ထူးဆန်းတဲ့ သင်္ကေတ
Vol. 7 Ch. 61
‘ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး... မီးခိုးရောင် မြူခိုးကမ္ဘာထက်က လျှို့ဝှက်ဆန်းကြယ်တဲ့ စိုးမိုးသူ... ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်...’
အော်ဒရီဟောလ်ဟာ စိတ်ထဲမှာ လိုက်ရွတ်ရင်း ယောက်ယက်ခတ်တဲ့ ခံစားချက်လှိုင်းတစ်လှိုင်းက သူမ တစ်ကိုယ်လုံး ပျံ့နှံ့သွားတာကို ရုတ်တရက် ခံစားမိလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် သူမဟာ ပွဲကြည့်သမား အခြေအနေကို ဆက်ထိန်းမထားနိုင်တော့ပါဘူး။
ဂမ္ဘီရပညာကို စိတ်ဝင်စားတဲ့ အော်ဒရီဟာ အစီအရင်တွေမှာသုံးတဲ့ ဟာမီးဘာသာစကားကို လေ့လာသင်ယူခဲ့ပြီး ဝါသနာတူ သူငယ်ချင်းတွေနဲ့ သီးသန့်တွေ့ဆုံတဲ့အချိန်မှာ အစီအရင်တချို့ စမ်းသပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူမ မီးခိုးရောင် မြူခိုးကမ္ဘာထဲကို ဆွဲခေါ်မခံရသေးသလို သာလွန်စွမ်းအားကိုလည်း ကိုယ်တိုင် မကြုံဖူးသေးပါဘူး။
အဲဒီတုန်းက အစီအရင်တွေဟာ တစ်ခုမှ အကျိုးမရှိပါဘူး။ ဒါပေမဲ့ မန္တန်တွေရဲ့ တည်ဆောက်ပုံကိုတော့ အော်ဒရီ နားလည်လာခဲ့ပါတယ်။ အဲဒါကြောင့် သူမဟာ ဒီမန္တန်က ဘာကို ဖော်ပြထားလဲ ဘာကို ရည်ရွယ်လဲ ဆိုတာ ကောင်းကောင်းကြီး နားလည်ပါတယ်။
ပုံမှန်ဆိုရင် မန္တန်တွေထဲမှာ ဖော်ပြတာက ဒီလောကကို ကြည့်ရှုနေတဲ့ နတ်ဘုရား ၇ ပါးထဲက တစ်ပါးပါ။ အဲဒါကြောင့် အရူးရဲ့ မန္တန်ဟာ သူက ကြက်သွေးရောင် မိန်းမပျို၊ လျှို့ဝှက်ချက် မယ်တော်၊ ကပ်ဘေးနဲ့ ကြောက်ရွံ့ခြင်း ဧကရီတို့နဲ့ အဆင့်အတူတူပဲလို့ ကြော်ငြာလိုက်တာပါ။
‘မစ္စတာအရူးက ဂလင့်ပြောတဲ့ အမျိုးအမည်မသိ လျှို့ဝှက်ဆန်းကြယ်ပြီး နတ်ဘုရားလို စွမ်းအားကြီးမားတဲ့ တည်ရှိမှုလား... အစီအရင်လုပ်ရင် မဖြစ်မနေ ရှောင်ကြဉ်ရမဲ့ အန္တရာယ် ရင်းမြစ်လား’
အော်ဒရီဟာ သူမနဲ့ သူမ သူငယ်ချင်းတွေ မလုပ်ရဲတဲ့ ထူးဆန်းတဲ့ အစီအရင် အကြောင်းကို ပြန်တွေးမိပြီး တစ်ခဏတာ ဘာပြောရမှန်း မသိတော့ပါဘူး။
အော်ဒရီထက် ပိုသိပြီး ပိုနားလည်တဲ့ အယ်ဂျာဝဲလ်ဆင်ကတော့ ကျောရိုးထဲကသာမက နှလုံးသားထဲကပါ စိမ့်တက်သွားပါတယ်။
‘မစ္စတာအရူးရဲ့ အစီအရင်က သူ့ကို တိုက်ရိုက် ဦးတည်ပြီး ငါတို့ရဲ့ တောင်းဆိုမှုတွေကို လက်ခံစေနိုင်တယ်... ငါ... ငါတို့တွေက သူ့ကို ဘုရားသခင်လိုမျိုး တတိယ ပုဂ္ဂိုလ်အနေနဲ့ နာမည်တပ် ခေါ်လိုက်တာပဲ...’
‘ငါ သူ့အလိုအတိုင်း လိုက်လျောပေးပြီး မိုက်မဲတာတွေ မလုပ်မိလို့ တော်သေးတယ်... ငါက တကယ်ကို ဉာဏ်ကောင်းပြီး ကံကောင်းတဲ့လူပဲ... ငါ သူ့ကို စမ်းသပ်ရင်တောင် စည်းမကျော်မိလို့ တော်သေးတယ်’
‘သူက ရှေးကျ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့ တည်ရှိမှုလား... ငါတို့ရှေ့မှာ ပေါ်လာတာက သူ့ရဲ့ မူလအသွင်နဲ့ နာမည်ရင်း မဖြစ်နိုင်ဘူး... သူက လောကဦးနတ်ဆိုးမယ်တော်၊ လျှို့ဝှက်ပညာရှိ ဒါမှမဟုတ် လျှို့ဝှက်ဘုရားကျောင်းတွေ ယုံကြည်ကြတဲ့ ဖန်တီးရှင်စစ်လား...’
အယ်ဂျာဟာ သူ့ကြည့်နေတဲ့ အရူးက မူလအသွင် မဟုတ်လောက်ဘူးလို့ နားလည်သွားပါတယ်။ အရူးက လိင်မဲ့ ဒါမှမဟုတ် လူသားပုံစံ သက်ရှိ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ကလိုင်းဟာ လက်တစ်ဖက်နဲ့ နဖူးလယ်ကို တောက်ပြီး ကျန်လက်တစ်ဖက်နဲ့ စားပွဲစွန်းကို တောက်လိုက်ပါတယ်။ သူဟာ လူဇောက်ထိုးနဲ့ တရားမျှတမှုရဲ့ အပြုအမူ ပြောင်းလဲသွားတာကို ရှင်းရှင်းလင်းလင်းကြီး သတိထားမိပါတယ်။
ဒါပေမဲ့ သူဟာ ဘာမှ မဖြစ်သလိုမျိုး အရာအားလုံးက သူ့လက်ထဲမှာ ရှိနေသလိုမျိုး သရုပ်ဆောင်ပါတယ်။ အဲဒီနောက် သူဟာ ဘာကိုမှ ဂရုမစိုက်ဘဲ မန္တန်ကို ဆက်ရွတ်ပါတယ်။
“သင့်ရဲ့ ကူညီမှုကို တောင်းဆိုပါတယ်”
“သင့်ရဲ့ ကရုဏာတရားကို တောင်းဆိုပါတယ်”
“အိပ်မက်လှလှ မက်နိုင်ဖို့ တောင်းဆိုပါတယ်”
“လနီက ပိုင်ဆိုင်တဲ့ လပန်း... မေတ္တတရား ရှေ့ထားပြီး သင့်စွမ်းအားကို ကျွန်ုပ်ရဲ့ မန္တန်ဆီ ပေးသနားတော်မူပါ”
“နေမင်းက ပိုင်ဆိုင်တဲ့ နတ်ဘုရားလက်... မေတ္တာတရား ရှေ့ထားပြီး သင့်စွမ်းအားကို ကျွန်ုပ်ရဲ့ မန္တန်ဆီ ပေးသနားတော်မူပါ”
.....
ကလိုင်းဟာ အစီအရင်ရဲ့ နောက်တစ်ပိုင်းဖြစ်တဲ့ မန္တန်ကို ရွတ်ပြလို့ ပြီးသွားပါတယ်။ မန္တန် ရွတ်ပြီးသွားတဲ့အခါ သူဟာ ပြုံးပြီး...
“မစ္စ... မစ္စတာ... အလွတ်ရပြီလား”
“ဟူး...” အော်ဒရီဟာ လေပူ မှုတ်ထုတ်လိုက်ပေမဲ့ ပါးစပ်ကို လက်နဲ့ ခပ်မြန်မြန်ပိတ်ပြီး လေးနက်တည်ကြည်တဲ့ အမူအရာ ပြောင်းလိုက်ပါတယ်။
ပွဲကြည့်သမားရဲ့ တိုးတက်လာတဲ့ မှတ်ဉာဏ်ကြောင့် သူမဟာ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်လာတယ်ဆိုပေမဲ့ သေချာအောင် အတည်ပြုတဲ့အနေနဲ့ မန္တန်ကို ထပ်ရွတ်ပါတယ်။
အယ်ဂျာကတော့ ပုံမှန်ပါပဲ။ သူ ဘာတွေးနေလဲ မသိပေမဲ့ သူ့လက်ထဲက ဖော့ပင်ကတော့ တစ်စက္ကန့်တောင် ရပ်မသွားပါဘူး။
ကလိုင်းဟာ အော်ဒရီ ရွတ်တာကို နားထောင်ပြီးနောက် ပြုံးလိုက်ပါတယ် “ဒီစမ်းသပ်မှု အောင်မြင်တယ်ဆိုရင် နောက်ကျ ငါတို့တွေ လုပ်ချင်တာ လုပ်နိုင်အောင် အစီအရင်ကို ပြုပြင်ကြမယ်”
“မင်းတို့တွေ ဒီအစီအရင်ကို ဗုဒ္ဓဟူးနေ့မတိုင်ခင် ပြီးစီးအောင် လုပ်ကြပါ”
ကလိုင်းဟာ ကြာသပတေးနေ့ ညကျရင် ဒီနေရာကို ထပ်လာပြီး အစီအရင် အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာကို အတည်ပြုမှာပါ။
သူ လူဇောက်ထိုးနဲ့ တရားမျှတမှုကို ဘာဖြစ်လို့ တစ်ခါတည်း ခွင့်မတိုင်ခိုင်းတာလဲ ဆိုတော့ အစီအရင်ရဲ့ အကျိုးသက်ရောက်မှုနဲ့ ခွင့်တိုင်တာကို သူ မခွဲခြားနိုင်မှာစိုးလို့ပါ။ သူက သူတို့တွေ ခွင့်တိုင်ထားတာကို အစီအရင်ရဲ့ အကျိုးသက်ရောက်မှုပဲလို့ တွေးပြီး တွေ့ဆုံပွဲနေ့ကျ ဆွဲခေါ်လိုက်ရင် ဂွမ်းမှာပါ။
“လူကြီးမင်းရဲ့ အလိုတော်အတိုင်းပဲ” အော်ဒရီနဲ့ အယ်ဂျာဟာ တလေးတစား ပြန်ဖြေပါတယ်။
“အရင်အပတ်က လူဇောက်ထိုးရဲ့ အကြံပြုချက်အရ ငါတို့ရဲ့ ကိစ္စတွေ ပြီးပြီဆိုတော့ ပေါ့ပေါ့ပါးပါး စကားပြောကြတာပေါ့... ဘယ်သူ အရင်စမလဲ”
ကလိုင်းဟာ တစ်ယောက်ယောက် စပြောဖို့ လက်ဟန်ပြလိုက်ပါတယ်။
အော်ဒရီဟာ သက်ပြင်းချပြီး “မစ္စတာအရူး... လူကြီးမင်းရဲ့ စာမေးပွဲစစ်ပြီး လူတော်တွေ ရွေးချယ်တာနဲ့ အရပ်ဘက်နဲ့ နိုင်ငံရေး ခွဲခြားတဲ့ ကိစ္စကို ပါလီမန် အဖွဲ့ဝင် တော်တော်များများက လက်ကမ်းကြိုဆိုကြတယ်... လက်တွေ့ အကောင်အထည် ပေါ်လာနိုင်ခြေရှိတယ်... ဒါပေမဲ့ ဒီအစိုးရက လိပ်ကို အရှုံးပေးရလောက်တဲ့အထိ လည်ပတ်နှုန်း နှေးတော့ဆိုတော့ အစောဆုံး အကောင်အထည် ပေါ်လာနိုင်ဖို့က အနည်းဆုံး နှစ်ဝက်လောက်တော့ စောင့်ရလိမ့်မယ်”
အော်ဒရီဟာ လူဇောက်ထိုးက ဒီသတင်းအချက်အလက်ကနေ သူမကို ခြေရာခံမိမှာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမက ဒီအကြံဉာဏ်တွေကို မသိမသာရော သိသိသာသာရော အဲဒီ ခြေထောက်နဲ့မြေကြီး မထိတဲ့ မိန်းမပျိုတွေ ကတော်တွေကို အရိပ်အမြွက်ပြပြီး သူတို့စိတ်ထဲမှာ ဒီအကြံ ကိန်းအောင်းအောင် လမ်းညွှန်ပေးခဲ့လို့ပါပဲ။ အဲဒီအမျိုးကောင်းသမီးတွေက ဒီအကြံကို သူတို့ရဲ့ ယောက်ျားတွေ သူတို့ရဲ့ အဖေတွေ သူတို့ရဲ့ အစ်ကိုတွေနဲ့ သူတို့ရဲ့ မောင်တွေဆီ ပြန်ပြောင်း ပြောပြကြပါတယ်။
အဲဒီအချိန်တုန်းက အော်ဒရီဟာ ရွှေဒေါင်းတစ်အုပ် သူ့တို့အတောင်တွေကို ဖြန့်ပြီး ကပြနေတယ်လို့တောင် ခံစားခဲ့ရပါတယ်။
အဲဒီမိန်းမတွေက မျက်နှာလိုချင်တဲ့အတွက် ဒီအကြံကို သူတို့ဘာသာ တွေးမိတယ်လို့ ပြောလိမ့်မယ်ဆိုတာ သူမ တထစ်ချ ယုံကြည်ပါတယ်။ ဒီအကြံကို အစပျိုးပေးခဲ့တဲ့ သူ့ကို သတိရမှာတောင် မဟုတ်ပါဘူး။ သူတို့အချင်းချင်း ဒီအကြံကို ပထမဆုံးတွေးမိတာက ငါဆိုပြီး နေရာ လုနေကြမှာပါ။
ဒီလိုနည်းလမ်းမျိုးနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်တာက ပွဲကြည့်သမားတစ်ယောက် ပြဇာတ်ကို ဝင်လွှမ်းမိုးနိုင်တဲ့ နည်းလမ်းကို ရှာတွေ့သွားသလိုမျိုး အော်ဒရီကို ထူးဆန်းပြီး ကျေနပ်စရာကောင်းတဲ့ ခံစားချက်တစ်မျိုး ရစေပါတယ်။
“မျှော်လင့်ရတာပဲ” အယ်ဂျာဟာ ငေါ့ပြောပါတယ်။
သူဟာ လေးငါးစက္ကန့်လောက် ရပ်ပြီးနောက် အရူးကို တစ်ချက်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ...
“ဒီဆယ်စုနှစ်တွေမှာ လျှို့ဝှက်အဖွဲ့အစည်း အသီးသီးရဲ့ လှုပ်ရှားမှုတွေက ခပ်စိပ်စိပ် ဖြစ်လာတယ်... လျှို့ဝှက်အဖွဲ့အစည်း အသစ်တွေလည်း ပေါ်လာတယ်... တချို့အဖွဲ့အစည်းတွေဆို သာလွန်သူ အရေအတွက် မနည်းဘူး”
‘မင်းက ငါ့ကို ဒီကိစ္စရဲ့ အကြောင်းရင်း မေးဖို့ ကြိုးစားနေတာလား... ငါ့မှာ အဲဒီ တရားမဝင် အဖွဲ့အစည်းတွေကြောင်း သိရဖို့ အခွင့်အလမ်းတောင် မရသေးဘူး...’
ကလိုင်းဟာ လူဇောက်ထိုးရဲ့ သတင်းနဲ့ ပတ်သက်ပြီး ဘာမှမပြောဘဲ ပြုံးလိုက်ပါတယ်။ ပြီးတော့ စကားလမ်းကြောင်း ပြောင်းပြီး မသဲမကွဲ ပြောလိုက်ပါတယ်။
“ရှေးဟောင်း စွမ်းအားတစ်ခုက အိပ်နေရာကနေ နိုးထလာတော့မယ်”
‘ဥပမာပေးရရင် အန်တီဂိုနပ်မိသားစု ဒိုင်ယာရီက ကိုယ်စားပြုတဲ့ စွမ်းအားပေါ့...’
“အဲဒီလိုလား...” အယ်ဂျာဟာ တစ်စုံတစ်ခုကို တွေးမိလိုက်သလိုမျိုး တစ်ယောက်တည်း အသာ ရေရွတ်လိုက်ပါတယ်။
ကလိုင်းဟာ လူဇောက်ထိုးနဲ့ တရားမျှတမှုကို လှမ်းကြည့်ပြီး ပြုံးလိုက်ပါတယ်။
“ဘာမှ ဝေမျှစရာ မရှိတော့ဘူးဆိုရင် ဒီနေ့တွေ့ဆုံပွဲကို ဒီမှာပဲ ရပ်လိုက်ကြတာပေါ့”
“လူကြီးမင်းရဲ့ အလိုတော် အတိုင်းပါ” အော်ဒရီနဲ့ အယ်ဂျာဟာ အတူတူ မတ်တတ်ရပ်လိုက်ပါတယ်။
ကလိုင်းဟာ လက်ချောင်းတွေသုံးပြီး သူနဲ့ နီမှောင်ရောင်ကြယ်တွေရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ကာ လူဇောက်ထိုးနဲ့ တရားမျှတမှုတို့ နှစ်ယောက် ပျောက်ကွယ်သွားတာကို ကြည့်နေပါတယ်။
အဲဒီနောက် သူဟာ မတ်တတ်ရပ်ပြီး ထိုင်ခုံနောက်သွားကာ ဘာသင်္ကေတလဲဆိုတာ ကြည့်ပါတယ်။ သူ့ထိုင်ခုံနောက်မှာ တောက်ပတဲ့ကြယ်တွေ ပေါင်းစုပြီး ထူးဆန်းတဲ့ သင်္ကေတတစ်ခု ဖြစ်တည်နေပါတယ်။ ဒီသင်္ကေတက ကလိုင်း လက်ရှိ နားလည်ထားတဲ့ ဘယ်သင်္ကေတနဲ့မှ မကိုက်ညီပါဘူး။
ဒီသင်္ကေတကို သူ သေချာ ကြည့်တဲ့အခါ လျှို့ဝှက်ချက်ကို ကိုယ်စားပြုတဲ့ မျက်ဆံမဲ့ မျက်လုံး သင်္ကေတ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒါအပြင် ပြောင်းလဲမှုကို ကိုယ်စားပြုတဲ့ တွန့်လိမ်ကွေ့ကောက်နေတဲ့ မျဉ်းကြောင်းတွေလည်း ရှိနေပါတယ်။ ဒီသင်္ကေတတွေက အပြည့်အစုံမရှိဘဲ အပိုင်းတစ်ခုစီ ပျောက်နေပြီး တစ်ခုနဲ့တစ်ခုထပ်ကာ သင်္ကေအသစ်တစ်ခု ဖြစ်ပေါ်စေပါတယ်။
“မပြီးပြည့်စုံတဲ့ လျှို့ဝှက်ချက်နဲ့ မပြီးပြည့်စုံတဲ့ ပြောင်းလဲမှု... ဒီနှစ်ခု ပေါင်းလိုက်ရင် ဘာရမလဲ...” ကလိုင်းဟာ အဖြေကို စဉ်းစားလို့မရတာကြောင့် မျက်မှောင်ကြုတ်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ အကြည့် ပြန်ရုပ်သိမ်းပြီး ရှေးကျကာ ကြီးကျယ်ခမ်းနားထည်ဝါတဲ့ နန်းတော်တစ်လျှောက် လမ်းလျှောက်ပါတယ်။ သူ့မျက်လုံးတွေကလည်း နန်းတော်ရဲ့ ထောင့်စွန်းတိုင်းကို အကဲခတ် ကြည့်ရှုပါတယ်။
‘ငါ ဒီနန်းတော်ကို စိတ်ကူးတုန်းက အကြမ်းဖျင်းပဲ တွေးလိုက်တာပါ... နန်းတော်ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ စားပွဲတွေ ကုလားထိုင်တွေ မပါဘူး... ဒီဒီဇိုင်းက ဘယ်ကနေ ရောက်လာတာလဲ... အကောင်းဆုံး ရွေးချယ်မှုလား... ပထမဆုံး ရှေ့ပြေးပုံစံလား... ဒါမှမဟုတ် လက်တွေ့လောကရဲ့ ရောင်ပြန်ဟပ်မှုလား...’
ကလိုင်းဟာ နန်းတော်ကြီးကို ကြည့်ရင်း သူအရင်က ဂရုမပြုမိခဲ့တဲ့ မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။
‘ဟင်း... ငါက ကီးဘုတ်သမားဆိုပေမဲ့ နေရာတော်တော်များများမှာ အတွေ့အကြုံ လိုနေသေးတာပဲ... ဒီလိုမေးခွန်းမျိုးကို အခုမှပဲ တွေးမိတယ်’
ကလိုင်းဟာ သူ့ကိုယ်သူ ပြန်သုံးသပ်ရင်း နန်းတော်ရဲ့ ထောင့်စွန်းတိုင်းကို သေသေချာချာ လိုက်စစ်ဆေးပေမဲ့ တခြားသက်ရှိတွေ မတွေ့ရသလို ထူးဆန်းတာ တစ်ခုမှလည်း မတွေ့ရပါဘူး။
သူဟာ နယ်နိမိတ် မရှိတဲ့ ပုံရိပ်ယောင် နယ်မြေလို ဖြစ်နေတဲ့ ဟိုးအတွင်းပိုင်းထဲကို မဝင်ရဲပါဘူး။ လမ်းပျောက်သွားမှာ စိုးလို့ပါ။
‘ဝိုး... ဒီနေရာက တကယ်ကို လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတာပဲ... ငါ စွမ်းအားပိုကြီးလာရင် ဒီနေရာက တစ်ခုခု မပြောင်းလဲသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ...’ ကလိုင်းဟာ သက်ပြင်းချပြီး စိတ်ဝိညာဉ် စွမ်းအား ထုတ်လွှတ်ကာ သူ့ကိုယ်သူ ဖုံးလွှမ်းလိုက်တဲ့အခါ အောက်ကို ထိုးပြုတ်ကျတဲ့ ခံစားချက် ရလိုက်ပါတယ်။
အရာအားလုံးဟာ လျင်မြန်စွာ ပျံသန်းသွားပြီး ပုံရိပ်ယောင်မျိုးစုံ ကွဲကြေသွားပါတယ်။ အဲဒီနောက် ကလိုင်းဟာ ဖြူမိုင်းမိုင်း မြူခိုးကို ထိုးခွဲပြီး လက်တွေ့လောကကို မြင်လိုက်ရပါတယ်။ သူ့အခန်းထဲက စားပွဲ၊ လိုက်ကာတွေနဲ့ အဝတ်အစားစင်က သူ့မြင်ကွင်းထဲကို ဝင်လာပါတယ်။
.....
ဘက်ကလင်၊ ဧကရီမြို့နယ်။
အော်ဒရီဟာ နံရံမှာ ချိတ်ဆွဲထားတဲ့ ဆီဆေးပန်းချီကို တွေ့လိုက်ရပြီး ခေါင်းအောက်မှာ အုံးထားတဲ့ ငှက်မွေးခေါင်းအုံးရဲ့ နူးညံမှုကို ခံစားလိုက်ရပါတယ်။
သူမဟာ ချက်ချင်း မတ်တတ်မရပ်ဘဲ တွေ့ဆုံပွဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြဇာတ်တစ်ခု ကြည့်နေသလိုမျိုး ပြန်တွေးပါတယ်။
‘မစ္စတာအရူးက ငါတို့ကို အစီအရင် စမ်းကြည့်ဖို့ ပြောတုန်းက သူ့လေသံမှာ ယုံကြည်မှု ပါတယ်... ယုံကြည်မှု...’ အော်ဒရီဟာ ဟူးခနဲ လေပူတစ်ချက် မှုတ်ထုတ်ပြီး မစ္စတာအရူး ပြောခဲ့တဲ့ မန္တန်ကို တိတ်တဆိတ် ဆန်းစစ်ရင်း သူမရဲ့ ခန္ဓာကိုယ်ဟာ မသိမသာ တုန်တက်သွားပါတယ်။
‘ထားလိုက်ပါတော့... ငါ့မှာ တိုက်ခိုက်နိုင်တဲ့ အင်အားမှ မရှိတာ... အများကြီးတွေးနေဖို့ မလိုဘူး... မစ္စတာအရူးက အမြဲတမ်း ဖော်ဖော်ရွေရွေ ရှိတာပဲ... သူက စည်းမျဉ်းစည်းကမ်းတွေကို လေးစားတဲ့ တည်ရှိမှုတစ်ခု ဖြစ်လောက်ပါတယ်...’
အော်ဒရီရဲ့ စိတ်အခြေအနေဟာ ခပ်မြန်မြန်ပဲ တိုးတက် ကောင်းမွန်သွားပါတယ်။ သူမဟာ သူမရဲ့ သရုပ်ဆောင်မှုနဲ့ ဆေးရည်ရဲ့ ဘေးထွက် ဆိုးကျိုး အားနည်းသွားတာကို တွေးလိုက်ပါတယ်။
သူမဟာ တေးသွားတစ်ခု ညည်းရင်း အိပ်ရာထဲက ထလိုက်ပါတယ်။ အဲဒီနောက် အခန်းတံခါးဆီ လျှောက်သွားပြီး ပွဲကြည့်သမားရဲ့ စိတ်အခြေအနေမျိုး ဖြစ်အောင် သူမကိုယ်သူမ ပြုပြင်ပါတယ်။
သူမဟာ အခန်းတံခါး ဖွင့်လိုက်တဲ့အခါ အိမ်ဖော်တစ်ယောက် လျှောက်သွားတာကို တွေ့လိုက်ရပါတယ်။ သူမဟာ အိမ်ဖော်ရဲ့ လက်နှစ်ဖက်ပေါ်က အမာရွတ်တွေ မျက်နှာပေါ်က အမှတ်အသားတွေနဲ့ တခြား အသေးစိတ် အခြင်းအရာတွေကို သတိထားမိလိုက်ပါတယ်။ သူမဟာ ဒီတွေ့ရှိမှုတွေကနေ သတင်းအချက်အလက် အများကြီးကို တွက်ယူနိုင်ပါတယ်။
အဲဒီအချိန်မှာ အော်ဒရီဟာ ထူးဆန်းတဲ့ ခံစားချက်တစ်ချက် ရလိုက်တာကြောင့် အရိပ်ကျနေတဲ့ လသာဆောင်ထောင့်ကို လှမ်းကြည့်လိုက်တဲ့အခါ ဆူဇီကို တွေ့လိုက်ရပါတယ်။ ဆူဇီဟာ အမှောင်ထဲမှာထိုင်ပြီး သူမ အိမ်ဖော်ကို အကဲခတ်သလိုမျိုး သူမကို တိတ်တဆိတ် ကြည့်နေတာ တွေ့လိုက်ရပါတယ်။
‘အို အရှင်မ...’ အော်ဒရီဟာ နှုတ်ခမ်းတွန့်သွားပြီး သက်ပြင်းချမိလိုက်ပါတယ်။ မျက်နှာလည်း ဘယ်နားထားရမှန်း မသိတော့ပါဘူး။
…..
ဆိုနီယာပင်လယ်ပြင်က တင်းတင်းကျပ်ကျပ် ကာကွယ်ထားတဲ့ ကပ္ပတိန်အခန်းမှာ အယ်ဂျာ နိုးလာပါတယ်။ အယ်ဂျာဟာ သူ့ဘေးပတ်လည်မှာ ဘာမှ ပြောင်းလဲမသွားတာကို တွေ့လိုက်ရပါတယ်။ ဘာမှ မဖြစ်ခဲ့သလိုပါပဲ။
သူဟာ သက်ပြင်းချပြီး စိတ်ထဲမှာ တွေးလိုက်ပါတယ်။
‘ရှေးဟောင်းတည်ရှိမှုလား...’
အစီအရင်က ထွက်လိုက်တဲ့ ကလိုင်းဟာ လိုက်ကာတွေ ဆွဲဖွင့်ပြီး မှတ်စုစာအုပ် ထုတ်ကာ ထပ်ပြီးတော့ စာရေးပါတယ်။ သူဟာ ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီထဲက အကြောင်းအရာတွေကို မေ့သွားမှာစိုးတဲ့အတွက် ချရေးပြီး ပိုမှတ်မိအောင် လုပ်တာပါ။
ကလိုင်းဟာ မှတ်စုရေးပြီးတဲ့အခါ ပိုမှတ်မိအောင် လေးငါးဆယ်ခေါက် ဖတ်ပါတယ်။ ဖတ်လို့ ဝသွားတဲ့အခါမှာတော့ စာရွက်တွေကို ဆုတ်ဖြဲပြီး လုံးချေပစ်ပါတယ်။
‘ငါ ဒီလိုမျိုး တစ်ပတ်တစ်ခါ ချရေးရင် အရေးကြီး အချက်အလက်တွေကို မေ့မှာ မဟုတ်ဘူး... ဒါပေမဲ့ အချိန်ကြာလာပြီး ထမ်းဆောင်ရတဲ့ တာဝန်တွေက ရှုပ်ယှက်ခတ်လာရင်... ကံဆိုးတာပဲ... လောလောဆယ် ငါ့ဆီမှာ ဒီထက် ပိုကောင်းတဲ့ အကြံဉာဏ် မရှိသေးဘူး... ငါ ဝှက်စာကို မလေ့လာမိခဲ့တာ ဆိုးတာပဲ...’
ကလိုင်းဟာ ခါးဆန့်ပြီး ဇက်ချိုးလိုက်ပါတယ်။ အဲဒီနောက် သူဟာ ဗေဒင်ကလပ်ဆီသွားဖို့ စီစဉ်ပါတယ်။
အမြင်ဆရာကို လူတွေက အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ တခြားလူရဲ့ နည်းလမ်းက မှားတယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အဲဒါကြောင့် ကလိုင်းဟာ ဘယ်လို အမြင်ဆရာမျိုးက ဆေးရည်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီလဲဆိုတာ မသိပါဘူး။ အဲဒါကြောင့် ဆေးရည်နဲ့ အကိုက်ညီဆုံး အမြင်ဆရာမျိုး ဖြစ်အောင် စမ်းသပ် ပြုပြင်မှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။