ပိုင်ဆိုင်သည်ကိုသာ သိရှိထားခဲ့လေသည်။
လင်းရီ ကိုယ်တိုင်ကလည်း အဲ့ဒီတုန်းက လင်းယွင်အုပ်စုအကြောင်းကို ပြောပြခဲ့ခြင်း မရှိချေ။ သူတို့နှစ်ယောက်လုံးက အတန်းဖော်များဖြစ်ကြ၏။ အကုန်လုံး ပြောပြလို့ မသင့်။ ကြွားဝါရာ ရောက်သွားမည်ကိုလည်း စိုးရိမ်ရသည်။
“ ချီးတဲ့မှ … အတည်ကြီးလား… သူက အဲ့လောက်တောင် ချမ်းသာတယ်ပေါ့…”
နှစ်ယောက်လုံး တစ်ပြိုင်တည်း အံ့အားတကြီး အသံထွက်လာခဲ့ကြသည်။
သူ တစ်နှစ်ဝင်သည့် ဝင်ငွေကို မဆိုထားနှင့်၊ အိမ်တစ်ခုတည်းကရင် လီမိသားစုအား အမှုန့်ကြိတ်လိုက်၍ ရ၏။
“ မင်း ကြွားနေတာ မလား…” လျိုကွမ်းမင် ပြောလိုက်ပြီး “ ငါတော့ မင်း အရင်က တစ်ခါမှ ပြောသံ မကြားမိပါဘူး..”
“ မင်းတို့က မယုံဘူးပေါ့…” စွန်းကျန်းမှ မော်ကြွားစွာဖြင့် “ ငါ့ တခြား အခန်းဖော်တစ်ယောက်လည်း ကျိုးဟိုင်ကို သွားဖူးတယ်… သူ့ မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ရလို့ ငါ့ကို ပြန်ပြောပြတာ… ညာနေတာ မဟုတ်လောက်ဘူး..”
“ မင်း အခန်းခေါင်းဆောင်က အဲ့လောက်ထိ အံ့အားသင့်ဖို့ ကောင်းနေရင် မင်း သူ့ဆီ သွားလေ… ဒီမှာထက်စာရင် ပိုကောင်းတာပေါ့…” လီချင်းယွမ်မှ ပြောလိုက်သည်။
“ ဒါက….. မှန်တော့မှန်တယ်… ကျောင်းတုန်းက ငါတို့ချင်း ရင်းနှီးမှုကောင်းတွေ ရှိခဲ့တယ်.. ပိုက်ဆံကိစ္စ ဝင်ပါလာရင် ပေါင်းသင်းဆက်ဆံရေးတွေမှာ ရှုပ်ထွေးသွားတတ်တယ်… “ စွန်းကျန်း ပြန်ပြောလိုက်ပြီး “ ပြီးတော့ ခုလည်း အနေသာကြီး မဟုတ်ဘူးလား… စားဝတ်နေရေးလည်း ပူစရာမလိုဘူး… မလိုပါဘူးကွာ..”
“ မင်း မှန်တယ်..” လီချင်းယွမ်၏ မျက်လုံးများမှာ ပုတ်ခတ် ပုတ်ခတ်ဖြစ်နေပြီး သူ့စိတ်ထဲတွင်တော့ စီးပွားရေး အခွင့်အလမ်းကောင်းတစ်ခုကို အာရုံရနေလေသည်။
“ မင်း ဘော့စ်က ယွီဟန်မြို့ကို ဘာလာလုပ်တာလဲတဲ့… ပရောဂျက် ကိစ္စများလား…”
စာစဉ် (၈၇) ပြီး၏။