အနီရောင်ဆံပင်တွေ ပြန်ပေါ်လာတယ်။
Vol. 125 Ch. 4.1384
အဖြူရောင်လေ ?
လုရွှမ်ဟာ ခရီးတွေအများကြီး သွားခဲ့ပြီး သဘာဝအတိုင်း ထူးဆန်းတဲ့ အရာတွေကို သူတွေ့ခဲ့ရပေမယ့် ဒီလို အဖြူရောင်လေကိုတော့ ပထမဆုံး မြင်ဖူးခြင်းပါပဲ။
သူ့အား ပေးသော ခံစားချက်သည် ခြိမ်းခြောက်မှု ကြီးကြီးမားမား မဟုတ်တဲ့ ပျော့ပျောင်းသော ခံစားမှုဖြစ်သည်။ လုရွှမ်သည် ဤနတ်ဆိုးလေက အလွန်ထူးခြားနေပြီ ဖြစ်ပြီး ၎င်းနှင့်ပတ်သက်ပြီး လူသားများရဲ့ ခံစားချက်ကို အမှန်တကယ် ပြောင်းလဲပေးနိုင်သလား စဥ်းစားနေရသည်။
ဒါမှမဟုတ် ဒါက သူ့ဘာသာသူ အတွေးလွန်နေတာလား။
လေတိုက်ရင် ပြဿနာ မရှိဘူးလား။
ခဏလောက်တော့ လုရွှမ်ရဲ့နှလုံးသားမှာ စူးစမ်းလိုစိတ်ရဲ့ အရိပ်အယောင်ကို ခံစားလိုက်ရပြီး သူတကယ်ပဲ နတ်ဆိုးလေနဲ့ တိုက်မိသွားရင် ဘာဖြစ်မလဲ သိချင်လာသည်။
ထိုအခိုက် ပြင်းထန်သော လေသည် ထပ်မံတိုက်ခတ်လာသဖြင့် တွင်းထဲရှိ လူတိုင်းမှာ ယခင်ကလို နတ်ဆိုးများ ပြန်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ထိတ်လန့်သွားကြသည်။ ရုတ်တရက် ငိုယိုသံလိုဖြင့် ထိုမီးနီလေး ဖြတ်ပြေးသွားသည်။
လုရွှမ်သည် ကောင်းကင်မီးဘောလုံးဖြင့် တိုက်ရိုက် တိုက်ခိုက်ပြီး ဖီးနစ်နတ်မီးကိုတော့ သူ့လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသည်။ မီးနီလေးက ထူးဆန်းသော မီးလုံးတစ်ခု ဖြစ်နိုင်တယ်လို့ သူ ခံစားမိသော်လည်း ၎င်းက အစစ်လား အတုလား မပြောနိုင်သေးပေ။
ထိုသို့သော အခြေအနေများ အောက်တွင် ဖီးနစ်နတ်မီးအတွက်တော့ နတ်ဆိုးမီးဟာ အဓိကလက်အောက်ခံ ဖြစ်သောကြောင့် အသုံးပြုရန် အတော်လေး လွယ်ကူသည်။ ကောင်းကင်မီးရဲ့ အရည်အသွေးက မြင့်မားသော်လည်း လက်ရှိအဆင့်က ပျမ်းမျှသာ ဖြစ်သည်။ အလုံးစုံ ခြုံငုံကြည့်ရင် ဖီးနစ်နတ်မီးလောက်တော့ မကောင်းသေးချေ။
နံပါတ်ရှစ် သလင်းကျောက်တွင်း နာမည်ဆိုးကြီး လွင့်ထွက်သွားရုံမက တခြားအရာတစ်ခုလည်း ရှိနေတာ သေချာသည်။ ဘေးကင်းရေး သို့မဟုတ် သူ့ရဲ့အခြား ရည်ရွယ်ချက်များအတွက် ဖီးနစ်နတ်မီးကို သုံးလိုက်တာက ပို၍သင့်လျော်သည်။
ဖီးနစ်နတ်မီးကို ဝေ့ယမ်းလိုက်တော့ အနီရောင် အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် ဆံပင်အချို့ ပြုတ်ကျလာ၏။ ဒါပေမယ့် မီးနီကတော့ ပျောက်သွားပြီ။
“အဲဒါဘာလဲ?”
တစ်စုံတစ်ယောက်က မေးသော်လည်း လူသားများစွာကတော့ လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ကောင်းကင်မီးကို သူတို့ သတိပြုမိကြပါ၏။ လုရွှမ်ရဲ့ နောက်ထပ် လက်ဖဝါးတစ်ဖက်မှ မီးနောက်သည် ဖီးနစ်နတ်မီး ဖြစ်လေသည်။ မီးတောက်က မြင့်မားသော အဆင့်မရှိသော ဤလူငယ်သည် ဤမျှ ပြင်းထန်သော မီးတောက်ကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု မထင်ထားပေ။
ကွမ်းနင်လည်း ယခုအခိုက်အတန့်တွင်ပင် ထိတ်လန့်သွားပြီး သူ့နှလုံးသားထဲ၌ လုရွှမ်ရဲ့ ခြိမ်းခြောက်မှု အဆင့်သည်လည်း တိုးလာခဲ့သည်။
လုရွှမ်သည် လူလား၊ သားရဲလား ဆိုတာကို သူ လုံးဝ ရှုပ်သွားသည်။ ကောင်းကင်မီးကို ပိုင်ဆိုင်နိုင်တာက ကိုယ်ပိုင်အခွင့်အရေးကြောင့် ဖြစ်နိုင်သော်လည်း ဖီးနစ်နတ့မီးကို ရယူလိုတာကတော့ လူသားများအတွက် ပြီးပြည့်စုံသော စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်သည်။
သို့သော် လုရွှမ်မှာတော့ ဖီးနစ်ရဲ့သွေးလိုင်း ရှိနေပေပြီ။
သူတစ်ယောက်တည်း မဟုတ်။ တန်းရွှမ်းယွမ်လည်း အံသြသွားသည်။ ဖီးနစ်သွေးလိုင်း မရှိလျှင် ဖီးနစ်နတ်မီးကို လုံးဝ အသုံးမပြုပေ။
လုရွှမ်ရဲ့ စိမ်းပြာနဂါး သွေးနဲ့ ဖီးနစ်သွေးတို့ကြောင့် သူ့ခမျာ ပို၍ ပို၍ စိတ်ရှုပ်လာသည်။ သို့သော် သူ့နှလုံးသားထဲတွင် လုရွှမ်ရဲ့ ရာထူးက ပြန်တက်လာပြီး သူဟာ အမြဲတမ်း ဘေးဒုက္ခကို ကံကောင်းခြင်း အဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း ငှက်အိုကြီး ပြောခဲ့တာကို သတိရသွား၏။
သူ့အစေခံက ဒီလောက် ယုံကြည်မှုရှိနေတာ အံ့သြစရာ မဟုတ်တော့ပေ။ ဒီသွေးလိုင်း နှစ်ခုကြောင့်နဲ့တင် ကြောက်စရာ မရှိတော့ဘူးလေ။
နောက်တစ်ခုက လုရွှမ်ဟာ လေထဲက ကျလာတဲ့ အနီရောင်ဆံပင်တွေကို ကြည့်ရင်း သူ့လက်ကို စူးစူးဝါးဝါး ဆန့်တန်းလိုက်သည်။ ကောင်းကင်မီးကြောင့် လောင်ကျွမ်းသွားသော ဆံပင်များမှာ ခြိမ်းချောက်နိုင်နေဆဲ ဖြစ်သည်။
လုရွှမ်သည် ဤလူများ၏ သေရေးရှင်ရေးကို ဂရုမစိုက်ချင်သော်လည်း ယခုအချိန်တွင် ၎င်းတို့က လှေတစ်စင်းတည်းတွင် စီးနေကြပြီ။ မြောက်ဖက်ဒေသရှိ အရာအားလုံးကို တွေ့ကြုံခံစားပြီးနောက်တွင် လုရွှမ် လူသားတွေရဲ့ အသက်ကို တန်ဖိုးထားဆဲ ဖြစ်သည်။
ထို့အပြင် ဤလူသားများနှင့် ဆက်ဆံရေး ထူထောင်ပြီးနောက် သူသည် ဤလူသားယဇ်ပလ္လင်များကို ယူ၍ မြောက်ပိုင်းနယ်မြေမှ ထွက်သွားနိုင်သည်။ မြောက်ဖက်ဒေသထဲက ဤနေရာသည် အမှန်တကယ် ဖိနှိပ်ချုပ်ချယ်လှသည်။ ခွန်အားမရှိလျှင် ဤနေရာတွင် ဆက်နေပါက ဘယ်လိုမှ မတိုးတက်နိုင်ပေ။
ပိုသန်မာလာတဲ့အခါ ထွက်သွားရမည်။
လုရွှမ် ပါးစပ်ကိုဖွင့်ပြီး မှုတ်လိုက်တော့ အနီရောင်ဆံပင်တွေက တစ်ဖက်သို့ လွင့်သွားခဲ့လေသည်။ ထိုအခါ လူတစ်ယောက်က ဒေါသတကြီးနဲ့ ခေါင်းကို မြှောက်ပြီး အော်ဟစ်လာ၏။
“ဒီဟာကို မင်းဘာလို့ သတ်လိုက်တာလဲ... ငါတို့ကရော အဲဒါကို ကြည့်လို့ မရဘူးလား”
ငှက်အိုကြီး: “ငါ့သခင်က မင်းကို ကယ်တင်နေတာနော်... မင်းသေချင်ရင် အဲဒါကို လက်နဲ့ သွားထိလိုက်လေ!!”
ထိုလူသားက တိုးတိုးလေး ဟစ်အော်နေ၏။ သူက သူ့အဖော်ကို ကြည့်ကာ ခပ်တိုးတိုး ပြောနေစဥ် တစ်စုံတစ်ယောက်က သူ့ကို တိုက်ရိုက် ပြန်ဆွဲထုတ်သွားသည်။
“အဲ့လိုဟာမျိုးကို မထိချင်စမ်းနဲ့... သေချင်နေတာလား”
“ကောင်းကင်မီးနဲ့ သတ်ပြီးပြီလေ.. ဘာပြဿနာများ ဖြစ်လာမှာမလို့လဲ?”
ထိုလူသားက အတင်းအကျပ် ခေါင်းမာနေသော်လည်း ဆံပင်နီနီတွေအကြောင်း ထပ်မမေးရဲပေ။ လုရွှမ် သူ့လက်ဖဝါးကိုဆန့်ကာ စုပ်လိုက်ပြီး အနီရောင်အမွေးကို လက်ဝါးထဲ ဖမ်းဆုပ်လိုက်သည်။
“ဒါက နတ်ဝိညာဉ်တစ်ခုပဲ... ဒါပေမဲ့ အရမ်းလိမ်မာပါးနပ်ပြီး ရှုပ်ယှက်ခတ်နေတဲ့ နတ်ဝိညာဉ်တစ်ခုပဲ... လူသား ဒါမှမဟုတ် သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်က ညစ်ညမ်းသွားတဲ့အခါ နတ်ဝိညာဉ်က ချက်ချင်း ထွက်သွားလိမ့်မယ်”
“ဘာလို့လဲဆိုတော့ ဒါက ရှုပ်ထွေးနေတဲ့ ဝိညာဉ်တစ်ခု ဖြစ်နေလို့ပဲ... သူ့ဘာသာသူ ပေါင်းစည်းထားတဲ့ အတွေးအမြင် မရှိဘူး..တခြားအရာတစ်ခုရဲ့ အပိုင်းအစ တစ်ခုလိုပဲ... ဒါကြောင့် ငါတို့ရဲ့ဝိညာဉ်က ဒီဟာကို ခြိမ်းခြောက်မှု တစ်ခုလို့ မမှတ်ယူဘဲ စိတ်ဝိညာဉ်အုပ်စုရဲ့ ဖြည့်စွက်စာ တစ်ခုလို သဘောထားကြည့်ရမယ်... ဒီအရာတွေ မင်းတို့ဝိညာဉ်ထဲကို ဝင်ပြီးတာနဲ့ မင်းအသွင်ပြောင်းပြီး ချေမှုန်းပစ်ရမယ့် အချိန်ရောက်ပြီပဲ”
လုရွှမ်ဟာ သူ့ရဲ့စကားအတိုင်း လုပ်နေသလိုမျိုးပဲ အနီရောင် ဆံပင်တွေဟာ ပိုးကောင်အဖြစ် ပြောင်းလဲသွားပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လာဖို့ ကြိုးစားရင်း တကယ်ကို တက်ကြွလာတော့သည်။
လုရွှမ် ပေါ့ပေါ့ပါးပါး အသံပေးလိုက်တာနဲ့ နဂါးဟောက်သံ ထွက်လာသည်။ နဂါးသည် နတ်သားရဲတစ်ကောင် ဖြစ်ပြီး ထိုသို့သော ဖရိုဖရဲ စိတ်ဝိညာဉ်များအပေါ် သဘာဝအားဖြင့် ဖိအားများစွာ ပေးနိုင်သော်လည်း ကောင်းကင်နှင့်မြေကြီး၏ အငွေ့အသက်က ပိုကောင်းကာ သန့်ရှင်းလေ ပိုစွမ်းလေဖြစ်သည်။
သို့သော်လည်း ယခုအချိန်၌ လုရွှမ်သည် နဂါးအငွေ့အသက်ကို ထိန်းချုပ်နိုင်သော်လည်း ကောင်းကင်မြေကြီးရဲ့ အငွေ့အသက်ကို ဘယ်လို ထိန်းချုပ်ရမလဲ မသိနိုင်သေးပေ။ ယခုမူ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်မြေကြီး၏ ဩဘာသည် အခြေခံအားဖြင့် ဆုံးရှုံးသွားသောကြောင့် ၎င်းကို ထိန်းချုပ်ရန် ပို၍ပင် ခက်ခဲလာသည်။
လုရွှမ်ထံမှ နဂါးဟောက်သံကြောင့် အနီးနားရှိလူများ ထိတ်လန့်သွားသည်။ လုရွှမ်ကို ကြည့်နေသော သူတို့၏ မျက်လုံးများသည်လည်း ပို၍ ထိတ်လန့်သွားကြသည်။
အနီရောင်ဆံပင်တွေ လုရွှမ်လက်ထဲမှာ အမှန်တကယ် လှုပ်ရှားနေတာကို တွေ့လိုက်ရတဲ့အခါ အစောကလူဟာ ထခုန်မိသွား၏။ အစောကသာ ရူးကြောင်ကြောင်နဲ့ ထလုပ်ခဲ့မယ်ဆိုရင် ဒီအချိန်မှာ သူ သေသွားဖို့က သေချာနေပါပြီ။
လုရွှမ်လက်ဖဝါးမှ ကောင်းကင်မီးသည် တစ်ဖန် ထတောက်လာကာ နီရဲနေသော ဆံပင်များသည် ပြာဖြစ်တဲ့အထိ လောင်ကျွမ်းသွား၏။ လက်ဝါးထဲ၌ အနက်ရောင် မီးခိုးလုံးကြီး အဖြစ်သို့ ပြောင်းလဲသွားကာ တစ်ချက် မှုတ်ထုတ်လိုက်တာနဲ့ သူ့ပတ်ဝန်းကျင်မှ လူသားများ အဆက်မပြတ် ဆုတ်သွားကြသည်။
အဲဒီလို ညစ်ညမ်းတဲ့ အငွေ့အသက်တွေ သူတို့ခန္ဓာကိုယ်ထဲ ဝင်လာမှာကို စိုးရိမ်နေကြပုံပါပဲ။
“ဒီအငွေ့အသက်ထဲမှာ အချိန်အတော် ကြာတဲ့အထိ ဖိနှိပ်ခံခဲ့ရတဲ့ အဆုံးမဲ့လူသားတွေရဲ့ ဝိညာဉ်တွေ ဟိန်းဟောက်တာကို ငါ ခံစားမိတယ်... ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ဒီနေရာမှာပဲ လူတွေအများကြီး သေဆုံးခဲ့လိမ့်မယ်... သူတို့ရဲ့ နာကြည်းမှုတွေ စုစည်းလာတော့ ဝိညာဉ်အပိုင်းအစတွေ တဖြည်းဖြည်း ထွက်ပေါ်လာတာ....”
“ပတ်ဝန်းကျင်မှာ နတ်ဆိုးမီးတချို့ ရှိနေလောက်တယ်... အငွေ့အသက်နှစ်ခုက ရောထွေးပြီး မရေမတွက်နိုင်တဲ့ နှစ်တွေအတွင်း ပေါင်းစည်းခဲ့လိမ့်မယ်...ပြီးတော့ အခု ဒီဟာတွေဖြစ်လာအောင် ဖန်ဆင်းလိုက်တာပဲ...”
လုရွှမ်ရဲ့ သူ့အသံက ရုတ်တရက် တိုးသွားလေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤနေရာတွင် သလင်းကျောက် တူးသူများသည် မိစ္ဆာသားရဲများ ဖမ်းမိထားခဲ့သော လူသားများ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ယုံကြည့်နိုင်သည်။
ဤလူသားများသည် သလင်းကျောက်များ ရရှိကာ ပြင်းပြင်းထန်ထန် လေ့ကျင့်လာကြသည်။ ကံမကောင်းစွာပဲ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ကောင်းဖြစ်နိုင်စွာ ဤလူသားများသည် ကျင့်ကြံမှု၌ ရှုံးနိမ့်ပြီးနောက် မိစ္ဆာသားရဲများဆီက သုတ်သင်ခံခဲ့ရသည်။