အမြင်ဆရာတစ်ယောက်ရဲ့ မတက်နိုင်မှု
Vol. 7 Ch. 62
ကလိုင်းဟာ အိမ်က မထွက်ခင်မှာ လက်ကိုင်ပဝါနဲ့ ဘရွတ်လေးသုံးပြီး သူ့ဝတ်စုံနဲ့ ဦးထုပ်ကို သန့်ရှင်းပါတယ်။ သူ့ရဲ့ ရှပ်အင်္ကျီဖြူကိုလည်း လျှော်ပြီး တခြားခပ်သင့်သင့်ရှိတဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ပါတယ်။ အဲဒါတွေ ပြီးတော့မှ အိမ်ထဲကနေ သွက်သွက်လက်လက် ထွက်လိုက်ပါတယ်။
‘ပထမဆုံး မလီဆာအတွက် အဝတ်အစားတစ်စုံ ဝယ်ရမယ်... ပြီးရင် ဘန်ဆင်အတွက် ဝတ်စုံတစ်စုံ... အဲဒါတွေ ပြီးတော့မှ ငါ့အတွက် ဒုတိယဝတ်စုံ ဝယ်ဖို့ စဉ်းစားရမယ်... ပိုက်ဆံက ဘယ်တော့မှ လောက်တယ်ကို မရှိဘူး... နောက်ပြီး ဧည့်သည်လာရင် ဧည့်ခံဖို့ ကြွေပန်းကန်ခွက်ယောက်တွေ ဝယ်ဖို့လည်း ပိုက်ဆံ စုရဦးမယ်... အဲဒါတွေအပြင်ကို ငါ ဂမ္ဘီရပညာ လေ့လာဖို့ ကုန်ကြမ်းတွေ ဝယ်ဖို့လည်း ပိုက်ဆံစုရဦးမယ်...’
ကလိုင်းဟာ အများသုံးမြင်းလှည်းမှာ ထိုင်ပြီး အိမ်ရဲ့ ငွေရေးကြေးရေး အခြေအနေကို စဉ်းစား တွက်ချက်ပါတယ်။ သူဟာ ပိုပြီးတော့ တွက်မိလေလေ ပိုပြီးတော့ ခေါင်းခါမိလေလေပါပဲ။ သူ့ရဲ့ တွက်ချက်မှုအရ သူ့တို့ မောင်နှမသုံးယောက် လူလတ်တန်းစား မိသားစုလို နေနိုင်ဖို့က အနည်းဆုံး တစ်နှစ်လောက် လိုအပ်ပါတယ်။
ဒီတွက်ချက်မှုထဲမှာ ရာထူးတိုးတာ လစာတိုးတာနဲ့ အပိုဆုကြေးရတာတို့ မပါဘူးပေါ့။
အမြင်းသုံး မြင်းလှည်းဟာ တစ်လမ်းပြီးတစ်လမ်း ကျော်ဖြတ်ကာ ဟောက်စ်လမ်းက ဗေဒင်ကလပ်ရဲ့ မျက်နှာချင်းဆိုင်မှာ ရပ်လိုက်ပါတယ်။
ကလိုင်းဟာ သူ့ရဲ့ အနက်ရောင်ရှိတဲ့ ဦးထုပ်ကို လက်နဲ့ဖိပြီး မြင်းလှည်းပေါ်က ဆင်းပါတယ်။ အဲဒီနောက် ရင်းနှီးနေပြီဖြစ်တဲ့ လမ်းကို ဖြတ်ကူးကာ ဒုတိယထပ်မှာရှိတဲ့ ဗေဒင်ကလပ်ထဲ ဝင်လိုက်တယ်ဆိုရင်ပဲ ညိုချောလေး အန်ဂျလီကာကို တွေ့လိုက်ရပါတယ်။
သူမရဲ့ မျက်လုံးတွေက နည်းနည်း နီရောင်သမ်းနေပေမဲ့ သူမရဲ့ မျက်နှာကတော့ တော်တော်လေးကိုမှ ပေါ့ပါး လန်းဆန်းနေပါတယ်။
ကလိုင်းဟာ လက်မြှောက်ပြီး နဖူးလယ်ကို အသာတောက်ကာ သူမကို ဂရုတစိုက် စစ်ဆေးကြည့်တဲ့အခါ အန်ဂျလီကာရဲ့ ခံစားချက် ရောင်ဝါနက်တွေထဲက မီးခိုးရောင်ဟာ တော်တော်ကြီး ပါးလျသွားပြီး နေရောင်ခြည်လိုမျိုး အဖြူရောင်က အစားထိုး ဝင်ရောက်လာတာ တွေ့လိုက်ရပါတယ်။
ကလိုင်းဟာ အန်ဂျလီကာဆီ လျှောက်သွားပြီး ဦးထုပ်ချွတ်ကာ ပြုံးလိုက်ပါတယ်။
“မဒမ် အန်ဂျလီကာ... ဒီနေ့က နေ့ကောင်းလေးပဲ... ဟုတ်တယ်မလား...”
အန်ဂျလီကာဟာ ခေါင်းမော့ပြီး တဒင်္ဂ အံ့ဩသွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို သူမရဲ့ မျက်နှာမှာ ပီတိပြုံး ပေါ်လာပါတယ်။
“ရှင်က မစ္စတာဗင်းဆင့်ရဲ့ ကြောင်လိုပဲ... လမ်းလျှောက်တာ အသံမကြားရဘူး... ရှင် ကျွန်မ စိတ်ကောင်းဝင်နေတာကို ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ... ဪ ကျွန်မ မေ့သွားတယ်... ရှင်က မျက်နှာလက္ခဏာဆရာပဲ... ဒီလောက်တော့ အပျော့ပဲ... ဟုတ်တယ်မလား...”
ဒီအရောက်မှာ အန်ဂျလီကာဟာ စကားပြောတာ ခဏရပ်ပြီး နှုတ်ခမ်းကို အသာကိုက်ကာ ဦးညွှတ်လိုက်ပါတယ်။
“ကျေးဇူးပါ... မနေ့ညက အကြံပေးချက်အတွက် ကျေးဇူးပါပဲ... ကျွန်မ နေလို့ထိုင်လို့ ပိုကောင်းသွားပြီ... ကျွန်မ ဒီလိုမျိုး ပေါ့ပါးနဲ့ ပျော်ပျော်ရွှင်ရွှင်မရှိတာ တစ်နှစ်လောက် ရှိသွားပြီ”
သူမရဲ့ စိတ်ထဲကလာတဲ့ ကျေးဇူးတင်စကားကို ကြားလိုက်ရတဲ့ ကလိုင်းဟာလည်း ပျော်ရွှင်သွားပါတယ်။ ပျော်ရွှင်မှု ကူးစက်သွားတာပါ။
“ဝမ်းသာပါတယ်”
ကလိုင်းဟာ စကားပြောရင်းနဲ့ သူ့ရဲ့ စိတ်ဝိညာဉ်က ပြောလျော့ပြီး ဖျတ်ဖျတ်လတ်လတ် ဖြစ်သွားတာကို ခံစားမိလိုက်ပါတယ်။
‘ဒါက အမြင်ဆရာဆေးရည် လိုချင်တာလား... ဗေဒင်မေးတဲ့လူကို တကယ်ကူညီနိုင်တဲ့ အမြင်ဆရာမျိုးလား...’ ကလိုင်းဟာ စိတ်ထဲမှာ တွေးရင်းနဲ့ နဖူးလယ်ကို နှစ်ချက်တောက်လိုက်ပါတယ်။
ကလိုင်းဟာ စိတ်ဝိညာဉ်အာရုံ ဖွင့်တာနဲ့ ပိတ်တာက လက်တွေ့မှာ လူသတိမထားမိလောက်တဲ့ အဆင့်အထိ မရောက်သေးတာကို တွေ့လာရပါတယ်။
သို့ပေမဲ့ လောလောဆယ် သူ့ဆီမှာ ဒီထက်ကောင်းတဲ့ နည်းလမ်း မရှိသေးပါဘူး။ သူက မကြာသေးခင်ကမှ အမြင်ဆရာ ဖြစ်လာတာဆိုတော့ သူ့စိတ်ဝိညာဉ်ကလည်း အကန့်အသတ်ကို မရောက်သေးတဲ့အပြင် ကျွမ်းကျင်မှုကလည်း လိုနေပါသေးတယ်။ အဲဒါကြောင့် စိတ်ဝိညာဉ်အာရုံ ခလုတ်လုပ်ဖို့က သင့်တော်တဲ့နေရာ အများကြီး မရှိပါဘူး။ လောလောဆယ်မှာ နဖူးလယ်က အကောင်းဆုံးပါပဲ။
‘ငါ ဆေးရည်ကို လုံးဝချေဖျက်ပြီး အမြင်ဆရာစစ်စစ် ဖြစ်သွားရင် လူသတိမထားမိနိုင်လောက်တဲ့ ခလုတ်ကို ဒီဇိုင်းဆွဲနိုင်လောက်မှာပါ...’ ကလိုင်းဟာ မသိမသာ ခေါင်းညိတ်လိုက်ပြီး တစ်ဝက်ဖွင့်ထားတဲ့ အစည်းအဝေးခန်းဆီ လျှောက်သွားပါတယ်။
“ကော်ဖီ သောက်မလား... လက်ဖက်ရည် သောက်မလား...” အန်ဂျလီကာက အလျင်စလို လှမ်းမေးပါတယ်။
“ဒေစီကော်ဖီ” ကလိုင်းက ပြန်ဖြေပါတယ်။ သူဟာ ဗေဒင်ကလပ်မှာရှိတဲ့ သောက်စရာအကုန်လုံးကို စမ်းသောက်ကြည့်ဖို့ စီစဉ်ထားပါတယ်။
သူ အစည်းအဝေးခန်းထဲ ရောက်တဲ့အခါ အဖွဲ့ဝင် ၆ ယောက် ၇ ယောက်ကို တွေ့လိုက်ရပေမဲ့ အမြဲတမ်း တွေ့နေကျ ဟန်းနစ်ဗင်းဆင့်ကိုတော့ မတွေ့ရပါဘူး။
“မစ္စတာဗင်းဆင့် မလာဘူးလား...” ကလိုင်းဟာ ခြေလှမ်းတုံ့ပြီး မေးခွန်းထုတ်လိုက်ပါတယ်။
အန်ဂျလီကာဟာ အံ့အားသင့်သွားပေမဲ့ “မစ္စတာဗင်းဆင့်က ဒီကို နေ့တိုင်းမလာဘူး... သူ အင်းမတ်ဆိပ်ကမ်းက ဗေဒင်အဖွဲ့တစ်ဖွဲ့မှာ ဟောပြောဖို့ လက်ခံထားတယ်... ရှင် သူ့ကို ရှာနေတာလား...”
“ရှာနေတယ်လို့တော့ မဟုတ်ပါဘူး... ဒီအတိုင်း မမြင်လို့ မေးကြည့်တာပါ... ကျွန်တော် ဒီကိုလာတိုင်း သူ့ကို တွေ့နေကျမလား”
အဲဒီအချိန်မှာပဲ သူဟာ အဖွဲ့ဝင် ၇ ယောက်ထဲက သူနဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ကို သတိထားမိလိုက်ပါတယ်။ အရင်တုန်းက သူ ဗေဒင်မေးခဲ့ဖူးတဲ့ ဂလက်ဆစ်ပါ။
စားပွဲပေါ်က သတင်းအချက်အလက် တချို့ကို တစ်ဖက်မှန်နဲ့ ဖတ်ရှုနေတဲ့ ဂလက်ဆစ်ဟာ တစ်ယောက်ယောက်က သူ့ကို ကြည့်နေတယ်လို့ ရုတ်တရက် ခံစားမိတာကြောင့် ခေါင်းမော့ပြီး လှမ်းကြည့်လိုက်ပါတယ်။
ချက်ချင်းဆိုသလို သူ့မျက်နှာမှာ ပီတိလွှမ်းသွားပြီး လက်နှစ်ဖက်နဲ့ အားယူကာ ချက်ချင်း ကောက်ထပါတယ်။ ပြီးတဲ့အခါမှာတော့ လေလိုအလျင်နဲ့ ကလိုင်းရှေ့ ရောက်လာပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ မစ္စတာမိုရက်တီ... ကျွန်တော်က ခင်ဗျား ဒီနေ့ လာမလားလို့ မျှော်နေတာ... ခင်ဗျားက ဆရာဝန်မဟုတ်ဘဲ မျက်နှာလက္ခဏာဖတ်တဲ့လူလို့ ကျွန်တော် အန်ဂျလီကာဆီကနေ ကြားထားတယ်...”
ကလိုင်းဟာ ပြုံးလိုက်ပါတယ် “ကျွန်တော် တတ်တာ အဲဒါတစ်ခုတည်း မဟုတ်ဘူး... မစ္စတာဂလက်ဆစ်... ခင်ဗျားကြည့်ရတာ နေပြန်ကောင်းလာပြီပဲ”
ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်ပြီး ကြည့်လိုက်တဲ့အခါ ဂလက်ဆစ်ရဲ့ ကျန်းမာရေး ရောင်ဝါက ပုံမှန် ပြန်ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။
“ဟုတ်တယ်... အဲဒီတုန်းက ကျွန်တော် ခင်ဗျားရဲ့ စကားကို နားထောင်ခဲ့ရမှာ... ကံကောင်းတယ် ပြောရမယ်... ကျွန်တော်ရဲ့ အိမ်နားမှာ အံ့ဖွယ်ဆေးဖော်သမားတစ်ဦး ရှိနေတယ်... သူ ကျွန်တော့်မိန်းမကို ပေးလိုက်တဲ့ မှော်ဆေးကြောင့်သာ မဟုတ်ရင် ကျွန်တော် သေရွာ ရောက်နေလောက်ပြီ” ဂလက်ဆစ်က ခံစားချက်အပြည့်နဲ့ ပြောပါတယ်။
တရားဝင် ညသိမ်းငှက် အဖွဲ့ဝင် ဖြစ်တော့မဲ့ ကလိုင်းဟာ အလုပ်သဘောအရ စပ်စုလိုက်ပါတယ် “အံ့ဖွယ်ဆေးဖော်သမား... မှော်ဆေး...”
‘မှော်ဆန်တယ်... ဘယ်လိုမှော်ဆန်တာလဲ... ဒါလည်း သာလွန်သူနယ်ပယ်ထဲမှာနဲ့ တူတယ်’
“သူ ပြောတာတော့ လန်ဘာ့ဂ်က ဆေးမြီးတို တစ်မျိုးတဲ့... အတိုချုပ် ပြောရရင် အဲဒီဆေးက ကျွန်တော်ရဲ့ ရောဂါကို တော်တော်လေး ကုသပေးလိုက်တယ်” ဂလက်ဆစ်ဟာ ကလိုင်း မေးခွန်းရဲ့ ထူးခြားမှုကို သတိမထားမိဘဲ ပုံမှန်အတိုင်း အဖြေပေးပါတယ်။
‘ဆေးမြီးတိုဖော်တဲ့လူ...’ ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်ရင်း စဉ်းစားခန်း ဝင်သွားပါတယ်။
“သူ့နာမည်က ဘယ်လိုခေါ်လဲ... နေတာကရော ဘယ်မှာလဲ... ခင်ဗျားသိတဲ့အတိုင်းပဲ ဗေဒင်ဆရာတွေက အမြဲတမ်း ကျန်းမာနေလိမ့်မယ်လို့ ဘယ်သူမှ အာမခံနိုင်တာ မဟုတ်ဘူး... တစ်ချိန်ချိန်ကျရင် ကျွန်တော်လည်း အဲဒီက ဆေးတချို့ ဝယ်ဖို့ လိုလာနိုင်တယ်”
ကလိုင်းဟာ သူ့ဆရာနဲ့ အတန်းဖော်တွေဆီကနေ ဒီကမ္ဘာရဲ့ လက်ရှိကျန်းမာရေးစနစ်က မွေးကင်းစပဲ ရှိသေးတာကို သိထားပါတယ်။ ရောဂါတော်တော်များများက ဆေးမရှိတာမလို့ မှော်ဆေးတွေနဲ့ အံ့ဖွယ်ဆေးဖော်သမားတွေက ဈေးကွက်ကို ထိန်းချုပ်ထားပါတယ်။ ဒီတော့ ပိုသိထားတာက အကျိုးမယုတ်ပါဘူး။ တစ်နေ့နေ့ကျ အသုံးဝင်လာနိုင်ပါတယ်။
ဂလက်ဆစ်က ရိုးရိုးသားသား ဖြေပါတယ် “သူ့နာမည်က လောဆင်ဒါ့ဝေ့ဒ်... အရှေ့ပိုင်းမြို့နယ်က ဗလက် ၁၈ လမ်းမှာ ဆိုင်သေးသေးလေး ဖွင့်ထားတယ်... ဆိုင်နာမည်က လောဆင်ဆေးမြီးတိုဆိုင်တဲ့”
“ကျေးဇူးပဲ” ကလိုင်းဟာ စိတ်ရင်းနဲ့ ကျေးဇူးတင်စကား ဆိုပါတယ်။
ဂလက်ဆစ်ဟာ တစ်ဖက်လှည့်ပြီး သူ့ဘေးမှာထိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီအချိန်မှာ အန်ဂျလီကာဟာ သူမဖျော်ထားတဲ့ ကော်ဖီခွက်ကို လာချပါတယ်။
ကလိုင်းဟာ တစ်ငုံသောက်ပြီး အရသာခံပါတယ် ‘တောင်ပိုင်းဗီးလ် ကော်ဖီထက်စာရင် ဒေစီကော်ဖီက ပိုပြီးတော့ ရနံ့သင်းတယ်... ဒါပေမဲ့ အရသာက တောင်ပိုင်းဗီးလ်ကို မမီဘူး...’
ဂလက်ဆစ်ဟာ ကလိုင်း ကော်ဖီခွက်ကို အောက်ချတာ တွေ့လိုက်ရတဲ့အခါ “မစ္စတာမိုရက်တီ... ကျွန်တော့်ကို ဗေဒင်တွက်ပေးပါလား... သတ်မှတ်ထားတဲ့ ဟောကြေးကို ပေးပါ့မယ်”
“ရှစ်ပဲနိဆို ရပါတယ်... ဈေးထပ်မတင်ပါဘူး” ကလိုင်းဟာ နဂိုကတည်းက ဗေဒင်တွက်ချက်နေတာဆိုတော့ ရေငတ်တုန်း ရေတွင်းထဲ ကျသွားသလိုပါပဲ “ဗေဒင်တွက်ခန်း လိုလား”
“အင်း... ဥဿဖရားခန်း...” ဂလက်ဆစ်ဟာ ရှေ့ကနေ ဦးဆောင် ထွက်သွားပါတယ်။
ဗေဒင်တွက်ခန်းထဲ ရောက်လို့ တံခါးကို လော့ချပြီးတဲ့အခါ ကလိုင်းဟာ စားပွဲရှည်ရဲ့နောက်မှာ ထိုင်ပြီး လေးနက်တည်ကြည်တဲ့ အသံနဲ့ မေးပါတယ် “မစ္စတာဂလက်ဆစ်... ဘာအကြောင်းအရာကို တွက်ချင်တာလဲ မသိဘူး”
“ကျွန်တော် ရင်းနှီးမြှုပ်နှံချင်တဲ့ အခွင့်အရေးတစ်ခု ရှိတယ်... ဒါပေမဲ့ ပိုက်ဆံပမာဏက အရမ်းများတယ်... မအောင်မြင်ရင် ကျွန်တော်မိသားစုရော ကျွန်တော်ရော အကြီးအကျယ် ထိခိုက်မှာ... အဲဒါ အဲဒီရင်းနှီးမြှုပ်နှံမှု အောင်မြင်မလားဆိုတာ ကျွန်တော် သိချင်တယ်”
“ကျွန်တော်ဘာသာ ကျွန်တော် တဲရော့သုံးပြီးတော့လည်း တွက်ကြည့်ခဲ့သေးတယ်... အင်း... ကျွန်တော်ရဲ့ ဝိညာဉ်ကို သန့်စင်ပြီးတုန်းကပေါ့... ရလဒ်ကတော့ ကောင်းတယ်... ကျွန်တော်ဘာသာ ကျွန်တော် နိမိတ်ကောက်တာဆိုပေမဲ့ အဲဒီသင်္ကေတတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မဖောက်ဖျက်ခဲ့ပါဘူး”
ကလိုင်းဟာ တွေးတောပြီးနောက် ထပ်မေးပါတယ် “အခြေအနေ တစ်ခုလုံးကို နောက်တစ်ခေါက် ပြောပြပေးနိုင်ရင် ပိုကောင်းမယ်... ခင်ဗျားရဲ့ အချက်အလက်တွေကိုလည်း ထပ်ပေးပါ... တခြားလူရဲ့ အချက်အလက်တွေရှိရင် ပိုကောင်းတယ်... ကျွန်တော်တို့တွေ နက္ခတ်စက်ဝန်းနဲ့ တွက်ကြတာပေါ့”
“အင်း...” ဂလက်ဆစ်ဟာ စဉ်းစားပြီး “မစ္စတာလာနယ်ဗို့က ဟွန်းနာဆစ် တောင်တန်းမှာ သံအရည်အသွေးကောင်းတဲ့ ဧရာမ သံတွင်းကြီး တွေ့ထားတယ်... သူက သူ့မှာရှိသမျှ အကုန်လုံး ပုံအောပြီး အဲဒီမြေကို ဝယ်ခဲ့တယ်... ပြီးတော့ ကျွမ်းကျင်ကုမ္ပဏီငှားပြီး စစ်ဆေးကြည့်တဲ့အခါ ရလဒ်က တကယ့်သံတွင်းကြီး ဖြစ်နေတယ်”
“ဒါပေမဲ့ သူ့မှာ နောက်ပိုင်းကိစ္စတွေအတွက် ငွေကြေးအလုံအလောက် မရှိတော့ သံမဏိလုပ်ငန်း ကုမ္ပဏီထောင်ပြီး ဒီပရောဂျက်နဲ့ ဘဏ်ကနေ ပိုက်ဆံချေးတယ်... တစ်ချိန်တည်းမှာ ရှယ်ယာထုတ်ရောင်းပြီး ငွေရင်းရှာတယ်... အစီအစဉ်ကတော့ ပြင်ဆင်တဲ့ အစီအစဉ်မှာပဲ ရှိသေးတယ်... အမြတ်များများ ရမယ်လို့တော့ ကတိပေးထားတယ်”
မကြာသေးခင်ကမှ သတင်းစာ ဖတ်ထားတဲ့ ကလိုင်းဟာ သမိုင်းပညာရှင်ဆိုတော့ ဒီကမ္ဘာမှာ ရှယ်ယာတွေ ရှိတယ်ဆိုတာကို သိပါတယ်။ ဒီရှယ်ယာ အယူအဆကလည်း ဧကရာဇ်ရစ်ဆဲလ်ဆီကနေ ဆင်းသက်လာတာပါ။
‘အင်း... လာပြန်ပြီ သူပဲ’
တောင်ပိုင်းတိုက်ကို နယ်ချဲ့တုန်းက ဧကရာဇ်ရစ်ဆဲလ်ဟာ ဆိုက်ဘရွန်ကုမ္ပဏီထောင် ရှယ်ယာထုတ်ရောင်းပြီး အများပြည်သူဆီကနေ ရန်ပုံငွေရှာကာ နိုင်ငံရဲ့ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ နယ်ချဲ့တာကနေ အဦးဆုံး အကျိုးအမြတ်ကို ရယူနိုင်ခဲ့ပါတယ်။
အမြတ်က မြိုးမြိုးမြတ်မြတ်လေး ရလိုက်တော့ ဒီရှယ်ယာထုတ်ရောင်းတာကို တခြားနေရာတွေမှာ ဆက်ပြီးတော့ သုံးလာကြပါတယ်။ ဥပမာပေးရရင် မီးရထားလမ်း ရှယ်ယာ၊ သတ္တုတွင်းရှယ်ယာ၊ ရေနွေးနွေ ဖွံ့ဖြိုးတိုးတက်မှု ရှယ်ယာနဲ့ တခြားရှယ်ယာတွေပါ။ ဒီရှယ်ယာတွေမှာ အောင်မြင်တာတွေလည်း ရှိသလို ကျရှုံးတာတွေလည်း ရှိပါတယ်။
ဒါပေမဲ့ အဲဒီရှယ်ယာတွေကို အခြေတည်ပြီး ဘက်ကလင် ရှယ်ယာရောင်းဝယ်ရေးလိုမျိုး အဖွဲ့အစည်းတွေ ဖြစ်တည်လာခဲ့ပါတယ်။
ဧကရာဇ်ရစ်ဆဲလ်ဟာ ရှယ်ယာအပြင် ငွေချေးစာချုပ်၊ ယုံမှတ်အပ်နှံငွေနဲ့ တခြားငွေကြေးဆိုင်ရာ ထုတ်ကုန်တွေကိုလည်း ဖန်တီးခဲ့ပါတယ်။ ငွေချေးစာချုပ်တို့ ယုံမှတ်အပ်နှံငွေတို့က အမြတ် ၄ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ရတဲ့ အတည်ငြိမ်ဆုံး ရင်းနှီးမြှုပ်နှံမှုတွေပါ။
ကလိုင်းဟာ ဘန်ဆင်ပြောခဲ့တာကို မှတ်မိနေပါသေးတယ်။ ဘန်ဆင်ဟာ သူသာ ပေါင် ၃၀၀၀ အမွေရရင် အလုပ်ထပ်လုပ်စရာ မလိုတော့ဘူးလို့ ပြောခဲ့ပါတယ်။ နှစ်စဉ်အတိုးနှုန်းက ၅ ရာခိုင်နှုန်းလောက်ရှိတော့ ပေါင် ၃၀၀၀ ရင်းနှီးမြှုပ်နှံထားရင် တစ်နှစ်ဝင်ငွေက ပေါင် ၁၅၀ လောက် ရှိပါတယ်။ ဒီပမာဏက အကြမ်းဖျင်းအားဖြင့် ကလိုင်းရဲ့ လက်ရှိ တစ်နှစ်ဝင်ငွေနဲ့ ညီမျှပါတယ်။
‘ဒါက အငြိမ်းစားသူဌေးပဲ...’ ကလိုင်းဟာ သက်ပြင်းချပြီး ဂရုတစိုက် ထပ်မေးပါတယ် “ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မမှားဘူးဆိုတာ သေချာလား... လာနယ်ဗို့စ်က ယုံကြည်လို့ရတဲ့လူလား”
“ကျွန်တော် သူ့ရဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေနဲ့ စစ်ဆေးရေး အစီရင်ခံစာကို ဖတ်ပြီးပြီ... ဆေးဗလာစ်မြို့နယ် အစိုးရရဲ့ တံဆိပ်နဲ့ ကျွမ်းကျင်ကုမ္ပဏီရဲ့ အတည်ပြုချက်လည်း ပါတယ်... နောက်ပြီး မစ္စတာလာနယ်ဗို့ရဲ့ ရုံးခန်းထဲမှာ လူကြီးမင်းဒူဝီဗို၊ မြို့ဝန်နဲ့ တွဲရိုက်ထားတဲ့ အဖွဲ့ဓာတ်ပုံလည်း ရှိတယ်...” ဂလက်ဆစ်က ခေါင်းညိတ်ပြီး ပြန်ဖြေပါတယ်။
‘အဖွဲ့ဓာတ်ပုံ... အဲဒါနဲ့ ယုံကြည်ရတာနဲ့ ဘာဆိုင်လို့လဲ...’ ကလိုင်းဟာ သတင်းအချက်အလက် ပေါကြွယ်ဝတဲ့ခေတ်မှာ မွေးဖွားခဲ့တာမလို့ ဒီလိုအဖြစ်အပျက်မျိုးတွေကို အများကြီး တွေ့ဖူးပါတယ်။ အဲဒါကြောင့် ဒီဇာတ်လမ်းကို အယုံအကြည် မရှိပါဘူး။
ဒါပေမဲ့ သူ ယုံတာ မယုံတာက အရေးမကြီးပါဘူး။ အဲဒါကြောင့် သူဟာ ဖော့ပင်ကောက်ယူပြီး ဂလက်ဆစ်ပေးတဲ့ သတင်းအချက်အလက်တွေကနေ နက္ခတ်စက်ဝန်း ဖွဲ့ပါတယ်။
အချိန်အတော် ကြာသွားတဲ့အခါမှာတော့ ကလိုင်းဟာ နက္ခတ်စက်ဝန်းကို လက်ညှိုးထိုးပြီး...
“ခင်ဗျားလည်း ဒါကို ကြည့်ပြီး ဒီရင်းနှီးမြှုပ်နှံမှုက မအောင်မြင်ဖို့ ရာခိုင်နှုန်း များတယ်ဆိုတာ ပြောနိုင်မှာပါ... ကြည့်ကောင်းတဲ့ မျက်နှာပြင်အောက်မှာ ချောက်ကြီး ရှိနေတယ်... အဲဒီတော့ ကျွန်တော် အကြံပေးချင်တာကတော့ ရှောင်သွားဖို့ပဲ”
“...” ဂလက်ဆစ်ဟာ တိတ်ဆိတ်သွားပြီး ပါးစပ်ဟောင်းလောင်း လေးငါးကြိမ် ဟပြီးမှ ပိတ်သွားပါတယ်။ သုံးလေးမိနစ်ကြာတဲ့အခါမှာတော့ မချိပြုံးနဲ့ “ကျွန်တော် အိမ်ပြန်ရောက်ရင် သေချာ စဉ်းစားလိုက်ပါ့မယ်”
ဒီအဖြေကို ကြားလိုက်ရတဲ့ ကလိုင်းဟာ တိတ်တဆိတ် သက်ပြင်းချပြီး ခေါင်းသာ ခါမိပါတော့တယ်။ အမြင်ဆရာတစ်ယောက်ရဲ့ မတက်နိုင်မှုကိုလည်း နားလည် သဘောပေါက်သွားပါတယ်။
အမြင်ဆရာက အကြံပဲ ပေးနိုင်ပါတယ်။ တခြားလူတွေအတွက် ဆုံးဖြတ်ချက် မချပေးနိုင်ပါဘူး။
သူတို့နှစ်ယောက် ဥဿဖရားခန်းထဲက ထွက်လိုက်တယ်ဆိုရင်ပဲ အန်ဂျလီကာ လျှောက်လာပြီး “မစ္စတာမိုရက်တီ... လူတစ်ယောက်က ရှင့်ဆီမှာ ဗေဒင်တွက်ချင်နေတယ်”
အဲဒီနောက် သူမဟာ ကလိုင်းနားကပ်ပြီး တိုးတိုးပြောပါတယ် “သူက ကျွန်မဆီကနေ အကြံမတောင်းဘူး... ဓာတ်ပုံအယ်ဘမ်ကိုလည်း ကြည့်တာ မဟုတ်ဘူး”
‘ငါ နာမည် ကြီးလာတာလား...’ ကလိုင်းဟာ ပဟေဠိနဲ့ ဧည့်ကြိုခန်းဘက် လှည့်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။