လှုံ့ဆော်သူ
Vol. 7 Ch. 64
ဆူဇီကို ညွှန်ကြားပြီးနောက် အော်ဒရီဟာ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပါတယ်။ သူမဟာ အစီအရင်ကြောင့် မကောင်းတာ တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်နေတာပါ။
“ဒီလိုလုပ်မယ်...” ပွဲကြည့်သမား အခြေအနေထဲ ဝင်လိုက်တဲ့အခါ သူမရဲ့ မျက်လုံးတွေဟာ တည်ငြိမ်သွားပြီး မကြာခင်မှာပဲ ဘာတွေစီစဉ်ရမလဲဆိုတာ သိသွားပါတယ်။
အော်ဒရီဟာ အိပ်ခန်းတံခါး ဖွင့်ပြီး ဆူဇီကို ပြောပါတယ် “ဆူဇီ... ဒီမှာထိုင်... အန်နီနဲ့ တခြားလူတွေ အတင်းဝင်လာဖို့ ကြိုးစားရင် ရေချိုးခန်းထဲ ချက်ချင်းလာပြီး ငါ့ကို သတင်းပေး...”
သူမ ဒီလိုစီစဉ်ရတာက သူမရဲ့ အိမ်ဖော်မှာ သူမအိပ်ခန်းတံခါးကို ဖွင့်နိုင်တဲ့ သော့ရှိနေတာကြောင့်ပါ။
ဆူဇီဟာ သူမကို ဇဝေဇဝါကြည့်ပြီး အမြီးသုံးခါ နန့်ပြပါတယ်။
“တော်တယ်... ဒီနေ့ နေ့လယ်စာကို နင်စားချင်တာ ကျွေးမယ်...” အော်ဒရီဟာ ဆူဇီကို လက်သီးနဲ့ အသာထုပါတယ်။
ဆူဇီကို ချီးကျူးပြီးနောက် အော်ဒရီဟာ ရေချိုးခန်းထဲ ဝင်ပါတယ်။ စတုဂံပုံ ရေချိုးကန်က အနားတစ်ဖက်ကို သုံးလေးမီတာ ရှိပါတယ်။ ရေချိုးကန်ထဲက ကြည်လင်တဲ့ရေဟာ လှိုင်းနည်းနည်းထပြီး အငွေ့နည်းနည်း ထနေပါတယ်။ အိပ်မက်ထဲက မြင်ကွင်းတစ်ခုလိုပါပဲ။
အော်ဒရီဟာ ပုလင်းတွေ အများကြီး တင်ထားတဲ့ ထောင့်မှန်စတုဂံပုံ စားပွဲတစ်လုံးကို ရှင်းလင်းပါတယ်။ အဲဒီနောက် အပြင်ထွက်ပြီး ဖယောင်းတိုင်တွေ ယဇ်ပစ္စည်းတွေနဲ့ အဖြူရောင်ဝတ်ရုံကို ရေချိုးခန်းထဲ သယ်လာပါတယ်။
ပြီးတဲ့အခါမှာတော့ သူမဟာ ရေချိုးခန်းတံခါးကို ချက်ချင်း ပိတ်လိုက်ပါတယ်။
ယူစရာရှိတာ ယူပြီးသွားပြီမလို့ အော်ဒရီဟာ သက်ပြင်းရှည်ကြီး ချပြီး ဖယောင်းတိုင် လေးတိုင်ဘေးက ပုလင်းပြာကို ကောက်ယူလိုက်ပါတယ်။
ဆလင်ဒါပုံ အပြာရောင် ပုလင်းက အလင်းရောင်အောက်မှာ ဝင်းလဲ့နေပါတယ်။ ဒီပုလင်းထဲမှာ ရှိနေတာက သူမ မနေ့ညက စစ်ထုတ်ခဲ့တဲ့ အဆီပါ။ ဂမ္ဘီရပညာကို ရူးမူးတဲ့လူဆိုတော့ သူမဆီမှာ ဒီလိုမျိုး ပစ္စည်းတွေနဲ့ ပတ်သက်ပြီး သုတေသန လုပ်ထားတာတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် သူမဆီမှာ သူမဘာသာ ဖော်စပ်ထားတဲ့ ရေသန့်၊ ပန်းဆီ၊ ရေမွှေး၊ အဆီနဲ့ အမွှေးတိုင်မျိုးစုံ ရှိပါတယ်။
သူမဟာ အရူးရဲ့ ညွှန်ကြားမှုအတိုင်း အဦးဆုံး ပြင်ဆင်မှုကို ပြင်ဆင် ပြီးသွားပါပြီ။
“လပန်း၊ ရွှေရောင်ပင်စိမ်း၊ ညအိပ်ပန်း၊ နတ်ဘုရားလက်နဲ့ ကျောက်နှင်းဆီ... ဘယ်လို ရောနှောမှုမျိုးကြီးလဲ...” အော်ဒရီဟာ အသာ ရေရွတ်လိုက်ပါတယ် “အို... အစီအရင်မလုပ်ခင် ခန္ဓာကိုယ်ကို သန့်ရှင်းပြီး စိတ်ငြိမ်အောင် ထားရမယ်... ဒါက နတ်ဘုရား... အဲ ဦးတည်ရာကို လေးစားသမှု ပြတာပဲ”
သူမဟာ လုပ်ရမဲ့ အရာတွေ အကုန်လုံးကို ခေါင်းထဲမှာတွေးရင်း အစီအရင်မှာ သုံးရမဲ့ မရှိမဖြစ် အဆီကို ရေချိုးကန်ဘေး ထားလိုက်ပါတယ်။ အဲဒီနောက် သူမရဲ့ အိမ်နေရင်း အဝတ်အစားကို ချွတ်လိုက်ပါတယ်။
ပိုးထည် အဝတ်တွေဟာ အဝတ်လျှော်ခြင်းထဲကို တစ်ထည်ပြီးတစ်ထည် ကျသွားပါတယ်။ အော်ဒရီဟာ သူမရဲ့ ဆံပင်ကို ထုံးဖွဲ့ပြီး ရေရဲ့အပူချိန်ကို လက်နဲ့ စမ်းကြည့်ပါတယ်။ ပြီးတဲ့အခါမှာတော့ ရေချိုးကန်ထဲကို ဂရုတစိုက် လှမ်းဝင်ပြီး သူမရဲ့ ခန္ဓာကိုယ်ထဲကို ရေနွေးနွေးလေးထဲ ဖြည်းဖြည်းချင်း နှစ်လိုက်ပါတယ်။
“ဟူး...”
သူမဟာ တစ်ကိုယ်လုံး နွေးထွေးပြီး သက်သောင့်သက်သာ ရှိသွားပါတယ်။ သာမန်ထက် ပိုပြီးတော့ အညောင်းအညာ ပြေသွားတယ်လို့လည်း ခံစားလိုက်ရပါတယ်။
‘ငါ လက်ချောင်းတစ်ချောင်းတောင် မလှုပ်ချင်တော့ဘူး...’ အော်ဒရီဟာ ဒီခံစားချက်ထဲကနေ အတင်း ရုန်းထွက်ပြီး ပုလင်းပြာကို လှမ်းယူကာ ရေထဲ သုံးလေးစက် ချလိုက်ပါတယ်။
ဒီအခါ သင်းရနံ့တစ်ခုဟာ လေနဲ့အတူ လွှင့်မျောသွားပြီး လန်းဆန်းတက်ကြွစေတဲ့ ရနံ့တစ်ခုဟာ တိတ်ဆိတ်တဲ့ ရေချိုးခန်းတစ်ခန်းလုံး ပြည့်သွားပါတယ်။ အော်ဒရီဟာ ဒီရနံ့ကို သုံးလေးကြိမ် ရှူရှိုက်ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ်။
“မဆိုးဘူး... အနံ့လေးက တကယ်ကို ကောင်းတယ်”
‘ဘယ်လောက်တောင် အညောင်းအညာ ပြေလိုက်လဲ... ဘယ်လောက်တောင် သက်သောင့်သက်သာ ရှိလိုက်လဲ...’
‘ငါ လုံးဝ မလှုပ်ရှားချင်တော့ဘူး... ဒီနေရာမှာပဲ တိတ်တိတ်လေး လဲလျောင်းချင်တော့တယ်’
‘တိတ်တိတ်လေး... တိတ်တိတ်လေး... တိတ်...’
အချိန် ဘယ်လောက် ကုန်သွားမှန်း မသိတဲ့ အော်ဒရီဟာ ခွေးဟောင်သံကို ရုတ်တရက် ကြားလိုက်ရမှ အလန့်တကြား မျက်လုံးဖွင့်ပြီး ကြည့်လိုက်တဲ့အခါ ဘယ်တုန်းက တံခါးဖွင့်ပြီး ဝင်လာမှန်းမသိတဲ့ ဆူဇီကို တွေ့လိုက်ရပါတယ်။ ဆူဇီဟာ ရေချိုးကန်အပြင်မှာ ထိုင်ပြီး သူမကို မကြည်မလင်တဲ့မျက်နှာနဲ့ ကြည့်နေပါတယ်။
အော်ဒရီဟာ မျက်လုံးပွတ်ရင်း ရေက သိသိသာသာ အေးကျသွားတာကို ခံစားမိလိုက်ပါတယ်။
‘ငါ... ငါ အိပ်ပျော်သွားတာလား...’ သူမဟာ သူမကိုယ်သူမ စိတ်ထဲမှာ မေးမိလိုက်ပါတယ်။
ဆူဇီဟာ ဟောင်လည်းမဟောင် အမြီးလည်းမနန့်ဘဲ သူမကို ကြည့်နေပါတယ်။
“ဟားဟား... အစီအရင်မှာ သုံးရမဲ့ မရှိမဖြစ်အဆီက တကယ်ကို ကောင်းတာပဲ... အင်း... တကယ်ကို ကောင်းတယ်” အော်ဒရီဟာ ခြောက်ခြောက်ကပ်ကပ် ရယ်ရင်း ပျော်ရွှင်တဲ့အသံနဲ့ ပြောလိုက်ပါတယ်။ အဲဒီနောက် သူမဟာ မတ်တတ်ရပ်ပြီး တဘက်လှမ်းယူကာ ရေသုတ်ပါတယ်။
“ဆူဇီ... ဆက်ပြီးတော့ စောင့်ကြည့်နေ... အန်နီနဲ့ တခြားလူတွေကို အထဲမဝင်စေနဲ့”
ဆူဇီ ထွက်သွားတော့မှ အော်ဒရီဟာ တိတ်တိတ်လေး လျှာထုတ်လိုက်ပါတယ်။ ပြီးတော့မှ တဘက်ကို ဘေးပစ်ပြီး သန့်ရှင်းတဲ့ ဝတ်ရုံဖြူကို ဝတ်ဆင်ပါတယ်။ အဲဒီနောက် ရေချိုးခန်းတံခါးကို ပိတ်ပြီး သူမ အလွတ်ကျက်ထားတဲ့ အစီအရင်ကို ပြန်တွေးပါတယ်။
အဲဒီနောက် သူမဟာ ဖယောင်းတိုင်လေးတိုင်ကို ကောက်ယူပြီး စားပွဲခုံရဲ့ ထောင့်လေးထောင့်မှာ ထားလိုက်ပါတယ်။
‘ပေါင်မုန့်ဖြူတစ်လုံးကို ဘယ်ဘက်ထောင့်... ဖေးနားပေါ်တာ ခေါက်ဆွဲတစ်ပန်းကန်ကို ညာဘက်ထောင့်... အနံ့လေးက မွှေးနေတာပဲ... ဒါပေမဲ့ နည်းနည်း အေးနေပြီ... မဟုတ်သေးပါဘူး... အခုအချိန်က ဒါတွေ စဉ်းစားနေရမဲ့အချိန် မဟုတ်ဘူး... စပိန်ထမင်းကြော်က ဘယ်ဘက်အောက်ထောင့်... ဒေစီမုန့်ချပ်က ညာဘက်အောက်ထောင့်...’
အော်ဒရီဟာ အရူးရဲ့ ပြောကြားချက်အတိုင်း ယဇ်ခုံကို လေးလေးနက်နက် ပြင်ဆင်ပါတယ်။ ဒီလိုပြင်ဆင်နေတုန်းမှာ သူမဟာ ခေါင်းနှစ်ခါ ခါလိုက်ပါတယ်။
ပြင်ဆင်လို့ ပြီးသွားတဲ့အခါမှာတော့ သူမဟာ ဖယောင်းတိုင် လေးတိုင်ကို မီးညှိပါတယ်။ ပြီးတဲ့အခါမှာတော့ ငွေဓားကို ကောက်ယူပြီး ဆားကြမ်းထဲ ထိုးထည့်ပါတယ်။
အဲဒီနောက် မြင့်မြတ်တဲ့ မန္တန်တော်ကို ဟာမီးဘာသာစကားနဲ့ ရွတ်ဆိုပါတယ်။ ပြီးတဲ့အခါမှာတော့ ငွေဓားကို ကိုင်မြှောက်ပြီး ရေသန့်ထည့်ထားတဲ့ ခွက်ထဲ ထည့်လိုက်ပါတယ်။
အဲဒီနောက် သူမရဲ့ စိတ်အာရုံကို စုစည်းပြီး ငွေဓားကို ဆွဲထုတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာ သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားက မြင့်မြတ်တဲ့ ဓားသွားကနေ ဘေးကို ပျံ့နှံ့သွားတယ်လို့ တွေးယူပါတယ်။
အော်ဒရီ ငွေဓားကို ကိုင်ပြီး ယဇ်ခုံကို တစ်ပတ် ပတ်တဲ့အခါ မမြင်ရတဲ့ စွမ်းအားတစ်မျိုးက ဘေးပတ်လည်ကို စီးဆင်းသွားပါတယ်။ သူမရဲ့ ဘေးပတ်လည်မှာ စိတ်ဝိညာဉ်နံရံတစ်ခု လုံးဝ ပေါ်လာပြီလို့ ခံစားလိုက်ရတဲ့အခါမှာတော့ အော်ဒရီဟာ မသန့်ရှင်းမှုနဲ့ အနှောင့်အယှက်တွေ အကုန်လုံးကို နံရံအပြင်ဘက် နှင်ထုတ်ပါတယ်။
သူမရဲ့ စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုက အစီအရင်ကို သက်ရောက်စေမှာ စိုးတဲ့အတွက် အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေကို ထိန်းသိမ်းပြီး ကာကွယ်ပါတယ်။
အဲဒီနောက် သူမဟာ ငွေဓားကို အောက်ချပြီး အပြာရောင် သလင်းကျောက် ပုလင်းလေးကို ကောက်ယူကာ ဖယောင်းတိုင် တစ်တိုင်ပေါ် တစ်စက်စီ ချပါတယ်။
“ရှူး... ရှူး... ရှူး... ရှူး...”
သင်းပျံ့တဲ့ ရနံ့တစ်မျိုး ထွက်ပေါ်လာပြီး အော်ဒရီရဲ့ ခန္ဓာကိုယ် နှလုံးသားနဲ့ စိတ်ဝိညာဉ်တို့ဟာ တိတ်ဆိတ် အေးချမ်းသွားပါတယ်။
အော်ဒရီဟာ အသက်တစ်ချက် ရှူရှိုက်ပြီး လေးစားသမှုနဲ့ ခေါင်းငုံ့ကာ အရူးသင်ပေးလိုက်တဲ့ မန္တန်ကို ဟာမီးဘာသာစကားနဲ့ ရွတ်ဆိုပါတယ်။
“ဒီခေတ်က မပိုင်ဆိုင်တဲ့ အရူး...”
“အရှင်ဟာ မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူပါ...”
“အရှင်ဟာ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်ပါ”
“ကျွန်တော်မျိုးမ အရှင်ရဲ့ အကူအညီကို တောင်းဆိုပါတယ်”
“ကျွန်တော်မျိုးမ အရှင်ရဲ့ ကရုဏာတော်ကို တောင်းဆိုပါတယ်”
“ကျွန်တော်မျိုးမ အိပ်မက်ကောင်းမက်နိုင်ဖို့ ဆုတောင်းပါတယ်”
“လနီက ပိုင်ဆိုင်တဲ့ လပန်း အသင့်ရဲ့ စွမ်းအားကို ကျွန်ုပ်ရဲ့ မန္တန်ဆီ ပေးသနားတော်မူပါ”
“နေမင်းက ပိုင်ဆိုင်တဲ့ နတ်ဘုရားလက် အသင့်ရဲ့ စွမ်းအားကို ကျွန်ုပ်ရဲ့ မန္တန်ဆီ ပေးသနားတော်မူပါ”
.....
အော်ဒရီဟာ မန္တန်ရွတ်ဆိုပြီးလို့ သူမ တောင်းဆိုချင်တာကို တွေးယူမလို့ လုပ်နေတုန်းမှာပဲ စိတ်ဝိညာဉ်နံရံ အတွင်းထဲမှာ ဂယက်ထသွားတာကို ခံစားမိလိုက်ပါတယ်။ သူမရဲ့ လက်ဖမိုးပေါ်က နီမှောင်ရောင်ကြယ် လည်သွားတာကိုလည်း တွေ့လိုက်ရပါတယ်။
နှလုံးခုန် မြန်လာတဲ့အတွက် အော်ဒရီဟာ မျက်လုံး အမြန်ပိတ်ပြီး စိတ်ငြိမ်အောင်လုပ်ကာ စိတ်ရင်းနဲ့ ဆုတောင်းပါတယ်။
အကုန်လုံး ပြီးသွားတဲ့အခါ သူမဟာ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပါတယ်။ ထူးဆန်းတာ မူမမှန်တာ ဘာတစ်ခုမှ မတွေ့ရပါဘူး။
“ဒါပဲလား...” အော်ဒရီဟာ မသိမသာ မျက်မှောင်ကြုတ်ရင်း တီးတိုး ရေရွတ်လိုက်ပါတယ်။
.....
‘ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်... ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး...’ အပြာရောင်ကလဲ့စားရဲ့ ကပ္ပတိန်ခန်းထဲက လေမုန်တိုင်းဝတ်ရုံနဲ့ အယ်ဂျာဟာ သူ နေ့လည်ခင်းတုန်းက ကြားခဲ့ရတဲ့ မန္တန်ထဲက တည်ရှိမှုကို ဖော်ပြတဲ့ စာကြောင်း သုံးကြောင်းကို စိတ်ထဲမှာ ရွတ်လိုက်ပါတယ်။
သူဟာ ဒီစာကြောင်းတွေထဲကနေ အရူး ဘယ်သူလဲဆိုတာကို သဲလွန်စရှာဖို့ ကြိုးစားနေပုံပါပဲ။
သူဟာ ခေါင်းခါလိုက်ပြီး စိတ်ရှုပ်တဲ့ အမူအရာနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာမှ မလုပ်ပါဘူး။
အယ်ဂျာဟာ ထူဒါမင်းဆက်က အမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းသင်္ဘော အပြာရောင် ကလဲ့စားပေါ် ရောက်နေပေမဲ့လည်း စိတ်မအေးနိုင်ပါဘူး။ ဒီသင်္ဘောကို သူ ထိန်းချုပ်ထားတယ်ဆိုပေမဲ့ သွေးဧကရာဇ်လိုမျိုး ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်လို့ သူ ခံစားနေရပါတယ်။
အဲဒါကြောင့် သူဟာ ဒီသင်္ဘောကို သုံးပြီး အရူးရဲ့ စွမ်းအားကို စမ်းသပ်ချင်ပေမဲ့ အမျိုးအမည်မသိတဲ့ အစီအရင်ကိုတော့ ဒီသင်္ဘောပေါ်မှာ မလုပ်ချင်ပါဘူး။
အယ်ဂျာဟာ လေးငါးမိနစ် စဉ်းစားပြီးနောက် ကပ္ပတိန်ခန်းထဲက ထွက်ကာ ကုန်းပတ်ပေါ် တက်လိုက်ပါတယ်။ အဲဒီနောက် သင်္ဘောသားတချို့ကို...
“ငါတို့တွေ မကြာခင် ရို့စတက်ကျွန်းစုဆီ ရောက်လိမ့်မယ်... အဲဒီမှာ တစ်နေ့လောက် ကျောက်ချကြတာပေါ့”
သင်္ဘောသားတွေဟာ ဝမ်းသာပျော်ရွှင်သွားပြီး တညီတညာတည်း အော်ပြောကြပါတယ် “ကပ္ပတိန်ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်...”
အပြာရောင် ကလဲ့စားက သရဲသင်္ဘောဆိုတော့ သင်္ဘောသားတွေ မလိုပါဘူး။ အဲဒီတော့ ကုန်းပတ်ပေါ်မှာ သင်္ဘောသား နည်းနည်းလေးပဲ ရှိပါတယ်။ သင်္ဘောသားနည်းတော့ ရိက္ခာကို ပူပန်စရာမလိုဘဲ လတ်ဆတ်တဲ့ အစားအစာနဲ့ ရေသန့်ကို စားသောက်နိုင်ကြပါတယ်။
ဒါပေမဲ့ ဘယ်ကိုကြည့်ကြည့် ရေတွေပဲရှိတဲ့ ကမ်းမမြင် ပင်လယ်ထဲမှာ ရွက်လွှင့်ရတာက သူတို့ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပင်ပန်းနွမ်းနယ်စေပါတယ်။ တစ်စုံတစ်ခုရဲ့ ဖိနှိပ်မှုကို အဆုံးစွန်အထိ သည်းခံထားရတာနဲ့ တူပါတယ်။ သည်းမခံနိုင်ရင်တော့ ပေါက်ကွဲထွက်မှာပါ။
ရို့စတက်ကျွန်းစုဟာ ဆိုနီယာပင်လယ်ထဲက နာမည်ကျော် ကိုလိုနီကျွန်းစုပါ။ သူတို့ရဲ့ စီးပွားရေးက တော်တာ် တိုးတက်ပြီး လုပ်ငန်းမျိုးစုံ ရှိပါတယ်။
“ငါ အဲဒီကိုရောက်ဖို့ မစောင့်နိုင်တော့ဘူး” သင်္ဘောသားတစ်ယောက်ဟာ တင်ပါးလှုပ်ပြီး ယောက်ျားတိုင်း နားလည်တဲ့ ရယ်သံနဲ့ ပြောပါတယ်။
.....
ဇိုးတလန်လမ်းဆီသွားတဲ့ အများသုံးမြင်းလှည်းပေါ်မှာ အေးအေးလူလူ သတင်းစာဖတ်နေတဲ့ ကလိုင်းဟာ ရုတ်တရက်ဆိုသလို သိမ့်ခနဲ ဖြစ်သွားပါတယ်။ သူ့ကို သိမ်မွေ့ညင်သာတဲ့ အသံတစ်သံကို ခေါ်နေသလိုမျိုး နားထဲမှာ ကြားလိုက်ရပါတယ်။
ဘာမှန်းမသိတဲ့ ရေရွတ်သံတွေ သူ့စိတ်ထဲမှာ ပဲ့တင်ထပ်သွားပြီး နဖူးကလည်း တဆစ်ဆစ် ကိုက်ခဲသွားပါတယ်။
သူ့ကိုခေါ်တဲ့အသံက မြန်မြန်ဆန်ဆန် ပေါ်လာပြီး မြန်မြန်ဆန်ဆန် ပြန်ပျောက်သွားတဲ့အတွက် ဘာပြောတယ်ဆိုတာကို သူ မကြားလိုက်ရပါဘူး။ ဆယ်စက္ကန့်အတွင်းမှာပဲ လုံးဝ ပျောက်ကွယ်သွားပါတယ်။ ကလိုင်းဟာ နာကျင်မှု သက်သာဖို့ နဖူးကို လက်နဲ့ နှိပ်ပါတယ်။
‘ဒါက လူအိုကြီးနီးလ်ပြောတဲ့ အမျိုးအမည်မသိ တည်ရှိမှုတွေရဲ့ ရေရွတ်သံတွေလား... စိတ်ဝိညာဉ်အာရုံ တိုးမြှင့်လာလို့ ဒီလိုကြားလာရတာလား...’
ကလိုင်းဟာ အတွေးနယ်ချဲ့ရင်းနဲ့ သူ့ညာလက်မှာ အနက်ရောင် အစက်လေးစက် ပေါ်လာတာကို ရုတ်တရက် သတိထားမိလိုက်ပါတယ်။ ဒီအနက်ရောင် အစက်လေးစက်က လူသတိမထားမိနိုင်တဲ့ မှဲ့သေးသေးလေး လေးစက်လိုပါပဲ။
ကံကောင်းစေတဲ့ အစီအရင်ကနေ ရထားတဲ့ ဒီအစက်လေးစက်ဟာ ခပ်မြန်မြန်ပဲ မှေးမှိန်ပြီး ပြန်ပျောက်သွားပါတယ်။ ကလိုင်းဟာ ဒါကို တအံ့တဩ ကြည့်ပြီး စောစောက ဘာဖြစ်တာလဲဆိုတာကို မှန်းဆမိလိုက်ပါတယ်။
‘ငါ ပေးလိုက်တဲ့ အစီအရင်ကို တရားမျှတမှုနဲ့ လူဇောက်ထိုးထဲက တစ်ယောက်ယောက် စမ်းကြည့်တာလား...’
‘ငါတွေးတာ မှန်သွားတာလား...’
‘အဲဒီစာကြောင်းသုံးကြောင်းက မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် အာကာသကနေ ငါ့ဆီကို တိတိကျကျ ဦးတည်လာတာပဲ...’
‘ဒါပေမဲ့ ငါက လုံလောက်တဲ့ စွမ်းအားမရှိတော့ သူတို့ တောင်းဆိုတာကို သေချာ မကြားနိုင်ဘူး... အဲဒီ သတင်းအချက်အလက်ကို မီးခိုးရောင်မြူခိုးထက်မှာ သိမ်းထားမလား မသိဘူး...’
‘ငါ ဒီညဝင်ကြည့်ပြီး အတည်ပြုရမယ်’
ကလိုင်းဟာ နည်းနည်းတော့ စိတ်လှုပ်ရှားသွားပါတယ်။ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားတာကို လူသတိမထားမိအောင် သတင်းစာမြှောက်ပြီး မျက်နှာကို ကာလိုက်ပါတယ်။
မကြာခင်မှာ သူဟာ ဇိုးတလန်လမ်းဆီ ရောက်သွားပြီး ဆူးနက်လုံခြုံရေးကုမ္ပဏီထဲ ဝင်လိုက်ပါတယ်။ သူ ရိုဇန်းကို မနှုတ်ဆက်နိုင်ခင်မှာဘဲ ဒန်းစမစ် ထွက်လာတာကို တွေ့လိုက်ရပါတယ်။ ဒန်းစမစ်ရဲ့ လက်ထဲမှာလည်း ပုံတူပန်းချီဆွဲထားတဲ့ စာရွက်တစ်ရွက် ကိုင်ထားပါတယ်။
“ဒီဖမ်းဝရမ်းကို ကြည့်ထား... တော်တော် ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ သာလွန်သူတစ်ယောက် ထင်းဂန်မြို့ထဲ ဝင်လာတယ်” ဦးထုပ်မဆောင်းဘဲ အနက်ရောင် လေကာအင်္ကျီ ဝတ်ထားတဲ့ ဒန်းစမစ်ဟာ ကလိုင်းကို လှမ်းကြည့်ပြီး လက်ထဲက စာရွက်ကို ကမ်းပေးပါတယ်။
ကလိုင်းဟာ စာရွက်ကို လက်ခံလိုက်တဲ့အခါ ခဲခြစ်ပုံတူက မြင်ကွင်းထဲ ဝင်လာပါတယ်။ ဒီခဲခြစ်ပုံတူဟာ မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံပါ။ သူဟာ ဖော်ရွေပုံပေါ်ပြီး နည်းနည်း ရှက်ပုံ ပေါ်ပါတယ်။ အသက်ကလည်း ၁၈ ၁၉ လောက်ပဲ ရှိပါသေးတယ်။
“ထရစ်... သံသယရှိထားတဲ့ သာလွန်သူ... အဦးဆုံး ခန့်မှန်းထားတာက ဆုံမှတ် ၈ လှုံ့ဆော်သူပဲ... နောက်ပြီး သူ့နောက်မှာ သီအိုဆိုဖီဂိုဏ်း ရှိနေနိုင်တယ်... အယ်ဖာဖာပေါ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ လက်သည်တရားခံပဲ... သက်သေတစ်ယောက်ရဲ့ ထွက်ဆိုချက်အရ သူ အင်းမတ်ဆိပ်ကမ်းကနေ ထွက်ပြီး ထင်းဂန်မြို့ဆီ လာတယ်... လောလောဆယ် သူ ဘယ်မှာလဲဆိုတာ မသိရဘူး...”
‘ထရစ်... အယ်ဖာဖာ... တကယ်ကို သာလွန်သူ ပြစ်မူ ကျူးလွန်ခဲ့တာပဲ...’ ကလိုင်းဟာ မနေ့ နေ့လယ်ခင်းက ဂျွိုင်းမိုင်ယာရဲ့ အိပ်မက် နိမိတ်ကောက်တာကို ရုတ်တရက် တွေးမိပြီး...
“ကပ္ပတိန်... ကျွန်တာ် သက်သေတစ်ယောက်ကို သိတယ်... သူက တကယ်ကို အရေးကြီးတဲ့ သက်သေတစ်ယောက် ဖြစ်နိုင်တယ်”
“ငါသိတယ်... ဂျွိုင်းမိုင်ယာမလား... မနေ့ညက မက္ကန်းနစ်ဟိုက်မိုင်းတွေ အကူအညီတောင်းလို့ ငါ သွားကူညီလိုက်ရသေးတယ်... ဂျွိုင်းရဲ့ အိပ်မက်ထဲမှာ ငါ မင်းကို မြင်ခဲ့တယ်... အသေးစိတ် အချက်အလက်တွေအရ အယ်ဖာဖာပေါ်မှာ ဖြစ်ပျက်ခဲ့တာတွေက ထရစ်ကြောင့်ဆိုတာ သေချာတယ်” ဒန်းစမစ်ရဲ့ မီးခိုးရောင်မျက်လုံးတွေဟာ ဒီကိစ္စကြောင့် အနှောင့်အယှက် မဖြစ်ပုံ ပေါ်နေပါတယ်။
‘တော်သေးတယ်... ငါ မနေ့ညက အမြင်ဆရာအဖြစ် သရုပ်ဆောင်တာက အလုပ်ချိန်မဟုတ်ဘဲ နားရက်ဖြစ်နေလို့...’ ကလိုင်းဟာ အလုပ်ပြေးတာ မိမဲ့ဘေးကနေ သီသီကလေး လွတ်သွားပါတယ်။
“လှုံ့ဆော်သူက ဘယ်ဆုံမှတ်လမ်းကြောင်းလဲ... သီအိုဆိုဖီဂိုဏ်းကရော ဘယ်လို အဖွဲ့အစည်းမျိုးလဲ” ကလိုင်းက မေးလိုက်ပါတယ်။
‘ထရစ်က တခြားလူတွေကို တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်အောင် သွေးထိုးလှုံ့ဆော်တာက ဆေးရည်ရဲ့ ဘေးထွက်ဆိုးကျိုးကို ရှင်းပစ်ချင်တာလား... ဒါမှမဟုတ် နောက်တစ်ဆင့်တက်ဖို့ လိုအပ်ချက်လား...’
ဒန်းစမစ်ဟာ သုံးလေးစက္ကန့် စဉ်းစားပြီး ပြောပါတယ် “တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းလည်း သာလွန်သူတွေ လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ဆက်စပ် အချက်အလက်တွေကို လေ့လာဖို့ အချိန်ရောက်တော့မယ်... လူအိုကြီးနီးလ် ခိုင်းတဲ့အတိုင်း တစ်ချိန်လုံး သမိုင်းမှတ်တမ်းတွေချည်းပဲ ထိုင်ဖတ်နေလို့ မဖြစ်ဘူး”
‘ကပ္ပတိန်... ကျွန်တော့်ကို သမိုင်းပညာရှင်အဖြစ် ငှားခဲ့တာ အဲဒီအကြောင်းကြောင့် မဟုတ်ဘူးလား...’ ကလိုင်းဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပေမဲ့ ပါးစပ်ကတော့ ဘာမှမပြောရဲဘဲ လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ်။
“ဟုတ်ကဲ့ပါ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။