← Chapters

အိပ်မက် နိမိတ်ကောက်ခြင်း

Vol. 7 Ch. 63

အိပ်မက် နိမိတ်ကောက်ခြင်း

Vol. 7 Ch. 63

ကလိုင်းဟာ ဧည့်ခန်းဆီ ခြေလှမ်း လေးငါးလှမ်း လျှောက်လိုက်တဲ့အခါ ဗေဒင်တွက်မဲ့လူကို မြင်လိုက်ရပါတယ်။ ဒီလူဟာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းမှာ သက္ကလပ်ဦးထုပ် ဆောင်းထားပါတယ်။ သူ့လက်ထဲမှာ သစ်သားကို ရွှေကွပ်ထားတဲ့ လက်ကိုင်တုတ်တစ်ချောင်း ကိုင်ထားပြီး သူ့ရဲ့ ရွှေရောင်ဆံပင်တိုတွေက ဘေးနှစ်ဖက်မှာ ကားကျနေပါတယ်။ သူ့ရဲ့နှာခေါင်းကလည်း သိမ်းငှက်နှုတ်သီးနဲ့ တူပါတယ်။

တုန်လှုပ် ချောက်ချားဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ရတဲ့ အန်နာရဲ့ ခင်ပွန်းလောင်း ဂျွိုင်းမိုင်ယာပါ။ ကလိုင်းဟာ သူ့ကို အိပ်မက်ဗေဒင်တွက်တုန်းက မြင်ဖူးတာမလို့ ချက်ချင်းပဲ အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်။

“မင်္ဂလာ မနက်ခင်းပါ... မစ္စတာမိုင်ယာ...”

“မင်္ဂလာ မနက်ခင်းပါ မစ္စတာမိုရက်တီ...” ဂျွိုင်းဟာ ဦးထုပ်ချွတ်ပြီး ဦးညွှတ်ကာ နှုတ်ဆက်ပါတယ် “ဆရာ အန်နာကို ပေးလိုက်တဲ့ အကြံအတွက် ကျေးဇူးပါပဲ... သူက ဆရာကို ချီးကျူးလို့ကို မဆုံးဘူး”

ကလိုင်းဟာ ရယ်မောပြီး... “ကျွန်တော်က ဘာတစ်ခုမှ ပြောင်းလဲလိုက်တာ မဟုတ်ပါဘူး... ခင်ဗျားကိုယ်ခင်ဗျားပဲ ကျေးဇူးတင်ပါ... ခင်ဗျားရဲ့ ပြတ်သားမှုနဲ့ မျှော်လင့်ချက် ရောင်ခြည်ကြောင့်သာ ဒီလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့တာ...”

အချင်းချင်း နှုတ်ဆက်ပြီးနောက် ကလိုင်းဟာ စိတ်ထဲမှာ မသရော်ဘဲ မနေနိုင်ပါဘူး... ‘ဒါက အချင်းချင်း ပရော်ဖက်ရှင်နယ်ကျကျ ဖော်လံဖားလုပ်တာပဲ...’

“ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော် အသက်ရှင်လျက် ပြန်လာနိုင်တာကို အိပ်မက်မက်နေတယ်လို့ ထင်နေတုန်းပဲ... အဲဒီချောက်ချားစရာကောင်းတဲ့ အဖြစ်အပျက်တွေကို ကျွန်တော် ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာ အခုထိ ကျွန်တော်ကိုယ်ကျွန်တော် မယုံကြည်နိုင်သေးဘူး” ဂျွိုင်းဟာ ခေါင်းခါပြီး ပြောပါတယ်။

ကလိုင်းဆီက စကားပြန်ကို မစောင့်ဘဲ သူဟာ သိချင်စိတ်နဲ့ စပ်စုပါတယ် “ဆရာက ကျွန်တော့်ကို မြင်တာနဲ့ ကျွန်တော် ဘယ်သူလဲဆိုတာ တန်းသိတယ်... ကျွန်တော်ရဲ့ တစ်မူထူးခြားတဲ့ နှာခေါင်းကြောင့်လား... ဒါမှမဟုတ် ကျွန်တော် လာမယ်ဆိုတာကို ကြိုသိနေတာလား...”

“ကျွန်တော်ဆီမှာ ခင်ဗျားရဲ့ အချက်အလက် အပြည့်အစုံ ရှိတယ်... အဲဒါက အမြင်ဆရာ တစ်ယောက်အတွက် လုံလောက်တယ်” ကလိုင်းဟာ ဆရာယောင်လိုမျိုး မသဲမကွဲ အဖြေပေးပါတယ်။

ဂျွိုင်းဟာ မှင်တက်သွားပါတယ်။ ဆယ်စက္ကန့်လောက်ကြာမှ သတိပြန်ဝင်လာပြီး အားယူပြုံးပါတယ်။

“မစ္စတာမိုရက်တီ... ကျွန်တော် ဆရာဆီမှာ ဗေဒင်တွက်ချင်တယ်”

စကားအဆုံးမှာ သူဟာ တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိလိုက်ပါတယ်။ အဲဒါက မစ္စတာမိုရက်တီဟာ သူ့ကိုယ်သူ ဗေဒင်ဆရာလို့ မပြောဘဲ အမြင်ဆရာလို့ ပြောတာပါ။

အမြင်ဆရာ။

“အင်း... ဥဿဖရားခန်းကို သွားကြတာပေါ့” ကလိုင်းဟာ လက်ဟန်ပြပါတယ်။

အဲဒီအချိန်မှာာ ကလိုင်းဟာ အနက်ရောင်ဝတ်ရုံရှည်ကြီး ဝတ်ထားသင့်တယ်လို့ ခံစားလိုက်ရပါတယ်။ အမြင်ဆရာတစ်ယောက်ရဲ့ ထူးခြားဆန်းကြယ်မှုကို ပေါ်လွင်စေဖို့ စကားကိုလည်း အနည်းဆုံးဖြစ်အောင် ပြောပါတယ်။

ဂျွိုင်းမိုင်ယာဟာ ဟောခန်းထဲ ဝင်ပြီးနောက် တံခါးကို လော့ချလိုက်ပါတယ်။ အခန်းအခြေအနေကို သူ အကဲခတ်နေတုန်းမှာ ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်ပြီး စိတ်ဝိညာဉ်အာရုံ ဖွင့်လိုက်ပါတယ်။

ဂျွိုင်းဟာ ထိုင်ခုံမှာ ဝင်ထိုင်ပြီး လက်ကိုင်တုတ်ကို ဘေးချလိုက်ပါတယ်။ အဲဒီနောက် ဖဲပြားနက်လည်စည်းကို ဆွဲပြီး အသံဩဩနဲ့...

“မစ္စတာမိုရက်တီ... ကျွန်တော်ရဲ့ အိပ်မက်ကို နိမိတ်ကောက်ချင်တယ်”

“အိပ်မက်ကို နိမိတ်ကောက်တာလား...” ကလိုင်းဟာ ဒါကို မျှော်လင့်ထားသလိုမျိုး အတည်ပြုချက် ယူတဲ့အနေနဲ့သာ ပြန်မေးသလိုမျိုး ပြုမူပါတယ်။

သူဟာ ဂျွိုင်းရဲ့ ကျန်းမာရေးကို ကိုယ်စားပြုတဲ့ အရောင်တွေက မွဲခြောက်နေပေမဲ့ ဘယ်အရောင်ကမှ နေမကောင်းဖြစ်နေတယ်လို့ မပြတာ တွေ့လိုက်ရပါတယ်။ သူ့ရဲ့ ခံစားချက်ကို ကိုယ်စားပြုတဲ့ ရောင်ဝါတွေက ပြာပြီး နက်မှောင်နေတဲ့အတွက် တော်တော်လေး ထိတ်လန့်နေတယ် ဆိုတာကတော့ သိသာလှပါတယ်။

ဂျွိုင်းဟာ လေးလေးနက်နက် ခေါင်းညိတ်ပါတယ်။

“အယ်ဖာဖာ အင်းမတ်ဆိပ်ကမ်းကို ဆိုက်ကတည်းက ကျွန်တော် ထိတ်လန့် ချောက်ချားစရာကောင်းတဲ့ အိပ်မက်ကို ညတိုင်း မက်တယ်... ဒါက ကျွန်တော် ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့်ဆိုတာ ကျွန်တော် သိတယ်... စိတ်ရောဂါကု ဆရာဝန်ဆီ သွားပြသင့်မယ်လည်း သိတယ်... ဒါပေမဲ့ ကျွန်တော် ဒီအိပ်မက်ကို သာမန်အိပ်မက်မဟုတ်ဘူးလို့ သံသယ ဝင်မိတယ်... သာမန်အိပ်မက်က ညတိုင်း မက်တယ်ဆိုရင်တောင် တချို့အသေးစိတ် အရာတွေက သေချာပေါက် ကွဲမှာပဲ... ဒါပေမဲ့ ဒီအိပ်မက်က ကျွန်တော် မှတ်မိသမျှ အရာအားလုံး အတူတူချည်းပဲ... လုံးဝ မပြောင်းလဲသွားဘူး...”

“အမြင်ဆရာတွေက ဒီလိုအိပ်မက်မျိုးကို နတ်ဘုရားရဲ့ ဆက်သွယ်မှုလို့ သဘောထားတယ်” ကလိုင်းဟာ အကြံပေးတာနဲ့ ရှင်းပြတာ တစ်ဝက်စီရောပြီး ပြောပါတယ် “ခင်ဗျားရဲ့ အိပ်မက်ကို ပြောပြပေးလို့ရမလား”

ဂျွိုင်းဟာ လက်သီးဆုပ်လိုက်ပြီး တစ်အောင့်ကြာအောင် စဉ်းစားခန်း ဝင်သွားပါတယ်။ ပြီးတော့မှ...

“ကျွန်တော် အယ်ဖာဖာကနေ သမုဒ္ဒရာထဲ ပြုတ်ကျသွားတယ်လို့ အိပ်မက်မက်တယ်... အဲဒီသမုဒ္ဒရာက သွေးပုပ်တွေနဲ့ ပြည့်နေသလိုမျိုး နီရဲပြီး နက်မှောင်နေတယ်...”

“ကျွန်တော် သမုဒ္ဒရာထဲ ပြုတ်ကျတော့ သင်္ဘောပေါ်မှာပါတဲ့ လူတစ်ယောက်က ကျွန်တော့်ကို လှမ်းဆွဲတယ်... အဲဒီလူ ဘယ်သူလဲဆိုတာ ကျွန်တော် မသိဘူး... ဒါပေမဲ့ သူ အားကြီးတာကိုတော့ ကျွန်တော် သိတယ်”

“ကျွန်တော်ကလည်း လူတစ်ယောက်ကို ပင်လယ်ထဲ ပြုတ်မကျအောင် ဖမ်းဆွဲထားတယ်... အဲဒီလူကိုတော့ ကျွန်တော် သိတယ်... သူက အယ်ဖာဖာမှာပါတဲ့ ခရီးသည် ယုနစ်ကင်ပဲ...”

“သူ့ရဲ့ ကိုယ်အလေးချိန်နဲ့ ရုန်းကန်မှုကြောင့် ကျွန်တော် သူ့ကို မနိုင်ဘဲ လက်လွှတ်မိလိုက်တယ်... သူ သွေးပင်လယ်ထဲ ပြုတ်ကျသွားတာကို ဒီအတိုင်း ကြည့်နေခဲ့ရတယ်”

“အဲဒီအချိန်မှာပဲ ကျွန်တော့်အထက်က လူကလည်း သူ့လက်ကို လွှတ်လိုက်တယ်... ကျွန်တော်လည်း အားကိုးရာမဲ့သွားတော့ ရရာဆွဲကိုင်ဖို့ ကြိုးစားတယ်... ဒါပေမဲ့ ဘာမှ မကိုင်မိဘဲ အောက်ကို ထိုးကျသွားတယ်...”

“အဲဒါလည်းပြီးရော ကျွန်တော် လန့်နိုးတာပဲ... ကျောတွေရော နဖူးတွေရော ချွေးတွေ စိုရွှဲနေတာပဲ”

ကလိုင်းဟာ တွေးတောဟန်နဲ့ နဖူးလယ်ကို အသာတောက်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဘာပြောရမလဲဆိုတာ စဉ်းစားပြီး...

“မစ္စတာမိုင်ယာ... ဒီလိုမျိုး ထပ်ခါထပ်ခါ မက်နေတဲ့ အိပ်မက်ဆိုးတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲ... သူတို့နဲ့ ပတ်သက်တဲ့ ရင်းမြစ်တစ်ခုစီ ရှိကြတယ်... အိပ်မက်ဆိုးတစ်ခုကို ထပ်ခါထပ်ခါ မက်နေတယ်ဆိုတာက ခင်ဗျားရဲ့ စိတ်ဝိညာဉ်က ခင်ဗျားကို သတိပေးနေတာပဲ... နတ်ဘုရားရဲ့ စကားတော်လို့လည် ပြောလို့ရတယ်”

ဂျွိုင်း ခေါင်းရှုပ်သွားတာကို တွေ့လိုက်ရတဲ့အတွက် ကလိုင်းဟာ အသေးစိတ် ရှင်းပြပါတယ်... “အယ်ဖာဖာပေါ်မှာ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် အတိအကျမသိပေမဲ့ သွေးသံရဲရဲဆိုတာကိုတော့ ကျွန်တော် အတပ်ပြောနိုင်တယ်... အဲဒါက ခင်ဗျားကို စိတ်ဒဏ်ရာ အကြီးကြီး ပေးလိုက်တယ်”

ဂျွိုင်း ခေါင်းညိတ်သွားတာကို ကြည့်ပြီး ကလိုင်းဟာ ဆက်ပြောပါတယ် “ခင်ဗျား သင်္ဘောပေါ်မှာ အရမ်းကြောက်ပြီး အရမ်းလန့်ခဲ့လိမ့်မယ်... ဒီလိုမျိုး ပြင်းထန်တဲ့ ခံစားချက်တွေ လွှမ်းမိုးလာရင် လူတစ်ယောက်က သတိနည်းသွားရော... အဲဒီအခါကျရင် သာမန်အရာတွေကို သတိမမူတော့ဘူး... မေ့သွားတတ်တယ်... အဲဒါက အဲဒီအရာတွေကို မတွေ့မမြင်ခဲ့ဘူးလို့ မဆိုလိုဘူး... ခင်ဗျားက အဲဒီအရာတွေကို လျစ်လျူရှုလိုက်တာ... ကျွန်တော်ပြောတာ နားလည်လား...”

“ခင်ဗျားရဲ့ မသိစိတ်... ခင်ဗျားရဲ့ စိတ်ဝိညာဉ်ထဲမှာ... ခင်ဗျားလျစ်လျူရှုထားတဲ့ ခင်ဗျား မေ့လိုက်တဲ့ အရာတွေက ပျောက်မသွားဘူး... အဲဒီအရာက အရေးကြီးတယ်ဆိုရင် ခင်ဗျားရဲ့ စိတ်ဝိညာဉ်က အဲဒီအရာကို အိပ်မက်အဖြစ်ပြောင်းပြီး ခင်ဗျားကို သတိပေးတယ်”

‘အရင်တုန်းက ငါလည်း အဲဒီလိုမျိုး ခံစားခဲ့ရဖူးတယ်... နောက်ကျမှ မှတ်စုစာအုပ်က ရေးဘီဘာဆီမှာ ဆိုတာကို သိတယ်... ဒါပေမဲ့ ငါက ပိုခံစားနိုင်ပြီး စိတ်ဝိညာဉ်အား ပိုကောင်းတယ်... ဂမ္ဘီရ အသိပညာတွေလည်း ရှိတယ်... အဲဒါကြောင့် ခပ်မြန်မြန် အဖြေထုတ်နိုင်ခဲ့တာ...’

ကလိုင်းဟာ သုံးလေးစက္ကန့်လောက် ရပ်ပြီး ဂျွိုင်းမိုင်ယာရဲ့ မျက်လုံးထဲကို စိုက်ကြည့်လိုက်ပါတယ်။

“ခင်ဗျား လက်လွှတ်လိုက်လို့ သွေးပင်လယ်ထဲ ကျသွားတဲ့ မစ္စတာယုနစ်ကင်က ဘဝဇာတ်မသိမ်းခင် သင်္ဘောပေါ်မှာ တစ်ခုခု တောင်းဆိုခဲ့သေးလား...”

ဂျွိုင်းရဲ့ ခန္ဓာကိုယ်ဟာ ဆတ်ခနဲ ဖြစ်သွားပါတယ်။ သူဟာ လေးငါးကြိမ် ပါးစပ်ဟလိုက် ပိတ်လိုက် လုပ်ပြီးမှ အဖြေပေးပါတယ်။

“တောင်းဆိုခဲ့တယ်... ဒါပေမဲ့ ကျွန်တော် သူ့ကို မသနားဘူး... နောက်သုံးလေးရက် ဒါမှမဟုတ် တစ်ပတ်လောက်ဆိုရင် သူ ဘယ်လောက်ထိ ရက်စက် ယုတ်မာလဲဆိုတာကို ဆရာ သတင်းစာထဲမှာ ဖတ်ရလိမ့်မယ်... သူက အနည်းဆုံး အမျိုးကောင်းသမီး သုံးဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး မွေးကင်းစ ကလေးလေးကို ပင်လယ်ထဲ ပစ်ချခဲ့တယ်... ဆင်ခြင်တုံတရား ပျောက်သွားတဲ့ အရိုင်းအစိုင်းတွေကို ဦးဆောင်ပြီး သင်္ဘောပေါ်က ခရီးသည်တွေနဲ့ သင်္ဘောသားတွေကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့တယ်”

“သူက အားကြီးတယ်... ကောက်ကျစ်တယ်... ယုတ်မာတယ်... ကျွန်တော် သူ့ကို တားလည်း မတားနိုင်သလို တားလည်း မတားရဲဘူး... သူ့ရှေ့မှာရပ်ရင် ကျွန်တော် အသက်နဲ့ကိုယ် အိုးစားကွဲသွားမှာ...”

“ကျွန်တော်က ခင်ဗျား လုပ်ခဲ့တာကို သံသယဝင်နေတာ မဟုတ်ဘူး” ကလိုင်းဟာ သူ ဘယ်ဘက်မှာ ရပ်တည်လဲဆိုတာကို ရှင်းလင်းအောင် လုပ်ပြီး ဆက်ရှင်းပြပါတယ်။

“ဒါပေမဲ့ ခင်ဗျားရဲ့ အိပ်မက်က... ခင်ဗျား နောင်တရပြီး ဝမ်းနည်းနေတယ်... အဲဒီတုန်းက သူ့လက်ကို မလွှတ်ခဲ့သင့်ဘူးလို့ ခင်ဗျား ခံစားနေရတယ်လို့ ကျွန်တော့်ကို ပြောနေတယ်... ခင်ဗျား သူ့ကို သတ်တာက တရားတယ်လို့ထင်ရင် ဘာဖြစ်လို့ နောင်တရပြီး ဝမ်းနည်းနေရတာလဲ... အိပ်မက်ထဲမှာ အဲဒီအရာကို ထပ်ခါထပ်ခါ မက်ရတဲ့အထိ စိတ်ထဲမှာ စွဲနေရတာလဲ...”

“ကျွန်တော်လည်း မသိဘူး...” ဂျွိုင်းဟာ ခေါင်းခါလိုက်ပါတယ်။ သူလည်း ဒီကိစ္စကို နားမလည်နိုင်ပါဘူး။

ကလိုင်းဟာ လက်ပိုက်ပြီး အခြေအနေကို ပိုင်းခြားစိတ်ဖြာပါတယ်။

“ခုနက ကျွန်တော် ပြောတာနဲ့ ပေါင်းတွေးရင် ခင်ဗျား တစ်ခုခုကို မေ့နေပုံပဲ... ယုနစ်ကင် ပြောခဲ့တာ ဘာပဲဖြစ်ဖြစ် တောင်းပန်တာပဲဖြစ်ဖြစ် သူ့ကိုယ်သူ ပြောတာပဲဖြစ်ဖြစ်... တစ်ခုခု ရှိလား... ကျွန်တော် ဒီအဖြစ်အပျက်ကို ခင်ဗျားကိုယ်စား စဉ်းစားပေးလို့မရဘူး... အဲဒီတော့ ခေါင်းအေးအေးထားပြီး သေချာ စဉ်းစားပါ”

“ဘာမှမရှိဘူး... အဲဒီတုန်းက သူပြောခဲ့တာက ‘အသက် ချမ်းသာပေးပါ... ကျွန်တော် အညံ့ခံပါတယ်’ ဆိုတာပဲ...” ဂျွိုင်းဟာ ဝေခွဲမရ ရေရွတ်လိုက်ပါတယ်။

ကလိုင်းဟာ ဘာဖြစ်ခဲ့လဲဆိုတာ အတိအကျ မသိတဲ့အတွက် အိပ်မက်ကနေ သူနားလည်ထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးတော့ပဲ လမ်းညွှန်ပေးနိုင်ပါတယ်။

“ခင်ဗျားက ယုနစ်ကင် အသက်ရှင်လျက် ရှိနေရင် ပိုပြီးတော့ အသုံးဝင်လိမ့်မယ်လို့ ခံစားနေရတာ ဖြစ်နိုင်တယ်... သူက တစ်ခုခုကို သက်သေပြတာ ဒါမှမဟုတ် တစ်ခုခုကို ရှင်းပြနိုင်မယ်ဆိုပြီးတော့ပေါ့...”

ဂျွိုင်းဟာ မျက်မှောင်ကြုတ်သွားပြီး တစ်အောင့်ကြာမှ...

“ဟုတ်မယ်... ကျွန်တော် အခုအချိန်ထိ အယ်ဖာဖာပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက ရုတ်ခြည်းဆန်ပြီး ခဏလေးနဲ့ အကြီးအကျယ် ဖြစ်သွားတယ်လို့ ခံစားနေရတုန်းပဲ... လူတိုင်းရဲ့ နှလုံးသားထဲမှာရှိတဲ့ အမှောင်ခြမ်းက အထိန်းအချုပ်မဲ့ ပေါက်ကွဲထွက်လာသလိုပဲ... အဲဒါက လုံးဝကို ထူးဆန်းလွန်းတယ်... ကျွန်တော်က ယုနစ်ကင်ကို ဘာဖြစ်လို့ အဲဒီလောက်ထိ ရက်စက် ယုတ်မာရတာလဲဆိုပြီး စစ်မေးချင်တာ ဖြစ်မယ်...”

ဂျွိုင်းရဲ့ စကားကို ကြားလိုက်ရတဲ့ ကလိုင်းဟာ ရုတ်တရက်ဆိုသလို အသိဉာဏ် လင်းလက်သွားပါတယ်။

“မဟုတ်ဘူး... အဲဒီအကြောင်းရင်း တစ်ခုတည်းကြောင့် မဟုတ်ဘူး”

“ဟင်...” ဂျွိုင်းဟာ လန့်သွားပါတယ်။

ကလိုင်းဟာ လက်ပိုက် မေးငေါ့ပြီး ဂျွိုင်းရဲ့ မျက်လုံးထဲကို တည့်တည့် စိုက်ကြည့်ကာ အားပါတဲ့လေသံနဲ့ တစ်လုံးချင်း ပြောလိုက်ပါတယ်။

“ခင်ဗျားက ဒီကိစ္စ ထူးဆန်းလွန်းတာကို သိခဲ့တဲ့အပြင် ခင်ဗျား သတိမမူမိတဲ့ အရာတချို့ကိုလည်း မြင်ခဲ့တယ်... အဲဒီခင်ဗျား သတိမမူမိတဲ့ အရာတွေကို အတူပေါင်းလိုက်ရင် ကြောက်စရာကောင်းတဲ့ အဖြေ ထွက်လာတယ်...”

“အဲဒါကြောင့် ခင်ဗျားရဲ့ စိတ်ဝိညာဉ်က သံသယဝင်စရာ အကောင်းဆုံးလူ ရှိတယ်လို့ ပြောနေတာပဲ... အဲဒီလူက ခင်ဗျားရဲ့ အိပ်မက်ထဲမှာ ခင်ဗျားရဲ့ လက်ကို ဖမ်းဆွဲထားပြီး နောက်ဆုံးမှာ လွှတ်ချလိုက်တဲ့လူပဲ... ခင်ဗျား သူ့ကို သံသယ မဝင်မိတော့ သူ ဘယ်သူဘယ်ဝါလဲဆိုတာကို မခွဲခြားနိုင်တော့ဘူး... သူက ခင်ဗျားရဲ့ အဖော်၊ ခင်ဗျားရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်ခဲ့တဲ့လူ ဒါမှမဟုတ် ခင်ဗျားကို ကယ်တင်ဖူးတဲ့လူ ဖြစ်လိမ့်မယ်”

ဂျွိုင်းဟာ ရုတ်တရက် နောက်မှီလိုက်ပြီး နဖူးမှာ ချွေးစို့လာတဲ့အထိ စဉ်းစားပါတယ်။ သူ့မျက်လုံးတွေကလည်း ဝေခွဲမရမှုတွေ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေပါတယ်။

“ကျွန်တော်... ကျွန်တော် သတိရပြီ”

ဂျွိုင်းဟာ ရုတ်တရက် မတ်တတ် ကောက်ရပ်လိုက်တဲ့အတွက် သူ့ထိုင်ခုံဟာ ယိမ်းယိုင်ပြီး လဲကျလုနီး ဖြစ်သွားပါတယ်။

“မစ္စတာထရစ်...” သူဟာ ဒီနာမည်ကို ပြောဖို့ အားကုန်သုံးလိုက်ရပါတယ်။

‘သူက ဖော်ဖော်ရွေရွေရှိပြီး မျက်နှာဝိုင်းဝိုင်းနဲ့ ရှက်တတ်တဲ့ ကောင်လေးပဲ... သူက ငါတို့တွေကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းပဲ’

ကလိုင်းဟာ ဂျွိုင်းရဲ့ အတွေးတွေကို ဝင်မနှောင့်ယှက်ဘဲ မသိမသာ နောက်မှီထိုင်ပြီး အေးအေးလူလူ စောင့်ဆိုင်းပါတယ်။

ဂျွိုင်းရဲ့ မျက်နှာအမူအရာဟာ လေးငါးဆယ်ကြိမ် ပြောင်းလဲသွားပြီး နောက်ဆုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ အနည်းငယ်လည်း ဖျော့တော့သွားပါတယ်။

သူဟာ မချိတင်ကဲ ပြုံးလိုက်ပါတယ်။

“ကျွန်တော် နားလည်ပြီ... ကျွန်တော်ရဲ့ အိပ်မက်ကို အဓိပ္ပာယ်ကောက်ပေးတဲ့အတွက် ကျေးဇူးပါပဲ... ကြည့်ရတာ ကျွန်တော် ရဲစခန်းဆီ တစ်ခေါက် သွားရမယ် ထင်တယ်”

သူဟာ သားရေပိုက်ဆံအိတ်ထဲကနေ တစ်ဆိုလီတန် တစ်ရွက်ကို ထုတ်ယူလိုက်ပါတယ်။

“ဒီပိုက်ဆံက ဆရာရဲ့ တန်ဖိုးက အပြည့်အဝ ကိုယ်စားပြုနိုင်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး... ဒါပေမဲ့ ဆရာက ဒီလောက်ပဲ တောင်းတာဆိုတော့ ကျွန်တော်လည်း ဒီလောက်ပဲ ပေးနိုင်တယ်... ဆရာရဲ့ ဟောကြေးပါ...” ဂျွိုင်းဟာ ပိုက်ဆံကို ကလိုင်းဆီ တိုးပေးပါတယ်။

‘၁၀ ပေါင် ပေးရင်လည်း ငါက စိတ်မရှိပါဘူး... တစ်ဆိုလီ... မင်းလည်း မင်းဇနီးလောင်းလိုပါပဲလား...’

ကလိုင်းဟာ ဆရာယောင်လိုမျိုး ထူးခြားဆန်းကြယ်မှုကို ထိန်းသိမ်းရင်း အပြုံးနဲ့ ပိုက်ဆံပေါ် လက်တင်လိုက်ပါတယ်။

ဂျွိုင်းဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ဦးထုပ်ဆောင်းကာ တံခါးဆီ လျှောက်သွားပါတယ်။ တံခါးဖွင့်နေတုန်းမှာ သူဟာ ရုတ်တရက် နောက်ပြန်လှည့်လာပြီး ရင်ထဲကလာတဲ့ အသံနဲ့...

“ကျေးဇူးပါပဲ ဆရာကြီး မိုရက်တီ”

‘ဆရာကြီး...’ ကလိုင်းဟာ သူ့ကိုယ်သူ ရယ်မိလိုက်ပါတယ်။ သူဟာ ဂျွိုင်း ဗေဒင်ဟောခန်းထဲက ထွက်သွားတာကို ကြည့်ရင်း စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ်။

‘အယ်ဖာဖာပေါ်မှာ ဖြစ်ပျက်ခဲ့တာတွေက သာမန်မဟုတ်ပုံပဲ... ကပ္ပတိန်သာ ဒီမှာရှိရင် ဂျွိုင်းမိုင်ယာရဲ့ အိပ်မက်ထဲက အဖြစ်ပျက် အကုန်လုံးကို နားလည်နိုင်မှာ သေချာတယ်...’

.....

အင်္ဂါနေ့ အရုဏ်ဦး။

ဘက်ကလင်၊ အရှေ့ပိုင်းမြို့နယ်။

စောစောနိုးလာတဲ့ အော်ဒရီဟာ သူမရဲ့ ရွှေရောင်ခွေးကြီး ဆူဇီကို လက်ယပ်ခေါ်ပြီး လေးလေးနက်နက် ပြောပါတယ်။

“ဆူဇီ... နင်ကလည်း အခု သာလွန်သူ ဖြစ်သွားပြီ... ငါတို့တွေက အတူတူ... အဲ... မဟုတ်ပါဘူး... ငါ ပြောချင်တာက ငါတို့တွေ တစ်ယောက်ကို တစ်ယောက် ကူညီရမယ်... နောက်ပြီးကျရင် ငါ့ကို ဘယ်သူမှ လာမနှောင့်ယှက်အောင် တံခါးကို စောင့်ကြည့်ထား... ငါ အစီအရင်တစ်ခု လုပ်စရာ ရှိတယ်”

ဆူဇီဟာ သူ့သခင်မကို ကြည့်ပြီး ကျွဲမြီးတိုတဲ့ အမူအရာနဲ့ အမြီးနန့်ပြပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters